ထနောင်းမေ
၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီဥပဒေထဲမှာ အမျိုးသားဆိုရင် အသက် ၁၈ နှစ် မှ ၃၅ နှစ် မပြည့်ခင်အထိ အကျုံးဝင်ပြီး အမျိုးသမီးဆိုရင် အသက် ၁၈ နှစ် မှ ၂၇ နှစ် အထိ စစ်မှုထမ်းရမယ်လို့သတ်မှတ်ထားပါတယ်။
ဆရာဝန်၊အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာတတ်မြောက်သူနဲ့ တခြားအတတ်အပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုသူတွေကို ကျွမ်းကျင်သူလို့ သတ်မှတ်ပြီး အမျိုးသမီးအသက် ၁၈ နှစ် မှ ၃၅ နှစ်ကြား သတ်မှတ်ထားပါတယ်။ နိုင်ငံသားတိုင်းဟာ သာမန်အခြေအနေမှာ နှစ်နှစ်အထိစစ်မှုထမ်းရမှာဖြစ်ပြီး အရေးပေါ်အခြေအနေဆိုရင် ငါးနှစ်အထိ စစ်မှုထမ်းရမှာဖြစ်ပါတယ်။ စက်မှုလက်မှုပညာသည်တွေကတော့ သုံးနှစ်အထိစစ်မှုထမ်းရမယ်လို့ ပြဌာန်းထားပါတယ်။ အိမ်ထောင်သည်အမျိုးသမီး၊ သာသနာ့ဝန်ထမ်း၊ ကိုယ်လက်အင်္ဂါမသန်စွမ်းသူတွေအပြင် နိုင်ငံ့ဝန်ထမ်း၊ ပညာသင်ကြားနေသူ၊ အသက်ကြီးတဲ့မိဘတွေကို ပြုစုစောင့်ရှောက်နေရသူ၊ မူးယစ်ဆေးဝါးဖြတ်နေသူ၊ ဆေးကုသနေရသူ၊ ထောင်ကျနေသူတွေကတော့ စစ်မှုထမ်းဖို့ရွှေ့နိုင်တယ်လို့ ဆိုထားပါတယ်။ ဧပြီလကုန်မှာ အသက် (၁၈)နှစ် မှ (၃၅)နှစ် အထိအသက်ပြည့်ပြီးတဲ့ အမျိုးသားငါးထောင်ကို ပထမဆုံး အမှတ်စဉ်စစ်မှုထမ်း သင်တန်းခေါ်ယူခဲ့ပါတယ်။ အမျိုးသမီးတွေကို အမှတ်စဉ်(၅)မှ ခေါ်ယူမယ်လို့ ကြေညာထားပေမယ့် အမှတ်စဉ်(၃)မတိုင်ခင် ဇူလိုင်လပိုင်းကစပြီး ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းထဲက အမျိုးသမီးတချို့ကို စာရင်းကောက်ခံမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့အသက်နဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ အမျိုးသမီးတွေဟာ စိုးရိမ်ပူပန်နေကြသလို ပြင်ပထွက်ကြတဲ့ လူငယ်အမျိုးသမီးတွေလည်း အများအပြားပါပဲ။ တချို့အမျိုးသမီးတွေကတော့ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဝင်ရောက်ကာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လာခဲ့ကြပါတယ်။ ဒီအထဲမှာ ရဲဘော်မီကိုလည်းပါဝင်ပါတယ်။ အသက်(၂၄)နှစ်အရွယ်မီကိုဟာ လက်ရှိမှာတော့ မွန်ပြည်တော်လှန်ရေး တပ် MSRF မှာ အမျိုးသမီးဒုတပ်စိတ်မှူးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ စစ်အာဏာသိမ်းချိန်မှာ CDM ကျောင်းသူ တစ်ယောက်ဖြစ်တဲ့ မီကိုဟာ သပိတ်စစ်ကျောင်းတွေမှာပါဝင်တာ၊ နောက်ပိုင်းမှာလည်းတော်လှန်ရေးအတွက် ကျရာနေရာကပါဝင်ခဲ့ပေမယ့် လက်နက်ကိုင်လမ်းစဉ်ကိုတော့ မရွေးချယ်ဖြစ်ခဲ့သေးပါဘူး။ မြို့မှာနေတုန်း လှုပ်ရှားလို့ရတဲ့ပုံစံမျိုးစုံနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ချင်တဲ့ စိတ်ရှိခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဆုံးဖြတ်ချက်သေချာမချနိုင်ခဲ့ပါဘူး။၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်မှုထမ်း ဥပဒေထွက်လာတဲ့နောက် မတ်လမှာတော့ လက်နက်ကိုင်လမ်းစဉ်ရွေးချယ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
“စစ်မှုမထမ်းမနေရ ဥပဒေထွက်လာတဲ့အချိန်မှာ ကျွန်မတို့က ဒါနောက်ဆုံးအချိန်ဖြစ်သွားပြီ ပေကပ်ပြီးနေလို့ မရတော့ဘူး။ အချိန်မရွေးတံခါးလာခေါက်နိုင်တယ်ဆိုတဲ့စိတ်နဲ့ ငါတို့သွားမယ်ပေါ့။ ငါတို့အားလုံးပါဝင်လိုက်ရင် အရှေ့ကိုအများကြီးရောက်သွားနိုင်တယ်။ တစ်ထောင့်တစ်နေရာက ပါဝင်လိုက်မယ်ဆိုတဲ့ စိတ်နဲ့ ဒီကို ရောက်လာတာ” လို့ မီကိုက သူ့ခံယူချက်ကိုပြောပါတယ်။ လူငယ်အများစုဟာ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်တွေက နုတ်ထွက်ပြီးပြည်ပထွက်အလုပ်လုပ်သူတွေရှိသလို လွတ်မြောက်နယ်မြေတွေကို ထွက်လာကြသူတွေလည်းရှိတယ်လို့ဆိုပါတယ်။
သူ့အနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ခဲ့ရတာက လွယ်ကူတဲ့လုပ်ရပ်တော့ မဟုတ်ပါဘူး။ စစ်မှုထမ်းဥပဒေ ထွက်လာတော့ မိသားစုကမိန်းကလေးဖြစ်လို့ စိုးရိမ်ဖို့မလိုသေးဘူး။ ယောကျာ်းလေးတွေသာ စိုးရိမ်ရမှာဆိုတဲ့ ပြောဆိုစဉ်းစားချက်တွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်အသိုင်းအဝိုင်းက လူတချို့ကလည်း ဒီဥပဒေကကင်းလွတ်အောင် အိမ်ထောင်ပြုဖို့တိုက်တွန်းတာမျိုးတွေ ကြုံတွေ့ခဲ့ရတယ်လို့သူကဆက်ပြောပါတယ်။
မီကိုကတော့ စစ်မှုထမ်းဥပဒေကနေ ထွက်ပြေးတယ်ဆိုတာ အဖြေမဟုတ်ဘဲအာဏာရှင်စနစ် အမြစ်ပြတ်မှသာ ဒီပြဿနာတွေက ဖြေရှင်းနိုင်မယ်လို့ယုံကြည်နေပါတယ်။
“နိုင်ငံခြားမှာပိုက်ဆံသွားရှာမယ်။ တိုက်တာတွေဆောက်မယ်။ အိုးအိမ်တွေတည်ထောင်လိုက်မယ် အိုးအိမ်ကောင်းတွေ တိုက်ကောင်းတွေ တည်ဆောက်လိုက်တယ်။ စကစသာရှိနေမယ်ဆိုရင် အချိန်မရွေးကျွန်မတို့ အိမ်ပေါ် လက်နက်ကြီးတွေကျနိုင်တယ်။ လေယာဉ်တွေကြောင့်လည်း ပျက်စီးနိုင်တယ်။ ကျွန်မတို့ပိုင်ဆိုင်ထားတဲ့ အိုးအိမ်စည်းစိမ်မှန်သမျှ ခဏလေးအတွင်းမှာ ဖျက်ဆီးလို့ရတယ်”လို့မီကိုကပြောပါတယ်။
အခြေခံစစ်သင်တန်းတက်တဲ့အခါမှာ ရဲဘော်တိုင်း ရင်ဆိုင်ရတဲ့အခက်အခဲတွေကိုကြုံတွေ့ရပါတယ်။ ဒါပေမယ့် နွေဦးတော်လှန်ရေးအစထဲက ရောက်နှင့်နေတဲ့ ရဲဘော်တွေကတော့ ဒုက္ခမျိုးစုံကိုဦးစွာရင်ဆိုင်ခဲ့ရပြီး ဖြေရှင်းနည်းတွေကို သိနေပြီဖြစ်တဲ့အတွက် မီကိုတို့လို့ အခုမှရောက်လာဲ့ ရဲဘော်တွေကို ကူညီအားပေးမှုတွေအများကြီး ပေးနိုင်တယ်လို့ဆိုပါတယ်။
“စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းကအစကူညီပေးတယ်။ ဒါဆိုဒီလိုလုပ်ရင်ဒီလိုသက်သာမယ်။ စိတ်ဒဏ်ရာမျိုး ဖြစ်နေတယ်။ အိမ်ကိုလွမ်းနေတယ်ဆို ဘယ်လိုလုပ်ရင် ဘယ်လိုသက်သာမယ်ဆိုတာက အစပြောပြကြတယ်။ ဖေးမကူညီကြတယ်”လို့ မီကိုကသူ့အတွေ့အကြုံကိုပြောပြပါတယ်။
သင်တန်းသူဘဝကနေစပြီး ရဲဘော်တစ်ယောက်အဖြစ်သက်ဆိုင်ရာတာဝန်တွေကို ထမ်းဆောင်ရတဲ့အထိ ကျား၊မ ခွဲခြားမှု သိပ်မရှိခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။
“ကျွန်မတို့ကို မလုပ်နိုင်ဘူးဆိုတဲ့ အမြင်နဲ့မကြည့်ဘူး။ သူတို့ဒိုက်(၁၀၀)ထိုးနိုင်တဲ့အချိန်မှာ ကျွန်မတို့ ၂၀၊ ၃၀ လောက်နိုင်လည်း ရတယ်။ ကိစ္စမရှိဘူး။ ကျွန်မတို့ တန်းတူတော့လုပ်ရတယ်။ ခွဲခြားဆက်ဆံတာတွေတော့မရှိဘူး။ တန်းတူပဲသွားကြတယ်”လို့ မီကိုက ပြောပါတယ်
အပြင်လူမှုဘဝမှာ အမျိုးသမီးတွေအောက်မှာ အမျိုးသားတွေမထိုင်ရတာ စတဲ့ရှေးရိုးစွဲကန့်သတ်မှုတွေရှိပေမယ့် စစ်သင်တန်းမှာ လေ့ကျင့်ရေးတွေလုပ်တဲ့အခါ ဒီလိုခွဲခြားမှုတွေမရှိတော့ပါဘူး။ အမျိုးသမီးရဲဘော်တွေ လုံခြုံရေးအတွက် ရေချိုးတဲ့နေရာသီးသန့်ထားပေးတာ၊ ဘားတိုက်ကိုခြံခတ်ထားတာ စတာတွေစီစဉ်ထားပါတယ်။
ရဲဘော်ဘဝကိုခံယူလိုက်တဲ့ မီကိုအတွက်အကြီးမားဆုံးစိန်ခေါ်မှုကတော့ ငှက်ဖျားဖြစ်တာပါပဲ။ လက်ရှိမှာလည်း ကိုယ်ခံအားနည်းတဲ့အတွက် ဆေးတွေသောက်ပြီးနေထိုင်နေရပါတယ်။
သူဟာငယ်ဘဝကျောင်းတုန်းက ကျား၊မ ခွဲခြားဆက်ဆံခံရတာလောက်ကလွဲရင် မြို့ပေါ်မှာကြီးပြင်းခဲ့ရသူ တစ်ဦးဖြစ်လို့ တခြားထင်သာမြင်သာတဲ့ ဖြစ်စဉ်တွေတော့ မကြုံခဲ့ရဖူးလို့ဆိုပါတယ်။
“ငယ်ငယ်တုန်းကကျောင်းမှာ ကျား၊ မ ခွဲခြားဆက်ဆံခံရတာတော့ရှိတယ်။ အသင်းခေါင်းဆောင်ဆိုရင် ယောကျာ်းလေးပဲဖြစ်သင့်တာတို့ ကျောင်းကောင်စီဥက္ကဌက ယောကျာ်းလေးပဲလုပ်ရမှာတို့ နောက်ပိုင်းမှာတော့ အဲ့လိုတွေမရှိတော့ပါဘူး”လို့သူ့အတွေ့အကြုံကိုပြောပြပါတယ်။
လက်ရှိနွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေပါဝင်မှုပိုအားကောင်းလာသလို အမျိုးသမီးတွေအနေနဲ့ စွမ်းရည်တွေကိုပြသခွင့်ရလာတယ်လို့ မီကိုက မှတ်ချက်ပေးပါတယ်။
မီကိုနည်းတူ စစ်မှုထမ်းဥပဒေထွက်ပြီးနောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲဝင်ခဲ့သူတစ်ဦးကတော့ အသက် (၂၄)နှစ်အရွယ်ပန်(အမည်လွှဲ)ပါ။
စစ်အာဏာမသိမ်းခင်က အစားအသောက်ပို့ဆောင်တဲ့အလုပ်ကို လုပ်ကိုင်ခဲ့တဲ့ ပန်ဟာအာဏာသိမ်းတဲ့နောက်မှာ သပိတ်တွေမှာပါဝင်ခဲ့သလို တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့အတွက် လုံခြုံရေးထိခိုက်လာပြီး ရှောင်ပုန်းခဲ့ရဖူးပါတယ်။ ဒီလိုနဲ့မြို့ပေါ်မှာ စီးပွားရေးအကြပ်အတည်းတွေ မလုံခြုံမှုတွေကြားမှာ နေထိုင်ခဲ့ရတယ်လို့ဆိုပါတယ်။
သူဟာ နဂိုကတည်းက စစ်အာဏာသိမ်းမှုကိုလက်မခံသူ၊ နိုင်ငံရေးခံယူချက်ပြင်းထန်သူဖြစ်ခဲ့ပေမယ့် မိသားစုကိုငဲ့ပြီး ဘာမှမဆုံးဖြတ်နိုင်ခဲ့ပေမယ့် စစ်မှုထမ်းဥပဒေထွက်လာတဲ့အခါမှာတော့ လက်နက်ကိုင်လမ်းစဉ်ကသာ လွတ်မြောက်ရာလမ်းဖြစ်ပြီး ရွေးချယ်စရာလမ်းတစ်ခုလို့ ပန်တစ်ယောက်စဉ်းစားဆုံးဖြတ်ခဲ့ပါတယ်။
မိသားစုနဲ့ ကိုယ့်ရဲ့ပုံမှန်ဘဝလွတ်လပ်မှုတွေကိုထားခဲ့ပြီး ပြည်သူ့ဒီမိုကရက်တစ်တပ်မတော်မှာ ဇူလိုင်လကစကာ စစ်သင်တန်းတက်ရောက်ခဲ့ပါတယ်။ မိသားစုကတော့ ပန်ရဲ့ရွေးချယ်မှုကိုမထောက်ခံခဲ့ပဲ မိသားစုဝင်အဖြစ်က စွန့် လွှတ်လိုက်ပါတော့တယ်။
စစ်သင်တန်းမှာတော့ ရဲဘော်တိုင်းကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါတယ်။ သင်တန်းမှာအမျိုးသား အမျိုးသမီးခွဲခြားမှုတွေ မကြုံတွေ့ရပါဘူး။ လေ့ကျင့်ရေးတွေ တန်းတူထမ်းဆောင်ရပါတယ်။ အချင်းချင်းဖေးမမှုတွေကြုံရပါတယ်။ ပန်ဟာလက်နက်ကိုင်လမ်းစဉ်ထဲမရောက်ခင် မြို့ပေါ်မှာနေတုန်းကတော့ မိသားစုနဲ့ ပတ်ဝန်းကျင်ကကန့်သတ်တဲ့ အမျိုးသမီးဆိုတဲ့ဘောင်ထဲမှာနေခဲ့ရပါတယ်လို့ သူကဆက်ပြောပါတယ်။
“ဟိုသွားမယ်ဆိုလည်း မိန်ကလေးတယောက်ထဲမသွားနဲ့တို့ ပြန်လာနောက်ကျရင် မိန်းမကောင်းမဟုတ်ဘူးတို့ ပြောခံရဖူးတယ်”လို့ ပန်ကသူ့အတွေ့အကြုံကိုပြောပါတယ်။ ငယ်ငယ်က ရဲမေဖြစ်ချင်ခဲ့တဲ့ပန်ဟာ လက်ရှိမှာတော့ တော်လှန်ရေးတာဝန်တွေကို ပုခုံးထမ်းထားပါတယ်။
စစ်မှုထမ်းဥပဒေထွက်ပြီး နောက်ပိုင်းမှာပြည်သူ့ကာကွယ်ရေးတပ်တွေကို ဆက်သွယ်လာတာ၊ တာဝန်ထမ်းဆောင်ဖို့ရောက်လာတဲ့ ရဲဘော်လူငယ်တွေအများအပြားရှိတယ်လို့ သက်ဆိုင်ရာတပ်ဖွဲ့တွေကသိရပါတယ်။
စစ်ကောင်စီအနေနဲ့ အမျိုးသားတွေကို ရှေ့တန်းစစ်မြေပြင်တွေမှာပိုမိုအသုံးချနိုင်ဖို့ အမျိုးသမီးတွေကို စစ်သင်တန်းခေါ်ကာ ရုံးပိုင်းဆိုင်ရာတွေမှာ အသုံးချနိုင်ဖို့ရည်ရွယ်တာဖြစ်နိုင်တယ်လို့ CDM တပ်အသိုင်းအဝိုင်းက အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်တပ်ထဲမှာ အမျိုးသမီးစစ်သည်တွေဟာ စစ်သူနာပြု၊ အရာရှိ၊ရုံးဌာန စတဲ့နေရာတွေမှာ တာဝန်ထမ်းဆောင်ရလေ့ရှိပါတယ်။ စစ်သားတွေရဲ့ဇနီးတွေကိုလည်း စစ်သင်တန်းပေးကာ တပ်တွင်းလုံခြုံရေးအတွက် အသုံးပြုလေ့ရှိပါတယ်။ စစ်ကောင်စီက အသစ်ခေါ်ယူတဲ့ အမျိုးသမီးစစ်သည်တွေကို ရုံးပိုင်းဆိုင်ရာ၊ ခြေလျင်တပ်၊ ဆက်သွယ်ရေး၊ တပ်လုံခြုံရေးစတဲ့နေရာတွေမှာ အသုံးပြုနိုင်တယ်လို့ သူကသုံးသပ်ပါတယ်။
ဒါ့အပြင် ပြည်သူတွေကြား သတင်းထောက်လှမ်းတာ၊ တန်ပြန်စိတ်ဓာတ်စစ်ဆင်ရေးပြုလုပ်တာ၊ ဝါဒဖြန့်တာ စတဲ့နေရာတွေမှာလည်း အသုံးပြုနိုင်ချေရှိတယ်လို့ ဆိုပါတယ်။ အမျိုးသမီးစနိုက်ပါ၊ နည်းပညာတပ်ဖွဲ့တွေ၊ ဒရုန်းတပ်ဖွဲ့တွေ၊ တိုက်ပွဲနယ်မြေတွေမှာ အသုံးပြုလာနိုင်ပါတယ်။ အမျိုးသမီးတွေကိုရှေ့တန်းမှာ လူသားဒိုင်းအဖြစ် အသုံးပြုမှာစိုးရိမ်ရသလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအတွက်လည်း စိုးရိမ်မိတယ်လို့ လူငယ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ မငယ်ငယ်(အမည်လွှဲ)က ပြောပါတယ်။
“စစ်မှုထမ်းရမယ်ဆိုရင် အမျိုးသမီးတစ်ယောက်အနေနဲ့ တကိုယ်ရည်တကာယလစဉ်သုံးကိစ္စတွေကစပြီး အဆင်မပြေလောက်ဘူးလို့ထင်ပါတယ်။ အမျိုးသမီးတွေက ဟင်းချက် အထုတ်ဆွဲရုံပဲဆိုပေမယ့် rape case(လိင် အကြမ်းဖက်မှု) တွေရှိလာနိုင်တယ်။ ဒါကအဆုံးပြောရရင် အုပ်စုလိုက်အနေနဲ့လည်း ဖြစ်လာနိုင်ပါတယ်” လို့ သူကဆိုပါတယ်။
လက်နက်ကိုင်လမ်းစဉ်ကို မကြိုက်နှစ်သက်ခဲ့ပေမယ့် လက်ရှိတော်လှန်ရေးမှာ အာဏာရှင် အမြစ်ပြတ်ဖို့ မီကို တစ်ယောက်လက်နက်ကိုင်ရင်း ကျရာတာဝန်တွေကို ထမ်းဆောင်နေပါတယ်။
“လူတွေအားလုံးမျှော်လင့်နေတဲ့ နွေဦးတော်လှန်ရေးကြီးပန်းတိုင်ကို အမြန်ဆုံးရောက်ချင်တယ်။ အမြန်ဆုံး ရောက်ချင်တဲ့အတွက်ကြောင့် လူငယ်တွေအားလုံးက ဒီထဲကိုအားသွန်ခွန်စိုက်ပါဝင်ရမယ်။ ကျွန်မတို့နိုင်ငံမှာ ဒါက နောက်ဆုံးအခွင့်အရေးပဲ နောက်ဆုံးအခွင့်အရေးမှာ လက်ဆုပ်လက်ကိုင်မမိနိုင်ခဲ့ဘူးဆိုရင် နောက်မျိုးဆက်သစ်တွေထိ တော်လှန်ရေးက ဆက်လုပ်နေရဦးမှာပဲ ကျွန်မတို့မျိုးဆက်မှာပဲအဆုံးသတ်စေချင်ပြီ နောက်ထပ် နောက်ထပ် တော်လှန်ရေးတွေလည်းမရှိစေချင်တော့ဘူး”လို့ မီကိုကဆိုပါတော့တယ်။
- ရှေ့တန်းစစ်မျက်နှာပြင်က အမျိုးသမီးဒရုန်းစစ်သည် - 24/12/2024
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 23/12/2024
- သစ်ပင်တက်ရင်းမိသားစုကိုစောင့်ရှောက်နေသူ မိန်းကလေး - 19/12/2024