Home ဆောင်းပါး ဒါရိုက်တာဦးဝင်းဖေရဲ့သက်ကြီးစကား

ဒါရိုက်တာဦးဝင်းဖေရဲ့သက်ကြီးစကား

စာရေးဆရာ၊ ဒါရိုက်တာဦးဝင်းဖေဆိုတာ ရုပ်ရှင်အနုပညာလောကမှာသာမက စာပေ၊ ဂီတအနုပညာ အသိုင်းအဝိုင်းကပါ လေးစားချစ်ခင်သူ အနုပညာရှင်ကြီးတစ်ဦးဖြစ်ပါတယ်။
၂၀၀၇ ခုနှစ်၊ မတ်လ(၄)ရက်နေ့က ဗွီအိုအေသတင်းဌာန အစီအစဉ်တစ်ခုဖြစ်တဲ့ “သက်ကြီးစကား” အစီအစဉ်ကနေ လူ့အဖွဲ့အစည်းတွေမှာ ကျား၊ မ ခွဲခြားဆက်ဆံမှုအဖြစ် တည်ရှိနေတဲ့ အပြောအဆို၊ အမူအကျင့် တွေကို အဲဒီလူ့အဖွဲ့အစည်းထဲက ယောက်ျား(အမျိုးသား)တွေတင်မက မိန်းမ(အမျိုးသမီး)တွေကပါ လက်ခံကျင့်သုံးနေကြတာကို စာရေးဆရာ၊ ဒါရိုက်တာဦးဝင်းဖေက ထောက်ပြပြောဆိုထားတာကို ၂၀၀၇ ခုနှစ်၊ မတ်လထုတ် ချိုးလင်းပြာအမျိုးသမီး စာစောင်၊ အတွဲ(၄၂)မှာ ထပ်ဆင့်တင်ဆက်ခဲ့တာကို အမှတ်တရပြန်လည် ဖော်ပြမျှဝေလိုက်ပါတယ်။
………… ………… …………. ……….. ———- ………. …………. …………. ………….
သောတရှင်များခင်ဗျား။
ကမ္ဘာပေါ်က တိုင်းပြည်အသီးသီးမှာ အမျိုးသမီးတွေကို တနည်းမဟုတ်တနည်း နှိမ့်ချဆက်ဆံတာ၊ ပြော ဆိုသုံးနှုန်းတာတွေ ရှိနေတာတွေ့ကြရပါတယ်။ အတွေးအခေါ်အရ၊ အစဉ်အလာအရ ဘာသာရေးယုံကြည်မှုအရ ပကတိသဘာဝအားနည်းချက်၊ အားနွဲ့သူမိန်းမသားစတဲ့ အယူအမြင်တို့အရ အကြောင်းအမျိုးမျိုးကြောင့် အခုလို မလိုအားအပ်ပဲ ခွဲခြားသတ်မှတ်ဆက်ဆံမှုတွေရှိနေတာဖြစ်ပါတယ်။ ဒီလိုမညီမျှတဲ့ ဆက်ဆံသတ်မှတ်မှုတွေကို အမျိုးသမီးတွေကပါ လက်ခံနာယူနေတာကိုလည်း အများအပြားတွေ့ကြရပါတယ်။

တခြားနိုင်ငံက အလေ့အထတွေကို အပထားပြီးတော့ ကိုယ့်တိုင်းပြည်ဖြစ်တဲ့ မြန်မာပြည်က အလေ့အထ အယူအဆတွေနဲ့ပတ်သက်လို့ ဥပမာတချို့ တင်ပြချင်ပါတယ်။ မြန်မာနိုင်ငံမှာ စကားတွေကအစ အမျိုးသမီး တွေကို နှိမ့်ချတန်ဖိုးဖြတ်ထားတာတွေ အတော်များများရှိပါတယ်။ “ မိန်းမကျင့်မိန်းမကြံနဲ့ မကောက်ကျစ်ချင်နဲ့” ဆိုတာမျိုး…။ လောကမှာကောက်ကျစ်တဲ့မိန်းမတွေရှိနိုင်သလို ကောက်ကျစ်တဲ့ ယောကျ်ားတွေလည်းအများကြီး ရှိပါတယ်။ “ရှင်ဟာယောက်ျားရင့်မကြီးဖြစ်ပါလျက်နဲ့ ဘာကြောင့်သိမ်ဖျင်းတဲ့စကားတွေပြောချင်ရတာလဲ” လို့ အမျိုးသမီးတွေကိုယ်တိုင်က ရန်တွေ့တတ်ကြပါတယ်။ ဒါဟာ “မိန်းမတွေဟာ မရင့်ကျက်ဘူး။ သိမ်ဖျင်းတဲ့ စကားတွေ ပြောတတ်တယ်” လို့ အမျိုးသမီးတွေကိုယ်တိုင်က ဝန်ခံပြောဆိုသလိုဖြစ်နေပါတယ်၊၊ “ မိန်းမလိုမိန်းမ ရနဲ့ ကတ်သီးကတ်ဖဲ့တွေ မပြောချင်စမ်းပါနဲ့” လို့လည်း အမျိုးသမီးတွေကပဲ ယောကျ်ားတွေကို လွယ်လွယ်နဲ့ ရန် ထောင်တတ်ကြပြန်ပါတယ်။ ဒီနေရာမှာလည်း အမျိုးသမီးတွေကိုယ်တိုင် ကတ်သီးကတ်ဖဲ့လုပ်တာတို့၊ မနာလို ဝန်တိုတတ်တာတို့၊ အငြိုးထားတတ်တာတို့ဆိုတဲ့ သိမ်ဖျင်းတဲ့အမူအရာတွေကို မိန်းမတို့ရဲ့အကျင့်စရိုက် လက္ခဏာ အဖြစ် အသိအမှတ်ပြုပြောဆိုသုံးနှုန်းရာ ရောက်နေပါတယ်။

မိန်းမနဲ့ ယောကျ်ား သဘာဝမတူဘူးဆိုတဲ့အချက်မှာ ယောကျ်ားတွေက မိန်းမတို့ထက် မြတ်တယ်၊ ပို မြင့်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အမျိုးသားတွေက သာတဲ့နေရာရှိသလို အမျိုးသမီးတွေက သာတဲ့အချက် တွေ ရှိနေတတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အမျိုးသမီးတွေကို နှိမ့်ချသတ်မှတ်ကျင့်သုံးကြမယ်ဆိုရင် ဒါဟာ မှားယွင်းမှုကြီးတစ်ခုပဲဖြစ်နေပါလိမ့်မယ်။ မမှန်မကန် တန်ဖိုးဖြတ်တယ်ဆိုတာမျိုးတွေဟာ ကျိုးကြောင်း ဆင်ခြင်မှုတွေမှာ အဖြေမှားတွေကိုပဲ ထုတ်ပေးမှာဖြစ်ပါတယ်။

လူ့သမိုင်းတလျှောက်မှာ အကြောင်းအမျိုးမျိုး ကြောင့် အမျိုးသမီးအခွင့်အရေးများ ချို့ငဲ့အားနည်းနေတာကို ကမ္ဘာရွာကြီးအဖြစ် တိုးတက်ပြောင်းလဲနေတဲ့ ဒီ ကနေ့ခေတ်ကြီးမှာ ပြုပြင်ပြောင်းလဲပစ်ကြဖို့ ထောင့်စုံကနေ ကြိုးပမ်းနေကြပြီဖြစ်ပါတယ်။ ဓလေ့ထုံးတမ်း အစဉ် အလာတွေကို ပြန်လည်ပြုပြင်သုံးသပ်နေကြပါတယ်။ ယုံကြည်မှုနဲ့ အယူအဆတွေကိုလည်း ကျဉ်းမြောင်းမှု မရှိရ အောင် ပြန်လည်ပြင်ဆင်ပြုပြင်နေကြပါတယ်။ အခြေခံစိတ်ဓါတ်တွေကအစ မြေလှန်ပြောင်းလဲပစ်နေကြတဲ့ အချိန် ဖြစ်ပါတယ်။ အတွေးအခေါ်နဲ့ သုံးသပ်ချက်တွေနောက်က လက်တွေ့ကျင့်သုံးမှုတွေက ထပ်ချပ်မကွာ လိုက်ကြဖို့ လိုပါတယ်။ “ မိန်းမကျင့် မိန်းမကြံ” တို့ “မိန်းမလို မိန်းမရ” တို့စတဲ့အသုံးအနှုန်းတွေကို မြန်မာနိုင်ငံမှ အမျိုးကောင်းသားသမီးများအားလုံး မပြောမဆို မကျင့်သုံးကြပဲ သတိထား စတင်ဖျောက်ဖျက်ပစ်လိုက်ကြဖို့ တိုက်တွန်းတင်ပြလိုက်ရပါတယ်ခင်ဗျား။

Related Articles