Home ဆောင်းပါး ဟိုမုန်းဆေးတွေက စိတ်ချရသလား

ဟိုမုန်းဆေးတွေက စိတ်ချရသလား

ဆိုဖီ။ ။

“ ကျနော်ရဲ့ ခန္ဓာကိုယ်ကို ယောက်ျားလေးတစ်ယောက်လို ဖြစ်စေလို့ ကျားဟိုမုန်းဆေးသုံးနေတာ။ တခါတလေ စိတ်ထဲမှာ ခုတာ တစ်ခုခုဖြစ်မှာတော့ စိုးရိမ်တယ်။” လို့  ယောက်ျားအသံလို ခပ်သြသြနဲ့ အာကာက ပြောပြပါတယ်။

အာကာရဲ့အသံကို နားထောင်လိုက်ရင် သာမာန်ယောင်္ကျားသားတစ်ယောက်ရဲ့ အသံအနေအထားဖြစ်ပြီး ယောင်္ကျားလေး တစ်ယောက်လို့ပဲ ထင်ကြမှာပါ။

ဒါပေမယ့် အာကာဟာ မွေးဖွားလာစဥ်ကတော့ အမျိုးသမီးဖြစ်ပြီး ယောင်္ကျားလေးစိတ်နဲ့ (Tomboy)လို နေထိုင်တဲ့သူပါ။ သူက လွန်ခဲ့တဲ့ ၂၀၂၂ခုနစ် အောက်တိုဘာလကစပြီး အမျိုးသားလိုရုပ်သဏ္ဍာန် အသံအနေအထားရဖို့ ကျားဟိုမုန်းဆေးကို စတင် သုံးစွဲလာခဲ့ပါတယ်။

“ ကျနော်ဆေးသုံးလာတာ ၁၀ လ နီးပါးရှိလာပြီ။ အခုအသံပြောင်းလာပြီ သြလာတယ်။ ခြေထောက်တွေ အမွှေးအမျှင် ရှည် လာတယ်။ ရုပ်က ရင့်လာတယ်။” လို့ ဟိုမုန်းဆေးသုံးပြီး ပြောင်းလဲလာပုံအဆင့်ဆင့်ကို အာကာက ပြောပြပါတယ်။

ဒါပေမယ့် အာကာတစ်ယောက် ဟိုမုန်းဆေးကို စတင်သုံးစွဲချိန်ရော အခုချိန်ထိရော ဆေးပညာပေးမှုကို ကိုယ်နည်းကိုယ်ဟန်နဲ့ သာ လေ့လာခဲ့ပြီး ကျန်းမာရေးဆေးစစ်မှု တစုံတရာကို မလုပ်ရသေးကြောင်းလည်း ဆိုပါတယ်။ 

“ ကျနော် ဟိုမုန်းဆေးမသုံးခင် ကျောက်ကပ်တွေ၊ နှလုံးတွေ သွေးဖြူဥ၊နီတွေ စစ်ရမှာ ဒါပေမယ့် အခုထိမစစ်မရသေးဘူး။ စစ်ဖို့ တော့ရှိပါတယ်။”လို့ အာကာက ဆိုပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ဟိုမုန်းဆေးသုံးစွဲဖို့အတွက် ကျန်းမာရေးဆေးစစ်မှုကို စနစ်တကျပြုလုပ်ပေးတဲ့ နေရာမရှိသေးသလို ဆေးစစ် ပါက ငွေကုန်ကျစရိတ်အလွန်မြင့်မားသဖြင့် ဟိုမုန်းဆေးသုံးစွဲတဲ့ Tomboy နဲ့  Transman အများစုဟာ ဆေးစစ်မှုကို မခံယူ ဖြစ်ကြပါဘူး။ ဒီအတွက်လည်း ကျန်းမာရေး ပြသနာတွေဖြစ်လာမှာကို ဆေးသုံးစွဲသူတွေအနေနဲ့ စိုးရိမ်နေကြပါတယ်။

Transman ဆိုတာကတော့ အမျိုးသမီးအဖြစ်မှ မွေးဖွားလာပြီး ယောင်္ကျားခန္ဓာကိုယ်အဖြစ်ပြောင်းလဲပြီး နေထိုင်သူဖြစ်ပါ တယ်။ Transman LGBT လို့ခေါ်တဲ့ Lesbian (မိမိကိုယ်ကို မိန်းကလေးဟု ခံယူနေထိုင်ပြီး မိမိနှင့်ပုံစံတူမိန်းကလေးကို ချစ်ခင်နှစ်သက်သူ)၊ Gay (မိမိကိုယ်ကို ယောင်္ကျားလေးဟုခံယူနေထိုင်ပြီး မိမိနှင့်ပုံစံတူယောကျာ်းလေးကို ချစ်ခင်နှစ်သက်သူ)၊ Bisexual (လိင်တူလိင်ကွဲနှစ်မျိုးလုံးကို ချစ်ခင်နှစ်သက်သူ)၊ Transgender (ဆန့်ကျင်ဘက်လိင်ပုံစံကဲ့သို့ ပြောင်းလဲဝတ်ဆင် ခံယူနေထိုင်သူ) အမျိုးအစားတွေထဲက တစ်မျိုးပါပဲ။ 

ကိုပိုင်စိုးစံဆိုရင် Transman အဖြစ်ခံယူထားသူဖြစ်ကာ အမျိုးသား ဟိုမုန်းဆေးထိုးထားသူတစ်ဦးဖြစ်သလို ရင်သားခွဲစိတ်ပြီး အမျိုးသားတစ်ဦးလို ခံယူနေထိုင်နေသူလည်း ဖြစ်ပါတယ်။ 

ဒါပေမယ့် သူဟိုမုန်းစထိုးချိန်တုန်းက  ၂၀၁၆ခုနစ် အစောပိုင်းကာလဖြစ်ပြီး အခုလို ဟိုမုန်းဆေးထိုးတာ သိပ်ခေတ်မစား သေး ကြောင်းနဲ့ ဆရာဝန်ကိုလည်း တိုင်ပင်ဆွေးနွေးမှု မရှိခဲ့ပါဘူး။

“ ကျနော် ဟိုမုန်းစထိုးတုန်းက အခုခေတ်လိုမဟုတ်ဘူး။ ဘယ်သူ့ကို မေးလို့မေးရမှန်းမသိဘူး။ တိုင်ပင်လို့ရမယ့် ဆရာဝန် လည်းမရှိခဲ့ဘူး။  YouTube တို့ဘာတို့ကနေတဆင့် သာသိခဲ့ရတာ ကျနော်စထိုးတုန်းကလည်း ဟော်မုန်းLevel စစ်ရမယ် မှန်း လည်းမသိဘူး။ ဘာစစ်ရမှန်းလည်းမသိခဲ့ဘူး။ နောက်မှ အဲ့ဒါတွေစစ်ဖို့ လိုတယ်ဆိုတာသိခဲ့လို ဆေးထိုးပီး နည်းနည်းကြာမှ စစ်ဖြစ်ခဲ့တာ။” လို့ ကိုပိုင်စိုးစံက ဟော်မုန်းထိုးမှုနဲ့ပတ်သက်ပြီး ရှင်းပြပါတယ်။

အခုခေတ်မှာ လူမှုကွန်ရက်စာမျက်နှာ (အွန်လိုင်း)ကနေပြီး ဟိုမုန်းဆေးအမျိုးအစားအများကြီး ရောင်းနေကြပြီး သောက်ဆေး၊ ထိုးဆေးဆိုပြီး ပုံစံနှစ်မျိုးရှိပါတယ်။ ဟော်မုန်းဆေးသုံးစွဲသူတွေအနေနဲ့ ဆေးကိုစတင်မသုံးစွဲခင် ဟိုမုန်း Level စစ်တာ ပြုလုပ် သင့်သလို ကျောက်ကပ်၊ အသည်းနဲ့ အဆုတ်တွေကိုလည်း စစ်ဆေးဖို့အထူးလိုအပ်ကြောင်း ကိုပိုင်စိုးစံက ထောက်ပြပါတယ်။

“ ဆေးထိုးတဲ့အခါမှ ကိုယ်က ကျန်းမာရေးအကုန်ကောင်းရင်တော့ထိုးပါ။ မကောင်းရင်တော့မထိုးဆေးချင်ပါဘူး။ နောက်တစ် ခုက ဖြေးဖြေးချင်းပဲသွားပါ။  ဘယ်အရာမှချက်ချင်းကို ထမဖြစ်နိုင်လို့ ဖြစ်ချင်ဇောတွေနဲ့ တစ်ပတ်ကို တစ်ခါထိုးတာတွေ လိုအပ်တာထပ်ပိုထိုးတာတွေရှိကြပါတယ်။ တန်ဆေးလွန်ဘေးပါ။” လို့ သူက ဆိုပြန်ပါတယ်။

ကျားဟိုမုန်းသုံးစွဲတဲ့ Transman တွေ Tomboy တွေဟာ အမျိုးသမီးဖြစ်တည်မှု တစ်လတစ်ကြိမ်လာတဲ့ ဓမ္မတာ (ရာသီ) စက် ဝန်းလည်း ရပ်ဆိုင်းမှုတွေဖြစ်တဲ့အတွက် အချို့တွေက ဓမ္မတာပြန်လာအောင် ဆေးပြန်သောက်သုံးရသူတွေလည်းရှိကြောင်း Transman တွေက ပြောပြပါတယ်။ 

 “ ဟိုမုန်းဆေးထိုးတာ ကြာလာတာနဲ့အမျှ ဆိုးကျိူးကတော့ အနည်းနဲ့အများတော့ကြုံတယ် တခါတလေ အရမ်းအေးရင် ကျနော်အရိုးတွေအရမ်းကိုက်တယ်။ မကြာမကြာ သွေးပေါင်လည်းကျတယ် စိတ်တိုတာတွေ ဒေါသထွက်တာတွေ ဖြစ်တယ် Skin တွေညစ်တယ် ဝိတ်တွေတက်လာတယ်။” လို့ ကိုပိုင်စိုးစံက ဆိုပါတယ်။

အာကာကလည်း “ ဟိုမုန်းဆေးသုံးတဲ့အစမှာ တစ်လမှာ နှစ်လုံးသုံးတယ်။ ၅၀၀ MG(မီလီဂရမ်)သုံးတယ်။ ရာသီမလာတော့ ဘူး။ အခု ရာသီမလာတာခုနစ်လရှိပြီ။ ကိုယ်က sexual လိင်ပိုင်းက အမျိုးသမီးဖြစ်တာကို ရာသီမလာတဲ့အတွက် စိတ်ပူတယ်။ ဒါပေမယ့် ခြောက်လ ခုနစ်လရှိတော့ လာဖို့ ပြန်ပြီးဆေးတွေ ပြန်သောက်ရမယ်။” လို့ အာကာက သူဖြစ်နေတာကို ပြောပြလာ ပါတယ်။

လက်ရှိ Tomboy သုံးကုန်ပစ္စည်းတွေကို အွန်လိုင်းတွင်ရောင်းနေပြီး ဟိုမုန်းဆေးသုံးထားပြီး Transman အဖြစ်ခံယူထားတဲ့ ကိုတာရာက ဟိုမုန်းဆေးထိုးတာ၊ သောက်တာတွေတဲ့သူတွေအနေနဲ့ သတိထားဖို့က အိပ်နေရင် အသက်ရှူရခက်တာ ဖြစ် တတ်သလို ဆေးလိပ်သောက်ရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပန်းနာရင်ကြပ်တွေလည်း ဖြစ်နိုင်ကြောင်း ရှင်းပြပါတယ်။

“ ဒီဟိုမုန်းဆေးရဲ့ ဆိုးကျိုးတွေကတော့ Liver Cancer (အသဲကင်ဆာ)  ဖြစ်နိုင်ချေများပါတယ်။ Liver Function Test (အသဲ) ကိုစစ်ဆေးပြီး ဂရုစိုက်နေသင့်ပါတယ်။နောက်ပြီး ခေါင်းကိုက်တာပိုဆိုးတယ်။ စိတ်ဓာတ်ကျတာတွေဖြစ်နိုင်တယ်။ ဒါကြောင့် ဆေးစစ်ဆေးမှုကတော့ ပြုလုပ်သင့်တယ်။” လို့ ကိုတာရာက အကြံပြုပါတယ်။

ဟိုမုန်းဆေးသုံးစွဲမှုမြင့်လာ

မြန်မာနိုင်ငံမှာ အခုနောက်ပိုင်း Tomboy (မိန်းမမှယောင်္ကျားစိတ်ဖြစ်သူ ) ၁၀ဦးမှာ ခုနစ်ဦးလောက်ဟာ ဟိုမုန်းဆေးထိုး ကြပြီး ထိုးတဲ့သူတွေဟာ ကျန်းမာရေးစစ်ဆေးမှု မပြုလုပ်ဖြစ်တာများကြကြောင်း Transman အဖြစ်ခံယူထားပြီး LGBT အရေး ဆောင်ရွက်နေသူ ကိုပိုင်စိုးစံက ပြောပါတယ်။

Tomboy၊ Transman အသုံးအဆောင်ပစ္စည်းတွေဟာ လက်ရှိမှာ သုံးစွဲသူတွေများလာပြီး ယခင်က တစ်လလျှင် သိန်း ၂၀ ခန့် သာရောင်းနိုင်ခဲ့ရာမှ အခုမှာတော့ တစ်လလျှင် သိန်း ၁၀၀ နီးပါးထိ ရောင်းကောင်းလာကြောင်း အွန်လိုင်းပေါ်တွင် စျေး ရောင်းနေတဲ့ Transman တွေက ပြောပါတယ်။

မြန်မာနိုင်ငံသို့ တင်သွင်းနေတဲ့ ဟိုမုန်းဆေးတွေဟာ တရားဝင် နည်းလမ်းကနေဝင်တာထက် ထိုင်း-မြန်မာ နယ်စပ် မြဝတီ ဘက်ကနေ တင်သွင်းလာတဲ့ဆေးတွေ အများစုဖြစ်ကြောင်း ဟိုမုန်းဆေးရောင်းတော့ အိန္ဒိယထုတ်၊ အမေရိကန်ထုတ်၊ ဂျာမနီ ထုတ် အစားစားရှိကြောင်း ဟိုမုန်းဆေးရောင်းနေတဲ့အသိုင်းအဝန်းကနေ စုံစမ်းသိရပါတယ်။

ဂျာမနီနိုင်ငံထုတ် ဟိုမုန်ဆေးဖြစ်တဲ့ Testoviron Depo အမျိုးအစား၊ အမေရိကန်နိုင်ငံထုတ် Sustanon အမျိုးအစား၊ အိန္ဒိယ နိုင်ငံထုတ် Testoco အမျိုးအစားတွေဖြစ်ကြပါတယ်။ ဟိုမုန်းဆေးတွေကတော့ မြန်မာငွေကျပ် ၈,၀၀၀ ကနေ ကျပ်တစ်သိန်း ထိ စျေးအစားအစားရှိပါတယ်။

ဒါ့အပြင် Tomboy၊ Transman တွေ အသုံးပြုတဲ့ပစ္စည်းတွေဖြစ်တဲ့ အမွှေးသန်ဆေး၊ ရင်သားမခွဲစိတ်လိုပါက ရင်သားသေး ဆေး၊ တင်ပါးအဆီကျဆေးတွေ၊ အဝတ်အစားတွေကအစ ရောင်းနေကြောင်းလည်း အွန်လိုင်းမှာ စျေးရောင်းနေတဲ့ ကိုတာရာ က ဆိုပါတယ်။

ရင်သားခွဲစိတ်မှုနဲ့ သားအိမ်ထုတ်ခြင်း

Tomboyတွေဟာ အမျိုးသားလိုပုံစံမျိုးဖြစ်အောင် ရုပ်သဏ္ဍန်၊ အသံသာမက လိင်အင်္ဂါတွေပါ ပြောင်းလဲဖို့ ကြိုးစားလာ ကြောင်း၊ လက်ရှိ Tomboy အယောက်၁၀ဦးမှာ ခုနစ်ဦးခန့်ကတော့ ရင်သားခွဲစိတ်တာတွေ ပြုလုပ်လာကြောင်း ရင်သားခွဲ စိတ်မှုကို ပြုလုပ်ပေးနေတဲ့ ပုဂ္ဂလိကဆေးခန်း Time To Change Your Dream မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြော ပါတယ်။

Time To Change Your Dream မှ ၂၀၁၈ခုနစ်မှ စတင်ပြီး ရန်ကုန်မြို့မှာ ရင်သားခွဲစိတ်မှုကို ပြုလုပ်လာခဲ့ပြီး အခုအချိန်ထိ Tomboy ၅၀၀ ကျော်ကို အောင်မြင်စွာ ခွဲစိတ်ပြီးစီးခဲ့ကြောင်း၊ ရင်သားခွဲစိတ်ဖို့အတွက် တဦးလျှင် မြန်မာကျပ်ငွေ သိန်း ၂၀ နှင့် သိန်း ၃၀ ကြား ရှိကြောင်းလည်း ၎င်းအမျိုးသမီးက ရှင်းပြပါတယ်။

အဆိုပါ ရင်သားခွဲစိတ်တဲ့ပုဂ္ဂလိကဆေးခန်းဟာ  မြန်မာနိုင်ငံ ဆေးကောင်စီမှ တရားဝင်အသိအမှတ်ပြု လက်မှတ်ရရှိထားပြီး ခွဲစိတ်ဆရာဝန်ကြီး ကိုယ်တိုင် ဦးစီးဝန်ဆောင်မှုပေးနေပြီး ရင်သားကင်ဆာတွေကို အဓိကခွဲစိတ်ပေးသလို  Tomboy တွေ ကို လည်း ရင်သားခွဲစိတ်မှုပြုလုပ်ပေးပါတယ်။

“ ရင်သားခွဲစိတ်မှု ပြုလုပ်တဲ့အခါ မေ့ဆေးသုံးရတဲ့အတွက် တချို့က မေ့ဆေးမသုံးစွဲချင်ရင်တော့ ခွဲစိတ်လို့မရဘူး။ နောက်ပြီး ခွဲစိတ်ပြီးသွားရင် ခွဲထားတဲ့ဒဏ်ရာက တစ်ခါတစ်လေ နာကျင်တာတွေဖြစ်နေသေးတယ်။ ကျန်တာတော့ သိပ်ပြီးထွေထူးမရှိ ပါဘူး။” လို့ ရင်သားခွဲစိတ်ပေးတဲ့ဆေးခန်းက တာဝန်ရှိသူက ဆိုပါတယ်။

ရင်သားခွဲစိတ်မှု၊ သားအိမ်ထုတ်မှုဟာ အလွန်အရေးကြီးတဲ့ကိစ္စရပ်ဖြစ်တဲ့အတွက် တတ်သိတဲ့ဆရာဝန်ကို မေးမြန်းသင့်သလို LGBT အကြောင်းကို သေချာနားလည်ပေးတဲ့သူဖြစ်ဖို့လည်း အရမ်းအရေးပါကြောင်း Transman တွေက ပြောပါတယ်။  

“ ကျနော်ရင်သားခွဲစိတ်လုပ်တော့ သီးသန့်တကူးတက စစ်ရတာမျိုးတော့မရှိခဲ့ဘူး။ ခွဲတဲ့အခါ လိုအပ်တာလောက်ပါပဲ။ ကျနော် က သားအိမ်လည်း ထုတ်ထားတယ်။ မခွဲစိတ်ခင်တော့မှာတော့ သေချာစဥ်းစားရတာပေါ့။ ပတ်ဝန်းကျင်ဖိအားတွေခံရတာရှိ တယ်။” လို့ ရင်သားခွဲစိတ်ထားပြီး Transman အဖြစ်ခံယူထားတဲ့ သွေးမင်းသန့်က သူ့အကြောင်းပြောပြပါတယ်။

ကိုပိုင်စိုးစံကလည်း ရင်သားခွဲစိတ်ပြီး Transman တစ်ယောက်လို ပြောင်းလဲနေသော်လည်း ပတ်ဝန်းကျင်ရဲ့ နှိမ်တဲ့စကားလုံး တွေ၊ ဟာသစကားလုံးတွေ ပြောဆိုခံရတာရှိကြောင်း  သူကြုံတွေ့ရတာကို ပြောပါတယ်။

“ ကျနော်တို့ ဒီလိုပုံစံပြောင်းလဲနေတာ မိသားစုဝင်တွေကတော့ ဘာမှမပြောဘူး။ ပတ်ဝန်းကျင်ကတော့ ကဲ့ရဲ့တာရှိတာပေါ့။ အဓိကတော့ စကားလုံးရိုင်းရိုင်းတွေသုံးပြီးပြောဆိုတာပေါ့။ ဒီဒဏ်ကိုတော့ ကျနော်တို့ခံရတယ်။” လို့ သူက ဆက်ပြောပါတယ်။

ကျန်းမာရေးအတိုင်ပင်ခံ လိုအပ်

မြန်မာနိုင်ငံအတွင်း ယောက်ျားဟိုမုန်းဆေး၊ Tomboy အသုံးအဆောင်ပစ္စည်းများကို အွန်လိုင်းလူမှုကွန်ရက်တွင် အများအပြား ရောင်းချလာပြီး များသောအားဖြင့် Transman အဖြစ်ခံယူထားသူများက ရောင်းချနေကြောင်းTomboy တွေကဆိုပါတယ်။ 

လက်ရှိမှာ ကျားဟော်မုန်းသုံးပြီး အသံပြောင်းလဲမှု ရုပ်ပြောင်းလဲမှုတွေ စတင်ကြုံတွေ့လာရတဲ့ အာကာကလည်း ရင်သားနဲ့ သားအိမ်ခွဲထုတ်ဖို့ ကြိုးစားနေသူတစ်ယောက်ပါ။

သူအနေနဲ့ကတော့ မြန်မာပြည်အတွင်းက ကျန်းမာရေး စောင့်ရှောက်မှုတွေကို စိတ်မချတာနဲ့ ခွဲစိတ်မှုကြောင့် တစုံတရာ ဖြစ် လာပါက တာဝန်ယူမှု၊ တာဝန်ခံမှုမရှိမှာကို စိုးရိမ်ကြောင်းလည်း အာကာက သူ့ခံစားချက်ကို ပြောပါတယ်။

နိုင်ငံတကာ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ ထိုင်းနိုင်ငံဆိုရင် ရင်သားခွဲစိတ်မှုပဲဖြစ်ဖြစ်၊ ဟိုမုန်းဆေးသုံးစွဲမှု ပဲဖြစ် ဖြစ် ကျန်းမာရေးစိစစ်မှုတွေ နောက်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်မှုတွေကို ယူပြီးမှသာလျှင် သုံးစွဲတာ ခွဲစိတ်တာကိုပြုလုပ်ကြပါ တယ်။

“ကျနော်က ရင်သားခွဲစိတ်တာလုပ်ဖို့ရှိတယ်။ စဥ်းစားထားတယ်။ ခွဲစိတ်မယ်ဆိုရင် Medical checkup တွေ လုပ်ရမယ်။ ခွဲစိတ် မယ်ဆိုရင် ဒီနိုင်ငံမှာလုပ်မှာလား ပြင်ပမှာလုပ်မလားစဥ်းစားရမယ်။ ဒီနိုင်ငံမှာလုပ်ရင် တစ်ခုခုမှားယွင်းသွားရင် တာဝန်ယူမှု တာဝန်ခံမှုက ဘယ်လောက်ရှိမှာလဲပေါ့ အဲ့ဒါတွေက မသေချာဘူး။ ” လို့ အာကာက  ရင်သားခွဲစိတ်မယ့်အကြောင်းကို ရင်ဖွင့် ပြောလာပါတယ်။

Transman အဖြစ်ပြောင်းလဲနေထိုင်ဖို့ အတွက် မြန်မာနိုင်ငံမှာ ခွဲစိတ်ကုသရတာ ဟိုမုန်းဆေးသုံးတာတွေနဲ့ပတ်သက်ပြီး LGBT အရေးကို စိတ်ဝင်စားတဲ့ဆရာဝန်တစ်ယောက် ဒါမှမဟုတ် လူမှုအဖွဲ့အစည်း၊ NGO အဖွဲ့က ဆေးပညာအကြံပေးတွေ ရှိရင် ပိုကောင်းမွန်ကြောင်းလည်း အာကာက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ကျန်းမာရေးစစ်ဆေးရန်အရေးကြီး 

ရန်ကုန်မြို့ရှိ အရေပြားအထူးကုဆရာဝန်တစ်ဦးကတော့ ယောင်္ကျားဟိုမုန်းဆေးပဲဖြစ်ဖြစ် မိန်းမဟိုမုန်းဆေးပဲဖြစ်ဖြစ် သုံးစွဲ မယ်ဆိုပါက ကျန်းမာရေးစိစစ်မှုက အလွန်ပင်အရေးပါကြောင်း၊ မိမိခန္ဓာကိုယ်မှာ ကျန်းမာရေးအခြေအနေစိစစ်မှုမရှိဘဲ ဆေးကိုသုံးစွဲပါက မဖြစ်သင့်တဲ့ နာတာရှည်ရောဂါတွေ ဆေးကြောင့် နှလုံးရောဂါတွေ ရနိုင်သလို အသဲကင်ဆာတွေ ဖြစ်ပွားနိုင် ကြောင်း မှတ်ချက်ပြုပါတယ်။ 

“ ဟိုမုန်းဆေးသောက်သုံးပြီး ခန္ဓာကိုယ် အချိုးအဆ အပြောင်းအလဲအတွက် အသိသာဆုံးက အိပ်နေရင် အသက်ရှူရခက်တာ မျိုး ၊ နောက်ဝိတ်တက်တာ၊ အသက်ရှူလမ်းကြောင်း  ပန်းနာရင်ကြပ်ရှိတဲ့သူတွေ အထူးသတိပြုဖို့လိုပါတယ်။ ကျန်းမာရေး စစ် ဆေးပြီးမှ သောက်ဆိုတာ ကိုယ့်ခန္ဓာကိုယ်မှာ ဘာဖြစ်နေမှန်းဆိုတာ မသိကြဘူးလေ။ ဒါကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်ဖို့ ကျန်းမာရေးစစ်ဆေးချက်က အရမ်းအရေးကြီးတယ်။” လို့ အရေပြား အထူးကုဆရာဝန်က ဆိုပါတယ်။ 

အဲ့ဟိုမုန်းဆေးတွေဟာ မိမိသဘောဆန္ဒနဲ့သောက်ချင်တိုင်း သောက်လို့ရတဲ့ဆေးမဟုတ်ကြောင်း၊ များသောအားဖြင့် အွန်လိုင်း လူမှုကွန်ရက်ပေါ်မှာ ရောင်းနေတဲ့ဆေးတွေဟာ တရားဝင်မှုဟုတ်၊ မဟုတ်စစ်ဆေးဖို့ လိုအပ်ကြောင်း၊ တရားဝင်မှု မဟုတ်ပါက တစုံတရာ ဖြစ်လာပါက ဆေးရောင်းသူတွေဟာ တာဝန်ယူမှာ မဟုတ်ကြောင်းလည်း  ဆရာဝန်က ထောက်ပြပါတယ်။

Transwoman လို့ လူအများသိကြတဲ့ အမျိုးသားမှ အမျိုးသမီးအဖြစ်သို့ ပြောင်းလဲနေထိုင်တဲ့သူတွေအတွက်ကို မြန်မာနိုင်ငံ မှာ ဆေးအခမဲ့ကုသပေးတာ ကျန်းမာရေးအတိုင်ပင်ခံအတွက် NGO အဖွဲ့က သီးသန့်ပြုလုပ်ပေးနေတာရှိပေမယ့် Transman အမျိုးသမီးမှ အမျိုးသားအဖြစ်ပြောင်းလဲသူတွေအတွက်ကျတော့ ဆေးပညာအကြံပေးတွေမရှိသေးပါဘူး။ 

အာကာကတော့ သူရဲ့ငယ်အိပ်မက်ဖြစ်တဲ့ ရင်သားခွဲစိတ်မှုကိုတော့ ယုံကြည်စိတ်ချရတဲ့ ခွဲစိတ်ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာခွဲ စိတ်သွားမှာဖြစ်ပြီး လက်ရှိမှာတော့ ရင်သားခွဲစိတ်ဖို့အတွက် ပိုက်ဆံစုဆောင်းနေပါတယ်။ ဒါပေမယ့်လည်း ဘယ်နေရာမှာ ခွဲစိတ်ရမယ်ဆိုတာကို ခုထိဝေဝါးနေဆဲပါပဲ။ အဲဒီအတွက်  စိုးရိမ်ပူပန်မှုရှိနေကြောင်းကိုလည်း ယခုလိုရင်ဖွင့်တယ်။ 

“ ကျနော်ဆေးရုံ ဆေးခန်းသွားမေးဖို့က စိတ်လုံခြုံမှုမရှိဘူးလို့ခံစားရတယ်။ စိန်ခေါ်မှုဖြစ်တယ်။ ဒီNGO က လုပ်တဲ့ ဆေးခန်း ဖြစ်တယ်။ ကျနော်မေးကြည့်တယ် ။ transgender women တွေကိုပဲ စစ်ပေးတယ်။ transgender man တွေကို မစစ်ဆေး ပေးဘူး။ ကျနော်တို့အတွက်လည်း ဝန်ဆောင်မှုရှိရင်ကောင်းမယ်။ အစိုးရဘက်ကနေရတဲ့ ဝန်ဆောင်မှုတွေက ကျနော်တို့ အတွက် အလှမ်းဝေးနေတုန်းပါ။ ကျနော်တို့အတွက်ရှိစေချင်ပါတယ်။”

Author:

Related Articles