Home ဆောင်းပါးသတင်းဆောင်းပါး လာမယ့် လွှတ်တော်အတွင်း အမျိုးသမီးကိုယ်စားလှယ် တွေရဲ့အသံဘယ်လောက်အထိ ပေါက်မလဲ

လာမယ့် လွှတ်တော်အတွင်း အမျိုးသမီးကိုယ်စားလှယ် တွေရဲ့အသံဘယ်လောက်အထိ ပေါက်မလဲ

ခင်ဘုန်းမို့။ ။

ဥပဒေပြုရေးမဏ္ဍိုင်တစ်ခုဖြစ်တဲ့ လွှတ်တော်အတွင်းမှာ အမျိုးသမီးကိုယ်စားလှယ်တွေကို လာမယ့်အစိုးရသက်တမ်းရောက်ရင် ပိုမြင်တွေ့ရတော့မှာပါ။ ပြီးခဲ့တဲ့ရာစုနှစ်တွေမှာ ဓလေ့ထုံးတမ်းအစဉ်အလာအချို့ကအမျိုးသမီးတွေကို နိုင်ငံရေးနဲ့ဝေးကွာစေခဲ့ပေမယ့် မျက်မှောက်ကာလမှာတော့ နိုင်ငံရေးအခင်းအကျင်းထဲမှာ အမျိုးသမီးတွေ ပါဝင်လာနိုင်ပါပြီ။

လက်ရှိပြည်ထောင်စုဝန်ကြီးတွေထဲမှာဆိုရင် အမျိုးသမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သမ္မတရုံးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ်တာဝန်ယူပြီးတော့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးတစ်ဦးသာ အမျိုးသမီးအဖြစ်ပါဝင်တာကိုတွေ့ရပါတယ်။

ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့တွေမှာ အမျိုးသမီးပါဝင်မှုကတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှာ (၅)ဦး၊ပဲခူးတိုင်းဒေသကြီးမှာ(၄)ဦး၊ ဧရာဝတီ၊ ရခိုင်၊ တနသာရီ ၊မွန်ပြည်နယ်အစိုးရအဖွဲ့တွေမှာ (၃)ဦး၊ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ မန္တလေးတိုင်းဒေသကြီးမှာ (၂)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်မှာ (၁)ဦးစီပါဝင်တာကိုတွေ့ရပါတယ်။

အများစုက တရားရေးနဲ့ပတ်သက်တဲ့ရာထူးရှိသူတွေ၊ တိုင်းရင်းသားရေးရာဝန်ကြီးတွေဖြစ်ပြီးတော့ တခြားတိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေအားလုံးဟာ အမျိုးသားတွေဖြစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်တစ်ဦးသာ အမျိုးသမီးဖြစ်တာကိုတွေ့ရပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ အမျိုးသမီးကိုယ်စားလှယ်ပါဝင်မှုက အရင်ရွေးကောက်ပွဲတွေထက် များလာတာကိုတွေ့ရပါတယ်။ နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့အခါမှာလည်း အမျိုးသမီးကိုယ်စားလှယ်ဦးရေကို အရင်ရွေးကောက်ပွဲတွေထက်တိုးပြီး ရွေးချယ်လာတာကို တွေ့ရပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း ခြောက်ထောင်ကျော်အနက်မှာတော့ အမျိုးသမီးကိုယ်စားလှယ်လောင်း ၈၀၀ ခန့်သာပါဝင်ခဲ့ပြီး ကိုယ်စားလှယ် ၁၅၀ ကျော် ကရွေးကောက်ခံခဲ့ရတယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းတွေအရ သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ခြောက်ထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အနက် အမျိုးသမီးကိုယ်စားလှယ် တစ်ထောင်ကျော် ပါဝင်ပြီး ( ၁၉၀ ) ကျော်အနိုင်ရရှိထားတယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။(နိုဝင်ဘာ ၁၅ ရက်နေ့အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့စာရင်းတွေဖြစ်ပါတယ်)

တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေမှာ အမျိုးသမီးပါဝင်မှုအများဆုံးကရန်ကုန်တိုင်းဒေသကြီးဖြစ်ပါတယ်။

အင်အားကြီးအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော် အနက်မှာတော့ အမျိုးသမီးကိုယ်စားလှယ်က ၂၀၀ ကျော်ပါဝင်ခဲ့ပြီး(၂၀၀)နီးပါးအနိုင်ရရှိထားပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အာဏာရပါတီရဲ့ ကိုယ်စားလှယ်တွေထဲမှာ မွန်ပြည်နယ် အမျိုးသားလွှတ်တော် (၁၁)မဲဆန္ဒနယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့တဲ့ ဒေါ်သီရိရတနာလည်း ပါဝင်ပါတယ်။ မိသားစုဝင်တွေက ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့သူတွေဖြစ်ပြီး အာဏာရှင်စနစ်ကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတာတွေက နိုင်ငံရေးမှာ ပါဝင်ဖို့တွန်းအားတွေ ဖြစ်စေခဲ့တယ်လို့ ဒေါ်သီရိရတနာက ပြောပါတယ်။

နိုင်ငံရေးအမွေကို မိသားစုထံက ဆက်ခံရရှိတာဖြစ်ပြီးတော့ မိသားစုရဲ့ကူညီပံ့ပိုးမှုတွေကို အပြည့်အဝရခဲ့တဲ့ အမျိုးသမီးနိုင်ငံရေးသမား တစ်ဦးဖြစ်လာပါတယ်။ ၂၀၁၂ ခုနှစ်ကစတင်ကာ NLD ပါတီရဲ့ လူငယ်ဖွံ့ဖြိုးရေး သင်တန်းတွေမှာ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးရွေးချယ်ခံခဲ့ရပါတယ်။

“ အမျိုးသမီးတွေလွှတ်တော်ထဲပိုရောက်လာမယ်ဆိုရင် အမျိုးသမီး ကဏ္ဍ တွေပိုအားကောင်းလာမယ်။အိမ်တွင်းအကြမ်းဖက်မှုလိုဖြစ်ရပ်တွေကို အမျိုးသမီးအမတ်တွေကပိုပြီး မီးမောင်းထိုးလာနိုင်မယ်လို့ထင်တယ် ” လိုဒေါ်သီရိရတနာကပြောပါတယ်။

အမျိုးသမီးတွေ နိုင်ငံရေးမှာ စိတ်ပါဝင်စားပြီးပါဝင်လာတဲ့အပေါ်ဝမ်းသာကြိုဆိုပြီးတော့ ၂၀၂၅ ခုနှစ်မှာလည်း အမျိုးသမီးတွေပိုပါဝင်လာနိုင်မယ်လို့ မျှော်လင့်တယ်လို့ ဒေါ်သီရိရတနာကဆိုပါတယ်။

အနိုင်ကျင့်ခံရတဲ့ ပြည်သူအမျိုးသမီးတွေအနေနဲ့လည်း တစ်စုံတစ်ခုကို တိုင်ကြားချင်တဲ့အခါမှာ အုပ်ချုပ်ရေးပိုင်းမှာတာဝန်ယူထားတဲ့အမျိုးသားတွေ ထက် အမျိုးသမီးတာဝန်ရှိသူတွေကို ပိုပြီးယုံကြည်အားကိုးတကြီးနဲ့ ပြောလာနိုင်မယ်လို့ သူကသုံးသပ်ပါတယ်။

“အမျိုးသမီးတွေရဲ့သဘာဝကိုကတစ်ခုခုလုပ်တဲ့အခါစေ့စေ့စပ်စပ်လုပ်တတ်တဲ့သဘာဝကို နိုင်ငံရေးလုပ်တဲ့အခါအသုံးချလိုက်ရင် ဘာပဲဖြစ်ဖြစ်နိုင်ငံရဲ့တစ်ထောင့်တစ်နေရာကနေသာမက ပိုပြီးတော့ အကျိုးဖြစ်ထွန်းနိုင်မယ်လို့ထင်တယ်” လို့ သူကဆိုပါတယ်။

နိုင်ငံအတွက် ဘတ်ဂျတ်ခွဲဝေသုံးစွဲရေးလုပ်ငန်းတွေဟာအမျိုးသမီးတွေနဲ့ ပိုပြီးလိုက်ဖက်မှု ရှိတယ်လို့ သူကဆိုပါတယ်။ အဲ့ဒါကြောင့်လွှတ်တော်တွင်းမှာ အမျိုးသမီးတွေပိုပါဝင်လာမယ်ဆိုရင် နိုင်ငံတော် ဘဏ္ဍာ တွေမကုန်သင့်တဲ့နေရာ မကုန်အောင်၊ပြည်သူတွေဆီ အပြည့်အဝရောက်အောင် ဆောင်ရွက်နိုင်မယ့်နေရာတွေမှာ အကျိုးရှိလာနိုင်တယ်လို့ ဒေါ်သီရိရတနာက ဆိုပါတယ်။

Representative for election 2020- photo from PACE

“ငြိမ်းချမ်းရေးကိစ္စတွေမှာ အမျိုးသားတွေထက်စာရင် အမျိုးသမီးတွေက ပိုပြီးတော့ ပြောဆိုစည်းရုံးနိင်တဲ့စွမ်းရည်မြင့်မားတယ်လို့ထင်တယ်” လို့ အမျိုးသမီးတွေနိုင်ငံရေးထဲပါဝင်လာတဲ့အခါမှာ ရရှိလာနိုင်တဲ့အကျိုးတွေကို ပြောပြပါတယ်။

အမျိုးသမီးတွေနိုင်ငံရေးထဲပါဝင်လာနိုင်အောင်နေရာပေးမှုအပေါ်မှာ အမျိုးသားတွေရဲ့ အခန်းကဏ္ဍကလည်းအရေးကြီးလှပါတယ်။

နိုင်ငံသားတွေရဲ့ ထက်ဝက်နီးပါးက လွှတ်တော်တွင်းအမျိုးသမီးတွေ ပိုမိုပါဝင်လာရေးဟာ အရေးကြီးတယ်လို့ ဖြေဆိုကြပြီး နိုင်ငံသားတွေရဲ့ လေးပုံတစ်ပုံကသာ အမျိုးသားထက်စာရင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းကို မဲပေးပါမယ်လို့ ဖြေဆိုကြတာကိုတွေ့ရတယ်လို့ ရွေးကောက်ပွဲဆိုင်ရာပြည့်သူ့လှုပ်ရှားမှုရဲ့ ၂၀၂၀ ရွေးကောက်ပွဲအကြိုစစ်တမ်းမှာဖော်ပြထားပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် ကာလမှာ လည်း လူမှုကွန်ရက်စာမျက်နှာတွေကတစ်ဆင့် အမျိုးသမီးကိုယ်စားလှယ်လောင်းတွေကို အားပေးတဲ့ ကန်ပိန်းတွေ လုပ်ဆောင်ကြတာကို တွေ့ရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီကိုယ်စားလှယ်လောင်းရွေးချယ်တဲ့အခါမှာ တိုင်းရင်းသားပါတီအချို့က အမျိုးသမီးနဲ့ လူငယ်တွေကို ဦးစားပေးရွေးချယ်လာတာကိုတွေ့ရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေအနက် အမျိုးသမီးပါဝင်မှု များခဲ့တဲ့ပါတီကတော့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီပဲဖြစ်ပါတယ်။ SNLD ပါတီမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း (၃၆)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး (၁၃)ဦးရွေးကောက်တင်မြောက်ခံခဲ့ရပါတယ်။

၂၀၁၃ ခုနှစ်ကစတင်ပြီးနိုင်ငံရေးလောကထဲဝင်ခဲ့ပြီးတော့ ဖိနှိပ်ချုပ်ချယ်မှုတွေကို မျက်မြင်ကိုယ်တွေ့ ကြုံရတာတွေက နိုင်ငံရေးလှုပ်ချင်စိတ်တွေဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုသူတစ်ဦးကတော့ SNLD ပါတီကိုယ်စားပြုပြီးကျောက်မဲမြို့နယ် ပြည်နယ်မဲဆန္ဒနယ် (၁) ကနေဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ နန်းအိမွန်အောင်ပဲဖြစ်ပါတယ်။

“မိသားစုကတော့ ကန့်ကွတ်တာမျိုးမရှိခဲ့ဘူး ပံ့ပိုးပေးကြတယ်။ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက် နိုင်ငံရေးလုပ်တဲ့နေရာမှာတော့ လူကြီးတွေရဲ့ အရိုးစွဲတွေရှိဖူးကြတယ်။ အမျိုးသမီးဆိုတာ နိုင်ငံရေးလုပ်ရတဲ့ သူမဟုတ်ဘူးပေါ့နော်၊ အခုအချိန်အထိလည်းရှိတုန်းပါပဲ။ အမျိုးသမီးဖြစ်တဲ့အတွက် နိုင်ငံရေးလုပ်နိုင်ပါ့မလားဆိုတဲ့ အယူစွဲတွေတော့ကြုံခဲ့ရတယ်။ ”လို့ သူ့ရဲ့အတွေ့အကြုံကိုပြောပါတယ်။

သူ့အနေနဲ့ လွှတ်တော်ထဲရောက်တဲ့အခါ နိုင်ငံရေးမှာ အမျိုးသမီးတွေပါဝင်ဖို့လိုအပ်တယ်ဆိုတဲ့ ဉပဒေတွေပေါ်ပေါက်လာအောင်၊လူငယ်တွေရဲ့ အခွင့်အရေးတွေ အပြည့်အဝရအောင် ဖော်ဆောင်သွားမယ်လို့ဆိုပါတယ်။

“နိုင်ငံရေးဆိုတာနားမလည်လို့မရဘူး။ မလုပ်ချင်လို့ရတယ်။ ကိုယ်ကနားမလည်ထားဘူးဆိုရင်ကိုယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုက နှောင့်နှေးမယ်။ အမျိုးသမီးတွေ ဖိနှိပ်ခံနေရတဲ့အရာကလွတ်မြောက်ဖို့ဆိုတာ နိုင်ငံရေးကိုမသိထားဘူးဆိုရင် တော်တော်နဲ့လွတ်မြောက်နိုင်မှာ မဟုတ်ဘူး ဒါကြောင့်အမျိုးသမီးတွေနိုင်ငံရေးထဲပါဝင်လာဖို့ဆိုရင် ကိုယ်ကရှေ့ကနေပြီးတော့ မားမားမတ်မတ်ရပ်တည်ပြီးတော့ လုပ်ဆောင်ကြမယ်ဆိုရင် သူတို့တွေလည်းနိုင်ငံရေးထဲကိုပါဝင်လာနိုင်တယ်”လို့ နန်းအိမွန်အောင်ကပြောပါတယ်။

2020 election result- Photo from Election and Democracy

နိုင်ငံရေးခရီးလမ်းကို လျှောက်လှမ်းတဲ့အခါမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုခက်ခဲတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေရပြီး မိသားစုနဲ့ပတ်ဝန်းကျင်က ပံ့ပိုးတာမျိုးရှိသလို ကန့်ကွက်ကြတဲ့ အဖြစ်မျိုးတွေလည်းရှိနေပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာဆိုရင် နိုင်ငံရေးထဲအမျိုးသမီးတွေ ပါဝင်ခွင့်ကိုကန့်သတ်ထားတဲ့ အစဉ်အလာတွေ ရှိခဲ့သလို့ အမျိုးသမီးတွေကို မစွမ်းဆောင်နိုင်ဘူးဆိုတဲ့ အယူအဆတွေကတော့ လုံးဝပပျောက်သွားတဲ့ အနေအထားတစ်ခု မဟုတ်သေးပါဘူး။

“ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ပါဝင်လာခြင်းက ပထမအချက်အောင်မြင်မှု ဖြစ်တယ်။ဘာကြောင့်လဲ ဆိုတော့ ယဉ်ကျေးမှုအရ သတ်မှတ်ထားတဲ့ အမျိုးသမီးဆိုတာ အိမ်ထောင်မှု ကိစ္စတွေနဲ့ပဲသက်ဆိုင်တယ် ဆိုတဲ့အချက်ကို အမျိုးသမီးတွေ ထိုးဖောက်လိုက်တာပဲ။ အမျိုးသမီးတွေ ရွေးကောက်ပွဲမှာအနိုင်ရပြီးတော့ လွှတ်တော် မှာပါလာခြင်းက နောက်ထပ်ပုံစံခွက်တစ်ခုကို ထိုးဖောက်လိုက်တဲ့သဘောပါ။ အမျိုးသမီးတွေကစွမ်းဆောင်နိုင်တယ်။ အမျိုးသမီးတွေက အရည်အချင်းရှိတယ်ဆိုတာကို ပြည်သူလူထုကလက်ခံထားတဲ့အချက်ဖြစ်လာတယ် ”လို့ ညီမျှခြင်းမြန်မာရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။

အမျိုးသမီးတွေ ဉပဒေပြုရေးနဲ့ တရားစီရင်ရေးကိစ္စတွေမှာပါဝင်လာတာက တခြားအမျိုးသမီးတွေအတွက် ခွန်အားဖြစ်စေသလို အားကျတဲ့စိတ်၊ ဖြစ်ချင်တဲ့စိတ်တွေပိုအားကောင်းလာနိုင်ပြီး နောက်ပိုင်းမှာလည်း အမျိုးသမီးတွေ နိုင်ငံရေးမှာပါဝင်နိုင်ဖို့အတွက်လမ်းကြောင်းတွေဖြစ်လာနိုင်တယ်လို့ ဦးအောင်မျိုးမင်းကပြောပါတယ်။

လွှတ်တော်အတွင်းမှာ အမျိုးသမီးဦးရေများလာရုံနဲ့ အမျိုးသမီးတွေအတွက် အကာအကွယ်ပေးမယ့် ဉပဒေတွေရှိလာမယ့်လို့ မျှော်လင့်လို့တော့မရနိုင်ပါဘူး။

လွှတ်တော်အတွင်း အမျိုးသမီးအရေးစိတ်ဝင်စားတဲ့ အမတ်တွေရောက်လာမယ်ဆိုရင် အမျိုးသမီးတွေကို ကာကွယ်ပေးနိုင်တဲ့ ဉပဒေတွေကို ထောက်ခံဆွေးနွေးလာနိုင်မှာဖြစ်ပြီး ပဋိပက္ခဒေသတွေမှာ ခံစားနေရတဲ့ အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့အတွက် ဥပဒေတွေရေးဆွဲလာနိုင်မယ်လို့ မျှော်လင့်တယ်လို့ အမျိုးသမီးအရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ နန်းဖြူဖြူလင်းကထောက်ပြပါတယ်။

“ နိုင်ငံရေးမှာ အမျိုးသမီးအရေးစိတ်ဝင်စားသူတွေပိုမိုပါဝင်လာခဲ့မယ်ဆိုရင် ကျား-မတန်းတူညီမျှရေးအပြင် လူသားအခွင့်အရေးကို ပိုပြီးရှေးရှုတဲ့ လူ့ဘောင်ဝန်းကျင်ကိုဖန်တီးလာနိုင်မယ်လို့ထင်တယ်။ နိုင်ငံရေးတွေမှာ အမျိုးသမီးရှု့ထောင့်ကပါလာခဲ့မယ်ဆိုရင် အမျိုးးသမီးတွေရဲ့ အတားအဆီးတွေကို ဖြိုချပေးနိုင်မယ့်မူဝါဒတို့၊ လက်တွေ့ကျင့်သုံးမှုတွေ ပေါ်ပေါက်လာနိုင်မယ်။ ”လို့ နန်းဖြူဖြူလင်းပြောပါတယ်။

ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းအတွင်းမှာတော့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမျိုးသမီးအရေးနဲ့ပတ်သက်တဲ့စွမ်းဆောင်ရည်တွေက အထိုက်အလျောက် အားရကျေနပ်စရာကောင်းခဲ့ပင်မယ့် အမျိုးသမီးလွှတ်တော်အမတ်တိုင်းကတော့ ကျား-မတန်းတူရေးကိုစိတ်ဝင်စားသူတွေမဟုတ်ဘူးလို့ နန်းဖြူဖြူလင်း ကသုံးသပ်ပါတယ်။

“ အမျိုးသမီးတွေဟာ အရာအားလုံးကိုလုပ်နိုင်တယ်။ ဘာလို့လဲဆိုအမေတွေဆိုရင်လည်း အရာရာတိုင်းကိုလုပ်နိုင်တယ်။ အဖေမရှိတော့ရင်တောင်မှ အဖေရဲ့ကိုယ်စားအိမ်ထောင်ဦးစီးတာဝန်ကိုထမ်းပြီးတော့သားသမီးတွေကိုစောင့်ရှောက်နိုင်တယ်၊ အမျိုးသမီးတွေရဲ့စွမ်းအားက သားသမီးတွေနဲ့ယှဉ်လာရင်အကန့်အသတ်မရှိဘူး။အဲ့စွမ်းအားတွေကို နိုင်ငံရေးမှာသုံးစေချင်တယ်။ကိုယ့်မှာရှိနေတဲ့စွမ်းအားတွေကို မိသားစုမှာသုံးသလို တစ်ဖက်မှာလည်း နိုင်ငံအပေါ်မှာသုံးသင့်တယ်လို့ထင်တယ်”လို့ဒေါ်သီရိရတနာကပြောပါတယ်။

လာမယ့်လွှတ်တော်သက်တမ်းအတွင်းမှာ အမျိုးသမီးအမတ်တွေက အမျိုးသမီးအရေးနဲ့ပတ်သက်ပြီးဘယ်လိုဖော်ဆောင်ကြမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Related Articles