Home ဆောင်းပါး ရေဘေးမှာ ကူကယ်ရာမဲ့ကြုံတွေခံစားခဲ့ရတဲ့ စစ်ဘေးရှောင်အမျိုးသမီးတွေ

ရေဘေးမှာ ကူကယ်ရာမဲ့ကြုံတွေခံစားခဲ့ရတဲ့ စစ်ဘေးရှောင်အမျိုးသမီးတွေ

 ရှင်ငြိမ်း  

“ဆယ်ရက်လုံးလုံး ရေထဲမှာနေရင်း စိတ်ဓါတ်တွေလည်းကျပေါ့။ အိမ်လေးရေထဲမြုပ်မသွားဖို့လည်း ဆုတောင်းရတယ်။ စားဖို့မရှိတော့မှာလည်းကြောက်ရနဲ့။ အရေးထဲ ကလေးမွေးချင်လာလို့ ကိုယ့်ဘာသာမွေးလိုက်ရတယ်” လို့ဒေါ်ခင်ချောကပြောပါတယ်။

မိုးကြီးကာ စစ်တောင်းမြစ်ရေတက်လာတာကြောင့် ဒေါ်ခင်ချောနဲ့ ကလေးငယ် နှစ်ယောက်ပါဝင်တဲ့ မိသားစုဝင် ခြောက်ယောက်ဟာ ဘဂ်လိဂါစစ်ရှောင်စခန်းက သူတို့ရဲ့ခြေတံရှည်သစ်သားအိမ်လေးပေါ်မှာ သောင်တင်နေတာ ဆယ်ရက်ရှိပါပြီ။

အသက် ၃၃ နှစ်အရွယ် ဒေါ်ခင်ချောဟာ နေ့စေ့လစေ့ကိုယ်ဝန်လွယ်ထားရချိန်မှာ ရေဘေးသင့်ခဲ့တာကြောင့် နေအိမ်မှာ ကိုယ်တိုင်မီးဖွားခဲ့ရသူဖြစ်ပါတယ်။

ရာဂီမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်၊ ပဲခူး၊ မန္တလေးနဲ့ ဧရာဝတီတိုင်း၊ ကယား၊ ကရင်၊ မွန်နဲ့ ရှမ်းပြည်နယ်က မြို့နယ် ၅၆ ခုမှာ ရေကြီးတာမြေပြိုတာတွေဖြစ်ခဲ့ပါတယ်။

ရေကြီး၊ မြေပြိုတာတွေကြောင့် ရာနဲ့ချီတဲ့လူတွေသေဆုံးခဲ့ရသလို လူပေါင်းတစ်သိန်းလောက်ဟာ ရေဘေးသင့်ကာ ထိခိုက်ပျက်စီးခဲ့ရတာပါ။ ရေဘေးသင့်တဲ့အထဲမှာ ဒေါ်ခင်ချောတို့လို စစ်ရှောင်တွေလည်း ပါဝင်နေခဲ့တာပါ။

သူတို့ဟာ ဇာတိဖြစ်တဲ့ကရင်မှာ စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်တာကြောင့် ပဲခူးတိုင်း၊ တောင်ငူမြို့နယ် မိုးကောင်းကျေးရွာအုပ်စုက ဘဂ်လိဂါစစ်ရှောင်စခန်းကို ထွက်ပြေးတိမ်းရှောင်လာသူ ဖြစ်ပါတယ်။

ဘဂ်လိဂါစစ်ရှောင်စခန်မှာ မပြည့်မစုံ၊ မလုံမလောက်နဲ့  ၂ နှစ်ကျော်နေလာပြီးနောက် ဒေါ်ခင်ချောတို့မိသားစုဟာ တပူပေါ် တပူဆင့်ဆိုသလို ရေဘေးနဲ့ပါ ထပ်မံကြုံတွေ့ခဲ့ရတာပါ။

စက်တင်ဘာ ၁၂ ရက်က စတင်ရေကြီးခဲ့တဲ့ တောင်ငူမြို့မှာ မိုးသည်းထန်စွာရွာတဲ့အတွက်စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေ မှတ်ထက် ၆ ပေကျော်ထိမြင့်တက်သွားတာကြောင့် မြစ်အရှေ့ပိုင်းက ဒေါ်ခင်ချောတို့လို စစ်ရှောင်စခန်း ၂၀ လောက်ဟာရေမြုပ်ခဲ့ရတယ်လို့ စစ်ရှောင်တွေကို ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ဒေါ်မာမာချိုကပြောပါတယ်။

မြစ်ရေဟာ ၁၀ ပေကျော်မြင့်တဲ့ သူတို့အိမ်ကြမ်းပြင်ထိတက်လာတော့ ကယ်ဆယ်ရေးတွေကို ဖုန်းဆက်ခေါ်ပေမယ့် ရေစီးသန်လွန်းတဲ့အတွက် လာလို့မရဘူးဆိုတာကြောင့် ဒီအိမ်လေးပေါ်မှာ ဆယ်ရက်တိုင်တိုင် ပိတ်မိ သောင်တင်နေခဲ့တာဖြစ်ပါတယ်။ 

စားစရာဆိုလို့ ဆန်တပြည်အပြင် အပိုမရှိတဲ့သူတို့မိသားစုဟာ ရေပတ်လည်းဝိုင်းနေတဲ့ နေအိမ်လေးပေါ်မှာ ဆယ်ရက်လုံးလုံး မသေအောင် မိုးရေသောက်ကာ နေခဲ့ရတာပါ။

“ဆန်ကတော့ တနေ့တလုံးချက်ပြီး အမေနဲ့ ကလေးတွေစားပေါ့။ သူတို့လည်း တနေ့တခါတောင် ဝအောင် မစားရပါဘူး။ ကျန်တဲ့သူတွေကတော့ ရေသောက် ထမင်းရေသောက်နေရတယ်။ ရေကတော့ မိုးရေခံသောက်ပေါ့ ။ ထမင်းလည်း အဲ့ဒါနဲ့ချက်ရတယ်။”လို့ ဒေါ်ခင်ချောက ပြောပါတယ်။

သူတို့မိသားစုဟာ ခြောက်ရက်လောက်တော့ တစ်နေ့ကို နို့ဆီဗူးတစ်လုံးနဲ့ ချွေချွေတာတာစားလို့ရပေမယ့် နောက်ရက်တွေမှာတော့ စားစရာဆန်မရှိတော့လို့ အားလုံးရေသောက် ဝမ်းဖြည့်ခဲ့ရတာဖြစ်ပါတယ်။

 သူ့ခင်ပွန်းရဲ့အမေဖြစ်သူကလည်း ကျန်းမာရေးမကောင်းတာကြောင့် ဆေးကုသမှုခံယူနေရသူပါ။ မဖြစ်မနေ သောက်ရမယ့် ဆေးတချို့က ကုန်သလောက်ဖြစ်လာလို့ ဒီအတွက်လည်း သူတို့က ပူပန်နေရတာဖြစ်ပါတယ်။

ဒီအပူတွေထဲမှာမှ ဒေါ်ခင်ချောမီးဖွားနိုင်ရေးကလည်း အရေးတကြီးကိစ္စတခုပါ။ သို့ပေမဲ့ သူကတော့ မွေးဖို့ကို လာမယ့်ဘေး ပြေးတွေ့ဖို့ စဉ်းစားထားတယ်လို့ ပြောပါတယ်။

“မွေးချင်လာရင်တော့ ဒီအတိုင်းပဲမွေးချလိုက်တော့မယ်။ အစကတော့ ကြောက်တယ်။ ခုမကြောက်တော့ဘူး။ အရေးကြုံလာတော့လေ။ တခုပဲဆုတောင်းတယ်။ အိမ်လေးရေမြုပ်သွားတဲ့အချိန် မမွေးပါစေနဲ့လို့ပေါ့။”လို့ ပြောပါတယ်။

တကယ်လည်း သူဟာ သတ္တိရှိရှိနဲ့ သူ့ဘာသာမွေးခဲ့တာဖြစ်ပါတယ်။ သူတို့ရေထဲနေရတဲ့ ၆ ရက်မြောက်နေ့ မနက် ၁၀ နာရီလောက်မှာ ရေမွှာစပေါက်ပါတယ်။

အခုလိုမွေးလာရင် အခက်အခဲဖြစ်မှာစိုးတာကြောင့် မမွေးခင်ထဲက ကြိုတင်ပြင်ဆင်တာတွေရှိခဲ့ပါတယ်။ ဥပမာ သူ့ခင်ပွန်းကို ရေနွေးအိုးတည်ဖို့၊ အချင်းဖြတ် ဓါးသန့်ရှင်းနေဖို့၊ ကလေးထွက်လာရင် အညစ်အကြေးကို ဘယ်လို သန့်စင်ရတယ်စတဲ့ အချက်တွေကို မှာကြားထားခဲ့တာဖြစ်ပါတယ်။

“မွေးရတာခက်မယ်ထင်တာ။ မွေးလိုက်တော့လည်း အားလုံးအဆင်ပြေပြေချောချောမွေ့မွေ့နဲ့ ပြီးသွားတယ်။ စိုးရိမ်တာတော့ ရှိခဲ့တာပေါ့။ တခုပါပဲ မွေးပြီးတော့ အားရှိအောင်စားဖို့ဘာမှမရှိနေဘူးပေါ့။ အဲ့တော့ သကြား လက်တဆုတ်လောက် ရှိတာကို တနေ့နဲနဲယူပြီး ရေနဲ့ဖျော်သောက်ရတယ်။ ကလေးကလည်း နို့စွဲတော့လေ။”လို့ ဒေါ် ခင်ချောကပြောပါတယ်။

သူတို့မိသားစုဟာ ထမင်းထုတ်လေးလာဝေမလား။ ကယ်ဆယ်ရေးတွေလာမလားလို့ တစ်နေ့ တစ်နေ့မျှော်ရင်းနဲ့ နေလာခဲ့ရတာဖြစ်ပါတယ်။ ဒီထဲရေစီးမှာ မျှောပါသွားတဲ့သူတွေတွေ့ရင် ပိုလို့စိတ်ဓါတ်ကျခဲ့ရကြောင်း သူက ပြောပါတယ်။

 “ဒီအိမ်လေးထဲ ဘယ်လောက်ကြာကြာနေရအုန်းမလဲမသိဘူး။ အိမ်လေးမမြုပ်ခင် ကယ်ဆယ်ရေးတွေလာပါစေလို့ ဆုတောင်းရတာလည်း အမောပဲ။”လို့ သူကဆက်ပြောပါတယ်။

ကလေးမွေးပြီး ၄ ရက်မြောက်နေ့ ညနေပိုင်းမှာတော့ ကူညီကယ်ဆယ်ရေးလှေတစီးက သူတို့ကို လာခေါ်သွားတဲ့ အတွက်ရေဘေးကနေလွတ်မြောက်ခဲ့ရတာဖြစ်ပါတယ်။

အင်္ဂလိဂါစစ်ရှောင်စခန်းနဲ့ မနီးမဝေးမှာရှိတဲ့ အင်းဝိုင်းစစ်ရှောင်စခန်းမှာ ခိုလှုံနေတဲ့ မနော်ဇင်မာဆိုလည်း ရေစီးနဲ့ မျှောသွားရင်း သစ်ပင်ပေါ်မှာ တစ်ညနဲ့ နှစ်ရက်သောင်တင်နေခဲ့သူပါ။

“သစ်ပင်ပေါ်မှာ ဘာမှမစားမသောက်ရဘဲ ငုတ်တုတ်လေးနေရတယ်။ မိုးလေကျရင် ဘုရားစာတွေရွတ်ရတာပေါ့။ ညမှောင်ပြီဆို အလိုလိုကြောက်လာတာ။ အလောင်းတွေမျှောလာရင်ပိုဆိုးတယ်။ တကယ့်ကို မသေအောင် အားတင်းနေခဲ့ရတယ်။”လို့ မနော်ဇင်မာက ပြောပါတယ်။

မနော်ဇင်မာအပါအဝင် မိသားစုဝင် ငါးယောက်ဟာ ဇာတိဖြစ်တဲ့ကရင်နီဒေသမှာ တိုက်ပွဲတွေဖြစ်လို့ တောင်ငူမြို့ အင်းဝိုင်းစစ်ရှောင်စခန်းကို ထွက်ပြေးလာသူတွေဖြစ်ပါတယ်။

သူတို့တွေဟာ သုံးနှစ်နီးပါးလောက် စစ်ရှောင်နေရာကနေ ရေဘေးနဲ့ ထပ်မံကြုံရသူတွေပါ။ သူတို့မိသားစုဟာ ရေကြီးမယ် ဆိုတဲ့သတင်းတော့ရပေမယ့် ဒေသခံတွေက ရွှေ့ပြောင်းရလောက်အောင်ထိ ရေမတက်ဘူးလို့ ဆိုတာကြောင့် ပြင်ဆင်မထားမိခဲ့ကြပါဘူး။

“ပထမရေတက်တော့ ရင်ခေါင်းလောက်ပဲဆိုတော့ ပြန်အိပ်တာပေါ့။ နောက်တော့မှ အိပ်ရင်း အိမ်နဲ့အတူ လူပါ မျောပါကုန်တာ။ မိသားစုတွေလည်း တကွဲတပြားပေါ့။ ရှင်လား။ သေလား ခုထိမသိရသေးဘူး။”လို့ မနော်ဇင်မာ ကပြောပါတယ်။

စက်တင်ဘာ ၁၂ ရက်၊ ည နှစ်နာရီလောက်မှာ စစ်တောင်းမြစ်ရေ ရုတ်တရက်မြင့်တက်လာတာကြောင့် စခန်းထဲက လူနေအိမ်တွေဟာ ရေမြုပ်ပျက်စီးခဲ့ရသလို တချို့တဲတွေဆို ရေထဲမျှောပါ သွားခဲ့တာ ဖြစ်ပါတယ်။ သူတို့ မိသားစုဆိုလည်း နေအိမ်နဲ့အတူ ရေထဲမျှောပါသွားခဲ့ရတာပါ။

 “ညနှစ်နာရီလောက်မှာ ရေက တက်လာပြီဆိုတာနဲ့ လူက မျောပါနေပြီ။ အဲ့မှာအပင်လား၊ သစ်သားတန်းလား မသိဘူး။ အဲ့ဒါနဲ့ ညှိပြီးကျန်နေသေးတယ်။ ခဏနေတော့ ရေလုံးထပ်ဆင်းလာပြီး တခါပြန်မျောသွားတာ။ အဲ့မှာ ရေတွေမွန်း၊ ရေစီးကသန်တော့ ဘာမှကိုမလုပ်နိုင်ဘူး။”လို့ ပြောပါတယ်။

သူ ဒုတိယအကြိမ်ထပ်မျှောတဲ့အချိန်မှာတော့ လူတစ်ယောက်က သူကိုကယ်လိုက်နိုင်တဲ့အတွက် မနော်ဇင်မာ အသက်ရှင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

“လူတယောက် ကျမလက်နဲ့ ခါးကိုဆွဲဖမ်းထားလို့ ဆက်မျှောမသွားတော့ဘူး။ သူကယ်တော့ ကျမမှာအပေါ် အတွင်းခံပဲကျန်တော့တာ။ အဲ့ဒီလူကပဲ သူ့ပုဆိုးပေးဝတ်လို့ပတ်ထားရတယ်။ သူတို့နဲ့ သစ်ပင်ပေါ်မှာ တညနဲ့ နှစ်ရက်နေခဲ့ရတာပေါ့။”လို့ ဆက်ပြောပါတယ်။

ဒီသစ်ပင်ပေါ်မှာ သူနဲ့ ကယ်ပေးတဲ့မိသားစုအပါအဝင် အားလုံးလူ ၆ ယောက်ခိုနေခဲ့တာဖြစ်ပါတယ်။ သူတို့ အားလုံးမှာ ဆက်သွယ်ဖို့ ဖုန်းမပါတာကြောင့် ဘယ်သူလာကယ်မလဲလို့ မျှော်ရုံသာတတ်နိုင်ခဲ့ကြပါတယ်။

“စားစရာလည်းမရှိ သောက်စရာရေဆိုတာကလည်း မိုးရွာမှမော့သောက်ရတာဆိုတော့ ကြာတော့ အာတွေ ခြောက်တာပေါ့။ နှစ်ရက်လောက်ဆိုတော့ သည်းခံနေနိုင်တယ်လေ။ ဒါပေမဲ့ အားနည်းပြီး ခြေကုန် လက်ပမ်းကျတာတော့ ဖြစ်တယ်။”လို့ သူက ဆိုပါတယ်။

အလေးအပေါ့စွန့်တော့လည်း ဒီအတိုင်းသွားရတာဖြစ်ပါတယ်။ ဒီအခြေအနေမှာတောင် ရေထဲစားစရာ မျှောလာဖို့ မျှော်လင့်သလို ဆုတောင်းမိကြောင်းလည်း နော်ဇင်မာက ရယ်မောစရာအဖြစ်နဲ့ ပြန်ပြောပြပါတယ်။

ဒါ့အပြင် သစ်ပင်ပေါ်မှာနေရင်း ရေစီးနဲ့အတူ မျှောလာတဲ့အလောင်းတွေအပြင် သက်ရှိအမျိုးသမီးတွေ၊ ကလေးတွေနဲ့ အမျိုးသားတွေမျှောလာတာမျိုးတွေ့ရပေမယ့် မကယ်နိုင်ခဲ့တဲ့အပေါ်မှာလည်း သူက စိတ်မကောင်းဖြစ်နေ ခဲ့ပါတယ်။

နော်ဇင်မာတို့လည်း တညအိပ်ပြီး နောက်နေ့ မနက်မှာ ကယ်ဆယ်ရေးလှေနဲ့တွေ့ပြီး ပြန်လွတ်လာခဲ့တာဖြစ်ပါ တယ်။

သူတို့လိုပဲ ရေစီးနဲ့မျှောပါရင်း နေအိမ်တစ်ခုရဲ့ခေါင်းမိုးပေါ်မှာ တစ်ညတာ တစ်ယောက်ထဲနေခဲ့ရသူကတော့ မမြတ်ဆုပါ။

“တစ်ညပဲနေရလို့နော်။ နှစ်ညဆိုရင် ကျမရူးပြီ။ ဘယ်ကြည့်ကြည့်ရေပြင်ကြီးဆိုတော့ မှောင်လာလေ ကြောက်လေပဲ။ ကြောက်လို့ ငိုတောင် ငိုခဲ့တာ။ အဲ့မှာကြောက်ကြောက်နဲ့ တညလုံးစကားပြောသလိုလို သီချင်းဆိုသလိုနဲ့ နေခဲ့ရတယ်။”လို့ အသက် ၂၂ နှစ်အရွယ် မမြတ်ဆုက ပြောပါတယ်။

မမြတ်ဆုကအဖေမရှိတော့ဘဲ အမေနဲ့ အဖွားနဲ့အတူနေတာဖြစ်ပါတယ်။ သူတို့ဟာ တောင်ငူမှာ စစ်တပ်နဲ့ KNLA၊ ဒေသ ကာကွယ်ရေးတပ်(PDF)တို့ကြား တိုက်ပွဲတွေကြောင့် စစ်တောင်းမြစ်အရှေ့က ဘွဲဖွယ်စစ်ရှောင်စခန်းကို ထွက်ပြေးတိမ်းရှောင်လာသူတွေဖြစ်ပါတယ်။

“ရေလှိုင်းက အလုံးလိုက် အလုံးလိုက်ဆင့်လာတာ။ ဘာမှယူချိန်မရလိုက်ဘူး။ အမေတို့လည်း ဘယ်ရောက်ကုန် လဲမသိဘူး။ ကျမရေထဲမျှောထဲက သတိလစ်နေတာ။ သတိရတော့ အိမ်အမိုးတခုပေါ်မှာတင်နေတာ။ ဘုရား ကယ်တာလို့ ပြောရမှာပေါ့။”လို့ မမြတ်ဆုက ဆိုပါတယ်။

သူဟာ အဲ့ဒီအမိုးပေါ်ရောက်တဲ့အချိန်ထဲက ဘာမှမစားမသောက်ဘဲနေခဲ့ရတာပါ။ ဒီအိမ်မိုးပေါ်မှာ နေခဲ့ရတဲ့တညတာဟာ သူ့အတွက် ဆယ်ကမ္ဘာလောက်ကြာတယ်လို့ မှတ်ထင်နေခဲ့တာဖြစ်ပါတယ်။

စစ်ဘေးရှောင်နေရပါတယ်ဆိုမှ ရေဘေးနဲ့ထပ်ကြုံရပြီး မိခင်နဲ့လည်း ကွဲသွားတာကြောင့် ဆိုးဝါးလွန်းတဲ့ ဘဝတွေလို့ သူက မှတ်ချက်ပြုပါတယ်။

ဒါပေမဲ့ မိုးရွာတာနဲ့ ရေတက်တာမကျသေးတော့ မလွတ်နိုင်တော့ဘူးလို့ တွေးပြီး ကြောက်နေခဲ့တာပါ။ ကံကောင်းချင်တော့ ရေလမ်းကြောင်းလွှဲပြီး မှားရောက်လာတဲ့ကယ်ဆယ်ရေးစက်လှေနဲ့တွေ့ပြီး သူလွတ်လာခဲ့တာ ဖြစ်ပါတယ်။

တောင်ငူမြို့နဲ့အနီးတဝိုက်မှာ စစ်ရှောင်စခန်း ၆၅ ခုရှိကာ အာဏာသိမ်းစစ်တပ်နဲ့ KNLA၊ ဒေသကာကွယ်ရေးတပ် (PDF) တို့ကြား တိုက်ပွဲတွေကြောင့် စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေရသူ စုစုပေါင်းဟာ တစ်သောင်းခွဲဝန်းကျင်ခန့် ရှိကြောင်း စစ်ရှောင်တွေကို ကူညီပေးနေသူတွေထံမှ သိရပါတယ်။

ရေဘေးမှ လွတ်မြောက်လာတဲ့ စစ်ရှောင်တွေကို တောင်ငူမြို့ပေါ်ရှိ နဂါးရုံဘုန်းတော်ကြီးကျောင်းအပါအဝင် အခြားဘုန်း ကြီးကျောင်းတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ ယာယီစခန်းတွေမှာ ခိုလှုံနေရတာ ဖြစ်ပါတယ်။

ရေဘေးသင့် စစ်ရှောင်တွေအတွက် အဝတ်အထည်တွေ၊ ဆေးဝါးတွေ၊ သောက်ရေနဲ့ အစားအသောက်တွေ လက်ရှိအချိန်ထိ လိုအပ်လျှက်ရှိပါတယ်။

တောင်ငူတစ်မြို့လုံးမှာတော့ အမျိုးသမီး ၄ ဦးနဲ့ ကလေးငယ်တွေအပါအဝင် ရေဘေးကြောင့် သေဆုံးရသူ ၁၄ ဦး ရှိတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ မမာမာချိုက ပြောပါတယ်။

စစ်တပ်ကတော့ မြန်မာနိုင်ငံတစ်ဝန်းမှာ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၂၉၃ ဦးရှိပြီး ပျောက်ဆုံးနေသူ ၈၈ ဦးရှိကြောင်း စက်တင်ဘာလ ၁၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)ကလည်း တိုင်းနဲ့ ပြည်နယ် ကိုးခုက ၅၉ မြို့ နယ် မှာရေဘေးသင့်သူပေါင်း ခြောက်သိန်းကျော်ရှိနိုင်ကြောင်း စက်တင်ဘာ ၁၆ ရက်မှာ သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

စစ်ရှောင်ဘဝနဲ့ ခက်ခက်ခဲခဲရုန်းကန်နေရတဲ့ကြားက ရေဘေးနဲ့ပါ ထပ်မံကြုံရတာကြောင့် သူတို့တွေရဲ့ဘဝရပ်တည်မှုနဲ့ ပြန်လည်ထူထောင်ရေးကိစ္စတွေဟာ အခုထက်များစွာခက်ခဲနိုင်တယ်လို့လည်း ရေဘေးသင့် စစ်ရှောင်တွေက ဖွင့်ဟစိတ်မကောင်းဖြစ်နေကြပါတယ်။

Author:

Related Articles