Home ဆောင်းပါး “မငိုနဲ့… ကုလားအဖိုးကြီးဖမ်းသွားလိမ့်မယ်” (သို့မဟုတ်) အသားအရောင်ခွဲခြားမှုကို ဖြတ်ကျော်နေသူ မသဇင်အေး

“မငိုနဲ့… ကုလားအဖိုးကြီးဖမ်းသွားလိမ့်မယ်” (သို့မဟုတ်) အသားအရောင်ခွဲခြားမှုကို ဖြတ်ကျော်နေသူ မသဇင်အေး

ဓါတ်ပုံ – မယ်လွန်း (HI)

မယ်လွန်း။             ။

“မေးခွန်းရှိလား” လို့ စကားဝိုင်း moderator (ပံ့ပိုးသူ) ရဲ့ မေးသံက လူ ၃၀၀ ကျော်လောက် ရှိတဲ့ ခန်းမထဲ ဟိန်းထွက်လာပါတယ်။

စက်တင်ဘာ (၁၉) ရက်နေ့က ပြုလုပ်ခဲ့တဲ့ “ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများ” ဖိုရမ်ရဲ့ ခန်းမရှေ့ စင်မြင့်ထက်မှာတော့ စကားဝိုင်းမှာ ဦးဆောင်ပါဝင်ဆွေးနွေးကြတဲ့ အမျိုးသမီး(၅)ဦး ထိုင်နေပြီး ခန်းမထဲက လူတွေမေးလာမယ့် မေးခွန်းတွေကို စောင့်နေကြပါတယ်။ လူများတဲ့အတွက် မေးခွန်းထမေးတဲ့သူတိုင်းကို ဘယ်သူဘယ်ဝါဆိုတာ သေချာမတွေ့ရပါဘူး။

“ကျမတို့လို ရုပ်မျိုးတွေက ခွဲခြားဆက်ဆံမှုတွေကို အပြင်းအထန်ခံစားရတဲ့ လူမျိုးထဲမှာ ပါပါတယ်” ဆိုတဲ့ စကားသံကြားလိုက်တဲ့အချိန်မှာ ခန်းမထဲက လူအများစုဟာ မေးခွန်းမေးတဲ့ အမျိုးသမီးဆီကို စိတ်ဝင်တစား လှည့်ကြည့်လိုက်ကြပါတယ်။

သူမဟာ ပိန်ပိန်သွယ်သွယ်၊ အရပ်မြင့်မြင့် အမျိုးသမီးတယောက်ပါ။ ဒါပေမဲ့ ခန်းမတခုလုံးမှာ ရှိနေတဲ့သူ တွေနဲ့ မတူညီတဲ့ ထူးခြားတဲ့အသွင်အပြင်ကတော့ သူမရဲ့အသားအရောင်နဲ့ သူမရဲ့မျက်နှာပုံစံပါ။ သူမမှာ သာမန်ထက်ချွန်တဲ့နှာတံ၊ မျက်ဝန်းကျယ်ကျယ်၊ မျက်တောင်ကော့ကော့၊ ရှည်သွယ်တဲ့မျက်နှာနဲ့ အမည်း ရောင် ဘက်ပိုများတဲ့ အသားအရေရှိနေတာပါ။

သူမကိုတွေ့တာနဲ့ “ကုလား” လူမျိုးလို့ အားလုံးက မှတ်ချက်ပေးကြမှာပါ။ သူမကတော့ အသားအရောင် ခွဲခြားမှု ပပျောက်ရေးအတွက် ရုန်းကန်တိုက်ပွဲဝင်နေသူ မသဇင်အေးဖြစ်ပြီး အသက် (၃၆)နှစ်ရှိပါပြီ။ သူမ ဟာ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုတွေနဲ့ ခွဲခြားဆက်ဆံခံရမှုတွေ ပပျောက်ဖို့အတွက် ညီညွှတ် သော အမျိုးသမီးအဖွဲ့ကို တည်ထောင်ပြီး မန္တလေးတခွင်မှာ အမျိုးသမီးရေးဆိုင်ရာ ပညာပေးမှုတွေ ဦး ဆောင်ပြုလုပ်နေသူတဦးလည်း ဖြစ်ပါတယ်။ သူမရဲ့အဖွဲ့ထဲမှာတော့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါဝင် ကြပြီး ဒီအဖွဲ့ဟာ ဘာသာပေါင်းစုံအမျိုးသမီးများအရေးကို ဆောင်ရွက်နေပါတယ်။

ကလေးတွေကို “မုတ်ဆိတ်နဲ့ကုလားကြီးလာနေပြီ၊ ဖမ်းလိမ့်မယ်” ဆိုတဲ့ ခြောက်လှန့်မှုတွေကအစ အသား အရောင် ခွဲခြားဆက်ဆံမှုကို ဖြစ်စေတဲ့ အရိုးစွဲနေတဲ့ အလေ့အထတွေကို တဦးချင်းစီကနေ ပြောင်းလဲဖို့ လိုတဲ့အကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ဦးဆောင်ပြုလုပ်တဲ့ ငြိမ်းချမ်း ရေးအတွက် အမျိုးသမီးများဖိုရမ်မှာ သူမက ဝင်ရောက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီဆွေးနွေးချက်တွေကို သူမကိုယ်တိုင် ဘဝတလျှောက်လုံး ရင်ဆိုင်ဖြတ်သန်းမှုကနေ ရရှိခဲ့တာလို့ ဆိုပါ တယ်။

မြန်မာနိုင်ငံမှာ အသားမည်းမည်း၊ မျက်လုံးပြူးပြူးနဲ့ နှာခေါင်းချွန်ချွန်ဆိုရင် ကုလားလို့ သတ်မှတ်ကြပြီး တိုင်း ရင်းသားလူမျိုးအုပ်စုထဲမှာ မပါတဲ့ သီးသန့်လူတန်းစားတရပ်အဖြစ် အများက လက်ခံထားကြပါတယ်။ သူတို့ တွေထဲမှာ ဟိန္ဒူဘာသာဝင်၊ ဗုဒ္ဓဘာသာဝင်၊ မူဆလင်ဘာသာဝင်၊ ခရစ်ယာဘာသာဝင် ကိုးကွယ်မှုတွေ အမျိုးမျိုးရှိကြပါတယ်။

သူမဟာ ခရစ်ယာဘာသာဝင်တဦးဖြစ်ပြီး ဖခင်က အိန္ဒိယသွေးစပ်တယ်လို့သာ သိရပေမယ့် မိသားစု အတွင်းမှာ အိန္ဒိယနွယ်ဖွားတွေရဲ့ ရိုးရာဓလေ့တွေ ဆက်လက်ကျင့်သုံးမှုတွေလည်း မရှိတော့တဲ့အတွက် သူမရဲ့ အမျိုးအနွယ်ကို တိတိပပ သေချာမပြောပြနိုင်ပါဘူး။ ဒါပေမယ့် သူမရဲ့ ရုပ်အသွင်အပြင်နဲ့ အသား အရောင်ကတော့ “ကုလား” ဆိုတဲ့ သတ်မှတ်ချက်ထဲမှာပဲ ရှိနေခဲ့ပါတယ်။ “ကုလား”ဆိုတဲ့ အခေါ် အဝေါ်ဟာ သူမအတွက် ပြဿနာတစုံတရာမရှိပေမယ့် ဒီအခေါ်အဝေါ်ရဲ့နောက်ကွယ်က လူ့အသိုင်းအဝိုင်း ရဲ့ တုန့်ပြန်မှုကတော့ ငယ်စဉ်ဘဝကတည်းကစပြီး အခုချိန်ထိ သူမအတွက် သက်ရောက်မှုကြီးခဲ့တာပါ။

ကုလားဖြစ်တဲ့အတွက် လူ့အသိုင်းအဝိုင်းမှာ ဟာသလုပ်စရာ၊ လှောင်ပြောင်စရာ၊ ခြိမ်းခြောက်စရာတခု အဖြစ် အခုချိန်ထိ ရှိနေဆဲပဲလို့ မသဇင်အေးကပြောပါတယ်။ အထူးသဖြင့် အသားမည်းတဲ့ ကုလားတွေက ပိုပြီး ခွဲခြားခံရတယ်လို့ ဆိုပါတယ်။

မှတ်မှတ်ရရ သူမသိလာတာကတော့ ဆယ်ကျော်သက်အရွယ်ကပါ။ သူမတက္ကသိုလ်တက်ချိန် ဆယ်ကျော် သက်အရွယ်မှာ ယောက်ျားလေးတွေက သူမကို စိတ်ဝင်စားဖို့ဆိုတာထက် သူမကိုတွေ့တိုင်း “ဟေ့ကောင် ဟိုမှာ ကုလားမကြီးလာနေပြီ၊ မင်းစော်လာနေပြီ”ဆိုပြီး အချင်းချင်းစနောက်လှောင်ပြောင်မှုတွေကိုသာ ခံခဲ့ ရတယ်လို့ မသဇင်အေးက သူမရဲ့ငယ်ဘဝအတွေ့အကြုံကို ပြောပြပါတယ်။

ဒီလို လူတွေရဲ့ ပါးစပ်ဖျားမှာ ဟာသလုပ်ခံရတာတွေဟာ သူမရဲ့စိတ်ကို အကြိမ်ကြိမ်နာကျင်စေခဲ့သလို ဂုဏ် သိက္ခာမဲ့သလို ခံစားခဲ့ရတယ်လို့ သူမက ပြောပါတယ်။

အသိပညာ၊ အတတ်ပညာတွေပေးနေတဲ့ စာသင်ကျောင်းတွေကလည်း ဒီလိုခွဲခြားဆက်ဆံမှုတွေကနေ လွှတ်မြောက်အောင် သူမကို အကာအကွယ်မပေးနိုင်ခဲ့ပါဘူး။ သီချင်းဆိုဝါသနာပါတဲ့သူမ တက္ကသိုလ် ပထမနှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ သီချင်းဆိုဖို့ ဆရာမကို ပြောချိန်မှာ “နင့်ကို ဝိုင်းစတာ ခံနိုင်ရည်ရှိမှ ဆိုနော်” လို့ တုံ့ပြန်ခဲ့တယ်လို့ ပြောပါတယ်။ လက်တွေ့မှာလည်း သူမ စင်ပေါ်တက်ချိန်မှာ “မဆိုပါနဲ့တော့” “ကုလားမ” “ဟာရေ” ဆိုတဲ့ လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် “ငါ့သီချင်းသံကြားရင် သူတို့ကြိုက်သွားလိမ့်မယ်” ဆိုတဲ့စိတ်နဲ့ အားတင်းဆိုခဲ့ပြီး သူမသီချင်းသီဆိုပြီးချိန်မှာတော့ ကျောင်းသူ ကျောင်းသားတွေရဲ့ သူမအသံအပေါ် လက်ခံမှုကို တစုံတရာ ရခဲ့တယ်လို့ဆိုပါတယ်။

သူမတို့လို လူမျိုးတွေဟာ သာမန်ထက် ထူးချွန်မှုတခုခု မရှိရင် လူ့အသိုင်းအဝိုင်းရဲ့ လက်ခံမှုရဖို့ ခဲယဉ်း တယ်လို့ သူမက ပြောပါတယ်။ ဒီလို လူ့အသိုင်းအဝိုင်းရဲ့ ဖယ်ကျဉ်မှု၊ လှောင်ပြောင်မှုဒဏ်တွေကို မခံနိုင် ကြတဲ့အတွက် ကုလားအမျိုးသမီးငယ်အများစုဟာ ရှက်ပြီး ကျောင်းထွက်သူများရှိကြသလို တဖြည်းဖြည်း အိမ်တွင်းပုန်းဘဝအဖြစ် နောက်ကျကျန်နေသူတွေလည်းရှိပါတယ်လို့ ဆိုပါတယ်။

ကျောင်းဆက်နေကြတဲ့ အမျိုးသမီးတွေဆိုရင်လည်း သူတို့ဖာသာသီးသန့်ဖြစ်ပြီး အဖော်ကွဲသူတွေလို ဖြစ် နေတတ်ကြပါတယ်။

ကုလားချင်းတူရင်တောင် အသားဖြူပြီး ရုပ်ရည်လှပတဲ့ ကုလားအမျိုးသမီးတွေကတော့ အသားမည်းတဲ့ အမျိုးသမီးတွေလောက် ခွဲခြားဆက်ဆံမှု မခံရပါဘူး။ ဒီလိုလူမှုအသိုင်းအဝိုင်းရဲ့ အဖက်ဖက်က ခွဲခြားဆက် ဆံမှုတွေကပဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာဖို့ တွန်းအားပေးခဲ့ပါတယ်လို့ မသဇင်အေးက ဆိုပါတယ်။

ခေတ်ပညာတတ်ဘွဲ့ရပညာတတ်တယောက်ဖြစ်တဲ့ သူမဟာ အခုချိန်မှာတော့ ဘာသာပေါင်းစုံ အမျိုးသမီး တိုင်းအတွက် ဒီလိုပညာပေးအလုပ်တွေ လုပ်နေချိန်မှာ ထပ်ပြီး ရင်ဆိုင်ရတဲ့အခက်အခဲကတော့ လူမှု အသိုင်းအဝိုင်းရဲ့ ရှေးရိုးစွဲအမြင်တွေပဲဖြစ်နေပြန်ပါတယ်။

“မိန်းမတယောက်ဖြစ်ပြီး တချိန်လုံးလမ်းပေါ်ထွက်နေတာ.. လင်ကောင်မပေါ်ပဲ ဗိုက်ကြီးမှ ဒုက္ခရောက်မှာ..” စတဲ့ ဆွေမျိုးတွေရဲ့ပြောဆိုဝေဖန်တာကို ပြင်းပြင်းထန်ထန်ခံရတယ်လို့ ဆိုပါတယ်။

ဓါတ်ပုံ – မယ်လွန်း (HI)

ဒီလိုခွဲခြားဆက်ဆံမှုတွေကို ငယ်စဉ်ဘဝကတည်းကနေ လုပ်ငန်းခွင်ထဲရောက်ချိန်အထိ တလျှောက်လုံး ခံခဲ့ ရတဲ့ မသဇင်အေးအတွက် အမျိုးသမီးဖိုရမ်လို ဆွေးနွေးပွဲတွေကတော့ သူမရဲ့အသံတွေကို ဖော်ထုတ်နိုင်တဲ့ အရေးကြီးတဲ့နေရာတခုပါပဲ။ ဆွေးနွေးပွဲတွေရောက်တိုင်း၊ သူမပညာပေးတဲ့ လူမှုပတ်ဝန်းကျင်ရောက်တိုင်း သူမနည်းတူ အသားအရောင်ခွဲခြားခံနေကြရတဲ့ ကုလားအမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ ခွဲခြားဆက်ဆံမှု တွေအပြင် မသန်စွမ်းတွေနဲ့ LGBT လို့ခေါ်တဲ့ လိင်တူချစ်သူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေအတွက်ကိုပါ ဆွေးနွေးလေ့ရှိပါတယ်။

အမျိုးသမီးရေးပညာပေးလုပ်ငန်းကို နယ်မြေဆင်းပြုလုပ်တဲ့အခါမှာလည်း သူမကို တွေ့တွေ့ချင်း လူမျိုးခြား ဆိုတဲ့အမြင်က ဒေသခံတွေအတွက် အမြင်ဆန်းနေခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ ဆွေးနွေးမှုနဲ့ အသိပညာ ပေးမှုတွေကြောင့် သင်တန်းသူ၊ သင်တန်းသားတွေရဲ့အမြင်ကို ပြောင်းလဲနိုင်ခဲ့သလို ခွဲခြားမှုကင်းပြီး ငြိမ်း ချမ်းတဲ့ လူမှုဝန်းကျင်တခုတည်ဆောက်ကြဖို့သာ သူမက ခိုင်ခိုင်မာမာဦးတည်ခဲ့ပါတယ်။

“အသားအရောင်က အဓိကမကျပဲ အတွေးအမြင်က အဓိကကျတယ်ဆိုတာ တဖြည်းဖြည်းတော့ နားလည် လာတာပေါ့” လို့ သူမရဲ့ အမျိုးသမီးရေးသင်တန်းတက်ခဲ့ဖူးသူ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်က ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

ငြိမ်းချမ်းရေးလို့ပြောရင် တယောက်ချင်းစီရဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့လိုသလို တယောက်ချင်းစီ ငြိမ်းချမ်းဖို့ဆိုရင်တော့ ဂုဏ်သိက္ခာနဲ့ ရပ်တည်နိုင်တဲ့ တန်းတူညီမျှမှုတွေ ရှိရပါမယ်လို့ မသဇင်အေးက သူမ ရဲ့ ခံယူချက်ကို ပြောပြပါတယ်။

“လူတယောက်ဟာ မွေးလာကတည်းက လူ့ဂုဏ်သိက္ခာ၊ သူ့ရဲ့ ဖြူခြင်း၊ မည်းခြင်းနဲ့ သူ့ရဲ့ဖြစ်တည်မှုအား လုံးကို လက်ခံပေးနိုင်မှုတွေ ရှိရပါမယ်”

ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ပြုလုပ်ခဲ့တဲ့ အမျိုးသမီးများဖိုရမ်မှာလည်း လူမျိုးရေး၊ ဘာသာရေး၊ အသားအရောင်၊ ကျား/မ စတဲ့ မတူကွဲပြားတဲ့အခြေအနေတွေအပေါ် ခွဲခြား ဆက်ဆံမှုတွေ ပြုလုပ်နေသရွေ့ လူတိုင်းတန်းတူညီမျှပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မရနိုင်ဘူးလို့ အမျိုး သမီးခေါင်းဆောင်တွေက ထောက်ပြဆွေးနွေးခဲ့ကြပါတယ်။

“ဖိနှိပ်မှု အမျိုးမျိုးကနေ လွတ်မြောက်သွားတဲ့လူတယောက်ဟာ သူများတကာ ဖိနှိပ်ခံရတာကို ကြည့်နေလို့ ရှိရင် ကျမတို့ဟာ မလွတ်မြောက်သေးဘူး”

အမျိုးသမီးဖိုရမ်ရဲ့ “အလွှာပေါင်းစုံမှ ခွဲခြားဖိနှိပ်မှုများကို ဖော်ထုတ်ခြင်း”ဆိုတဲ့ စကားဝိုင်းမှာ သံလွင်ပြည် သူ့ရေးရာ မူဝါဒလေ့လာရေးအဖွဲ့ရဲ့ အကြံပေးတဦးဖြစ်သူ နော်မေဦးက ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ခွဲခြားဆက်ဆံမှုမရှိတဲ့ လူမှုအဖွဲ့အစည်းကို တည်ဆောက်ဖို့အတွက် မတူညီတဲ့အခြေအနေအပေါ် မတူညီတဲ့ ခွဲခြားဆက်ဆံမှုတွေကို နည်းစနစ်ကျကျလေ့လာပြီး နည်းစနစ်ကျကျ ကုစားမှုတွေလုပ်ရမယ်လို့ ထောက်ပြ ပါတယ်။

ဒီလို အသားအရောင်ခွဲခြားတဲ့ အယူအဆတွေကတော့ အခြေခံလူမှုပတ်ဝန်းကျင်မှာသာမက လူ့အခွင့်အ ရေးအတွက်လုပ်ဆောင်နေတဲ့ ပညာပေးအသိုင်းအဝိုင်းတွေကြားထဲမှာတောင် ခိုင်ခိုင်မာမာ အမြစ်တွယ်နေ ဆဲဖြစ်လို့ သူမအတွက်ကတော့ အခုချိန်ထိ လှောင်ပြောင်ခံရမှုတွေကနေ မလွတ်မြောက်နိုင်သေးပါဘူး။

ခွဲခြားဆက်ဆံမှုတွေ၊ လှောင်ပြောင်မှုတွေ ကြုံရဖန်များလာတာကြောင့် တခါတလေ စိတ်ဓာတ်ကျပြီး နောက်ပြန်ဆုတ်ချင်တဲ့စိတ်တွေလည်း အကြိမ်ကြိမ်ဖြစ်ခဲ့ဖူးတယ်လို့ မသဇင်အေးက ပြောပါတယ်။

“ငါသည်ကုလား၊ ဒါပေမဲ့ ငါသည် မြန်မာနိုင်ငံသူဆိုတဲ့ နိုင်ငံချစ်စိတ်နဲ့  မြန်မာနိုင်ငံလူထုအတွက် လုပ်နိုင် သလောက် ကြိုးစားအလုပ်လုပ်နေတယ်ဆိုတာမျိုးနဲ့ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိသလို အခြား သော ကုလားအမျိုးသမီးတွေအတွက် နမူနာသက်သေဖြစ်အောင် အမြဲတမ်း ပြန်အားတင်းရတယ်”

မြန်မာနိုင်ငံမှာ အသားအရောင်ခွဲခြားမှုဟာ သိသိသာသာ ဆိုးဝါးတဲ့အခြေအနေ မရှိဘူးလို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ “အသားမည်းရင် ရုပ်ဆိုးတယ်” ဆိုတဲ့ အယူအဆတွေ လက်ခံမှုတွေကအစ “ကုလား”ကို သီး သန့်လူတန်းစားတရပ်အဖြစ် ခိုင်ခိုင်မာမာ လက်ခံနေသေးတဲ့ အခြေအနေအောက်မှာ မသဇင်အေးနဲ့အတူ သူနဲ့ဘဝတူ အမျိုးသမီးတွေ ဒီလိုလှောင်ပြောင်ခွဲခြားမှုတွေကို ရင်ဆိုင်အံတုဖို့ အချိန်ဘယ်လောက်ကြာဦး မလဲဆိုတဲ့ မေးခွန်းကတော့ အဖြေမရှိသေးပါဘူး။

ဘာပဲဖြစ်ဖြစ် တန်းတူအခွင့်အရေးနဲ့ ခွဲခြားဆက်ဆံမှုတွေ ပပျောက်ရေးအတွက် ပညာပေးမှုတွေ ဒီနေ့ခေတ် မှာ တဖြည်းဖြည်းတွင်ကျယ်လာပေမယ့် ကလေးငယ်တွေကို ခြောက်လှန့်တဲ့အခါ “ကုလားအဖိုးကြီး လာ ဖမ်းလိမ့်မယ်”၊ “နင့်အဖေ ကုလားမကြီးနောက်လိုက်သွားပြီ” “နင့်အမေ ကုလားကြီးနောက်လိုက်သွားပြီ” ဆိုတဲ့ အပြောအဆိုတွေကတော့ တောရောမြို့ပါမကျန် လူတန်းစားအလွှာအသီးသီး၊ လူမျိုးအသီးသီးကြား မှာ သမရိုးကျ ပြောဆိုမှုတခုအဖြစ် အမြစ်တွယ်နေဆဲဖြစ်ပါတယ်။

အဲဒီလိုခြောက်လှန့်မှုတွေက အစပြုလို့ ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်တဲ့လူသားချင်း ခွဲခြားဆက်ဆံမှုတွေ၊ နှိမ့်ချဆက်ဆံမှုတွေကို အခြေခံပြီး လူ့အဖွဲ့အစည်းအတွင်းမှာ အမုန်းတရားတွေဖြစ်ပေါ်လာစေတယ်ဆိုတာ မသဇင်အေးရဲ့ ဒီလိုဆွေးနွေးချက်တွေက သက်သေပြနေပါတယ်။

Related Articles