Home ဆောင်းပါး နွေနေအပူ၊ လေအပူနဲ့စစ်အပူတွေကိုအံတုရင်း ပြေးလွှားနေရတဲ့ အမျိုးသမီးတွေ

နွေနေအပူ၊ လေအပူနဲ့စစ်အပူတွေကိုအံတုရင်း ပြေးလွှားနေရတဲ့ အမျိုးသမီးတွေ

Honest Information (HI)

လောင်မြိုက်ခံထားရတဲ့ သစ်ပင်ကိုင်းခြောက်တွေကြားကနေ ခဲရာခဲဆစ်တိုးထွက်နေကြတဲ့ အမျိုးသမီးတစ်စုဟာ အပူဒဏ် ကို အံတုပြီး တောင်းတွေ၊ အထုတ်တွေထမ်းလို့ ကလေးတဖက်၊ အဘွားအိုတဖက်နဲ့ တွဲကူရင်း ပြေးလွှားနေကြပါတယ်။

နေပူပူ၊ လေပူပူတွေကြားကနေ မိုင်ပေါင်းများစွာ ခရီးကြမ်းကို ဖြတ်လာရတဲ့ဒဏ်တွေကြောင့် သူတို့ရဲ့ပင်ကိုယ် အသား အရေအညိုရောင်ဟာ နီမြန်းစပ်လောင်နေပြီး တစ်ကိုယ်လုံးမှာ သဲဖုန်တွေနဲ့ ညစ်ပေလို့ နေပါတယ်။

သူတို့တွေဟာ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်မှုကို ဒေသခံတွေက ရရာလက်နက်နဲ့ ခုခံပစ် ခတ်တဲ့အပေါ် စစ်တပ်က ပိုမိုအကြမ်းဖက်လာတဲ့အတွက် နီးစပ်ရာ တောအုပ်တွေထဲ ရှောင်တိမ်းကြတဲ့ ဒုက္ခသည်တွေ ထဲက အမျိုးသမီးတွေပါ။

စစ်တပ်ဟာ ဧပြီလဆန်းကစလို့ ယင်းမာပင်နဲ့ ကနီမြို့နယ်ကြားရှိ ကျေးရွာတချို့မှာ တပ်စွဲထားပြီး ရှာဖွေဖမ်းဆီးသတ်ဖြတ် တာတွေ လုပ်တာကြောင့် ရွာသားတွေဟာ ကြောက်လန့်လာတဲ့အတွက် ကျေးရွာပေါင်း ၃၀ ကျော်မှ သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ထွက်ပြေးတိမ်းရှောင်လာသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးတွေက အများဆုံးပါဝင်ပြီး ကိုယ်ဝန်ဆောင်တွေနဲ့ မီးဖွားပြီးစ မီးနေသည်တွေလည်း ပါဝင်သလို အသက်ကြီးရွယ်အို အဘိုးအဘွားတွေလည်း ပါဝင်တာကြောင့် ခက်ခဲမှုများစွာ ရင်ဆိုင် နေရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂ ရက်က စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရာမှာ ဦးဆောင်ပါဝင်တဲ့ ကနီနဲ့ယင်းမာပင်မြို့နယ်အနီးက သပြေအေးကျောင်းဆရာတော်ကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝိုင်းလာတဲ့အတွက် ဒေသခံရွာသားတွေက တူမီး သေနတ်နဲ့ ပြန်လည်ခုခံရာမှ တိုက်ပွဲတွေ စတင်ဖြစ်လာတာပါ။

သပြေအေးတိုက်ပွဲအပြီးမှာတော့ ကျေးရွာသားတွေဟာ ထွက်ပြေးတိမ်းရှောင်တာတွေ မလုပ်ကြသေးပါဘူး။

နောက်ပိုင်းမှာတော့ စစ်တပ်ဟာ ကနီသပိတ်စစ်ကြောင်းတွေကို ဖြိုခွင်းဖို့ ပြည်သူတွေလုပ်ထားတဲ့ အတားအဆီးတွေကို ဖျက်စီးကာ ဆန္ဒပြပွဲဦးဆောင်သူ မဖမ်းမိပါက သူတို့ရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးတဲ့အထိ လုပ်လာပါတယ်။

ဒီလိုအချိန်မှာပဲ ဒေသခံရွာသားတွေဟာ ဗိုလ်မှူးတယောက်ပိုင်တဲ့ ကားတစီးကို ဖမ်းဆီးမိရာမှ စစ်တပ်နဲ့ ဒေသခံတွေကြား တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာပြီး နှစ်ဖက်အကျအဆုံး ရှိခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲအပြီးမှာ စစ်တပ်က “ တူမီးတွေပြန်လာယူမယ်။ နောက်တခါခုခံခဲ့ရင် ဒီထက်ပိုဆိုးမယ်” လို့ ခြိမ်းခြောက်ကာ တပ်ပြန်ဆုတ်သွားပြီးမှ ဧပြီလ ၁၇ ရက်နေ့မှာ ပြန်လာပြီး ချောင်းမရွာကိုဝင်စီးကာ တပ်လာစွဲတဲ့အတွက် ဒေသခံတွေဟာ ကြောက်လန့်ပြီး ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။

ကနီမြို့နယ်မှ ဒေါ်ဌေးမြင့်က “လမ်းကကြမ်း နေပူပူထဲ အချိန်အကြာကြီး လမ်းလျှောက်လာရတော့ ကျန်းမာရေးမကောင်း တဲ့ ဘိုးဘွားတွေ မခံနိုင်တော့ သေသွားသူလည်း ရှိတယ်။ ကျမယောက္ခမပေါ့။ ပြေးရင်းနဲ့ ဆုံးသွားတာ။ ကိုယ်ဝန်ဆောင် တွေနဲ့ ကလေးတွေလည်း အတော်ကြီးဒုက္ခရောက်ကြရတယ်”လို့ ပြောပါတယ်။

ကျန်းမာရေးကောင်းတဲ့ အဘိုးအဘွားတွေ၊ ကလေးတွေတောင် အရိပ်အာဝါသမရှိဘဲ လေပူလေပွေတွေ တိုက်နေတဲ့ အထဲမှာ အချိန်အကြာကြီး လမ်းလျှောက်ရတာကြောင့် အပူရှပ် ဖျားနာမှုတွေ ရှိနေတဲ့အပြင် ဝမ်းပျက်ဝမ်းလျောရောဂါ တွေလည်း ဖြစ်နေကြပါတယ်။

သူတို့ဟာ ပထမဆုံးစစ်ဘေးရှောင်လာရတာဖြစ်တဲ့အတွက် ရုတ်တရက်ပြေးလာရတဲ့အခါ ဘာယူလို့ ယူရမှန်းမသိကြ သလို တချို့ဆိုရင် အဝတ်တစ်ထည်ကိုယ်တခုနဲ့ ထွက်ပြေးလာရတာကြောင့် နေစရာ၊ စားစရာ မပြောနဲ့ သောက်စရာရေ တောင် မရှိဖြစ်နေပါတယ်။

ကိုယ်ဝန်ဆောင်တွေအနေနဲ့ မီးဖွားဖို့အပြင် အစာအဟာရပြည့်ဝဖို့လည်း လိုအပ်တာကြောင့် လက်ရှိမှာ စားဖို့ ရှိမနေတာ ကြောင့် မွေးဖွားဖို့ ပြဿနာကို မဖြေရှင်းနိုင်သေးဘူးလို့ ကိုယ်ဝန် ခြောက်လရှိပြီဖြစ်တဲ့ ဒေါ်ချိုချိုက ဆိုပါတယ်။

ကနီဒေသခံ ဒေါ်ဝင်းမေကလည်း “ကျမတို့နဲ့ ကလေးတွေပဲ ပြေးလာတာ။ ယောကျ်ားက ရွာမှာကျန်ခဲ့တယ်။ လမ်းတ လျှောက်လုံး နေပူထဲ အရိပ်ကမရှိ၊ ရေကရှားတော့ ချွေတာသောက်ရတယ်။ ဒီထဲသစ်ကိုင်းခြောက်တွေထဲက ဖြတ်လာ ရတော့ တကိုယ်လုံးမှာလည်း ခြစ်ရာတွေချည်းပဲ။ ချွေးနဲ့ဆိုတော့ စပ်တာပေါ့။ ပိုက်ဆံရှိတဲ့သူက လှည်းနဲ့ပြေးပေါ့။ မရှိတဲ့သူ ကတော့ လမ်းသုံးရက်လောက်လျှောက်လာရတယ်”လို့ ရှင်းပြပါတယ်။

တိမ်းရှောင်လာသူတွေဟာ ရေအလွယ်တကူရဖို့ တောထဲက မြစ်ချောင်းနဲ့နီးတဲ့နေရာတွေမှာ မြေစိုက်ဝါးလုံးတိုင်ထူကာ အပေါ်ကပလစတစ်အမိုးကို ဖြစ်သလို အုပ်မိုးနေထိုင်ကြတဲ့အတွက် မိုးကျလာတဲ့အခါမှာတော့ ကံဆိုးမသွားရာ မိုးလိုက် လို့ရွာသလို ဒုက္ခရောက်ရပြန်ပါတယ်။

အလှူရှင်တွေနဲ့ ရွာသားတွေပေါင်းပြီး ထွက်ပြေးတိမ်းရှောင်လာသူတွေ ယာယီနေထိုင်ဖို့ တဲတွေလုပ်ပေးထားပေမယ့် ရေမရတဲ့အတွက် သူတို့တွေဟာ မြစ်ချောင်းနဲ့နီးတဲ့ တောတောင်တွေထဲမှာပဲ ဖြစ်သလို နေထိုင်စားသောက်ကြရတယ်။

အလှူရှင်တွေဆောက်လုပ်ပေးထားတဲ့ ယာယီတဲတွေထဲမှာတော့ တိမ်းရှောင်နေသူ တစ်ထောင်နီးပါးနေထိုင်နေပေမယ့် နေ့စဉ်အလှူရှင်ပုံမှန် မရှိတာကြောင့် အစားအသောက် အခက်အခဲရှိနေပြန်ပါတယ်။

ကနီနဲ့ ယင်းမာပင်မြို့နယ်တို့မှာ စစ်တပ်နဲ့ဒေသခံ ခုခံရေးတပ်တို့ မကြာခဏတိုက်ပွဲဖြစ်နေတာကြောင့် တိမ်းရှောင်ထွက် ပြေးလာသူတွေက နေ့စဉ်တိုးလာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သူတို့ တိမ်းရှောင်လာတာ အခုဆိုရင် ရက်ပေါင်း ၂၅ ရက်ကျော်လာပြီဖြစ်တဲ့အတွက် ယူလာတဲ့ ဆန်၊ ဆီ၊ ဆား ပြတ်လု နီးပါးဖြစ်နေသူရှိသလို စားစရာလုံးဝပြတ်လပ်သွားလို့ သစ်ဥသစ်ဖုကိုသာ ရှာဖွေစားသောက်ရင်း ဝမ်းစာဖြည့်နေရသူ တွေ လည်း ရှိပါတယ်။

ယင်းမာပင်ဒေသခံ ဒေါ်စိုးစိုးသန်းက“ခုရက်ပိုင်း မိုးကရွာလာတော့ အရင်ကလည်းရွာတွေမှာ သွေးလွန်တုပ်ကွေး နှစ်တိုင်း ဖြစ်တယ်။ အခုလို တောထဲမှာ ဗွက်ထဲ၊ ရွံ့ထဲမှာ ခြင်ကိုက်၊ မှတ်ကိုက်ခံပြီးနေရတော့ ကလေးတွေ၊ အသက်ကြီးတဲ့ သူတွေအတွက် စိုးရိမ်စရာပဲ”လို့ ပြောပါတယ်။

သူတို့အနေနဲ့ ရေရှည်မှာ တောထဲမှာ ဆက်ပြီး နေထိုင်ကြရမယ်ဆိုရင် နေဖို့အတွက် ရွက်ဖျင်တဲ၊ ဆေးဝါးတွေနဲ့ ရိက္ခာ တွေလည်း ထောက်ပံ့ပေးဖို့ အကူအညီတွေ လိုတယ်လို့ တိမ်းရှောင်လာသူတွေက ပြောဆိုနေကြပါတယ်။

နိုင်ငံရေးအခြေအနေအရ လက်ရှိမှာ သူ့ကို ကိုယ်မကူနိုင်၊ ကိုယ်ကို သူမကူနိုင်တဲ့ အနေအထား ဖြစ်နေသလို လာလှူချင် သူတွေအနေနဲ့လည်း လုံခြုံရေးကြောင့် မလာနိုင်တဲ့အတွက် အဆက်အသွယ်နဲ့လှူဖို့ကျ ပြန်တော့လည်း ရှောင်တိမ်းနေရ တာကြောင့် အလှူတွေဟာ ထင်သလောက်ရောက်မလာခဲ့ပါဘူး။

လက်ရှိမှာ တိမ်းရှောင်လာသူတွေ များပြားတာကြောင့် ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း လူတိုင်းကို လုံလောက်အောင် မပေးနိုင်ဘဲ မိသားစုတစ်ခုကို သုံးရက်စာရိက္ခာလောက်သာ ပေးဝေနိုင်တယ်လို့ ကူညီပေးနေတဲ့ ဒေါ်ကျော့ခိုင်က ရှင်းပြပါတယ်။

လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကတော့ လူသားချင်းစာနာထောက်ထားမှု စိတ်ဓါတ်ဖြင့် လိုအပ်နေသူတွေကို ပံ့ပိုးကူညီနိုင်ဖို့ ချိတ်ဆက် ဆောင်သွားမယ်လို့ သူရဲ့လူမူကွန်ရက်စာမျက်နှာမှာ ဆိုထားပါတယ်။

ဒါကြောင့် ကနီနဲ့ယင်းမာပင်မြို့နယ်ရှိတဲ့ ဒေသခံတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရပေးလာမယ့် ထောက်ပံ့မှုကို မျှော်လင့်လျှက်ရှိပြီး ဒီထောက်ပံ့မှုတွေရပါက သူတို့ရဲ့အခက်အခဲတွေ အနည်းငယ်ပြေလည်သွားနိုင်မယ်လို့ ယုံကြည်နေ ကြပါတယ်။ ဒါပေမယ့် အဲ့ဒီအကူညီတွေ ဘယ်တော့ရောက်မယ်ဆိုတာတော့ ဘယ်သူမှ မှန်းဆမရနိုင်သေးပါဘူး။

အကူအညီတွေရောက်ဖို့ အချိန်မည်မျှကြာမယ်ဆိုတာ မသိပေမယ့် နေ့စဉ်နှင့်အမျှ စစ်ရှောင်တွေဟာ ဒုက္ခတွေခံစားနေ ကြရသလို စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကလည်း တနေ့တခြား ဆိုးရွားလာနေပါတယ်။

ရွာကိုပြန်မယ်ဆိုရင်လည်း စစ်တပ်ဟာ ကျေးရွာများအတွင်း တပ်စွဲထားပြီး လူတွေ့ရင် လူကိုရိုက်နှက်ဖမ်းဆီး တာတွေလုပ် သလို ပြည်သူတွေပိုင်တဲ့ ကြက်၊ ဝက်တွေ ဖမ်းယူတဲ့အပြင် တန်းဖိုးရှိ ရွှေငွေတွေကိုပါ ယူဆောင်သွားတတ်တာကြောင့် လက်ရှိမှာ သူတို့နေရပ်ပြန်ရေးဟာ အလှမ်းဝေးလို့ နေပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ တိုက်ပွဲကို အကြောင်းပြပြီး အမျိုးသမီး၊ ကလေးငယ်နဲ့ အသက်ကြီး ရွယ်အိုတွေကို ဖမ်းဆီးနှိပ်စက် မှုတွေပြုတဲ့အပြင် ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာပြင်းထန်စွာရခဲ့သူတွေ ရှိပါတယ်။

မေလ ၅ ရက်က စစ်တပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကနီမြို့နယ်၊ ချောင်းမအနောက်ရွာမှာ နေအိမ်အတွင်း သရက်သီး ခူးနေတဲ့ ၁၆ နှစ်အရွယ် ကလေးငယ်တယောက် ဆီးခုံကို ထိမှန်ပြီး ဒဏ်ရာပြင်းထန်စွာ ရခဲ့ရပါတယ်။

မေလ ၆ ရက်မှာလည်း စစ်တပ်က ကနီမြို့နယ်ထဲမှာ အဖွားအိုတယောက်နဲ့ အမျိုးသမီးငယ်တယောက်ကို အကြောင်းပြ ချက်မရှိဘဲ ဖမ်းဆီးနှိပ်စက် ရိုက်နှက်တာကြောင့် အဖွားအိုမှာ လက်ကျိုးသွားပြီး အမျိုးသမီးငယ်မှာ ဦးခေါင်းမှာ ၆ ချက်ချုပ် ရတဲ့အထိ ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။

အလားတူ မေလ ၇ ရက်နေ့က ကနီမြို့နယ်၊ သမင်ခြံရွာမှ ၇ နှစ်အရွယ်ကလေးငယ်အား စစ်တပ်က သေနတ်နဲ့ ပစ်ခတ် သဖြင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သလို ၈ ရက်မှာလည်း ထိုရွာမှာ ကျန်ခဲ့တဲ့ အသက်ကြီးရွယ်အို၊ အမျိုး သမီးတွေနဲ့ ကလေး ငယ်တွေကို ဖမ်းဆီးနှိပ်စက်မှု ပြုခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေ ၉ ရက်က ထုတ်ပြန် ထားပါတယ်။

ဒါ့အပြင် မေလ ၉ ရက်နေ့မှာ ကနီမြို့နယ်၊ အထက်ကင်းရွာအနီး စစ်တပ်နဲ့ ပြည်သူ့ ကာကွယ်တပ် ပစ်ခတ်မှုတွေထပ်မံ ဖြစ်ခဲ့သလို သမင်ခြံစံပြကျေးရွာမှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် အိမ်ကုတင်အောက် ဝင်ပုန်းနေတဲ့ အသက် ၁၂ အရွယ် မိန်းကလေးဟာ လက်ကောက်ဝတ် ထုတ်ချင်းပေါက်ပြီး ပေါင်မှာ ရှပ်ထိဒဏ်ရာရခဲ့ပါတယ်။

ကနီဒေသခံ ဦးတင်ဝင်းက ကနီမြို့နယ်မှာ ဧပြီလမှ ယနေ့(မေလ ၁၀ ရက်)အထိ စစ်တပ်နဲ့ ဒေသခံတို့ ၅ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ခဲ့ပြီး ပြည်သူအယောက် ၂၀ နီးပါးသေဆုံးကာ ဒဏ်ရာရသူ လူ ၅၀ ကျော်ရှိသလို ပျောက်ဆုံးနေသူတွေ၊ ဖမ်းဆီးခံရသူတွေလည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ကလည်း စစ်တပ်က လူသားတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ထိရောက်စွာ အရေး ယူနိုင်ဖို့ မှတ်တမ်းတွေ ပြုစုထားပြီး အမျိုးသားညီညွတ်ရေးအစိုးရသို့ တင်ပြဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

လတ်တလောမှာတော့ စစ်ရှောင်တွေဟာ စစ်ကောင်စီရဲ့ရန်ကြောင့် မိမိနေရပ်လည်း မပြန်ရဲကြသေးဘဲ တောထဲက ဘေး လွတ်ရာနေရာတွေမှာ ဆင်းရဲဒုက္ခတွေနဲ့ နေထိုင်နေကြရပါတယ်။ ဒါ့အပြင် ရွာမှာကျန်ခဲ့တဲ့ လယ်ယာမြေအတွက် ချေး ထားတဲ့ စိုက်ပျိုးစရိတ်တွေ ပြန်ဆပ်ဖို့လည်း စစ်တပ်က ဖိအားပေးတာတွေရှိနေတဲ့အတွက် သူတို့မှာ ဆုပ်လည်းစူး၊ စား လည်းရူး ဆိုသလို ဖြစ်နေကြပါတယ်။

စစ်ရှောင်နေရတဲ့ ကနီမြို့နယ်က ဒေါ်ဌေးမြင့်ကတော့ စစ်အာဏာရှင် အမြန်ပြုတ်ကျဖို့ လိုလားနေပြီး သူ့ရဲ့ခံယူချက်ကို ယခုလိုပဲ ဆိုပါတယ်။

“ ဝင်ငွေလည်းမရှိ၊ အကြွေးကလည်းပူ၊ စစ်သားလည်းကြောက်ရနဲ့ အလုပ်ကမရှိဆိုတော့ နေပူတာထက် ရင်ထဲကအပူက ပိုပူရတယ်။ ဒါပေမဲ့လည်း စစ်တပ်တွေ အမြန်ထွက်သွားနိုင်အောင် ဒုက္ခတွေကို ဆက်တောင့်ခံထားမယ်။ ဒီတော်လှန်ရေး လည်း အမြန်အောင်မြင်စေချင်ပါပြီ”

Related Articles