Home အမျိုးသမီးများအသံ ကျောင်းတွင်းအနိုင်ကျင့်မှုတွေနဲ့ပတ်သတ်လို့ မိဘ၊ဆရာတွေရဲ့အမြင်နဲ့အသံ

ကျောင်းတွင်းအနိုင်ကျင့်မှုတွေနဲ့ပတ်သတ်လို့ မိဘ၊ဆရာတွေရဲ့အမြင်နဲ့အသံ

အစိုးရကျောင်းတွေတင်မက ပုဂ္ဂလိကနဲ့ နိုင်ငံတကာကျောင်းတချို့မှာ ကျောင်းသားအချင်းချင်း အနိုင်ကျင့်တာ၊ ရိုက်နှက်တာ၊ အုပ်စုဖွဲ့ Bully(ကြီးနိုင်ငယ်ညှင်း)လုပ်တဲ့ဖြစ်စဉ်တွေ ခပ်စိတ်စိတ်ဖြစ်လာနေပြီး မိဘတွေရဲ့စိုးရိမ်ပူပန်မှုမြင့်တက်လာစေ ပါတယ်။ လတ်တလောကျောင်းတွေမှာဖြစ်ပေါ်နေတဲ့ ကျောင်းတွင်းအနိုင်ကျင့်မှုတွေနဲ့ပတ်သတ်လို့ မြန်မာပြည်တွင်းကမိဘနဲ့ဆရာတွေရဲ့အမြင်နဲ့ အသံကို HI ကကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

မကေသီ (ကလေးနှစ်ဦးမိခင်)

လောလောဆယ်တော့ အမသားတွေက အွန်လိုင်းကနေသင်တဲ့အတွက် ကျောင်းမတက်ရပါဘူး၊ အမသားကြီးတုန်းကတော့ ကျောင်းနာမည်တော့မပြော‌တော့ဘူး ကလေးတယောက်က ခဲတံနဲ့ထိုးမိတာပေါ့ ဆရာမက ချက်ချင်းပဲ ဖုန်းဆက်ပြီး လှမ်း ပြောတယ်။ ကလေးကလေးချင်းဖြစ်သွားတယ် သူတို့တောင်းပန်တယ်ပေါ့၊ အဲ့တုန်းကတော့အမလည်း အကျယ်အကျယ်တွေ မဖြစ်ချင်တာနဲ့ ပြန်လာတော့ ကလေးကိုကြည့်လိုက်တော့ နည်းနည်းလေးထိသွားတယ်ဆိုတာရယ်  ကျောင်းကလည်း တောင်းပန်တယ် ဒါပေမယ့် အမကနောက်တခေါက်မဖြစ်ဖို့ သူ့ကလေးကိုယ့်ကလေး သေချာဂရုစိုက်ဖို့ ဆရာမတွေကို ပြောလိုက်တယ် အဲ့နောက်ပိုင်းတော့ဘာပြသနာမှ မရှိတော့ဘူးပေါ့။

အခုနောက်ပိုင်းကလေးတွေက အမထင်တယ် youtube ယူကျူ့တွေ ဖုန်းတွေမှာ သူတို့ကြည့်တဲ့ တခုခုကများ ကလေးတွေ စိတ်ကိုပြောင်းလဲစေလားပေါ့၊ တချို့ကလေးတွေကျတော့လည်း အနိုင်ကျင့်ချင်တာတွေ တချို့လည်းနှစ်ယောက်သုံးယောက် လောက်အုပ်စုဖွဲ့ပြီးတော့ အနိုင်ကျင့်တာတွေ ပိုပြီးတွေ့လာရတယ်၊ များသောအားဖြင့်အိမ်မှာလည်း အလိုလိုက်ထားတဲ့ကလေးတွေဖြစ်တာတွေလည်း ပါမယ်ထင်တယ် ကလေးတိုင်းတော့မဟုတ်ဘူးလေ။ အမသားတွေကိုတော့ ကျောင်းမှာပဲဖြစ် ဖြစ် အိမ်မှာပဲဖြစ်ဖြစ် ကိုယ်ကနေစပြီးမလုပ်ဖို့ အနိုင်မကျင့်ဖို့ ကိုယ်ချင်းစာတက်ဖို့ သင်ပေးထားပါတယ်၊ ဒါပေမယ့် ကိုယ်က မှန်နေရဲ့သားနဲ့ လုပ်တယ်ဆိုရင်တော့ ငြိမ်ခံမနေဖို့ပေါ့ သင်ထားတယ်။

ယောကျာ်းလေးတွေဖြစ်တော့၊ လူဆိုတာ ငြိမ်ခံနေတိုင်းတော့မကောင်းဘူးပေါ့၊ ကလေးတွေကတော့ မိဘတိုင်းအတွက်က ရတနာတွေချည်းပါပဲ ကိုယ့်ကလေးကို ထစ်ခနဲထိရင် ဘယ်မိဘမှမခံနိုင်ဘူးလေ တော်ရုံသည်းခံနိုင်တာမျိုးကျတော့ သူလည်း ကလေးပဲဆိုတဲ့စိတ်နဲ့ သည်းခံပေးလို့ရပါတယ်။ အခုဖြစ်နေတဲ့ ပြသနာမျိုးတွေက မတရားကြီးတွေ ၁၄၊ ၅ချက် ရိုက်လိုက်တယ်ဆိုတာမျိုးက မဖြစ်သင့်ဘူးလေ၊ မိဘတွေကလည်း နဂိုကတည်းက ဆုံးမသင့်ပါတယ်။ မိဘတွေလိုတယ်လို့တော့ ထင် တာပဲ။

ကျောင်းတွေကလည်း ဘာပဲပြောပြော တာဝန်ယူသင့်တယ်၊ ကလေးတွေရဲ့အခြေအနေကိုသိတယ်ဆိုလည်း ဒီကျောင်းသားကတော့ ဘယ်လို စိတ်ဓာတ်လေးရှိတယ် ဒါတွေကို မိဘတွေနဲ့ကျောင်းကဆရာတွေ ဝိုင်းဝန်းပြီးတော့ ဒီကလေး ဒီလိုရှိရင် ဘယ်လိုထားရမလဲဆိုတာရှိသင့်တယ်လို့ ထင်တယ်၊ စာလည်းသင်တယ် ငွေကြေးတွေလည်း အကုန်ခံပြီး သင်ကြားပြီးမှ ဒီလိုမျိုးတွေဖြစ်တယ်ဆိုရင်တော့ အလုပ်ခံလိုက်ရတဲ့ကလေးအတွက်လည်း အဆင်မပြေဘူးလေ။

ကိုလွင်အောင် (ကလေးတစ်ဦးဖခင်)

ကလေးတစ်ဦးရှိပါတယ်၊ အင်တာနေရှင်နယ်ကျောင်းမှာ G-3 တက်နေတယ်၊ သမီးလေးတို့ကျောင်းကတော့ အနိုင်ကျင့်တာ ဘူလီလုပ်တာတော့မရှိပါဘူး၊ အရင်ကလည်း သိပ်မကြားမိဘူး၊ ကလေးအချင်းချင်း ရန်ဖြစ်တာ ဆော့ကစားရင်း မတော် တဆ တွန်းထိုးထိမိလို့ ဒဏ်ရာရတာလောက်ပဲရှိတယ်၊ ထိခိုက်ဘာညာဆိုရင် တီချယ်တွေကလည်း သေချာလေးလုပ်ပေးပါတယ်။ တခါတလေ မိဘအချို့က  သေးသေးမွှာမွှားကိစ္စတွေကအစ ကွန်ပလိန်းတက်တာ နည်းနည်းသည်းတာတွေတော့ ရှိတယ်၊ ကျွန်တော်ကတော့ ကလေးကို သူငယ်ချင်းနဲ့ ရန်မဖြစ်ရဘူး ချစ်ချစ်ခင်ခင်ဆော့ရမယ် တခုခုဆို တီချယ်တွေကို ပြောဖို့ပဲသင်ပေးဖြစ်တယ်၊ လာရိုက်ရင်ပြန်ရိုက်လို့တော့ မသင်ပါဘူး၊ သူ့အမေကိုလည်း သိပ်မပါခိုင်းဘူး၊ လွှတ်လို့ရတာ လွှတ်ပေးထားဆိုပြီးပြောထားတယ်။  

တခါတလေ ကလေးအချင်းချင်း ဆော့ကစားပြီး ထိခိုက်တာ အချင်းချင်းစိတ်ကောက်လို့ သူ့မခေါ်ဘူးငါ့နဲ့ မဆော့နဲ့ ဆိုတာကတော့ ကလေးတိုင်းကြုံရတာပဲ။ ဒီလိုအခြေအနေမှာ တချို့မိဘတွေကလည်းဝင်ပါကြတာတွေ့တယ်၊ ဘာမဟုတ်တဲ့ ကိစ္စ လေးကနေ ကိုယ့်ကလေးက ခံရသူဖြစ်သလို လုပ်တဲ့သူလည်းဖြစ်သွားနိုင်တာပဲ၊ မိဘတွေ အရမ်းမဝင်ပါတာပဲ ကောင်းတယ်လို့ထင်တယ်၊ လွှတ်လို့ရတာ လွှတ်ထားပေး၊ သမီးကိုတော့ သူငယ်ချင်းစိတ်ဆိုးရင် ကိုယ်မှားရင်ဆောရီးလို့ ပြောရမယ်၊ မဟုတ်ဘဲကိုယ်မှားတာ မရှိရင် နောက်တယောက်နဲ့ ပြောင်းဆော့လို့ရတယ်ဆိုပြီး ပြောဖြစ်တယ်။ ကလေးတွေကတော့ အခု မတည့်ဘူးဆိုပေမယ့် နောက်ရက်ကျရင်တည့်သွားပြန်ရော၊ လူကြီးတွေပါလိုက်မှာသာ မကောင်းဖြစ်တာ၊ ဒီတော့ အရမ်း အ နိုင်ကျင့်တာ တမင်သပ်သပ်နာအောင်လုပ်တာမျိုးကလွဲပြီး ကလေးကိုပဲဖြေရှင်းခိုင်းတယ်။

အခုဖြစ်တဲ့ကျောင်းသားချင်း ဘူလီလုပ်တဲ့ ကိစ္စတွေလည်း ကြားတော့ကြားတယ် တချို့ကိစ္စလေးတွေက မိဘတွေလက် မခံနိုင်တာလည်းရှိပါတယ်၊ ဒါပေမယ့် အေးအေးဆေးဆေးနဲ့ သူ့ကလေးကိုယ့်ကလေးတွေးပြီးတော့ သေချာပြောရင် ပြီးပါ တယ်။ အကုန်လုံးက ကလေးတွေဆိုတော့ တီချယ်တွေအနေနဲ့လည်း ကြားထဲကနေ ပါးပါးနပ်နပ်နဲ့ ဖြေရှင်းပေးသင့်တယ်။ နှစ်ဖက်မျှမျှတတနဲ့ တွေးတောပြီးတော့ လုပ်သင့်တယ်။ ဒီနောက်ပိုင်းကလေးတွေကြားထဲ အနိုင်ကျင့်တာ ဘူလီလုပ်တာတွေကတော့ screen time ကြောင့်လည်းပါမယ်။ သူတို့ကြည့်နေတာတွေကို သတိထားမိတယ် ကြောက်စရာတွေ ကြမ်းတမ်းတာတွေ ပါတယ်။ နောက်ဂိမ်းတွေထဲကလည်း အတုယူပြီးလိုက်လုပ်ကြတာ၊ အဓိကက screen time လျှော့ဖို့ပဲ အဲ့ဒါများနေရင် ကလေးကအာရုံစူးစိုက်လို့မရတော့ဘဲ စိတ်မထိန်းနိုင်တာတွေရှိတယ်။ တခုခုဆို မိဘနဲ့ဆရာ ပူပေါင်းဖြေရှင်းအသင့်တော်ဆုံးပဲ တီချယ်တွေကလည်း သေချာလေးဂရုစိုက်ပြီး ထိန်းကျောင်းပေးမယ် ဆုံးမပေးမယ် မိဘတွေကလည်း တခုခုဆို ငါ့ကလေးတော့ အထိမခံဘူးဆိုတာထက် အကြောင်းအရင်းကိုသိမှ ကလေးချင်းစာနာပြီးတော့ ဖြေရှင်းတာလုပ်သင့်တယ်။

နှင်းနှင်း (အင်တာနေရှယ်နယ်ကျောင်း ဆရာမ)

 ကျောင်းကကလေးတွေက အသိုင်းအဝိုင်းအမျိုးမျိုးကလာတော့ တယောက်ချင်းစီကို သတိလေးထားပြီးတော့  ထိန်းရတယ်၊ တချို့ကလေးတွေကိုယ်တိုင်က ကျောင်းကျရင်တမျိုး အိမ်ကျရင်တမျိုးပြောတာတွေလည်း ကြုံရတယ်၊ တချို့ကလေး တွေ ကျတော့လည်း တခုခုဆိုကြမ်းတမ်းတဲ့ အပြုအမှုတွေ လက်ပါခြေပါတာတွေလည်း ကြုံရတယ်၊ မိဘတွေကလည်း ကိုယ့်သားသမီးအပြောတခုတည်းယုံကြည်ပြီး ဖြစ်စဉ်ကို လက်သင့်မခံတာတွေ ကိုယ့်ကလေးက ဒီလိုမဟုတ်ဘူးဆိုပြီး ဘာပြောပြော လက်ခံတဲ့သူတွေလည်းရှိတော့ ဖြစ်စဉ်တခုဖြစ်လာပြီဆိုရင် သေချာလေးကိုင်တွယ်ရတယ်၊ CCTV လို မျက် မြင်တွေ့ နိုင်တာတွေပြရတယ်။

ကလေးချင်းဖြစ်တဲ့အတွက် တချို့အရာတွေက သေချာနားလည်မှုယူပြီးဖြေရှင်းရင် ပြန်ပြေလည်သွားပေမယ့် တခါတလေ ကျရင်တော့ မိဘတွေကလက်မခံနိုင်ဘဲ အကျယ်ဖြစ်လာတာတွေ လည်းကြုံရပါတယ်။ နိုင်ငံတကာကျောင်းတွေမှာ ငွေကြေး အကုန်အကျခံပြီးထားတဲ့အတွက် ကိုယ့်သားသမီးတွေ အနိုင်ကျင့်မခံစေချင်တာ နားလည်းပါတယ်၊ ဒါပေမယ့်ကလေးတွေကို ကလေးလို့မြင်စေချင်တာရယ်၊ အရမ်းကောက်ချက်ချမစောဖို့ရယ်က အရေးကြီးပါတယ်။

ကလေးတွေမှာလည်း သက်သက်မဲ့ bully လုပ်ချင်လို့မဟုတ်ဘဲ ဒေါသအလျောက် လုပ်မိတာမျိုးလည်းရှိတယ်၊ ဒီလိုအခါမှာ တချက်နှစ်ချက်လောက်ဆို တော်ရုံထိန်းချုပ်နိုင်တယ် ဒီလိုမှမဟုတ်ဘဲ ပိုလုပ်မိနေရင်တော့  သူ့မှာ Behavioral problem  ရှိနေလားဆိုတာ ဆန်းစစ်ရမယ်၊ ဒီလိုနေရာမှာ မိဘတွေအနေနဲ့လည်း ကိုယ့်ကလေးအခြေအနေကို လေ့လာရမယ်  ကိုယ့်ကလေးကို အရမ်းဖိအားပေးနေသလား၊ သူဘာတွေလုပ်နေလဲ၊ ဘယ်လိုလူတွေနဲ့ပေါင်းနေလဲ ဘာတွေကြည့်နေလဲစသဖြင့်နဲ့အရမ်းဖြစ်ချင်တာတွေ လောဘတွေလျှော့ပြီး ကလေးတွေကို ကလေးပီပီကြီးပြင်းဖို့ လုပ်ဆောင်သင့်တယ်။ ကလေးတွေက နီးစပ်ရာစီက သင်ယူသွားတဲ့အတွက် ငယ်စဉ်အခါကတည်းက နည်းလမ်းမှန်မှန်နဲ့ ဆုံးမပဲ့ပြင်ရင် ကောင်းမွန်သူလေးတွေဖြစ်လာမှာပါ။

Author:

Related Articles