Home ဆောင်းပါး အမျိုးသမီးတွေ မီးယပ်ရောဂါကင်းရှင်းပြီး ကျန်းမာပျော်ရွင်စေချင်သူ ကိုခုပ်ဘွေ့

အမျိုးသမီးတွေ မီးယပ်ရောဂါကင်းရှင်းပြီး ကျန်းမာပျော်ရွင်စေချင်သူ ကိုခုပ်ဘွေ့

ရှင်ငြိမ်း             

စစ်ရှောင်အမျိုးသမီးတွေအနေနဲ့ မီးယပ်ဆိုင်ရာ ဝေဒနာခံစားရပါက စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ZYA (Zomi Youth Association) ရုံးချုပ်မှာ စာရင်းပေးသွင်းကြဖို့ ဘုရားကျောင်းတွေမှာ လိုက်လံနှိုးဆော်နေသူကတော့ ကိုခုပ်ဘွေ့ (Khup boih)လို့ခေါ်တဲ့ ချင်းအမျိုးသားတစ်ဦးပါ။

သူဟာ မီးယပ်ရောဂါခံစားနေရတဲ့အမျိုးသမီးတွေကို ကိုယ်တိုင်ကုသပေးနေတာတော့မဟုတ်ပါ။ ကျွမ်းကျင်ဆရာဝန်တွေထံအကူအညီတောင်းပြီး အခမဲ့ပြသနိုင်အောင် စီစဉ်ဆောင်ရွက်ပေးနေသူဖြစ်ပါတယ်။

“အမျိုးသမီးတော်တော်များများက မီးယပ်ဝေဒနာ ခံစားရတဲ့ကြားကနေ အိမ်မှုကိစ္စတွေပါလုပ်ရတော့ ရုပ်ပိုင်းရောစိတ်ပိုင်းမှာပါ အများကြီးထိခိုက်တယ်။ အမျိုးသမီးတွေ ကျန်းမာပျော်ရွင်မှ မိသားစုကပျော်ရွင်မှာသူတို့ကို ကျန်းမာစေချင်တယ်။”လို့ ကိုခုပ်ဘွေ့က သူ့ဆန္ဒကို ဖွင့်ဟပြောပါတယ်။

သူဟာ လူမှုကူညီရေးတွေလုပ်ဆောင်နေတဲ့ ဇိုမီးလူငယ်လူမှုကူညီရေးအသင်း ZYA (Zomi Youth Association)ရဲ့ ဥက္ကဋ္ဌတစ်ဦးဖြစ်သလို အသင်းတည်ထောင်သူတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။

ဓာတ်ပုံ – ကိုခုပ်ဘွေ့

အမျိုးသမီးတွေဟာဓမ္မတာလာတဲ့ရက်မမှန်တာ၊ ရက်အကြာကြီးသွေးဆင်းတာ၊ အဖြူဆင်းတာ၊ ဆီးကျင်တာ၊ ဆီးအောင့်တာစတဲ့ မီးယပ်ပိုင်းဆိုင်ရာရောဂါတွေဖြစ်လာရင် အိပ်ယာထဲလဲတဲ့အဆင့်မဟုတ်ပေမယ့် ဗိုက် အောင့်တာ၊ နာတာစတဲ့ ဝေဒနာတွေကို အပြင်းအထန်ခံစားရလေ့ရှိပါတယ်။

“အမျိုးသမီးတွေဟာ တလတခါရာသီလာတယ်။ ရာသီလာတာပုံမှန်ကြည့်ရင်တော့ ဘာမှခက်ခဲတဲ့အရာတော့မဟုတ်ဘူး။ ဒါပေမယ့်ခံစားရတဲ့ အမျိုးသမီးတစ်ယောက်အတွက်က ဒီကာလကို ခက်ခက်ခဲခဲ ဖြတ်သန်းရတယ်။” လို့ သူကဆိုပါတယ်။

စစ်ရှောင်လာတဲ့အမျိုးသမီးတွေဟာအများအားဖြင့် မိသားစုကိစ္စတွေ၊ ငွေကြေးနဲ့ ဆေးရုံဆေးခန်းကြောက်တဲ့ပြသနာတွေကြောင့်ခံစားနေရတဲ့မီးယပ်ဝေဒနာကိုမကုသဘဲနေတာများတဲ့အတွက် သူကအခုလိုကူညီပေးတာဖြစ်ပါတယ်။

ဒီလိုစီစဉ်ပေးရာမှာလည်းနွမ်းပါးတဲ့စစ်ရှောင်အမျိုးသမီးတွေကိုအဓိကထားကူညီပေးပြီး လူမျိုး၊ ဘာသာမခွဲခြား ဘဲဝေဒနာရှင်တိုင်းကိုအခမဲ့ဆောင်ရွက်ပေးနေတာပါ။

“အမျိုးသမီးတွေကစစ်လည်းရှောင်ရလူကြားထဲပြောမကောင်းတဲ့မီးယပ်ဝေဒနာကိုအောင့်ခံပြီး မိသားစုစားဖို့ သောက်ဖို့လည်းလုပ်ရတယ်။ ဒါတွေကိုတွေးမိတော့ ကျနော်တတ်နိုင်သလောက်ကူညီဖြစ်တာပေါ့။”လို့ကိုခုပ်ဘွေ့ကပြောပါတယ်။

 တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ကလေးမြို့ကို စစ်ရှောင်လာခဲ့ကြတယ်။ ဒီထဲမှာ မီးယပ်ရောဂါခံစားနေရတဲ့အမျိုးသမီးတွေရှိနိုင်တဲ့အတွက် သူက အခုလိုစာရင်းပေးသွင်းကြဖို့ နှိုးဆော်နေတာဖြစ်ပါတယ်။      `

ကိုခုပ်ဘွေ့အနေနဲ့ အခုမှပရဟိတလုပ်ငန်းတွေ လုပ်နေတာမဟုတ်ပါ။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက ကလေးမြို့ မှာ အခက်အခဲဖြစ်ရတဲ့သူတွေဟာ ဘယ်အဖွဲ့အစည်းမှမရှိတဲ့အတွက်  ကူကယ်ရာမဲ့ဖြစ်နေတာကို မြင် ပြီး အခက်အခဲဖြစ်သူတွေကို ကူညီပေးဖို့အတွေး သူမှာဖြစ်ပေါ်လာခဲ့ပါတယ်။

“ညတွေမှာ အရက်မူးပြီးတော့ ရန်ဖြစ်တွေ ယာဉ်မတော်တဆမှုတွေဖြစ် ဘယ်အဖွဲ့မှမရှိတော့ ဘယ်သူမှမကူညီ ရဲကြဘူး။ နေ့လည်မှာ ယာဉ်တိုက်မှုဖြစ်တာ ကယ်ပါ၊ ကယ်ပါအော်နေတာ ဘယ်သူမှမကူကြဘူး။ ရပ်ကြည့်နေ ကြတယ်။ ရဲလုပ်ထုံး လုပ်နည်းတွေရှိတော့လေ။”လို့ ကိုခုပ်ဘွေ့က သူ့မြင်တွေ့ရတာတွေကိုပြောပါတယ်။

ဓာတ်ပုံ – ကိုခုပ်ဘွေ့

ဒါမျိုးတွေကို အကူအညီပေးနိုင်အာင်ဆိုပြီး သူအပါအဝင် စိတ်တူကိုယ်တူ လူငယ် ၂၀ ဦးနဲ့ ၂၀၀၅ ခုနှစ်မှာ ဇိုမီးလူငယ်လူမှုကူညီရေးအသင်း ZYA (Zomi Youth Association)ကိုစတင်ဖွဲ့စည်းခဲ့ပါတယ်။

အသင်းစတင်ဖွဲ့စည်းတော့ ကိုခုပ်ဘွေ့က ဘဏ္ဍာရေးပိုင်းမှာ တာဝန်ယူခဲ့ပြီးနောက် ဒုဥက္ကဋ္ဌရာထူးကို ၄ နှစ်တာဝန် ထမ်းခဲ့ကာ ၂၀၂၂ ခုနှစ်မှ လက်ရှိအချိန်ထိ ဥက္ကဋ္ဌတာဝန်ကို ယူထားတာဖြစ်ပါတယ်။

အသင်းဖွဲ့စည်းပြီး တနှစ်ကျော်လာတဲ့အထိ ဘာအလုပ်မှမလုပ်ဖြစ်တဲ့အတွက် အားလုံးပြန်တိုင်ပင်ကာအဲ့ဒီအချိန်က ဆေးရုံဆေးခန်းတွေမှာသွေးရဖို့ ခက်ခဲနေတဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့ သူတို့ကစတင်လုပ်ဆောင်ခဲ့ပါတယ်။

“သွေးလိုက်ရှာရတာမလွယ်ဘူး။ အဲ့ဒီအချိန်က လမ်းဘေးက ဆိုက်ကားသမားတို့၊ မြင်းလှည်းသမားတို့ခေါ် ပြီးသွေးလှူခိုင်းရတာပေါ့။ ဒါလည်း အလွယ်တကူရတာတော့မဟုတ်ဘူး။ အဲ့ဒါနဲ့ ကျနော်တို့က သွေးလိုအပ်သူ တွေသွေးပေးနိုင်ဖို့ ဘုရားကျောင်းတွေမှာ တစ်ပတ်တခါ ဒါမှမဟုတ် တစ်လတခါ သွေးလှူဖို့လိုအပ်တဲ့အကြောင်း၊ သွေးလှူတာ ကြောက်စရာ မကောင်းတဲ့အကြောင်း လှည့်လည်ပြောတယ်။ စည်းရုံးတယ်။”လို့ သူက ဆိုပါတယ်။

အခုဆိုရင် ဇိုမီးလူငယ်လူမှုကူညီရေးအသင်းက ဆေးရုံဆေးခန်းတွေမှာ သွေးလိုတဲ့သူတွေကို ကူညီပေးတာ၊ အောက်ဆီဂျင်လိုအပ်သူတွေကိုဌားပေးတာ၊ ယာဉ်မတော်တဆမှုဖြစ်ရင် ဆေးရုံလိုက်ပို့ပေးတာနဲ့ နာရေးတွေပါ ကူညီပေးနေတာ ဖြစ်ပါတယ်။

တခါတရံတွေ့ရတဲ့ ပိုင်ရှင်မဲ့အလောင်းတွေကို သက်ဆိုင်ရာကို အကြောင်းကြားပြီး သူတို့ရဲ့လမ်းညွန့်မှုနဲ့ သဂြိုလ်ပေးတာ၊ သဘာဝဘေးဒဏ်ကြုံရတဲ့သူတွေကို ကူညီပေးတာတွေလည်းလုပ်ဆောင်ပေးပါတယ်။

နောက်ပိုင်း သူတို့အဖွဲ့အစည်းရဲ့လုပ်ဆောင်မှုကို လူသိများလာတဲ့အခါမှာတော့ လှူဒါန်းသူတွေလည်းများပြားလာခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ငွေကြေးမတတ်နိုင်တဲ့ သက်ကြီးရွယ်အိုတွေကိုလည်း အခွင့်အခါသင့်တိုင်း သမားတော်ကြီးတွေနဲ့ ပြသ နိုင်အောင် ကူညီတဲ့အပြင် ဆေးဝါးစရိတ်ထောက်ပံ့ပေးတာတွေလည်း ရှိပါတယ်။

“သမားတော် ပြဖြစ်တဲ့ လူနာက သိပ်အများကြီးမဟုတ်ဘူး။ နောက်ဆရာဝန်ကြီးတွေကိုယ်တိုင် အချိန်အကန့် အသတ်ရှိတာလည်းပါတယ်။ ဆေးလည်း အဲ့လိုပဲအများကြီးမထောက်ပံ့နိုင်ဘူး။ သူတို့ဖြစ်တဲ့ရောဂါရယ်၊ သူတို့ မိသားစုဝင်ငွေကို ကြည့်ပြီးတော့ ကုန်ကျစရိတ်ကို ထောက်ပံ့ပေးတာပေါ့။ ကျနော်တို့လည်း ငွေအများကြီး မတတ်နိုင်တော့ တကယ်ခက်ခဲပြီး ဆင်းရဲတဲ့သူတွေလောက်ပဲ လုပ်ပေးဖြစ်တယ်။”လို့ကိုခုပ်ဘွေ့က ပြောပါတယ်။

ဓာတ်ပုံ – ကိုခုပ်ဘွေ့

ဒါတင်မက ကလေးမြို့က အသင်းတော် စာသင်ကျောင်းမှာ ပညာသင်နေတဲ့ ကျောင်းသားတွေကို တုတ်ကွေး အဖြစ်များတဲ့ မိုးတွင်းကာလမှာ ဆေးကုသစရိတ်ထောက်ပံ့ပေးတာလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဆေးကုသစရိတ်ထောက်ပံ့တဲ့အစီအစဉ်ကို ၂၀၂၂ ခုနှစ်မှာစတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး နှစ်စဉ် ဇွန်လကနေ အောက်တိုဘာလထိ ကျောင်းသား အယောက် ၄၀၀ နဲ့ ၅၀၀ ကြားထောက်ပံ့မှုတွေလုပ်နိုင်ခဲ့တယ်လို့ သူကရှင်းပြပါတယ်။

ကိုခုပ်ဘွေ့အနေနဲ့ အမျိုးသမီးတွေရဲ့မီးယပ်ရောဂါကို ကုသနိုင်အောင်စီစဉ်ဖြစ်တာကတော့ သူရဲ့အမျိုးသမီးဖြစ် သူ နေမကောင်းဖြစ်တဲ့အချိန်မှာဖြစ်ပါတယ်။ ဇနီးဖြစ်သူ နေမကောင်းတော့ အမျိုးသားတစ်ယောက်အနေနဲ့အိမ် မှုကိစ္စတွေလုပ်ဆောင်တဲ့အခါ များစွာအခက်အခဲကြုံရပါတယ်။

ဒီတော့မှ အမျိုးသမီးတစ်ယောက်ဟာ အိမ်ထောင်တစ်ခုအတွက် ဘယ်လောက်အရေးပါပြီး အရေးကြီးတယ်ဆို တာကို သိမြင်လာခဲ့ကြောင်း အခုလိုပြောပါတယ်။

“အရင်ကအမျိုးသမီးတွေ အိမ်ထဲမှာ အလုပ်လုပ်နေတာကို ကျနော်တို့က အလုပ်လို့မထင်ခဲ့ဘူးလေ။ ကျနော်တို့ ပဲအပြင်မှာ ငွေရှာရတော့ အလုပ်လုပ်တဲ့သူလို့ မှတ်ခဲ့တယ်။ ငါက ငွေရှာနိုင်သူပဲလို့ မာနကြီးခဲ့တယ်ပေါ့။ တကယ်ကသူတို့မှာတစ်နေ့တာ အလုပ်တွေနဲ့ အားတယ်လို့ကိုမရှိဘူး။ ဒီအတွေးက မှားတယ်ဆိုတာ ကျနော်သိခဲ့ရတယ် “ လို့ဆိုပါတယ်။

အမျိုးသမီးတစ်ယောက်က ရာသီလာရင် စိတ်တိုလွယ်တယ်။ အဲ့မှာ မိသားစုဝင်တွေနဲ့ ဘာမဟုတ်တာလေးကအစ အဆင်မပြေဖြစ်တယ်။ ကျနော်လို တခြားအိမ်ထောင်တွေမှာလည်း အိမ်ရှင်မတွေ နေမကောင်းဘူးဆိုရင် ဒီအိမ်ထောင်ဟာ ဘယ်လောက်အဆင်မပြေဖြစ်ရတယ်ဆိုတာအတွေးထဲမှာပေါ်လာကြောင်းကိုခုပ်ဘွေ့က ပြောပါတယ်။

ဒီအတွေးတွေကြောင့် သူ့အနေနဲ့ အခုလိုအမျိုးသမီးတွေခံစားနေရတဲ့မီးယပ်ရောဂါကို ကုသ၊ ပြသနိုင်အောင် လုပ်ဆောင်ပေးချင်တဲ့စိတ်ဆန္ဒတွေဖြစ်လာပြီး ဒါကိုအကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။

 “အမျိုးသမီးတွေက ရာသီတွေ ၃ ရက် တပတ်လာနေတဲ့ဟာ ဆေးရုံဆေးခန်းလည်းမသွားဘူး။ ဆင်းတာက အဖြူလည်းရှိတတ်တယ်။ ကိုယ်ဝန်ဆောင်တွေလည်း ငွေကြေးအခက်အခဲကြောင့် ဆေးရုံဆေးခန်းမပြရဲဘဲ မပြ နိင်ပဲရှိနေတာ သိလာတော့ ဘာပဲဖြစ်ဖြစ် ကျနော်တောင် ဒီလောက်အခက်အခဲဖြစ်နေရင် တခြားမိသားစုတွေမှာလည်းဖြစ်နိုင်တယ်ဆိုပြီးကျနော်တွေးမိတော့ ဘယ်လိုပဲဖြစ်ဖြစ်တတ်နိုင်သလောက်  ဒီလုပ်ငန်းကို ဆောင်ရွက် မယ်ဆိုပြီးမှစိတ်ကူးရှိလာတာ။”လို့ သူက ဆက်ပြောပါတယ်။

ဒီအတွေးကြောင့် သူနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိတဲ့ ဆရာဝန်ကြီးတွေ၊ ဆရာမကြီးတွေနဲ့ တိုင်ပင်တဲ့အခါ သူတို့ကိုယ်တိုင်ကလည်း လိုလိုလားလားသဘောတူတဲ့အတွက် ကိုခုပ်ဘွေ့အနေနဲ့အခုလိုလုပ်ဆောင်လာနိုင်တာဖြစ်ပါတယ်။

ပထမတော့ သူရဲ့ Facebook မှာ post တင်ပြီး ကြေညာပါတယ်။ သို့ပေမဲ့ စစ်ရှောင်တွေအတွက်က အင်တာနက် လိုင်းမရတာ၊ လိုင်းမမိတာ၊ မကြည့်ဖြစ်တာမျိုးဖြစ်နိုင်တာကြောင့် ကလေးမြို့က ဘုရားကျောင်း ၂၀ လောက်မှာ တစ်ပတ်တခါ၊ တစ်လပြီးတစ်လသွားရောက်နှိုးဆော်တာတွေလုပ်ခဲ့ပါတယ်။

“အဲ့တော့မှ အမျိုးသမီးလူနာတွေ အများကြီးထွက်လာတယ်။ ကျောင်းတစ်ကျောင်းမှာ အယောက် ၃၀၊ ၅၀ စသ ဖြင့်စာရင်းပေးတယ်။ အဲ့တော့ ကျနော်က ဆရာဝန်၊ ဆရာမတွေနဲ့ တိုင်ပင်ပြီးတော့မှ သူတို့အတွက် အချိန်ပြန်ဆွဲပေးတယ်။”လို့ကိုခုပ်ဘွေ့ကဆိုပါတယ်။

သူ့အနေနဲ့ ဒါကိုလုပ်ဆောင်ရတဲ့ရည်ရွယ်ချက် သုံးခုရှိပါတယ်။ ပထမကတော့ အမျိုးသမီးတွေကို မီးယပ်ရောဂါ ကင်းဝေးပြီး ကျန်းမာပျော်ရွင်စေချင်တယ်။ ဒုတိယကတော့ ဝေဒနာကို မသိလို့ မရှိလို့ မကုသဘဲ နာကျင်ခံစား နေရတာမျိုး မဖြစ်စေချင်ဘူး။ တတိယကတော့ လမ်းဘေးမှာ ဒုက္ခရောက်သူတွေ၊ မကျန်းမာတဲ့သူတွေကို ပိုက်ဆံမရှိဘူးဆိုပြီး အိမ်ထဲမှာငုတ်တုတ်နေသူတွေ ဆေးခန်းပြနိုင်အောင် ဈေးအနည်းဆုံး အသက်သာဆုံးနဲ့ကုလို့ ရစေချင်တာပါ။

“နယ်တွေမှာတော့ တခြားဆေးတွေ၊ ဘာတွေနဲ့ ကုသတာတော့မရှိဘူး။ အမျိုးသမီးတွေက သူတို့ နာတာကို အောင့်ခံနေတယ်။ အဲ့လိုတွေကြောင့်လုပ်ဖြစ်သွားတယ်။”လို့ ကိုခုပ်ဘွေ့က ပြောပါတယ်။

ကိုခုပ်ဘွေ့ကြောင့် သူ့ကူညီပေးနေတဲ့ ၂ နှစ်တာကာလအတွင်း မီးယပ်ဝေဒနာခံစားနေရတဲ့အမျိုး သမီး ၈၀၀ ဝန်းကျင်ကို အခမဲ့ဆေးခန်းပြသ၊ ကုသခွင့်ရအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဆေးကုသမှုခံယူခဲ့တဲ့အမျိုးသမီးတွေကတော့ ဆယ်ကျော်သက်အရွယ်မှ အသက် ၅၀ အရွယ်တွေကအများဆုံးဖြစ်ပြီးဆယ်ကျော်သက်အရွယ်တွေကတော့ ရာသီမမှန်တာ၊ ပုံမှန်ရက်ထက်များတာစတာတွေ လာရောက်ပြသကြပါတယ်။

အသက်ကြီးပိုင်းအမျိုးသမီးတွေကတော့ သားအိမ်ရောဂါနဲ့ပတ်သက်လို့ ပြသတာများပြီး ကိုယ်ဝန်ဆောင်တွေကတော့ကလေးပုံမမှန်တာ၊ ကလေးမရတာစတာတွေကိုလည်း ကုသမှုခံယူနေတာရှိပါတယ်။

ခွဲစိပ်ဖို့လိုအပ်ရင်တော့ သက်ဆိုင်ရာဆရာဝန်တွေနဲ့ ရက်ချိန်းယူပြီး ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေမှာ တက် ရောက်ကုသနိုင်အောင် စီစဉ်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

အမျိုးသမီးတွေ အခုလိုဓမ္မတာလာတဲ့အချိန်တွေဆို နာကျင်မှုဝေဒနာကို အပြင်းအထန်ခံစားရတာသလို တချို့ဆို အလုပ်ပျက်တဲ့ထိခံစားရလေ့ရှိပါတယ်။ သို့ပေမဲ့ အများစုကတော့ ဒါကိုဖြစ်တတ်တာပဲ။ ဆေးခန်းပြစရာမလိုဘူး။ ဆေးခန်းပြရမှာရှက်တဲ့စိတ်နဲ့ သွားမပြကြပါဘူး။

တစ်လ တစ်ကြိမ်ဓမ္မတာလာတာကို အမျိုးသမီးတိုင်းမလွှဲမသေကြုံရတဲ့ကိစ္စဖြစ်ပါတယ်။ ဒီအချိန်တွေဆို အမျိုးသမီးတွေဟာ စိတ်တိုလွယ်၊ ဝမ်းနည်းလွယ်ပြီး စိတ်မရှည်တာတွေ၊ စိတ်အခန့်မသင့်တာတွေဖြစ်လေ့ရှိကြပါတယ်။ ဒါကိုအမျိုးသားတွေက နားမလည်ဘူးဆိုရင် အိမ်ထောင်ရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။

ဒါ့ကြောင့် ကိုခုပ်ဘွေ့က“အဲ့ဒီကာလရောက်တိုင်း သူတို့ခံစားနေရတဲ့ ဝေဒနာတွေသက်သာစေဖို့ မိသားစုက ဝိုင်းဝန်းဖေးမဖို့လိုမယ်။ အမျိုးသားတွေကလည်း ကိုယ့်ဇနီးဒီလိုဖြစ်လာရင် နားလည်စာနာပေးရမယ်။ အိမ်ထောင် တစ်ခုမှာ မိခင်ဖြစ်တဲ့အမျိုးသမီးတွေကျန်းမာမှ အိမ်ထောင်ရေးသာယာမယ်။ သာယာတဲ့ အိမ်ထောင် ဖြစ်ဖို့ အိမ်ထောင်ဦးစီးတွေအနေနဲ့ ကိုယ့်မိန်းမကို တန်ဖိုးထားစေချင်တယ်။”လို့ အသိပေးစကားဆိုပါတယ်။

ကိုခုပ်ဘွေ့ဟာ ငွေကြေးချမ်းသာပြည့်စုံသူတစ်ယောက်မဟုတ်ပေမယ့် အမျိုးသမီးတွေကို မီးယပ်ရောဂါကင်းစင်ပြီး အိမ်ထောင်ရေးသာယာပျော်ရွင်စေချင်တဲ့ဆန္ဒကြောင့် ဒါကိုဆက်လက်လုပ်ကိုင်သွားဖို့လည်း ရည်ရွယ်ထားတာဖြစ်ပါတယ်။

Author:

Related Articles