Home ဆောင်းပါး ကျေးလက်တော်လှန်ရေးမှသည် မြို့ပြတော်လှန်ရေးကိုပြန်လည်ပုံဖော်လိုသူ

ကျေးလက်တော်လှန်ရေးမှသည် မြို့ပြတော်လှန်ရေးကိုပြန်လည်ပုံဖော်လိုသူ

ခင်ဘုန်းမို့။ ။

“ စစ်အာဏာသိမ်းတာတစ်နှစ်ကျော်ပြီ၊ လမ်းမပေါ်လူထုသပိတ်တိုက်ပွဲအရှိန်အဟုန်ကောင်းကောင်းနဲ့ ပြန်လည်ထွက်ပေါ် လာဖို့ဟာ လူထုရဲ့အားသည်အဓိကပဲ” ဆိုတဲ့စကားတွေကို အမျိုးသမီးတစ်ဦးဟာ အားအပြည့်မာန်အပြည့်နဲ့ သပိတ်တရား ဟောနေပါတယ်။

အင်္ကျီရင်ဖုံးလက်ရှည်၊ ချည်လုံချည်ဝတ်ဆင်ကာ နှင်းဆီပန်းပန်ထားတဲ့ အဆိုပါ အမျိုးသမီးကို ကျေးလက်က လူထုသပိတ် တွေရဲ့ရှေ့ဆုံးမှာအများဆုံးတွေ့ရပါတယ်။ သူကတော့ အသက် ၂၂အရွယ် မချောစုဟန်ပါ။

မချောစုဟန်ဟာ လက်ပံတောင်းတောင် ပင်ပသပိတ်ဦးဆောင်ကော်မတီမှာ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ မြေပြင်သပိတ် တွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီးတော့ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ အလုပ်အမှုဆောင် တစ်ဦးလည်းဖြစ်တယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ အမျိုးသမီးတွေဟာ ဖေဖော်ဝါရီလဆန္ဒပြပွဲတွေကစလို့ ပြောက်ကျားသပိတ်တွေအထိ ကျရာ နေရာကပါဝင်ခဲ့ကြတယ်။ ဒါ့အပြင်အမျိုးသမီးထုသီးသန့်ပါဝင်တဲ့ သပိတ်စစ်ကြောင်းတွေကိုလည်း အမျိုးသမီးတွေကပဲ ဦးဆောင်ခဲ့ကြတယ်။

စစ်အာဏာသိမ်းမှု ကာလတစ်လျှောက်လုံးမှာ သပိတ်တွေရဲ့ ရှေ့ဆုံးကနေ ကြွေးကြော်သံတွေ ကြွေးကြော်နေတဲ့ အမျိုး သမီး တွေကိုတွေ့ရသလို လူထုသပိတ်တရားဟောသူတွေအဖြစ်လည်း အမျိုးသမီးတွေကို ရှေ့တန်းကမြင်တွေ့ရတယ်။

ဒီအမျိုးသမီးတွေထဲမှာမှ မချောစုဟန်ကတော့ ကျေးလက်ဒေသကသပိတ်တွေကို အသက်ဝင်စေခဲ့သူတစ်ဦးပါ။

photo credit- Ma Chaw Su Han

သမဂ္ဂကျောင်းသူဘဝမှ တော်လှန်ရေးသမားအဖြစ်သို့
မချောစုဟန် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးတဲ့နောက် မုံရွာတက္ကသိုလ်မှာ မြန်မာစာမေဂျာ တက်ရောက်ခဲ့တယ်။ အဲ့ဒီ နောက် ကျောင်းသားသမဂ္ဂထဲ အခြေချခဲ့ပြီး ကျောင်းသားအရေးလှုပ်ရှားမှုတွေကို ဆောင်ရွက်ခဲ့တယ်။

စာအုပ်တွေဖတ်၊ကျောင်းတက်၊ သမဂ္ဂထဲတာဝန်တွေထမ်းဆောင်နေရင်းနဲ့ဖြတ်သန်းလာရာကနေ ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ မှာတော့ မချောစုဟန်ရဲ့ ဘဝဖြတ်သန်းမှုတွေဟာ တစ်မျိုးတစ်ဖုံပြောင်းလဲသွားပါတော့တယ်။

စစ်အာဏာသိမ်းချိန်မှာ ဖတ်ခဲ့ဖူးတဲ့စာအုပ်တွေထဲက စစ်အာဏာသိမ်းမှုအကြောင်း၊ ကျောင်းသားအရေးအခင်းနဲ့ ရှစ်လေး လုံးအရေးတော်ပုံတွေအကြောင်းကို သိရှိပြီးသားဖြစ်တဲ့အပြင် ရွှေဝါရောင်အရေးအခင်းကို ငယ်ငယ်က ကိုယ်တိုင် ကြုံဖူး ခဲ့တဲ့အတွက် ရွှေဝါရောင်အရေးအခင်းလို ဖြစ်တော့မှာလားလို့ ခံစားမိခဲ့တယ်။

“ အာဏာသိမ်းတော့ လမ်းမပေါ်ထွက်ရတော့မယ်ဆိုတာကို သိထားတယ်။ လမ်းမပေါ်ထွက်ရတော့မယ်ဆိုတဲ့အသိကြီးနဲ့ အာဏာသိမ်းခြင်းကိုတော်လှန်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာသေချာခဲ့တယ်” လို့ မချောစုဟန်က ဆိုပါတယ်။

ဖေဖော်ဝါရီ ၆ မှာ တခြားတက်ကြွလှုပ်ရှားသူတွေနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေကို သံပြိုင်အော်ပြီး တော့ ၇ ရက်နေ့မှာ လူထုသပိတ်ကြီးကို ပူးပေါင်းပါဝင်ပေးကြဖို့ လှုံ့ဆော်တဲ့နေရာမှာပါဝင်ခဲ့တယ်။

ဖေဖော်ဝါရီလကစလို့ စစ်အာဏာသိမ်းမှုတစ်နှစ်ကျော်တဲ့ယနေ့အထိ လမ်းမပေါ်ကလူထုသပိတ်တိုက်ပွဲတွေမှာ အချိန် တွေကိုကုန်လွန်စေခဲ့တယ်။

photo credit- Ma Chaw Su Han

ကားနဲ့တိုက်ဖြိုခွင်းခံရသော်လည်း စိတ်ဓာတ်ကိုဖြိုခွင်းမရ
ဆန္ဒပြပွဲတွေမှာတစ်လျှောက်လုံးပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးခံရလုနီးပါးအခြေအနေတွေနဲ့ ခဏခဏရင်ဆိုင်ရတယ်။ ဖေဖော်ဝါရီလ ၂၇ က သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်မှာ အရိုက်ခံရပြီးဘယ်ဘက်မျက်လုံးထိသွားခဲ့တယ်။ အဲ့ဒီနေ့က သေနတ်သံကိုပထမဆုံးကြားခဲ့ရပြီး တုန်လှုပ်မိခဲ့တယ်လို့ မချောစုဟန်က ဆိုတယ်။

“ ဒါဟာစာအုပ်ထဲမှာဖတ်ဖူးခဲ့တဲ့ ၈၈တုန်းက ကျောင်းသားတွေပြေးခဲ့ရတဲ့ဟာ ဇာတ်ကားတွေထဲမှာကြည့်ဖူးတဲ့ ပုံစံတွေလို မျိုးထက်သာလွန်တယ်။ ကိုယ်တိုင်ကြုံတွေ့ခံလိုက်စားလိုက်ရတဲ့ အနေအထားမျိုးမှာ တော်တော်လေးတော့ တုန်လှုပ် သွားတယ်” လို့မချောစုဟန်က သူ့အတွေ့အကြုံကို ပြန်ပြောပါတယ်။

ဧပြီလမှာ မုံရွာမြို့သပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်ကို စစ်ကောင်စီကကားနဲ့တိုက်ဖမ်းခဲ့ရာမှာ မချောစုဟန်လည်း ခြေ ထောက်ဒဏ်ရာရခဲ့တယ်။

ကားတိုက်လိုက်တာကြောင့်လဲကျသွားပြီး ကားပေါ်ကဆင်းလာတဲ့စစ်ဖိနပ်တွေကိုကြည့်ကာ အဖမ်းခံရခဲ့ရင်ခြေထောက် အဖြတ်ခံရလိမ့်မယ်ဆိုတဲ့အတွေးနဲ့ ခြေထောက်တရွက်ဆွဲကာ လဲကျရာက ထွက်ပြေးခဲ့တယ်။ အဲ့ဒီနောက် အိမ်တစ်အိမ်ရဲ့ အုတ်တံတိုင်းပေါ်ကျော်၊ အိမ်ရှင်တွေကို အကူအညီတောင်းကာ ခဏဝင်ပုန်းပြီးနောက် ရဲဘော်တွေကိုဖုန်းဆက် ခေါ်ပြီး အဲ့ဒီအိမ်ကထွက်လာခဲ့တယ်။

“ ခြေထောက်ကြီးက မလှုပ်နိုင်ဘူးပေါ့၊ သွေးပူနေတဲ့အချိန်မှာတော့ပြေးနိုင်ခဲ့တယ်။ သွေးလည်းအေးရော ခြေထောက်က ချလို့မရတဲ့အနေအထိပဲ။ လိုက်ဦးမလားပေါ့သပိတ်တွေ မလိုက်ဘူးပေါ့ မလိုက်ဖူးလို့သာစိတ်ကပြောတာ လူထုအသံ တွေကို ကြွေးကြော်သံတွေကို ကြားနေရုံနဲ့ကိုစိတ်တွေက တက်ကြွနေတာ” လို့ မချောစုဟန်က ခြေထောက်ဒဏ်ရာ ရစဉ်ကအဖြစ်အပျက်ကို ပြန်ပြောပါတယ်။

အဲ့ဒီနောက် ဘုတလင်မြို့ပေါ်မှာပြုလုပ်တဲ့ ဆိုင်ကယ်သပိတ်မှာလည်း စစ်တပ်ကကားနဲ့တိုက်ဖြိုခွင်းတာကို ထပ်ပြီးကြုံ တွေ့ခဲ့ရတယ်။ မချောစုဟန်အတွက် သပိတ်ထွက်တဲ့အချိန်တိုင်း ဘယ်အချိန်အဖမ်းခံရမလဲဆိုတဲ့အတွေးကတော့ ယနေ့ အထိရှိနေပါသေးတယ်။

ကားနဲ့တိုက်ဖြိုခွင်းခံရပြီးနောက်မှာတော့မချောစုဟန်မှာ စိတ်ဒဏ်ရာအနေနဲ့ ကားမြင်ရင်ကြောက်တဲ့ စိတ်တွေကိန်းအောင်း လာပါတော့တယ်။

photo credit- Ma Chaw Su Han

ကျေးလက်သပိတ်တွေမှာပါဝင်ခဲ့သူ
အဲ့ဒီနောက်သူပြောင်းရွေ့နေထိုင်ခဲ့တဲ့ရွာဟာ သံပုံးတီးတာနဲ့စစ်ကောင်စီဝင်ဖမ်းမယ်လို့ ကြောက်စိတ်တွေဖြစ်နေခဲ့တဲ့ ရွာ ဖြစ်ခဲ့တယ်။

“ သူတို့ရဲ့ကြောက်စိတ်ကို ဒါဟာကြောက်စိတ်မဟုတ်ဘူး တွန်းလှန်ဖို့အသင့်ရှိရမယ်ဆိုတဲ့အကြောင်းကို ပြောချင်စိတ် တွေဖြစ်လာခဲ့ပြီး လူထုထံနိုင်ငံရေးအသိအမြင်တွေချပြပြီး ကျေးရွာလူထုရှေ့မှာ သပိတ်တက်ကြွလှုပ်ရှားသူအဖြစ် ဖြစ်လာ ခဲ့တာ” လို့ မချောစုဟန်ကဆိုပါတယ်။

မချောစုဟန်အနေနဲ့ ကျေးလက်တွေမှာ လူထုတရားဟောတဲ့အခါ သိထားတာတွေကို အရိုးသားဆုံးနဲ့ အပွင့်လင်းဆုံး ပြောပြကာ ကျေးလက်လူထုသေချာနားလည်နိုင်အောင် ရှင်းပြရတာမျိုးတွေပြုလုပ်ပါတယ်။

နောက်ပိုင်းမှာ ချင်းတွင်းမြစ်အနောက်ဘက်ပိုင်းကိုရောက်လာခဲ့ပြီးနောက် ယင်းမာပင်၊စလင်းကြီး ရွာပေါင်းစုံသပိတ် စစ်ကြောင်းတွေမှာ ပူးပေါင်းဝန်းရံခဲ့တယ်။

ကျေးလက်ကလူထုကို နိုင်ငံရေးအသိတွေ ဝေမျှပေးဖို့သွားရောက်တွေ့ဆုံတာ၊ ရှေ့ဆက်လျှောက်မယ့် စစ်အာဏာရှင် ဆန့်ကျင်ရေးလမ်းစဉ်တွေမှာ လူထုအနေနဲ့ဘယ်လိုမျိုးပူးပေါင်းပါဝင်ရမလဲ ဒီလမ်းမပေါ်သပိတ်တိုက်ပွဲတစ်ခုထဲပဲ အရေး ကြီးနေတာမဟုတ်ဘဲ တခြားသောစစ်အာဏာရှင်ကို ဖျက်စီးမယ့်ဒေါက်တိုင်တွေမှာလည်း တတ်နိုင်သရွေ့ တတ်အား သရွေ့ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်းတွေကို လှုံ့ဆော်မှုတွေဆောင်ရွက်ခဲ့တယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်မီးရှို့မှုကို ခံရတဲ့ရွာတွေကစစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့အကူအညီတွေပေးဖို့ လူထုကို လှုံ့ဆော်တာ၊ သွားရောက်တွေ့ဆုံအားပေးတာမျိုးတွေလည်းဆောင်ရွက်ခဲ့တယ်။

ကျေးရွာတော်လှန်ရေးကနေ မြို့ပြတော်လှန်ရေးကိုအောင်မြင်အောင်ဖော်ဆောင်နိုင်ဖို့ဆိုတာ ကျေးလက်လူထုကသာ အဓိကဖြစ်တယ်လို့ မချောစုဟန်ကယုံကြည်ထားပါတယ်။

မြို့ပြသပိတ်တွေကနေ ကျေးလက်သပိတ်တွေဖော်ဆောင်ခဲ့သလို ကျွေးရွာတော်လှန်ရေးကနေ မြို့ပြတော်လှန်ရေးကို ဖော်ဆောင်နိုင်ဖို့ ရေကုန်ရေခမ်းတက်အားသရွေ့လုပ်ဆောင်နေပါတယ်လို့ မချောစုဟန်ကဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးသီးသန့်သပိတ်တွေမှာပါဝင်သလို ပြည်သူ့ကာကွယ်ရေးတပ်တွေဝန်းရံတဲ့ သပိတ်တွေမှာလည်း ပါဝင် လှုပ်ရှားနေတယ်။

“ ပြည်သူလူထုကိုယ်တိုင်က လက်ခံယုံကြည်လာလို့ မြေပြင်သပိတ်တက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့ ပြည်သူ လူထုထံ ရှေ့ဆက်လျှောက်မယ့်လမ်းစဉ်တွေမှန်သမျှချမှတ်ပေးနိုင်တာရယ်၊ ပြည်သူလူထုနဲ့အတူ စစ်အာဏာရှင် ဆန့်ကျင် ရေးသပိတ်တွေကို ထွက်ပေးနိုင်တာပါ”လို့ဆိုပါတယ်။

photo credit- Ma Chaw Su Han

အိမ်လွမ်းချိန်များ
သပိတ်တွေမှာပါဝင်တာကြောင့် ရှောင်တိမ်းနေထိုင်ရတဲ့အတွက် အိမ်ပြန်ချင်တဲ့အချိန်တွေလည်းရှိခဲ့ပါတယ်။ အိမ်နဲ့အဆင် မပြေတာကြောင့် လွန်ခဲ့တဲ့သုံးနှစ်ကတည်းက အိမ်ကထွက်ခဲ့ပေမယ့် ကိုယ့်အိမ်ကိုဘယ်အချိန်ပြန်ပြန်ရတယ်ဆိုတဲ့ အတွေး ရှိခဲ့တယ်။

အာဏာသိမ်းခံလိုက်ရတဲ့ ၂၀၂၁ ဖေဖော်ဝါရီတုန်းက လမ်းမပေါ်ထွက်ခဲ့တုန်းကတော့ အားလုံးကိုစွန့်ခွာရကောင်း စွန့်ခွာ ရလိမ့်မယ်ဆိုတဲ့ အတွေးမျိုးတော့စိတ်ထဲမှာရှိခဲ့တယ်လို့ မချောစုဟန်ကဖွင့်ဟပါတယ်။

ပြည်သူလူထုရဲ့ ကူညီစောင့်ရှောက်မှုတွေကြောင့် စားဖို့သောက်ဖို့နဲ့ နေဖို့ထိုင်ဖို့အခက်အခဲတွေတော့ရင်မဆိုင်ခဲ့ရပါဘူး။

“ တခါတလေမှာဝမ်းနည်းလာလို့ငိုချင်လာလို့ ရင်ဖွင့်စရာရှိလို့ ရင်ဖွင့်ရမယ့်မိဘရင်ခွင်နဲ့ဝေးကွာနေတယ် ဆိုတဲ့အခက် အခဲလေးတွေပါပဲ”လို့သူကဆိုပါတယ်။

ဘယ်အချိန်မဆိုသေရဲတဲ့စိတ်နဲ့ တော်လှန်ရေးခရီးကိုလျှောက်နေပေမယ့် အိမ်ကိုပြန်နိုင်ပါ့မလားဆိုတဲ့ အတွေးကတော့ စိတ်အထိခိုက်ရဆုံးပါပဲ။ စိတ်ဓာတ်ကျတဲ့အချိန်တွေမှာ မိဘတွေရဲ့အားပေးစကားသံတွေကိုပြန်ကြားယောင်ရင်း အားတင်း ရှေ့ဆက်ခဲ့ပါတယ်။

ဒါကြောင့်လည်း မချောစုဟန်က တော်လှန်ရေးပြီးတဲ့အခါ “အမေ့အိမ်ကိုပြန်ချင်တယ်။ အမေ့အလုပ်တွေကူ လုပ်ပေးချင် တယ်။ အမေ့ရင်ခွင်မှာပဲ ခွဲခွာရတဲ့နှစ်တွေအစား ကလေးတစ်ယောက်လိုပြန်ချွဲချင်တယ်။ ဒါအဖြစ်ချင်ဆုံးဆန္ဒပဲ” လို့ ဆိုပါ တယ်။

photo credit- Ma Chaw Su Han

အဆုံးထိတော်လှန်မယ်
ဒီလို အိမ်လွမ်း ဝေဒနာတွေရှိနေပေမယ့်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ တောင်တန်းဒေသတွေမှာ ကျောင်းဆရာ မ လုပ်ချင်ခဲ့တဲ့ မချောစုဟန်တစ်ယောက် လက်ရှိမှာတော့ လူထုသပိတ်တွေနဲ့သာ နေ့ည ကုန်ဆုံးနေခဲ့ပါတယ်။

“ အဲ့အိပ်မက်တွေကို တော်လှန်ရေးပြီးဆုံးတဲ့အခါမှာ အကောင်အထည်ဖော်ပိုင်ခွင့်ရှိရင် ဖော်ချင်ပါသေးတယ်” လို့ဖွင့်ဟ ပါတယ်။

ဒါ့အပြင် သူစိုးရိမ်နေတာတစ်ခုလည်းရှိပါတယ်။ ဖမ်းဆီးခံရတဲ့အမျိုးသမီးတွေကို စစ်ကောင်စီက လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက် နှိပ်စက်မှုတွေ ပြုလုပ်နေတာကို ကြားသိနေရတာပါ။ မချောစုဟန် ကိုယ်တိုင်လည်း အဖမ်းခံရခဲ့ရင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ခံရနိုင်တယ်ဆိုတဲ့အတွေးမျိုးတော့ တွေးထားခဲ့မိပါတယ်။

ဒါပေမယ့် ဒီလိုအန္တရာယ်တွေရှိနေပေမယ့်လည်း စစ်ကောင်စီကို အဆုံးထိတော်လှန်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ မချောစု ဟန်က ယခုလိုဆိုတယ်။

“ အန္တရာယ်ကင်းကင်းနဲ့ သပိတ်တွေကို ရှေ့ဆက်ထွက်မယ်။ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့အနေထားမှာ အန္တရာယ်နဲ့ ဝေး အောင်နေပြီးတော့ အာဏာရှင်ကိုဆက်လက်တွန်းလှန်မယ်။ ”

Author:

Related Articles