Home ဆောင်းပါး ရဲဝံ့စွန့်စားရှေ့တန်းမှ ပြောက်ကျားတော်လှန်ရေးရဲမေများ

ရဲဝံ့စွန့်စားရှေ့တန်းမှ ပြောက်ကျားတော်လှန်ရေးရဲမေများ

နွေဦးမောင်။ ။

အချိန်မှာ နေ့လည်တစ်နာရီခန့်ဖြစ်၏။ နေ့လယ်ခင်းအပူရှိန်ကြောင့် အဝေးပြေးကတ္တရာလမ်းမကြီးထက် တံလျှပ်များထနေသည်။

လမ်းကြီးထက်တွင် ယာဉ်အသွားအလာများ အနည်းငယ်ရှင်းနေသည်။ ထို့ကြောင့် မြို့အဝင် တံတားတောင်ဘက်နားရှိ စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သားများသည်လည်း အေးဆေးစွာ ရှိနေကြသည်။

ယင်းသို့ စစ်ကောင်စီတပ်သားများ အမှုမဲ့အမှတ်မဲ့ ရှိနေမည့်အချိန်ကို ရဲမေပူတူးတို့ စောင့်ဆိုင်းနေခဲ့သည်မှာ တစ်လကျော် ရှိခဲ့ပြီ။ ယနေ့မူအခွင့်သာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ယာဉ်အသွားအလာများရှင်းနေချိန် ပြောက်ကျားရဲဘော်ရဲမေပူတူးနှင့် ရဲဘော်နှစ်ဦး ဆိုင်ကယ်နှစ်စီးဖြင့် စစ်ကောင်စီဂိတ်နား ချဉ်းကပ်လာခဲ့သည်။

ဂိတ်၏ မလှမ်းမကမ်းသို့ရောက်လာသည်တွင် ဆိုင်ကယ်များအထိုးရပ်ကာ ဂိတ်ထဲရှိ စစ်ကောင်စီတပ်သားများကို သေနတ် အတို၊ အရှည်များဖြင့် တရစပ်ပစ်ခတ်ခဲ့တော့၏။ အချိန်မှာ ၁၅မိနစ်ခန့်သာကြာသည်။ အခြေနေတစ်ခုလုံး ရုတ်ချည်း ပြောင်းလဲသွား၏။

ပခုက္ကူမြို့အဝင် တံတားတောင်ဘက်နားရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်မှ တပ်သားလေးဦးတွင် သုံးဦးမှာ ရဲမေပူတူး တို့ ပစ်ခတ်မှုကြောင့် နေရာတင် ပွဲချင်းပြီးသေဆုံးသွားသည်။ ကျန်စစ်ကောင်စီတပ်သားတစ်ဦးမှာလည်း ဒဏ်ရာရသွား သည်။ သို့သော် ရဲမေပူတူးတို့အဖွဲ့အား ပြန်လည်ခုခံနေသေး၏။

ထိုသို့ စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိနေသည့်ကြားက ရဲမေပူတူးတစ်ယောက် စစ်ဆေးရေးဂိတ်ထဲ ပြေး ဝင်ကာ ရန်သူ့လက်နက်နှစ်လက်ကို ပြေးကောက်လေသည်။ ကျန်တော်လှန်ရေးရဲဘော်နှစ်ဦးက ရဲမေပူတူးအား ကာပစ် ပစ်ပေးထား၏။

ဒဏ်ရာရစစ်ကောင်စီတပ်သားတစ်ဦးမှာ ကြောက်အားလန့်အားဖြင့် ပြန်လည်ခုခံနေသော်လည်း ဂိတ်ထဲသေနတ်ဝင် ကောက်သည့် ရဲမေပူတူးအား ထိမှန်အောင်ပစ်ခတ်ရန် မစွမ်းနိုင်ခဲ့ပေ။ ထို့ကြောင့် ရဲမေပူတူးတစ်ယောက် စစ်ကောင်စီ တပ်များ စစ်ကူရောက်မလာမီ ရန်သူ့လက်နက်များယူဆောင်ကာ အခြားရဲဘော်နှစ်ဦးနှင့်အတူ ခြေကျင်ပြေးထွက်လာခဲ့ တော့သည်။

Photo – PUGF

ဤတွင် ပခုက္ကူမြို့အဝင်မှ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်အား ဝင်ရောက်စီးနင်းတိုက်ခိုက်သည့် ပခုက္ကူပြောက်ကျား တပ်ဖွဲ့(တပ်ဖွဲ့၂)၏ ပြောက်ကျားစစ်ဆင်ရေးသည်လည်း အောင်မြင်မှုရခဲ့တော့၏။ အထက်ပါစစ်ဆင်ရေးကို ပခုက္ကူ ပြောက်ကျားတပ်ဖွဲ့(၂)မှ ရဲဘော်ဒီး၊ ရဲဘော်ဂျွန်ဖောနှင့် ရဲမေပူတူးတို့သုံးဦးက အပေးအယူ အချိတ်အဆက်မိမိဖြင့် လှုပ်ရှားနိုင်ခဲ့ခြင်းဖြစ်ကြောင်း တပ်ဖွဲ့တာဝန်ခံတစ်ဦးက ပြန်ပြောင်းပြောပြသည်။

” ဒီစစ်ဆင်ရေးမှာ ရဲမေပူတူးသာ ခုလိုမစွန့်စားခဲ့ရင် ရန်သူ့လက်နက်ကိုယ့်လက်နက် ဖြစ်လာမှာမဟုတ်ဘူး။ ရဲမေပူတူးရဲ့ ရဲဝံ့စွန့်စားမှုကြောင့် ဒီစစ်ဆင်ရေးအောင်မြင်ခဲ့တာပါ”ဟု ပခုက္ကူပြောက်ကျားတပ်ဖွဲ့ (၂)မှ စစ်ဆင်ရေး ခေါင်းဆောင်တစ်ဦး က မှတ်ချက်ပေးသည်။

ယင်းစစ်ဆင်ရေးခေါင်းဆောင်သည် ရန်သူ့လက်နက်နှစ်လက်အား အရယူနိုင်သည့်အပြင် ရန်သူ့တပ်သားသုံးဦးကို သုတ် သင်နိုင်ခဲ့သော ရဲမေပူတူးအပါအဝင် တော်လှန်ရေးရဲဘော်သုံးဦးအား စစ်ဆင်ရေးအပြီး လမ်းခုလပ်မှနေ၍ သွားရောက် ကြိုဆိုခဲ့သူလည်း ဖြစ်၏။

အထက်ပါ ပခုက္ကူတံတားအဆင်း စစ်ကောင်စီစစ်ဆေးရေးဂိတ်အား ဝင်ရောက်စီးနင်းတိုက်ခိုက်၍ ရန်သူ့လက်နက် ကိုယ့် လက်နက်အဖြစ် အရယူနိုင်ခဲ့သော မြို့ပြစစ်ဆင်ရေးကို ယခုနှစ် (၂၀၂၂)စက်တင်ဘာလ ၄ ရက်နေ့တွင် ပခုက္ကူ ပြောက် ကျားတပ်ဖွဲ့ (၂) က ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။

ထိုစစ်ဆင်ရေးတွင်ပါဝင်သည့် တစ်ဦးတည်းသော တော်လှန်ရေးရဲမေ ရဲဘော်ပူတူးမှာ အသက် ၂၁ သာ ရှိသေးသည်။ ၎င်းသည် တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်ပြီး စစ်အုပ်စု အာဏာသိမ်းပြီးနောက် စစ်ကျွန်ပညာရေးကို သပိတ်မှောက် ထား သူတစ်ဦး ဖြစ်၏။

Photo – PUGF

ထို့နောက် နွေဦးတော်လှန်ရေးကာလအစောပိုင်းတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် တက်ကြွစွာပါဝင် ခဲ့သော အမျိုးသမီးငယ်တစ်ဦးလည်းဖြစ်ပါသည်။ သို့နှင့်တော်လှန်ရေးအချိန်မြင့်လာပြီး တစ်နိုင်ငံလုံးခုခံစစ်ဆင်နွှဲရန် ပြင် ဆင်လာချိန် မပူတူးတစ်ယောက်ပခုက္ကူပြောက်ကျားတပ်ဖွဲ့သို့ဝင်ရောက်ကာ တော်လှန်ရေးတပ်သားအဖြစ်ခံယူခဲ့သည်။

အလားတူ တိုက်ခိုက်ရေးပညာနှင့် မြို့ပြစစ်ဆင်ရေးများအတွက် လိုအပ်သည့်လေ့ကျင့်မှုများကို အခြားသော တော်လှန် ရေးရဲဘော် အမျိုးသားများနှင့်ရင်ဘောင်တန်းကာ လေ့လာသင်ယူနိုင်ခဲ့ကြောင်း ၎င်းတို့တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြော ပြပါသည်။

” ပုံမှန်အားဖြင့်ဆိုရင်တော့ ရှေ့တန်းစစ်ဆင်ရေးတွေမှာ အမျိုးသမီးရဲဘော်တွေကို အသုံးနည်းတယ်။ ဒါပေမဲ့ ရဲမေပူတူး ကတော့ ချွင်းချက်လို့ ပြောရမယ်။ သူကရဲရင့်တယ်။ တက်တက်ကြွကြွလည်းရှိတယ်။ ပြီးတော့ ကျနော်တို့က စနစ်တကျ လေ့ကျင့်သင်ကြားပေးထားတော့ သူ လုပ်နိုင်လိမ့်မယ်လို့လည်းယုံကြည်တယ်”ဟု အထက်ပါ ခေါင်းဆောင်ကဆိုသည်။

တပ်ဖွဲ့ခေါင်းဆောင်များ၏ ရဲမေပူတူးအပေါ် ယုံကြည်ချက်မှာ အချည်းအနှီးမဖြစ်ခဲ့ပေ။ ထိုအချက်ကို ပခုက္ကူမြို့အဝင် တံတားတောင်ဘက်နားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အား အောင်မြင်စွာစီးနင်းတိုက်ခိုက်နိုင်ခဲ့ခြင်းက သက်သေခံလျက် ရှိသည်။

ထိုအချိန်က ပခုက္ကူပြောက်ကျားတပ်ဖွဲ့တွင် တော်လှန်ရေးရဲဘော်အင်အားနှင့် လက်နက်အင်အား မည်သို့မျှမမျှခဲ့ပေ။ ယင်းအခြေအနေကြောင့် စစ်ဆင်ရေးများကို အလှည့်ကျ တာဝန်ထမ်းဆောင်ရပြီး တပ်ဖွဲ့ပိုင်မောင်းပြန်လက်နက် ခုဂဏန်း ခန့်ကို အလှည့်ကျကိုင်ခဲ့ရသည်။

ထို့ကြောင့် ရဲဘော်တိုင်း၏ အိပ်မက်မှာကိုယ်ပိုင်လက်နက်ရရေးဖြစ်၏။ ဤတွင် ရဲမေပူတူးတစ်ယောက် ၎င်း၏ လုပ်ဖော် ကိုင်ဖက် ရဲဘော်များအား လက်နက်ရအောင် အားထုတ်လိုစိတ် ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့်လည်း ရန်သူ့လက်နက် ကိုယ့် လက်နက်ဖြစ်ရေးမူဖြင့် စစ်ဆင်ရေးအောင်မြင်အောင် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ခေါင်းဆောင်ကတဆင့် ရဲမေပူတူး က ရင်ဖွင့်သည်။

ပခုက္ကူစစ်ဆေးရေးဂိတ်စီးနင်းတိုက်ခိုက်မှုအား အောင်မြင်စွမ်းဆောင်နိုင်ခဲ့သော ရဲမေပူတူးနှင့် တော်လှန်ရေး ရဲဘော်များ အား အခြားတပ်ဖွဲ့တစ်ခုက ဂုဏ်ပြုခဲ့သည်။ ၎င်းဂုဏ်ပြုမှုမှာအခြားမဟုတ်။ ရရှိခဲ့သော G3 အမျိုးအစား လက်နက် နှစ် လက်ကို မောင်းပြန်အမျိုးအစားထဲက အခြားလက်နက်လေးလက်ဖြင့် လဲလှယ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ သို့အတွက် ငွေ အနည်းငယ်သာ အလိုက်ပေးခဲ့ရကြောင်း ပခုက္ကူပြောက်ကျားတပ်ဖွဲ့ (၂)မှ ခေါင်းဆောင်တစ်ဦးက ရှင်းပြသည်။

ထို့ကြောင့် ရဲမေပူတူးမှာ ကိုယ်ပိုင်လက်နက်မကိုင်ရသေးသည့်တိုင် တပ်ဖွဲ့အတွက် လက်နက်လေးလက်ရအောင် အခြား တော်လှန်ရေးရဲဘော်နှစ်ဦးနှင့်အတူ စွမ်းဆောင်နိုင်ခဲ့တော့သည်။ ယင်းအခြေအနေကို တွေ့မြင်ကြားသိရသော တော်လှန် ရေးအင်အားစုများအနက် မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ‘ရဲမေပူတူးအတွက် မောင်းပြန်တစ် လက်’ ကမ်ပိန်းပြုလုပ်၍ ဂုဏ်ပြုပေးခဲ့သည်။

ထိုကမ်ပိန်းအား စက်တင်ဘာ ၁၀ ရက်နေ့ညပိုင်းတွင် စတင်ခဲ့ရာ ရက် ၂၀ အတွင်း ကျပ်သိန်း ၁၅၀ ကျော်ရရှိခဲ့သည်။ သို့သော် လက်နက်တန်ဖိုးမှာ ကျပ် ၁၈၅ သိန်းကျသင့်သဖြင့် ကမ်ပိန်းရက်အား အောက်တိုဘာ ၆ ရက်အထိ ထပ်တိုးခဲ့ပြီး ရဲမေပူတူးအတွက် ကျပ် ၁၈၅ သိန်းတန် မောင်းပြန်တစ်လက် ဝယ်ယူ၍ ချီးမြှင့်နိုင်ခဲ့လေသည်။

Photo – PUGF

အထက်ပါ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး သေနတ်နှစ်လက်ဆုံးရှုံးကာ တပ်သားသုံးဦးသေဆုံးခဲ့ရသော စစ်ကောင် စီတပ်က ပခုက္ကူမြို့အား ယခင်ထက်လုံခြုံရေးပိုမို တင်းကျပ်လိုက်တော့သည်။ ယခုမူ ပခုက္ကူမြို့တွင်းသို့ ဆိုင်ကယ် နှစ် ယောက်စီးခွင့် မပေးတော့ပေ။

သို့သော် စစ်ကောင်စီတပ်၏ ထိုပိတ်ဆို့မှုမှာ ထိရောက်မှုမရှိခဲ့ပါ။ ယင်းမှာ စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များ ဆက်လက်တိုက်ခိုက်ခံနေရ၍ ဖြစ်သည်။ လူသိများပြီး ထင်ရှားသည့်ဖြစ်ရပ်များတွင် ဒီဇင်ဘာ ပထမပတ်နှင့် ဒုတိယ ပတ်များတွင် စစ်ကောင်စီ၏ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်အချို့ ပစ်ခတ်ရှင်းလင်းခံရခြင်းဖြစ်သည်။

ယင်းအနက် ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်နေ့ညနေပိုင်းက ပခုက္ကူမြို့ အမှတ်(၃)ရပ်ကွက်ရှိ စစ်တပ်လူထွက် စစ် ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်တစ်ဦးမှာ နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခံခဲ့ရသည်။ ထိုဖြစ်စဉ်တွင် ထူးခြားချက်မှာ ရဲမေပူတူးကဲ့သို့ ရဲစွမ်းသတ္တိရှိသော အမျိုးသမီးတော်လှန်ရေးရဲမေများက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အလားတူ ပခုက္ကူမြို့နယ်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ၊ သတင်းပေးဒလန်များနှင့် ပျူစောထီးများကို ရဲမေပူတူး ကဲ့သို့ ရဲဝံ့စွန့်စားသော တော်လှန်ရေးအမျိုးသမီးများက မကြာခဏသုတ်သင်နှိမ်နင်းနေသည်မှာ သြချလောက်စရာ သမိုင်း မှတ်တမ်းများသာ ဖြစ်ပါသည်။

ဤသည်ကို ပခုက္ကူအခြေစိုက်တော်လှန်ရေးရဲဘော်လူငယ်တစ်ဦးကမှတ်ချက်ပြုရာတွင် အမျိုးသားအများစုပင် လုပ်ဆောင် ရန်ခက်ခဲသော လုပ်ရပ်များကို အမျိုးသမီးများက ရဲရဲဝံ့ဝံ့စွမ်းဆောင်နိုင်သည်မှာ ချီးကျူးထိုက်ကြောင်း ပြောပါသည်။

ထို့အပြင်အဆိုပါတော်လှန်ရေးရဲဘော်လူငယ်က “အမျိုးသမီးတွေဟာ ယောကျ်ားတွေနဲ့တန်းတူ အာဏာရှင်တွန်းလှန်ရာ မှာ တိုက်ပွဲဝင်နေကြတဲ့အတွက် အံ့သြလေးစားရပါတယ်”ဟု မှတ်ချက်ပေးသည်။

Author:

Related Articles