ခင်ဘုန်းမို့
ကမ္ဘာ့သတင်းစာများနဲ့ သတင်းစာထုတ်ဝေသူများအဖွဲ့(World Association Of News Publisher)က သတင်းမီဒီယာလုပ်ငန်းတွေမှာ ဦးဆောင်ပါဝင်နေတဲ့ အမျိုးသမီးတွေကိုချီးမြှင့်တဲ့ Women in News Editorial Leadership ဆုကိုယခုနှစ် ၂၀၂၄ခုနှစ်မှာအရှေ့တောင်အာရှဒေသ ကိုယ်စားပြုအနေနဲ့ ကရင်သတင်းဌာန (KIC) ရဲ့ ဒါရိုက်တာနဲ့ အယ်ဒီတာချုပ် နန်းဖော့ဂေက ရရှိခဲ့ပါတယ်။
အသက် (၅၃)နှစ်အရွယ် နန်းဖော့ဂေဟာ နိုင်ငံတကာမြန်မာ့သတင်း (BNI)ရဲ့ အယ်ဒီတာဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သလိုလွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ရဲ့ ဥက္ကဌလည်းဖြစ်ပါတယ်။
“ဆုရရှိမှုအပေါ် ခံစားချက်ကတော့ အံ့ဩမှုဖြစ်တယ်။ ပြီးမှ ဝမ်းသာပီတိဖြစ်တယ်။ အဲ့လောက်ပါပဲ”လို့ နန်းဖော့ဂေက သူ့ခံစားချက်ကို ပြောပါတယ်။
ဆုရရှိဖို့မျှော်မှန်းပြီး မီဒီယာအလုပ်ကိုလုပ်တာမဟုတ်ဘဲ ကိုယ့်လူမှုအဖွဲ့အစည်းနဲ့ နယ်မြေဒေသအတွက် သတင်းတွေဖော်ထုတ်နေဖို့ လိုအပ်တယ်ဆိုတဲ့ ခံယူချက်၊ ယုံကြည်ချက်နဲ့ အမျိုးသမီးတစ်ဦးအနေနဲ့ မဖြောင့်ဖြူးတဲ့ အချိုးအကွေ့များစွာကို ကျော်ဖြတ်ပြီး လုပ်ခဲ့တာပါလို့ နန်းဖော့ဂေကဆိုပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ မီဒီယာလုပ်ငန်းတွေ၊ သတင်းမီဒီယာသမားတွေဟာ ခက်ခဲတဲ့အခြေအနေ တွေနဲ့ ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ ဒီကာလမှာ မီဒီယာအလုပ်ကို စွန့်လွှတ်သွားသူတွေရှိသလို ဆက်လုပ်နေဆဲသူတွေလည်း ရှိကြပါတယ်။ ဒီလိုခက်ခဲတဲ့ကာလမှာ ဆုရတဲ့အတွက် မီဒီယာသူရဲကောင်းတွေ၊ အမျိုးသမီးသတင်း သမားတွေအတွက် ခိုင်မာတဲ့တွန်းအား၊ မောင်းနှင်အားတစ်ခုလိုခံစားမိတယ်လို့ နန်းဖော့ဂေကဆက်ပြောပါတယ်။
အမျိုးသမီးတစ်ဦးလျှောက်လှမ်းခဲ့တဲ့ သတင်းမီဒီယာခရီးလမ်း
နန်းဖော့ဂေဟာ အသက်(၂၉)နှစ်အရွယ်လောက်ကစပြီး မီဒီယာလုပ်ငန်းခွင်ထဲ ခြေချဖြစ်ခဲ့တာပါ။ မွေးရပ်မြေကနေ နယ်စပ်ဘက်ကို အလုပ်လုပ်ဖို့ထွက်လာတုန်းက သတင်းမီဒီယာနဲ့ပတ်သက်ပြီး အသက်မွေးဝမ်းကျောင်းပြုဖို့ မရည်ရွယ်ထားခဲ့ပါဘူး။
“နယ်စပ်ဒေသမှာ ကိုယ်က ဘာတွေလုပ်ပေးနိုင်မလဲ။ ကိုယ့်အတွက်ရော ဘာတွေလေ့လာသင်ယူနိုင်မလဲဆိုတဲ့စိတ်ကူးနဲ့ ရွယ်တူအဖော်မပါဘဲ အပါးရဲ့မိတ်ဆွေတစ်ဦးနဲ့ လိုက်လာခဲ့တယ်”လို့ နန်းဖော့ဂေက ပြန်ပြောင်းပြောပြပါတယ်။
ထိုင်း-မြန်မာနယ်စပ်ဘက်ကိုရောက်တော့KIC(Karen Information Center)နဲ့ KWO (Karen Women’s Organization)မှာပါဝင်ဖြစ်ခဲ့တယ်။ လစဉ် ကရင်သတင်းစာစောင်ထုတ်နေတဲ့ KIC မှာ သတင်းတွေစာရိုက်ရင်း ဝန်ထမ်းဘဝနဲ့အလုပ်စလုပ်ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာတော့ အခြေခံသတင်းစာပညာနဲ့ပတ်သက်တဲ့ ရက်တိုသင်တန်း တွေတက်ကာနယ်မြေသစ်၊ အသိုင်းအဝိုင်းသစ်၊ မိတ်ဆွေသစ်တွေနဲ့အဆင်ပြေအောင်ဆက်ဆံရင်းသတင်းထောက် အလုပ်ကိုစတင်လုပ်ကိုင်ခဲ့ပါတယ်။
“နယ်စပ်မှာက များသောအားဖြင့် စှော်(စကော)ကရင်စကား၊ စာတွေကိုပဲ သုံးကြတာများတော့ ပိုးကရင်(ဖလုံ)မျိုးနွယ်စုဖြစ်တဲ့ ကျွန်မအတွက် နောက်ထပ်ပွာကညော(စှော်)လိုပြောတတ်ဖို့ ဒုက္ခသည်စခန်းထဲက ကလေးလေးတွေနဲ့စကားပြောရင်း လေ့ကျင့်ခဲ့ရတယ်”လို့ နန်းဖော့ဂေက အမှတ်တရတွေကိုပြောပြခဲ့ပါတယ်။
၂၀၀၈ ခုနှစ်မှာတော့ နန်းဖော့ဂေဟာ KIC-ကရင်သတင်းဌာနရဲ့ ဒါရိုက်တာနဲ့အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ အယ်ဒီတာချုပ်တာဝန်ကို စတင်ထမ်းဆောင်ရချိန်တုန်းက ကိုယ်တိုင်သတင်းရေးတာ၊ တခြားသူတွေရေးတာကို တည်းဖြတ်တာစတာတွေကိုလုပ်ကိုင်ခဲ့ပါတယ်။
“လုပ်ငန်းလည်ပတ်ဖို့အတွက် Proposal ပရိုပိုဆယ်ကိုလည်း မကျွမ်းမကျင်ဘဲ ရေးပို့ရသလို လုပ်ငန်းအစီရင်ခံစာကိုရေးပို့ရတဲ့ တာဝန်တွေက စိတ်ဖိစီးမှုအတော်ဖြစ်တယ်”လို့ သူ့အခက်အခဲတွေကို ပြောပြပါတယ်။
သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ ၂၅နှစ်နီးပါးကာလအတွင်း ဌာနတွင်း၊ ဌာနပြင်ပ၊ မိသားစုရေးရာ စတဲ့ မတူညီ တဲ့ပုံစံမျိုးစုံနဲ့ အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲတွေကြားမှာလည်းကိုယ့် ရဲ့သတင်းဌာနအတွက် အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီး အဆင်ပြေအောင် အတတ်နိုင်ဆုံး စီမံခန့် ခွဲခဲ့ပါတယ်။
“ကိုယ့်သတင်းဌာနကို ပြည်တွင်းထဲ ခြေပြန်လှမ်းခဲ့သလို နယ်စပ်မှာလည်း လုပ်ဆောင်နေဆဲ အဲလိုပုံစံ စီမံခန့်ခွဲခဲ့ ရတယ်။ ဒီကာလတွေမှာ ဌာနတွင်းက လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းတွေလည်း အလုပ်နားလိုက်၊ အလုပ်ပြောင်းလိုက် တွေလည်းရှိကြတော့ ဝန်ထမ်းတည်ငြိမ်ရေးနဲ့ ဌာနတိုးတက်ရေးအတွက် အတော်တော့ ရုန်းကန်ခဲ့ရတယ်”လို့ နန်း ဖော့ဂေက ဆိုပါတယ်။
စစ်အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်တော့လည်း ကိုယ့်သတင်းဌာန လုပ်ငန်းမရပ်တန့်အောင် စီစဉ်လုပ်ရတာတွေ၊ ဘဏ္ဍာ ရေးပိုင်းဆိုင်ရာ ဘေးကြပ်နံကြပ်ဖြစ်မှုကို နည်းလမ်းရှာလုပ်ဆောင်ရတာ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လုံခြုံရေးအ တွက် ကြိုတင်စဉ်းစားဆောင်ရွက်ရတာ စတဲ့ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
“၂၀၀၈ခုနှစ်ကတည်းက ဒီသတင်းဌာနကို ကိုယ်တတ်သလောက်လေး ဦးဆောင်လာခဲ့တော့ ပျက်စီးသွားမယ်။ ရပ်တန့်သွားမယ်ဆိုတာကို ဘယ်လိုမှအဖြစ်မခံနိုင်တဲ့ စိတ်စွမ်းအားက ကျမအတွက် တွန်းအားဖြစ်နေစေခဲ့တယ်” လို့ နန်း ဖော့ဂေက ဆိုပါတယ်။
ရှေးရိုးစွဲအယူအဆတွေကြားက အမျိုးသမီးသတင်းမီဒီယာသမားဘဝ
နန်းဖော့ဂေရဲ့မိခင်ဖြစ်သူဟာ အိမ်ထဲက အိမ်ပြင်ထွက်လေ့မရှိသူ အမျိုးသမီးတစ်ဦးဖြစ်တာကြောင့် သမီးဖြစ်သူကိုလည်း အိုးမကွာ၊ အိမ်မကွာနေစေချင်ခဲ့တယ်။ သတင်းမီဒီယာအလုပ်ဟာလည်း အိမ်ထဲမှာထိုင်နေပြီး လုပ်ကိုင်ရတာမဟုတ်တော့ မိခင်ဖြစ်သူရဲ့ဆန္ဒကိုမဖြည့်ဆည်းနိုင်ခဲ့ဘူး။ မီဒီယာအလုပ်ဆိုတာဘယ်လိုအရေးကြီးတယ်ဆိုတဲ့အကြောင်းမိခင်ဖြစ်သူ လက်ခံနားလည်လာအောင် ရှင်းပြခဲ့ရပါတယ်။
“အမျိုးသမီး(မိန်းမ)မို့ရပ်ဝေးရွာဝေးနေထိုင်လုပ်ကိုင်နေတာ၊ သားနဲ့သမီးကိုထားခဲ့ပြီးခရီးသွားလာနေတာမျိုးဆိုအမြဲတမ်းအပြောခံရတယ်”လို့ နန်းဖော့ဂေက ဖွင့်ဟပါတယ်။
မိခင်ဖြစ်သူအမျိုးသမီးတစ်ဦးအနေနဲ့ အပြင်ထွက်အလုပ်လုပ်ကိုင်ရတဲ့အခါ လုပ်ငန်းခွင်ဝင်တဲ့ မိခင်တွေကြုံရတဲ့အခက်အခဲတွေကိုသူမရင်ဆိုင်ရပြန်ပါသေးတယ်။ ကွင်းဆင်းသတင်းရယူတာမျိုးတွေမှာ သားနဲ့သမီးကို အိမ်နီးချင်းအသိမိတ်ဆွေတွေနဲ့ အပ်နှံထားခဲ့ရတာမျိုး၊ ခေါ်သွားလို့ရတဲ့နေရာဆိုလည်း ကလေးတစ်ဖက်နဲ့ ခရီးသွားရတာမျိုး ဆိုတော့ ထင်သလောက်မပေါက်ရောက်တဲ့ အခြေအနေတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။
သူဟာတစ်ဖက်မှာသတင်းမီဒီယာလုပ်ငန်းကိုဦးစီးလုပ်ကိုင်နေပေမယ့်တစ်ဖက်မှာလည်းအိမ်တွင်းအကြမ်း ဖက်မှု နဲ့ ရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။
“စိတ်သောကတွေ အတော်ခံစားရတယ်။ ရင်ဖွင့်စရာ မိဘမောင်နှမလည်း အနားမှာမရှိသလို ကိုယ်ရင်ဆိုင်ရတဲ့ အခက်အခဲကြီးကိုလည်း သူတို့တွေကို မျှဝေမပေးနေတော့ဘဲ ကြိတ်မှိတ်ကျော်ဖြတ်ခဲ့ရတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။
ကြုံတွေ့ခဲ့ရတဲ့ အိမ်တွင်းအကြမ်းဖက်မှု ဒုက္ခတွေထဲကနေရုန်းထွက်ပြီး အိမ်ထောင်ကွဲကာသားသမီးနှစ်ယောက်နဲ့ ဘဝကိုတစ်ဦးတည်းရပ်တည်ခဲ့ပါတယ်။ သုံးနှစ်ကျော်အကြာမှာတော့ သူမအပေါ်နားလည်ပြီးသူမခံယူချက်၊ လုပ်ဆောင်ချက်ကိုလေးစားတဲ့သူနဲ့ဆုံပြီးအိမ်ထောင်ပြုတော့ အစပိုင်းနှစ်တွေမှာမိခင်ကနားလည်မှုမပေးနိုင်တာမျိုး ထပ်ပြီး ရင်ဆိုင်ရပြန်ပါသေးတယ်။
“ကိုယ့်အခက်အခဲကိုယ်အသိဆုံးပဲမို့ ရှေးရိုးစွဲအယူအဆတွေကို အလုပ်နဲ့ပဲသက်သေပြခဲ့ပါတယ်။ အမျိုးသမီးသတင်းသမားဘ၀ကိုနားလည်မပေးနိုင်ကြသူတွေလည်းရှိတယ်။ ဒါပေမယ့် အဲဒီရှေးရိုးစွဲကို သိထားလို့၊ ကျွန်မလျှောက်တဲ့ လမ်းကို မှန်တယ်လို့ယူဆထားလို့ဘက်နှစ်ဖက်ကို ချိန်ဆပြီး မလစ်ဟင်းအောင် စိတ်မွန်းကြပ်မှုတွေ မျိုးစုံကြားက ကျွန်မရင်ဆိုင်ခဲ့၊ ရှေ့ဆက်ခဲ့တယ်”လို့ နန်းဖော့ဂေကဆိုပါတယ်။
မြန်မာ့မီဒီယာလုပ်ငန်းခွင်ထဲမှာအမျိုးသမီးသတင်းထောက်အတော်များများ ရှိလာတယ်လို့ ပြောနိုင်ပေမယ့်အမျိုး သမီးအယ်ဒီတာတွေ၊ အယ်ဒီတာချုပ်တွေကတော့ နည်းပါးနေတဲ့အနေအထား ဖြစ်နေပါသေးတယ်။
အမျိုးသမီးသတင်းသမားတွေဟာလုပ်ငန်းခွင်မှာရာထူးမြင့်မြင့်နေရာ၊ ဆုံးဖြတ်ချက်ချတဲ့နေရာတွေရောက်ဖို့ကျင်လည်ရတဲ့ပတ်ဝန်းကျင်နဲ့ ကြီးပြင်းလာတဲ့မိသားစုအခြေအနေတွေအပေါ်မူတည်ပြီး ရှေးရိုးစွဲအယူအဆတွေကြားက ကျော်ဖြတ်ကြရပါတယ်။
အမျိုးသမီးတွေအနေနဲ့ ဦးဆောင်သူနေရာကိုရောက်ဖို့ဌာနရဲ့မူဝါဒအပေါ်မှာမူတည်ပြီး ဌာနရဲ့မူဝါဒထဲမှာခိုင်ခိုင်မာမာချမှတ်ကျင့်သုံးတာမျိုး၊ အမျိုးသမီးတွေကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ဂုဏ်သိက္ခာရှိရှိလုပ်ဆောင်မယ်ဆိုရင် ဦးဆောင်သူနေရာကို ရောက်ရှိဖို့က မခဲယဉ်းဘူးလို့ နန်းဖော့ဂေက မှတ်ချက်ပေးပါတယ်။
“ကျွန်မတို့ ကရင်လူမှုအသိုင်းအဝိုင်းမှာတော့ အမျိုးသမီးနဲ့ အမျိုးသားဟာ အားထုတ်နိုင်ရင်နိုင်သလို တာဝန်ပေးခြင်းခံရတာပါပဲ။ အထူးသဖြင့် သတင်းမီဒီယာလုပ်ငန်းခွင်မှာ ရေရှည်တိုးတက်အောင် ကြံဆောင်လုပ်ကိုင်လိုသူက ကိုယ့်နယ်မြေဒေသ၊ လူမှုအဖွဲ့အစည်းထဲမှာတော့ အတော်နည်းပါတယ်။ ဒီအတွက်ကြောင့်လည်း အမျိုးသမီးဖြစ်ပေမယ့် အားထုတ်ကြိုးစားနိုင်ရင် အမျိုးသားတွေတောင် ရေရှည်မလုပ်နိုင်တဲ့အလုပ်ကို အမျိုးသမီးတွေက ဆက်လုပ်နေနိုင်မှာ သေချာပါတယ်”လို့ နန်းဖော့ဂေက ဆိုပါတယ်။
စစ်အာဏာသိမ်းမှုကာလအတွင်းမှာ သတင်းမီဒီယာအလုပ်လုပ်ကိုင်နေကြတဲ့အမျိုးသမီးသတင်းသမားတွေအတွက်လည်း အခုလိုအားပေးစကားဆိုပါတယ်။
အမျိုးသမီးသတင်းသမားတွေကို အားပေးချင်တာက ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ထားပါ။ မဖြစ်ဘူးဆိုတာ မရှိဘူး။ မဖြစ်သေးတာပဲရှိတာကြောင့် အမျိုးသားတွေလုပ်နိုင်ရင် ကျွန်မတို့ အမျိုးသမီးတွေလည်း လုပ်နိုင်တာတွေ အများကြီးရှိတာကို လက်ခံစေချင်တယ်။ ကိုယ်တိုင် လေ့လာသင်ယူအားထုတ်မှုနဲ့ ကိုယ်ပိုင်အရည်အချင်းကို ပေါင်း စပ်ပြီးလက်တွေ့ပြသလုပ်ဆောင်စေချင်တယ်။ ကျွန်မတို့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဖိစီးမှုဒဏ်ကို ခံနိုင်ရည်စွမ်းအားမြင့်မားပါတယ်။
နန်းဖော့ဂေဟာ ကရင်ပြည်နယ် ဘားအံမြို့ဇာတိဖြစ်ပြီး ဘားအံမြို့မှာပဲ မူလတန်းကနေ အထက်တန်းအထိ တက်ရောက်ခဲ့ပါတယ်။ မိဘတွေကတော့ဘားအံမြို့တောင်ဘက်ဇွဲကပင်တောင်ခြေနားရွာလေးကဒေသခံတွေဖြစ်ကြပါတယ်။
သူမအထက်တန်းအောင်မြင်ပြီးချိန်ဟာရှစ်လေးလုံးကာလဖြစ်တယ်။ကျောင်းသားအရေးအခင်းဖြစ်တော့ရန်ကုန်မှာ သောင်တင်နေခဲ့ပြီး ကိုယ့်မြို့ကို ပြန်ရောက်လာချိန်မှာတက္ကသိုလ်၊ ကောလိပ်တက်ခွင့်မရသေးလို့ ငယ်ငယ်ကနေခဲ့တဲ့ မူကြိုကျောင်းမှာ လုပ်အားပေးဆရာမ (စေတနာ့ဝန်ထမ်း)အဖြစ် ပြန်ဝိုင်းကူလုပ်ဆောင်ပေးခဲ့ပါတယ်။
၁၉၉၁ ခုနှစ်ကနေ ၁၉၉၂ခုနှစ်မှာ ဘားအံ၊ ဒေသကောလိပ်ကျောင်းမှာ ဓာတုဗေဒအထူးပြုဘာသာရပ်ကို ဒုတိယနှစ် အထိ တက်ရောက်ခဲ့ပါတယ်။ တတိယနှစ်နဲ့ စတုတ္ထနှစ်(နောက်ဆုံးနှစ်)ကိုတော့ မွန်ပြည်နယ်၊ မော်လမြိုင် တက္ကသိုလ်မှာ တက်ရောက်အောင်မြင်ခဲ့ပြီး အသက် ၂၄နှစ်အရွယ် ၁၉၉၅ခုနှစ်မှာ ဘွဲ့ရရှိခဲ့ပါတယ်။
ရှေ့ဆက်ပြီးတော့ ကိုယ့်သတင်းဌာနကို ဒီထက်မက များစွာ ဖွံ့ဖြိုးတိုးတက်လာနိုင်ဖို့ မျှော်လင့်ထားပြီး မီဒီယာအားဖြင့် ကိုယ့်လူမှုအသိုင်းအဝိုင်း တိုးတက်ပြောင်းလဲလာတာ၊ အတွေးအခေါ် အသိအမြင်တွေ မြင့်မားလာတာ ဖြစ်စေချင်တာက နန်းဖော့ဂေရဲ့ဆန္ဒပါပဲ။
ဒါ့အပြင်ကျင့်ဝတ်နဲ့အညီသတင်းဝန်ဆောင်မှုတွေ၊ ပညာပေးမှုတွေ လုပ်ဆောင်နိုင်ဖို့ သတင်းသမားတွေ အများကြီး ပေါ်ထွက်လာအောင်မွေးထုတ်ပေးချင်တယ်လို့ဆိုပါတယ်။ ပညာရေးမှာမီဒီယာပညာရပ်ကိုလည်းဘာသာရပ်တစ်ခုအဖြစ်သင်ကြားတာမျိုး ပြည်နယ်၊ တိုင်းဒေသအလိုက်တိုင်းရင်းသားသတင်းသမားတွေကိုမွေးထုတ်တဲ့သင်တန်းကျောင်းမျိုးရှိစေချင်ပြီး အထူးသဖြင့်သတင်းမီဒီယာလုပ်ငန်းခွင်မှာ အမျိုးသမီးသတင်းသမားတွေဦးဆောင်မှုအပိုင်း လုပ်ကိုင်နေတာမျိုးပိုရှိစေချင်တယ်လို့ နန်းဖော့ဂေက ဆိုပါတယ်။
“သတင်းမီဒီယာဆိုတာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးဆိုတဲ့ မဏ္ဍိုင်သုံးရပ်ကို စောင့်ကြည့်ထောက်ပြနေတဲ့စတုတ္တမဏ္ဍိုင်တစ်ခုဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုသွားမယ်ဆိုရင် မီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ လွတ်လပ်စွာ သတင်းရယူခွင့်တွေကို အားပေးတဲ့ လူ့ အဖွဲ့အစည်းမျိုးဖြစ်လာဖို့အတွက်သူ့ကဏ္ဍနဲ့သူ လုပ်ဆောင်နေကြတဲ့ မဏ္ဍိုင်လေးရပ်စလုံးဟာ အပြန်အလှန်နား လည်မှုရှိရှိနဲ့ချိတ်ဆက်မှု အားကောင်းနေဖို့ လိုအပ်တယ်လို့”လို့ နန်းဖော့ဂေက ဆိုပါတယ်။