Home ဆောင်းပါး ဒေါ်ခင်မာမြင့်နှင့်အတူ ကျရှုံးခြင်း

ဒေါ်ခင်မာမြင့်နှင့်အတူ ကျရှုံးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ လူမှုကွန်ယက် စာမျက်နှာ

မယ်လွန်း။             ။

“အိမ်ဖော်လိုလားကော်ရီး (ကိုကြီး)” ဆိုတဲ့စကားကို လူမှုကွန်ယက်သုံးစွဲသူတွေ ရင်းနှီးကြမယ်ထင်ပါ တယ်။

အဲဒီစကားနဲ့အတူ တဆက်တည်း ဒေါ်ခင်မာမြင့်ဆိုသူကိုလည်း မြင်ယောင်လာပါလိမ့်မယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယအပတ်မှာ ဟိုးလေးတကြော်ဖြစ်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးကို မုဒိမ်းမှုနဲ့ တရားစွဲဖို့ကြိုးစားခဲ့တဲ့ အသက် (၄၀)အရွယ် အိမ်အကူ ဒေါ်ခင်မာမြင့်ရဲ့တိုင်တန်းချက်ဟာ ရက်ပိုင်းမှာပဲ အမှုမှန်ပေါ်ပေါက်ခဲ့ပါတယ်။ သတင်းမီဒီယာတွေနဲ့ လူမှုကွန်ယက်စာမျက်နှာတွေကနေတဆင့် သတင်း ချိတ်ဆက်မှုတွေ၊ စွတ်စွဲခံရတဲ့မိသားစုကို ချစ်ခင်အားပေးမှုတွေဟာ အမှုမှန်ပေါ်ပေါက်ရေးအတွက် တစိတ် တပိုင်း အရေးပါခဲ့တယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒီလိုနဲ့ အချိန်တိုအတွင်းမှာ ဒေါ်ခင်မာမြင့်ဟာ အမှုဆင်ပြီး လိမ်လည်တိုင်ကြားခဲ့တယ်ဆိုတာကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အခုတော့ လိမ်လည်အမှုဆင်ခဲ့တဲ့ ဒေါ်ခင်မာမြင့်ဟာ တရားလိုအဖြစ်ကနေ တရားခံဘဝရောက်နေပါပြီ။

ဒါဟာ မုဒိမ်းမှုနဲ့ မတရားစွတ်စွဲခံရသူတွေအတွက် မင်္ဂလာရှိတဲ့သတင်းကောင်းတခုဖြစ်သလို မုဒိမ်းမှုကို ပစ်မှတ်ထားပြီး လိမ်လည်လုပ်စားနေသူတွေကိုလည်း ကောင်းကောင်းကြီးသင်ခန်းစာပေးလိုက်နိုင်တဲ့ အောင်မြင်မှုတခုလည်း ဖြစ်ပါတယ်။

ဒေါ်ခင်မာမြင့်နဲ့အပေါင်းအပါတွေရဲ့ လုပ်ကြံမှုကြီး ပေါ်ပေါက်ပြီး အရှုံးနဲ့ရင်ဆိုင်ရတာ ဝမ်းသာစရာပါ။ ဒါပေ မယ့် သူနဲ့အတူ ဘယ်အရာတွေ ကျရှုံးခဲ့ရပါသလဲ။

အဲဒါကတော့ victim blaming (ကျူးလွန်ခံရသူကို အပြစ်တင်ခြင်း) အလေ့အထနဲ့ အသားကျနေတဲ့ ကျမ တို့ လူမှုအသိုင်းအဝိုင်းကြီးပါပဲ။ ဒီကျရှုံးမှုဟာ ဒေါ်ခင်မာမြင့်လို လိမ်လည်လုပ်ကြံတာမဟုတ်တဲ့ မြန်မာ နိုင်ငံက မုဒိမ်းမှု ကျူးလွန်ခံရသူပေါင်းများစွာအတွက် မသိမသာနဲ့ အထိနာလှတဲ့ ကျရှုံးမှုတခုဖြစ်ပါတယ်။

ဒီနေရာမှာ ဒေါ်ခင်မာမြင့် ကျူးလွန်တဲ့အမှု မှန်ခြင်း၊ မှားခြင်း ဦးတည်ပြီး ဆိုလိုခြင်းမဟုတ်ပါ။ အမှုတခု ထွက်ပေါ်လာတဲ့အခါ လူပုဂ္ဂိုလ်အခြေခံပြီး ကျူးလွန်ခံရသူလို့ ယူဆရသူ (တရားလို) အပေါ် ကျား-မအခြေ ပြုပုံစံခွက်တွေထဲကနေ ခန့်မှန်းဝေဖန်မှုတွေရဲ့ အကျိုးဆက်တွေကို အဓိက ပြောချင်တာပါ။

ပထမတချက်ပြောချင်တာကတော့ အသက်အရွယ်အပေါ် အခြေခံတဲ့ ယူဆချက်ပါ။

ပိုင်ဆိုင်ထားတဲ့ရုပ်နဲ့ ပိုင်ဆိုင်ထားတဲ့ အသက်အရွယ်အရ ပြောမယ်ဆိုရင် မုဒိမ်းကျင့်ရမယ့် တန်းထဲတော့ မပါဘူး….”ဆိုပြီး လူမှုကွန်ယက်ပေါ်မှာ သတင်းဓာတ်ပုံတွေနဲ့တူ အမျိုးသားတဦးက ရေးတင်ခဲ့ပါတယ်။ ဒီလို အဓိပ္ပါယ်မျိုးနဲ့ လူပေါင်းများစွာ ဝေဖန်ပြောဆိုနေကြတာကိုလည်း တွေ့ရပါတယ်။

ဒီလိုသုံးသပ်ပြောဆိုမှုတွေကြောင့် မုဒိမ်းမှုကျူးလွန်သူခံရတွေမှာ အသက်အရွယ်ကန့်သတ်ချက်ရှိသလား ဆိုတာ မေးခွန်းထုတ်စရာပါ။

လွန်ခဲ့တဲ့နှစ်တုန်းကလည်း အသက်(၇၀)ကျော်အရွယ် သီလရှင်အဖွားအိုတဦးကို မုဒိမ်းကျင့်မှုနဲ့ လူလတ် ပိုင်းလူရွယ်တဦး အဖမ်းခံရတဲ့သတင်းကို စံတော်ချိန်မှာ ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလထဲမှာလည်း လပွတ္တာမြို့နယ်ဘက်မှာ အသက်(၈၀)ကျော်အရွယ် အဖွားအိုတဦးကို အသက် (၂၀) ဝန်းကျင်ရှိ လူငယ် တဦးက မုဒိမ်းကျင့်ခဲ့လို့ ဆေးရုံပို့ခဲ့ရကြောင်း ဂရုဏာမျက်ဝန်းလူမှုကူညီရေးအဖွဲ့က ဆိုပါတယ်။ ဒါပေမဲ့ မုဒိမ်းမှုမြောက်မမြောက်ကိုတော့ အခုထိ ရုံးတင်စစ်ဆေးနေသေးတယ်လို့ သိရပါတယ်။

တဖက်မှာလည်း သက်ငယ်မုဒိမ်းကတော့ အသက် (၂) နှစ်ကစလို့ (၁၈)နှစ်အောက် မိန်းကလေးငယ်တွေ ကို အပြင်လူ သူစိမ်း၊ ဆွေမျိုးသားချင်းတွေကသာမက ဖခင်အရင်းအချာကတောင် မုဒိမ်းပြုကျင့်မှုတွေရှိနေ တာ သတင်းအချက်အလက်တွေအရ ငြင်းချက်ထုတ်စရာမရှိပါဘူး။

ဒီလို အသက်အရွယ်ကြီးမားသူတွေ၊ လူမမယ်ကလေးငယ်တွေကို ဘာလို့ ပစ်မှတ်ထားပြီး ကျူးလွန်နေကြ သလဲဆိုတာ သေချာတိကျတဲ့အဖြေ ဘယ်သူမှ မပေးနိုင်သေးပါဘူး။ ဒါပေမဲ့ သေချာတာတခုက ဒီအသက် အရွယ်တွေကို လွယ်လွယ်နဲ့မုဒိမ်းကျင့်ခွင့်ပေးနေတဲ့အခြေအနေကို လူ့အသိုင်းအဝိုင်းက ဖန်တီးပေးနေ တယ် ဆိုတာပါ။

“ဒီအရွယ်ကြီး ဘယ်သူမှလာမလုပ်ဘူး” “ကလေးပဲဟာ ဘာမှမဖြစ်ပါဘူး” ဆိုတဲ့ သတ်မှတ်ယူဆချက်က သူတို့တွေရဲ့ လုံခြုံမှုတံခါးကို အခွင့်အရေးသမားတွေအတွက် အဆုံးမဲ့ ဖွင့်ပေးလိုက်တာပါပဲ။ ဒီယူဆချက် တွေရဲ့နောက်ကွယ်မှာ ဒီအသက်အရွယ်နဲ့ မိန်းကလေးငယ်၊ အမျိုးသမီးကြီးတွေ၊ အဖွားအရွယ်တွေက ပစ် မှတ်ဖြစ်လာတာပါပဲ။  ဒီအသက်အရွယ်တွေဟာ အင်အားအရ အားနည်းနိုင်တယ်ဆိုတဲ့ အချက်အပြင် “ဒီရုပ်ဒီရည်နဲ့ မဖြစ်နိုင်” ဆိုတဲ့ ယူဆချက်တခုက မုဒိမ်းသမားတွေကို ကင်းလွတ်ခွင့်ပေးနေတာပါ။

အဆိုးဆုံးကတော့ ဒီလိုအယူအဆတွေများလာလေလေ ကျူးလွန်ခံရသူတွေအနေနဲ့ တရားရုံးရှေ့ရောက် တဲ့အထိ အကူအညီတောင်းခံဖို့ အဟန့်အတားဖြစ်လာလေလေ ဖြစ်လာတာပါ။

ဒါကြောင့် ဘယ်အသက်အရွယ်ကဖြင့် မုဒိမ်းကျင့်ရမယ့်တန်းမှာ မရှိလို့  မဖြစ်နိုင်ဘူးဆိုတဲ့ ယူဆချက်တွေ လူအများစုရဲ့ တွေးခေါ်မှုထဲ စိမ့်ဝင်နေတာဟာ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဘယ်လိုမှ အထောက်အကူ မဖြစ်သလို အမှန်တကယ်ကျူးလွန်နေသူတွေဖက်ကတောင် တဖက်တလမ်းက ကာကွယ်ပေးနေတဲ့ အတွေးအခေါ်ဆိုးလို့ သတ်မှတ်လို့ရပါတယ်။

ဒီနေရာမှာ လိမ်လည်အမှုဆင်ပြီး မုဒိမ်းမှုကို ခြေကုတ်ယူလို့ မဟုတ်မမှန်လုပ်စားနေသူတွေအတွက် ဆို လိုခြင်း မဟုတ်ဘူးဆိုတာ ထပ်မံပြောလိုပါတယ်။ သူတို့ရဲ့လုပ်ရပ်အတွက် ဥပဒေအရ အရေးယူနိုင်တဲ့ လမ်းကြောင်းတွေ ရှိထားပြီးသားပါ။

ဒုတိယအချက်ကတော့ ရုပ်ဆင်းအင်္ဂါပါ။

 “ကျင့်လိုက်တဲ့ မိန်းမက အရမ်းချော အရမ်းလှလို့ စိတ်မထိန်းနိုင်လို့ မှားသွားတယ်ထင်နေတာ၊ အခု ဘွားတော်ရုပ်ကိုကြည့်ရင် တရေးနိုးထထိုင်ရင်တောင် ကြည့်ချင်စရာ တကွက်မှမရှိ..” ဆိုပြီး အမျိုးသမီးတဦး က လူမှုကွန်ယက်ပေါ်မှာ မှတ်ချက်ပေးခဲ့တာပါ။ ဒီလိုသဘောမျိုးပါတဲ့ မှတ်ချက်မျိုးတွေကိုလည်း လူအ တော်များများ၊ အချို့မီဒီယာကတဆင့် သတင်းအချက်အလက်ဖြန့်ဝေသူတွေကြားထဲမှာတင် ဟာသလုပ် ပြီး ပြောနေကြသူတွေ တပုံတပင်တွေ့ရပါတယ်။ ပိုဆိုးတာက အမျိုးသမီးတွေထဲမှာပင် ဒါကို ထောက်ခံ ပြောဆိုနေကြတာပါ။

အမျိုးသမီးတယောက် ဘယ်လိုနေရင်၊ ဘယ်လိုဝတ်ရင်၊ ဘယ်လိုလှနေရင်ဖြင့် “မုဒိမ်းပါကျင့်ချင်တယ်” ဆိုတဲ့ အယူအဆတွေဟာ လူအတော်များများရဲ့နှုတ်ဖျားမှာ ယဉ်ပါးနေတာဟာ မုဒိမ်းမှုကို လက်သင့်ခံနည်း တမျိုးပါပဲ။ ဒါဟာ လူ့အဖွဲ့အစည်းတရပ်အတွက် အတော်ဝမ်းနည်းစရာကောင်းပါတယ်။

တဖက်မှာ ယေဘူယျ သတ်မှတ်ထားတဲ့ ရုပ်ရည်မရှိတဲ့သူတွေဟာ မုဒိမ်းကျင့်ချင်စရာမရှိဘူးဆိုတဲ့ အတွေး အခေါ်မျိုးကလည်း မုဒိမ်းမှုကျူးလွန်သူတွေကို အခွင့်အရေးပေးနေတာပဲဖြစ်ပါတယ်။

ဒါကြောင့်လည်း လမ်းဘေးလေလွှင့်နေတဲ့၊ တောက်တောက်ပြောင်ပြောင်မရှိတဲ့၊ အမျိုးသမီးတွေ၊ စိတ်ပိုင်း ဆိုင်ရာ ချွတ်ယွင်းပြီး လမ်းဘေးမှာနေရတဲ့ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ မုဒိမ်းမှုတွေဟာ ဥပဒေရှေ့ မှောက်ရောက်လာဖို့နေနေသာသာ၊ ပတ်ဝန်းကျင်ရဲ့ အာရုံစိုက်မှုတောင် မရတဲ့အဖြစ်တွေ မနည်းပါဘူး။ ဒါ ဟာ အသက်အရွယ်မရွေးမှာ ဖြစ်နေသလို အပျိုဖြစ်ခြင်း၊ ကလေးအမေဖြစ်ခြင်း၊ ရုပ်ဆိုးခြင်း၊ ရုပ်ချောခြင်း အပေါ် မူတည်တာမဟုတ်ပဲ အခွင့်အရေးရရင်ရသလို မုဒိမ်းမှုကျူးလွန်နေကြတယ်ဆိုတာ ပေါ်လွင်ပါတယ်။

မုဒိမ်းမှုတခု စွဲချက်ထွက်လာပြီဆိုရင် တရားဥပဒေလုပ်ထုံးလုပ်နည်းအရ အဆင့်ဆင့်စစ်ဆေးပြီး တရား ဥပဒေကသာ အမှုမြောက်မမြောက်၊ အပြစ်ရှိခြင်း မရှိခြင်းကို အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။

လူတွေရဲ့အမြင်ကလည်း အမှုတခုဖြစ်လာရင် ဖြစ်နိုင်ချေရှိမရှိ ဝေဖန်သုံးသပ်ကြတာကလည်း သဘာဝပဲဖြစ် ပါတယ်။ လိမ်လည်လုပ်ကြံနေတာလား၊ ဘယ်လိုအကျိုးအကြောင်းကြောင့် မဖြစ်နိုင်သလဲဆိုတာကို နည်း လမ်းပေါင်းများစွာနဲ့ ဝေဖန်သုံးသပ်ကြပါတယ်။

ဒါပေမယ့် လူမှုပတ်ဝန်းကျင်ရဲ့ အတွေးအမြင်မှာ ဘယ်လိုအတန်းအစားကတော့ မုဒိမ်းကျင့်လို့ရတဲ့ အတန်း အစား၊ ဘယ်အသက်အရွယ်ကတော့ မဖြစ်နိုင်ဘူး၊ ဘယ်လိုနေထိုင်ပြုမူရင်တော့ မုဒိမ်းကျင့်ခံရတာတောင် နည်းသေးတယ်၊ ဘယ်လိုရုပ်ရည်ကဖြင့် ဘယ်သူမှ မုဒိမ်းကျင့်ချင်မှာ မဟုတ်ဘူး၊ စသဖြင့် သိမ်ဖျင်းသေး နုတ်တဲ့စဉ်းစားရှုမြင်ချက်တွေ လူ့အသိုင်းအဝိုင်းထဲမှာ သက်ဝင်ရှင်သန်နေတာဟာ သွယ်ဝိုက်တဲ့နည်းနဲ့ မုဒိမ်းမှုကို လက်သင့်ခံနေတာပါ။ တဖက်မှာလည်း အဲဒီအသက်ရွယ်အပိုင်းအခြား၊ (ဒါမှမဟုတ်) လူမှု အသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ ရုပ်ရည်ကန့်သတ်ချက်ရှိတဲ့ ကျူးလွန်ခံရသူ အမျိုးသမီးတွေရဲ့ အသံ တွေ တရားရုံးရှေ့မှောက် မရောက်လာအောင် ဟန့်တားလိုက်တာပါပဲ။

တချိန်တည်းမှာ လူမှုအသိုင်းအဝိုင်းရဲ့ ဒီအမြင်တွေအပေါ် သက်ဝင်မှုကြီးလေလေ၊ အဲဒီလူမှုအသိုင်းအဝိုင်း ကနေ ပေါက်ဖွားလာတဲ့ တရားရေးစနစ်အောက်မှာ အမှုထမ်းနေတဲ့သူတွေအပေါ်လည်း အကျိုးသက် ရောက်မှု အတိုင်းအတာက စိုးရိမ်စရာဖြစ်လေလေပါ။ အဲဒီလိုဖြစ်လာခဲ့ရင် သက်သေခံအထောက်အထား မပြည့်စုံတဲ့အမှုတွေမှာ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ အဆုံးအဖြတ်ပေးရတဲ့အခါ တရားမျှတမှုဆိုတာ အာမခံချက်မဲ့နေဦးမှာဖြစ်ပါတယ်။

ဒါဟာ အဆိုးဆုံးထဲကတခုဖြစ်တဲ့ မုဒိမ်းကျင့်ခွင့်ရတဲ့ လူမှုရေးလိုင်စင်ပေးထားသလိုပါပဲ။

ရုပ်ပိုင်းဆိုင်ရာ၊ ကျားမဆိုင်ရာ အခြေပြုပြီး ကျူးလွန်ခံရသူကို အပြစ်တင်တာဟာ သိမ်ဖျင်းနိမ့်ကျတဲ့ ရှက် စရာအပြုအမူအဖြစ် လူအများက လက်ခံကျင်သုံးမှုများလာမှ လုံခြုံကျန်းမာတဲ့ လူမှုအဝန်းအဝိုင်းတခု တည် ဆောက်နိုင်မှာဖြစ်ပါတယ်။

အခုလက်ရှိအချိန်ထိကတော့ ဒေါ်ခင်မာမြင့်လို လိမ်လည်တိုင်ကြားသူအတွက် အမှုတကြိမ်ကျရှုံးခဲ့ပေမယ့် မုဒိမ်းမှုတခုထွက်ပေါ်လာတိုင်း တိုင်ကြားသူအပေါ် တရားနည်းလမ်းမကျတဲ့ ဓလေ့ထုံးတမ်း၊ အစွဲ၊ အမြင်၊ အယူအဆတွေနဲ့ ပြစ်တင်ရှုတ်ချတတ်တဲ့ အလေ့အထလွှမ်းမိုးနေသေးတဲ့ မြန်မာ့လူမှုအသိုင်းအဝိုင်းကတော့ အကြိမ်ကြိမ် ကျရှုံးနေဦးမှာဖြစ်ပါတယ်။

Related Articles