မေ
စာအုပ်စင်ပေါ်မှာ စာအုပ်တွေစီစီရီရီအပြည့်ရှိနေတဲ့ အခန်းငယ်လေးတခုထဲမှာ စာအုပ်ရွေးသူတွေ၊ စာအုပ်ဖတ်နေတဲ့လူငယ်တွေနဲ့စည်ကားနေပါတယ်။ အဲ့ဒီအခန်းရဲ့ထောင့်ကျကျစားပွဲမှာခန္ဓာကိုယ်ပိန်ပိန်ပါးပါးအေးချမ်းတဲ့ပုံပန်းသွင်ပြင်ရှိတဲ့ အမျိုးသမီးတစ်ဦးဟာ စာအုပ်ငှားသူတွေရဲ့စာရင်းတွေ မှတ်ရင်းအလုပ်များနေပါတယ်။
သူကတော့အသက်(၃၀)အရွယ်ရှိတဲ့မနေနုအေးဖြစ်ပါတယ်။ သူဟာ“စာအုပ်အိမ်”လို့ခေါ်တဲ့အခမဲ့စာအုပ်အငှား ဆိုင်(သို့မဟုတ်)စာကြည့်တိုက်ငယ်လေးရဲ့ပဲ့ကိုင်ရှင်တစ်ဦးဖြစ်ပါတယ်။စာအုပ်အိမ်စာအုပ်အဌားဆိုင်လေးဟာ ဧရာဝတီတိုင်း၊ကြံခင်း မြို့မှာဖွင့်လှစ်ထားတာပါ။
၂၀၁၆ ခုနှစ်လောက်ကစပြီး သူမဝယ်စုထားတဲ့စာအုပ်လေးတွေကို နီးစပ်ရာ၊ သူငယ်ချင်း မိတ်ဆွေတွေကို ငှားပေးရာကစပြီး ၂၀၁၈ ခုနှစ်မှာတော့ စာအုပ်အိမ်လေးကိုဖန်တီးဖြစ်ခဲ့တာပါ။
သူလေ့လာမှတ်သားဖူးတဲ့ စာကြည့်တိုက်တစ်ခုဖြစ်မြောက်ဖို့အတွက် Building, Book, Brain, Budget, Borrower ဆိုတဲ့ 5B လိုအပ်တယ်လို့နားလည်ထားပြီး ကိုယ်တိုင်လည်း ဒီအချက်အလက်တွေနဲ့ပြည့်စုံနေတဲ့အတွက် အိမ်မှာပဲ“စာအုပ်အိမ်”လို့အမည်ပေးထားတဲ့စာကြည့်တိုက်ငယ်လေးတခုဖန်တီးပြီးစာအုပ်ဆိုင်လေးတခုဖွင့်ဖြစ်ခဲ့တာ မနေနုအေးကဆိုပါတယ်။
“စာအုပ်အငှားဆိုင်လေးတွေရှားပါးလာတော့ စာအုပ်ငှားဖတ်ဖို့အခက်အခဲဖြစ်နေတဲ့ စာပေဖတ်ရှုသူတွေ၊ စာအုပ် ဝယ်ဖတ်ဖို့ အခက်အခဲဖြစ်နေတဲ့ စာပေချစ်သူတွေကို စာအုပ်စာပေနဲ့အဆက်မပြတ်အောင်ဆိုတဲ့ စိတ်ကူးနဲ့ဖွင့် ဖြစ်ပါတယ်”လို့ စာအုပ်အိမ်လေးဖွင့်ဖြစ်တဲ့အကြောင်းကိုပြောပြပါတယ်။
စာအုပ်အိမ်ကိုစဖွင့်ကတည်းကစာအုပ်အရေအတွက်နဲ့စာအုပ်ငှားချိန်မကန့်သတ်ဘဲအခမဲ့ငှားရမ်းပေးခဲ့ပါတယ်။ ဒါပေမယ့်၂၀၂၁ခုနှစ်နဲ့ ၂၀၂၂ ကိုဗစ်ကာလအတွင်းမှာတော့ စာအုပ်တစ်အုပ်ကို ငွေကျပ်(၂၀၀)နဲ့ငှားရမ်းခဲ့ပြီး ရရှိတဲ့ငွေတွေကို အောက်စီဂျင်စက်ရုံတည်ဆောက်တဲ့နေရာနဲ့ စားဝတ်နေရေးခက်ခဲနေတဲ့သက်ကြီး ဘိုးဘွားတွေကို လှူဒါန်းတဲ့နေရာမှာအသုံးပြုခဲ့တယ်လို့ဆိုပါတယ်။
အဲ့ဒီနောက် ၂၀၂၃ ခုနှစ်ကစပြီး စာအုပ်တွေကိုအခမဲ့ပြန်လည်ငှားရမ်းပေးခဲ့ပါတယ်။ စာအုပ်အိမ်လေးကို ကိုယ်ပိုင် ဝယ်စုထားတဲ့စာအုပ်(၁၅၀)ဝန်းကျင်နဲ့ ပထမဆုံးလည်ပတ်ခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းတော့ အလှူရှင်တွေရဲ့လှူဒါန်းငွေ၊ မိတ်ဆွေသူငယ်ချင်းတွေရဲ့ စာအုပ်ပေးလှူမှု၊ သူရဲ့ကိုယ်ပိုင်ဝင်ငွေ စတာတွေနဲ့စာအုပ်တွေကိုထပ်မံဝယ်ယူစုဆောင်းဖြစ်ခဲ့ပါတယ်။ စာအုပ်ဆိုင်တွေမှာdiscountချတဲ့အချိန်တွေဆိုလည်းဝယ်ယူဖြစ်တယ်လို့ဆိုပါတယ်။
စာအုပ်အိမ်မှာ သုတ၊ ရသ၊ ကလေးစာပေ၊ သိပ္ပံစာပေ၊ ဘာသာရေး၊ နိုင်ငံရေး၊ ဘာသာပြန်စတဲ့ အမျိုးအစား ပေါင်းစုံလင်တဲ့စာအုပ်တွေရှိပါတယ်။ စာအုပ်အိမ်မှာ စာအုပ်ငှားရမ်းသူ တစ်လကို (၁၂)ဦးကနေ(၂၀) ဦးအထိရှိနေပါပြီ။
စာအုပ်ငှားတဲ့သူတွေထဲမှာအမျိုးသမီးဦးရေက ပိုများပါတယ်။ (၇)ယောက်ကနေ (၁၁)ယောက်အတွင်းကအမျိုးသမီးတွေဖြစ်ပါတယ်။
“ဒီနေ့ခေတ်အမျိုးသမီးတွေကစာဖတ်ဝါသနာပါကြပါတယ်။ စာအုပ်ငှားတဲ့အမျိုးသမီးတွေထဲမှာ သားသား မီးမီး တွေရဲ့ မေမေတွေလည်းပါတယ်။ မေမေတွေက သူတို့ကိုယ်တိုင်ဖတ်ဖို့စာအုပ်တွေလည်း ငှားကြသလို သားသား မီးမီးတို့ကိုဖတ်ပြဖို့ ပုံပြင်စာအုပ်၊ ကာတွန်းစာအုပ်လေးတွေလည်းငှါးကြပါတယ်။”လို့သူကပြောပါတယ်။
စာအုပ်အိမ်နဲ့ပတ်သက်တဲ့လုပ်ငန်းလည်ပတ်မှုအစအဆုံးကိုသူကိုယ်တိုင်ဆောင်ရွက်ပြီး တခါတရံမိသားစုတွေကကူညီပေးပါတယ်။
စာအုပ်အငှားဆိုင်၊ စာကြည့်တိုက်တွေကြုံရလေ့ရှိတာကတော့ စာအုပ်တွေပြန်မအပ်ကြတာနဲ့ စာအုပ်ပျောက်တဲ့ ပြသနာဖြစ်ပါတယ်။
“စာအုပ်ငှား လိုက်ပါပြီဆိုကတည်းက ပြန်မရရင် အစားထိုးပြီးပြန်ဝယ်မယ်ဆိုပြီး စိတ်ကိုပြင်ဆင်ထားလိုက်ပါတယ်။ အဓိကက ကိုယ်က စာဖတ်စေချင်တာ၊ စာအုပ်လာငှားတဲ့သူရှိတာကိုပဲ ပျော်ပြီး ပီတိဖြစ်နေရတာ ဆိုတော့ လေနော်”လို့သူ့ရဲ့ခံယူချက်ကိုပြောပါတယ်။
ဒါပေမယ့်သူ့ရဲ့စာအုပ်အိမ် စာဖတ်ပရိတ်သက်တွေက စာပေချစ်မြတ်နိုးတန်ဖိုးထား သူတွေဖြစ်တဲ့အတွက် စာအုပ်လေးတွေပျောက်ဖို့မပြောနဲ့ မညစ်ပတ်မပျက်စီးအောင်ထိ ထိန်းသိမ်းပေးကြတယ်လို့ မနေနုအေးကဆိုပါတယ်။
စာပေချစ်သူတွေရဲ့ကွက်လပ်ကိုဖြည့်ဆည်းပေးချင်တဲ့ မနေနုအေးအတွက် တစ်ဖက်မှာလည်းအခက်အခဲတချို့ ရှိနေပါသေးတယ်။ အလုံးစုံအဆင်ပြေတဲ့အနေအထားတော့မဟုတ်ပါဘူး။
စာအုပ်တွေများလာလို့ စာအုပ်ထားဖို့ စာအုပ်စင်ဝယ်ချင်တဲ့အခါ၊ စာအုပ်တိုက်တွေက discount ချလို့ ကိုယ့်လက်ထဲမှာ စာအုပ်ဝယ်ဖို့ငွေများများမရှိတဲ့အခါ ရှိနေတဲ့ငွေပမာဏနဲ့ ဖြည့်ဆည်းချင်တာတွေနဲ့ သေချာ ချိန်ဆပြီး လုပ်ဆောင်ရတာစတဲ့ ငွေကြေးပိုင်းအခက်အခဲတွေလည်းရှိနေတယ်လို့ဆိုပါတယ်။
ဒါ့အပြင်စာအုပ်တွေများလာတာနဲ့အတူ နေရာအခက်အခဲကလည်းကပ်ပါလာပါတယ်။ ဆိုင်မှာစာအုပ်ငှါးတဲ့သူ တွေပြုံကျလာရင်စာအုပ်ရွေးဖို့ အလှည့်ကျ တန်းစီစောင့်ကြရတာတွေရှိတယ်လို့ သူကပြောပြပါတယ်။
“အမျိုးသမီးတစ်ဦး၊ စာပေချစ်မြတ်နိုးသူတစ်ဦးအနေနဲ့ ကြုံတွေ့ရတဲ့အခက်အခဲကတော့ စာအုပ်များများဝယ်ပြီးရင် မနိုင်မနင်း သယ်ရတာပါ။ Budgetကိုလည်းကြည့်ရတော့taxi မစီးဖြစ်ဘူး။ စာအုပ်တွေအများကြီးနဲ့ bus စီး ရတဲ့အခါနည်းနည်းတော့အဆင်မပြေဘူးရှင့်”လို့ဖွင့်ဟပါတယ်။
သူဟာစာအုပ်တွေကိုအခမဲ့ငှားတာအပြင်စာအုပ်တွေကိုအိမ်တိုင်ရာရောက်ပို့ပေးတဲ့ပရဟိတအလုပ်ကိုလည်း လုပ်ကိုင်ပါသေးတယ်။
“ကျွန်မကFacebook မှာစာအုပ် review လေးတွေရေးတင်လေ့ရှိပါတယ်။ စာအုပ်ပုံလေးတွေမြင်ပြီးစာ အုပ် ဖတ် ချင်ပေမယ့် ကျွန်မဆီကိုလာပြီး စာအုပ်ငှါးဖို့အခက်အခဲရှိသူတွေရှိကြတယ်။ အဲလိုဆိုတော့ ကျွန်မကကြံခင်း မှာရှိတဲ့အချိန်ဆိုစက်ဘီးနင်းထွက်ရင်းစာဖတ်သူတွေရဲ့အိမ်ကိုစာအုပ်လေးတွေအရောက်ပို့ပေးဖြစ်ပါတယ်”လို့ သူကပြောပြပါတယ်။
စာအုပ်လေးတွေအိမ်တိုင်ရာရောက်လိုက်ပို့တဲ့အခါမှာအမျိုးသမီးတစ်ဦးထဲသွားရောက် ပို့ဆောင်တာ ဖြစ်တဲ့ အတွက်ခေတ်ကာလအခြေအနေအရ မလုံခြုံမှုတွေရှိတဲ့အတွက် လူသွားလူလာနည်းတဲ့လမ်းမျိုးကို သတိကြီးကြီးထားပြီးသွားလာရတယ်လို့ဆိုပါတယ်။
သူမဟာဧရာဝတီတိုင်း၊ကြံခင်းမြို့မှာ မွေးဖွားခဲ့ပြီး ကြံခင်းဘိလပ်မြေစက်ရုံမှာ အသက် (၁၁)နှစ်အရွယ် အထိ နေ ထိုင်ခဲ့ပါတယ်။ နောက်တော့ကြံခင်းမြို့သစ်ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။
ဖခင်ဖြစ်သူကရိုးသားတဲ့ကုန်သည်တစ်ဦးဖြစ်ပြီးမိခင်ကတော့ကြံခင်းဘိလပ်မြေစက်ရုံကဝန်ထမ်းတစ်ဦးပါ။ မိခင်ဖြစ်သူဟာ သိပ်တော်တဲ့အိမ်ရှင် မကောင်းတစ်ဦးဖြစ်တယ်လို့ သူကဆိုပါတယ်။
သူအသက်(၉)နှစ်အရွယ်လောက်ကစပြီးစာဖတ်ဝါသနာပါတဲ့ဦးလေးဖြစ်သူစုထားတဲ့ရွှေသွေးစာစောင်လေးတွေ နဲ့ စတင်ထိတွေ့ခဲ့တယ်။
အဲ့ဒီနောက်မိခင်ဖြစ်သူရဲ့စက်ရုံစာကြည့်တိုက်ကနေ ငါးပါးသီလကာတွန်းစာအုပ်လေးတွေ ကျောင်းစာကြည့် တိုက် က မိုးသောက်ပန်းစာအုပ်လေးတွေဖတ်ရင်းနဲ့ စာပေဝါသနာအိုးဖြစ်လာခဲ့တယ်လို့ပြောပါတယ်။
“ငယ်ငယ်ကစာအုပ်ငှါးဖတ်နေကျမျက်ခြယ်စာအုပ်ဆိုင်ရှိတယ်။ စာအုပ်အသစ်ရောက်ရင်၊ မဂ္ဂဇင်းအသစ် ရောက် ရင် သူ့ထက်ငါဦးအောင် လုငှားရတာလေ။ သိပ်ပျော်စရာကောင်းတယ်။ စာအုပ်ငှါးခ ၁၀၀၊၂၀၀ ကို မုန့်ဖိုးထဲက ပေးရတာဆိုတော့ သူငယ်ချင်းတွေနဲ့ စာအုပ်လဲလှယ်ပြီး ဖတ်ကြရတာ။ညနေခင်းမှာ သူငယ်ချင်းတွေ ဆုံပြီဆိုရင် စာအုပ်ထဲကဇာတ်ကြောင်းလေးတွေပြောပြကြတာ။ပြန်မရနိုင်တော့တဲ့အမှတ်တရကောင်းလေးတွေပါပဲ”လို့ စာအုပ်တွေနဲ့ပတ်သက်တဲ့ ငယ်ဘဝအမှတ်တရကိုပြောပြခဲ့ပါတယ်။
မိဘနှစ်ပါးက အလှူတွေ၊ လူမှုအကျိုးပြုလုပ်ငန်းတွေကို ခေါ်သွားပြီး သူမကိုပါဝင်လုပ်ဆောင်စေခြင်းကနေပရဟိ တစိတ်ထက်သန်တဲ့သူဖြစ်လာခဲ့ပါတယ်။
“ငယ်ငယ်က ခရီးသွားတိုင်း အဖေနဲ့အမေက တစ်ရာတန်၊နှစ်ရာတန်ပိုက်ဆံအသစ်အုပ်လေးတွေအမြဲပေးထားပြီး လမ်းမှာအလှူခံတွေ့ရင်၊ တောင်းရမ်းသူတွေတွေ့ရင် လှူဖို့ အကျင့်လေးမွေးပေးတယ်။ သူများကို ပေးကမ်း ဖို့ ၊ လှူဒါန်းဖို့၊ ကူညီဖို့ဆိုရင် ကိုယ်ကိုယ်တိုင်က ငွေရော၊ ပညာရောပြည့်ဝဖို့လိုတယ်လို့ ပြောလေ့ ရှိတယ်”လို့ သူက ဆက် ပြောပါတယ်။
ပညာရေးအနေနဲ့သူဟာရန်ကုန်စီးပွါးရေးတက္ကသိုလ်ကနေB.com ဘွဲ့ရထားပြီး Nanyang Institute of Management (Singapore) ကနေ Post Graduate Diploma in Hospitality and Tourism Management ယူထားသူဖြစ်ပါတယ်။
စာပေချစ်မြတ်နိုးပြီး ပရဟိတစိတ်ထက်သန်တဲ့ သူ့ရဲ့ကလေးဘဝအိပ်မက်ကတော့ Beauty and the beast ကာတွန်း ကားထဲက မင်းသမီးလေး Belle ဖြစ်ချင်တာပါပဲ။
ပျိုဖော်ဝင်စအရွယ်ရောက်တော့ အောင်မြင်တဲ့ model တစ်ယောက်ဖြစ်ချင်ခဲ့ပြီး တက္ကသိုလ်တက်တဲ့ အရွယ် မှာတော့ ဆရာမခင်ခင်ထူးရဲ့ ပန်းကြာဝတ်မှုန် ဝတ္ထုထဲက ဇာတ်ကောင် သီရီမေ ဖြစ်ချင်ခဲ့သူလို့ဆိုပါတယ်။
“သီရိမေက ပညာအရာမှာလည်းတော်တယ်၊ စာပေကိုချစ်မြတ်နိုးတယ်၊ စီးပွါးရေးလုပ်ငန်းကိုလည်း အောင်မြင် အောင် ဦးဆောင်စီမံခန့်ခွဲနိုင်တယ်၊ ကိုယ့်ပတ်ဝန်းကျင်က စားဝတ်နေရေး အဆင်မပြေ အခက်အခဲဖြစ် နေတဲ့သူ တွေအတွက် ပေးသောလက်တစ်စုံဖြစ်ပေးတယ်။ သီရိမေကို သိပ်အားကျတယ်။ အခုလက်ရှိကျွန်မရဲ့ အခြေ အနေနဲ့ ကျွန်မရဲ့အိပ်မက်က ထပ်တူမကျသေးပေမယ့် ကျွန်မချစ်မြတ်နိုးတဲ့အရာလေးတွေ ကို လုပ် ဆောင်ရင်း တဖြည်းဖြည်းနဲ့အိပ်မက်နဲ့ထပ်တူကျလာလိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ မနေနုအေးကဆိုပါတယ်။
ဖြတ်သန်းလာတဲ့ဘဝမှာ ဝါသနာပါတဲ့အရာတွေ၊ ကိုယ်ဖြစ်ချင်တဲ့စိတ်ကူးတွေကို အကောင်အထည် ဖော်တဲ့နေရာမှာ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ခက်ခက်ခဲခဲရင်ဆိုင် ကျော်လွှားရတာမျိုးက ကျန်းမာရေးကလွဲလို့ တခြားအခက်အခဲတော့ မရှိသေးဘူးလို့ဆိုပါတယ်။
“အမျိုးသမီးဆိုတဲ့ဖြစ်တည်မှုကို သဘောကျနှစ်သက်ပါတယ်”လို့သူကပြောပါတယ်။
တက်နိုင်တဲ့ခွန်အားနဲ့ လူမှုပတ်ဝန်းကျင်အတွက် လိုအပ်နေတဲ့ကွက်လပ်ငယ်လေးတွေကို ဖြည့်ဆည်းပေး နေတဲ့ အမျိုးသမီးတစ်ဦးအဖြစ်ရပ်တည်နေသလိုရှေ့ဆက်ပြီးလည်း စာအုပ်အိမ်လေးကိုတိုးချဲ့ရင်းစာဖတ်သူ များပြား လာအောင် ၊ဖတ်ချင်တဲ့စာ အုပ်လေးတွေကို မေးလာရင်ပြည့်စုံနေအောင်ဖြည့်ဆည်းပေးနိုင်ဖို့ လုပ်ဆောင် သွားဖို့ ဆုံးဖြတ်ထားတယ်လို့ဆိုပါတယ်။
လက်ရှိမှာလည်းကလေး၊လူငယ်တွေရဲ့ ပညာရေးကိုအလေးထားတဲ့ စိတ်တူကိုယ်တူ မိတ်ဆွေတွေနဲ့ စုပေါင်း ဖွဲ့စည်းထားတဲ့ ပညာပန်းခင်း(ကြံခင်း) ပညာဒါနသင်တန်းကျောင်းလေးမှာ စာသင်ကြား ပေးနေတာဖြစ်ပါတယ်။
“အမအနေနဲ့တော့ ကလေးတွေ လူငယ်တွေ စာဖတ်ဝါသနာလေးလေ့ကျင့်ပျိုးထောင်ရာကစတင်လုပ်ဆောင်ရ မယ်လို့ယူဆပါတယ်။ အမစာသင်နေတဲ့ကလေးတွေအရွယ်စုံရှိပါတယ်။ ကလေးတွေ ကိုစာသင်ရင်း စာအုပ် တွေထဲကဇာတ်ကောင်တွေအကြောင်း၊ သုတရစေမယ့်အကြောင်းလေးတွေကို ကလေးတွေ စိတ်ဝင် စားအောင်၊ အဲ့စာအုပ်ကိုဖတ်ချင်အောင် ပြောပြဖြစ်တယ်။ ကလေးငယ် လေးတွေကိုတော့ ပုံပြင်လေးတွေ ပြောပြဖြစ် တယ်။ နောက်ပြီးတော့ ညင်သာစွာခြိမ်းခြောက်နည်းခေါ်ရမလား၊ကလေးတွေကို တစ်ပတ်စာreview exercise လုပ် မလား၊စာအုပ်တစ်အုပ်ဖတ်ပြီး စာအုပ်ထဲကအကြောင်းအရာလေး မှတ်မိသလောက်ပြောပြမလား ရွေးချယ် ခိုင်းပြီး စာဖတ်တဲ့အကျင့်လေးမွေးပေးရာကနေ စာဖတ်ဝါသနာပါလာအောင် လုပ်ဆောင်ဖြစ်တယ်” လို့သူ ကဆက်ပြောပါတယ်။
အနာဂတ်မှာတော့ သူ့အနေနဲ့ လက်ရှိစာသင်နေတဲ့ ပညာဒါနသင်တန်းကျောင်းလေးကို နေရာငှားရမ်းပြီး ဖွင့်တာ မဟုတ်ပဲနဲ့ ကိုယ်ပိုင်အဆောက်အဦးနဲ့အတည်တကျနဲ့ဖွင့်ချင်တယ်လို့ဆိုပါတယ်။ အဲ့ဒီလိုနေရာ အတည်တကျ ရတဲ့အခါစာအုပ်အိမ်လေးကိုလည်းသင်တန်းကျောင်းလေးမှာပြောင်းရွှေ့ဖွင့်ပြီးကလေးတွေ၊ လူငယ်တွေအတွက် စာပေရိပ်မြုံလေးဖန်တီးပေးချင်တာက ပထမဆန္ဒပါလို့ပြောပါတယ်။
ဒုတိယဆန္ဒကတော့ Asian /Pacific American Liberians Association Scholarship ရချင်တယ်လို့ဆိုပါတယ်။
“တတိယဆန္ဒကတော့ အဆိုးအကောင်းဒွန်တွဲနေတဲ့ပုထုဇဉ်ဖြစ်တဲ့အတွက် ဆယ်တန်းတုန်းက သင်ယူခဲ့ရတဲ့ သိင်္ဃသူ့သမီးကျောက်စာက ဖြစ်လိုသောဆန္ဒလို ရမ္မက်နည်းသော၊ ရောင့်ရဲနိုင်သော၊ အမျက်နည်းသော၊ သနား တတ်သော၊ပညာရှိသော၊အကြောင်းကိုသိတတ်သော၊ဝန်မတိုသော၊ အပေးအကမ်းရှိသော၊ သစ္စာရှိသော၊ မပျက် တတ်သော၊ မမေ့လျော့သော၊ အောက်မေ့တသရှိသောသူဖြစ်ချင်ပါတယ်”လို့ မနေနုအေးကဆက်ပြောပါတယ်။
သူမဆိုင်ကစာအုပ်ငှါးသူတွေကိုလည်းဖတ်သင့်တဲ့စာအုပ်ကောင်းလေးတွေညွှန်းပေးရာကနေစာအုပ်အကြောင်း ပြန်ဆွေးနွေးဖြစ်ရင်း စာဖတ်ဖို့စိတ်အားထက်သန်လာတာတွေ့ရတယ်လို့ဆိုပါတယ်။
“အမျိုးသမီးတွေစာများများဖတ်သင့်ပါတယ်။ စာဖတ်ရပါမယ်။အမျိုးသမီးတွေ ဦးနှောက်အာဟာရ၊ နှလုံး သား အာဟာရ ဖြည့်တင်းထားပါမှသားသမီးကို ကောင်းမွန်စွာသွန်သင်နိုင်တဲ့ မိခင်ကောင်းတွေဖြစ်မယ်၊ဘဝကို ရဲရဲဝံ့ဝံ့ သိက္ခာရှိရှိ ဖြတ်သန်းနိုင်မယ့် အမျိုးသမီးကောင်းတွေဖြစ်မယ်လို့ ယူဆမိပါတယ်။ လေးစားရတဲ့ အမေလူထု ဒေါ်အမာပြောခဲ့တဲ့စကားလေးလိုပေါ့။ “ငါးပိ ဆား မရှိတာ ဝယ်လို့ရတယ်။ အသိတရားမရှိတာ ဝယ်လို့မရဘူး။ ငါးပိ ဆား ပါမှ ဟင်း အရသာရှိသလို အသိတရားရှိမှ လူ့ဘဝဟာ တန်ဖိုးရှိတယ်” တဲ့။ အသိတရားရှိဖို့ စာဖတ်ဖို့လို တယ်” လို့ မြင်မိပါတယ်သူမကထည့်သွင်းပြောသွားပါတယ်။