သန့်ရှင်းထွန်း
“ဒီခေတ်ဒီကာလမှာကလေးကိုခွဲမွေးတာမထူးဆန်းတော့ပါဘူး။ဒါပေမယ့်ကျမကြားခဲ့ရတဲ့သတင်းဆိုးကြောင့်တသက်လုံးကလေးမွေးချင်စိတ်ကို ပျောက်သွားစေပါတယ်”လို့ သူကပြောပါတယ်။
အသက် ၃၀ အရွယ် မခိုင်ခိုင်ဟာ ရခိုင်ပြည်နယ် မောင်တောမြို့က မြို့ပေါ်ရပ်ကွက်တခုမှာ နေထိုင်သူဖြစ်ပြီး မီးဖွား ခါနီး သူကြားခဲ့ရတဲ့ သတင်းဆိုးကတော့ မောင်တောပြည်သူ့ဆေးရုံကို စစ်ကောင်စီဘက်က ပိတ်လိုက်တယ်ဆိုတဲ့ သတင်းဖြစ်တယ်လို့ ပြောပါတယ်။
ပထမဆုံး သားဦးကိုယ်ဝန်လွယ်ထားရတဲ့ မခိုင်ခိုင်ဟာ မီးဖွားဖို့အတွက် လပိုင်းအလိုမှာပဲ သတင်းဆိုးကြီးတခုကို ကြားသိခဲ့ရတာပါ။ သားဖွားမီးယပ်အထူးကုဆရာဝန်ရဲ့ စမ်းသပ်ချက်အရသူမဗိုက်ထဲက ကလေးရဲ့ အနေအထား မမှန်တာကြောင့် ခွဲမွေးရမယ့် မိခင်တစ်ဦးဖြစ်ပါတယ်။
မောင်တောပြည်သူ့ဆေးရုံကို စစ်ကောင်စီကမတ်လ ၃ ရက်နေ့ကစလို့ ပိတ်ထားလိုက်ပြီး ဆေးရုံဝင်းထဲမှာ နေ ထိုင်ကြတဲ့ ဆရာဝန်နှင့် သူနာပြုတွေအကုန်လုံးလည်း ဝန်ထမ်းအိမ်ရာတွေကနေ အပြင်ကို ထွက်ပေးခဲ့ရပါ တယ်။
အဲဒီလိုဆေးရုံစပိတ်တဲ့နေ့မှာပဲကလေးခွဲမွေးရမယ့်မွတ်ဆလင်အမျိုးသမီးနှစ်ဦးဟာကလေးမွေးခွင့်မရခဲ့ဘဲ လက်ရှိ ဆေးရုံမှာ တက်ရောက်ကုသနေကြတဲ့ လူနာတွေအကုန်လုံးလည်း ဆေးရုံကဆင်းခဲ့ကြရပါတယ်။
မခိုင်ခိုင်နေထိုင်တဲ့ မောင်တောမြို့ဟာ ရခိုင်ပြည်နယ်ရဲ့ မြောက်ဘက်အစွန်ဆုံးမြို့ဖြစ်ပြီးတဖက်မှာဘင်္ဂလား ဒေ့ရှ် နိုင်ငံတည်ရှိနေတဲ့ နယ်စပ်မြို့ဖြစ်သလို မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကနေ လက်ရှိအချိန်ထိကို ကုန်လမ်း၊ ရေလမ်း၊ လျှပ်စစ်မီး၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းတွေ အကုန်ပြတ်တောက်နေတဲ့မြို့ဖြစ်ပါတယ်။
ကုန်လမ်း ရေလမ်းတွေ အကုန်ပိတ်ထားတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက် မှု လုံလုံလောက်လောက်မရရှိခဲ့သလို ကလေးမွေးခါနီးအချိန်မှာ ဆေးရုံပိတ်လိုက်တာကြောင့် သူမအနေနဲ့ လော ကကြီးကို စိတ်ကုန်သွားတယ်လို့ ပြောပါတယ်။
“ရိုးရိုးမွေးလို့ရမယ့်အနေအထားဆိုရင် ကိုယ့်အိမ်မှာပဲ သူနာပြုဆရာမခေါပြီး မွေးလို့အဆင်ပြေပါတယ်။ ခွဲမွေး ရမှာ ဆိုတော့ ဆေးရုံမှာ မမွေးလို့မရပါဘူး”လို့ မခိုင်ခိုင်က ဝမ်းနည်းစိတ်ပျက်နေတဲ့လေသံနဲ့ ပြောပါတယ်။
မောင်တောမြို့မှာနေထိုင်ကြတဲ့ မိခင်တွေဟာ ရိုးရိုးဖြစ်ဖြစ်၊ ခွဲပြီးဖြစ်ဖြစ် ကလေးမွေးဖွားမယ်ဆိုရင် ဆေးရုံ တက် ပြီး မွေးတာများတယ်လို့ မြို့ခံအမျိုးသမီးတချို့က ပြောပါတယ်။
နယ်စပ်မြို့ဖြစ်ပေမယ့် ဖွံ့ဖြိုးတိုးတက်မှုမရှိတဲ့ မောင်တောမြို့မှာ ခွဲစိတ်ခန်းရှိတဲ့ ပြင်ပပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း တွေမရှိဘဲ ဖျားတာ၊ နာတာလောက်ကိုပဲ ကုလို့ရတဲ့ ဆေးခန်းတချို့ရှိပါတယ်။မောင်တောပြည်သူ့ဆေးရုံကို ပိတ်လိုက်တဲ့အတွက် တခြားမြို့က ဆေးရုံတွေမှာ သွားပြီး ကလေးမွေးဖို့ကလည်း လမ်းတွေအကုန်လုံး ပိတ်ထား တာကြောင့် သွားလာလို့မရဖြစ်နေတယ်လို့ သူမ ကပြောပါတယ်။
“လမ်းတွေပိတ်ထားတာကလည်း ကြာပြီ၊ အခုဆေးရုံပါ ပိတ်လိုက်တော့ ကလေးကို ဘယ်လိုမွေးရမလဲ မတွေးရဲ တော့ဘူး”လို့ သူမက ဆက်ပြောပါတယ်။
မရှိမဖြစ်အရေးပါတဲ့ ဆေးရုံကို ပိတ်ခိုင်းတာဟာ မောင်တောမြို့မှာရှိတဲ့ လူတွေကို သတ်နေတာ နဲ့တူတူပဲလို့ မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ရခိုင်မှာ တိုက်ပွဲတွေဖြစ်ပြီး အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ဒေသခံပြည်သူတွေ အကြပ်ရိုက်အောင် လမ်းတွေပိတ်တာ၊ ကုန်စည်စီးဆင်းမှုကို ရပ်တန့်တာ၊ ဆေးဝါးပြတ် လပ်အောင် လုပ်တာတွေ ပြုလုပ်ခဲ့ပြီး နောက်ဆုံးမှာတော့ ကျန်းမာရေးအကြပ်ရိုက်အောင်ပါ ပြုလုပ်လာတယ်လို့ မြို့ခံတွေက သုံးသပ်ကြပါတယ်။
“အင်တာနက်မရတာ၊ မီးမရတာက အဆင်ပြေသလို နေလို့ရသေးတယ်။ နေမကောင်းဖြစ်လို့ ဆေးကုဖို့ ဆေးရုံမရှိ တာကို အဆင်ပြေသလိုလုပ်လို့မရဘူး။ အသက်အန္တရာယ်နဲ့ သက်ဆိုင်နေတယ်”လို့ မခိုင်ခိုင်ကသူမအမြင်ကို ပြောပါတယ်။
တိုက်ပွဲဖြစ်တာ၊ စစ်ရှုံးတာနဲ့ ပြည်သူတွေရဲ့ ရှင်သန်နေတဲ့ ဘဝတွေကို အဘက်ဘက်က အကြပ်ရိုက်အောင်လုပ် တာက လူသားဆန်တဲ့ လုပ်ရပ်မဟုတ်သလို ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေသာဖြစ်တယ်လို့ ရခိုင်ပြည်နယ် အတွင်းကလွှတ်တော်ကိုယ် စားလှယ်ဟောင်းတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲက လက်နက်ကိုင်အချင်းချင်းဖြစ်တာ။ ပြည်သူနဲ့ဘာမှမဆိုင်ပါဘူး။ ဆေးရုံပိတ်လိုက်လို့ အရေးပေါ် ကုသရမယ့် လူနာတစ်ယောက် ဆေးမကုလိုက်ရဘဲ သေသွားရင် အဲဒီသေဆုံးမှုဟာ ဆေးရုံပိတ်ခိုင်းတဲ့သူက သတ်လိုက်တာပါပဲ”လို့ သူကပြောပါတယ်။
မောင်တောပြည်သူ့ဆေးရုံကို ပိတ်လိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ အရေးပေါ်ဆေးရုံ တက်ရမယ့်လူနာတွေ ဆေးရုံ မတက်ရဘဲ သေဆုံးသွားသူတွေတောင် ရှိနေနိုင်တယ်လို့ သူကဆက် ပြောပါ တယ်။
ရက္ခိုင့်တပ်တော်(AA)ရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ ရှုံးနိမ့်ခဲ့တဲ့ စစ်ကောင်စီဟာ ပေါက်တော၊ မြောက်ဦး၊ မင်းပြားနှင့် ရမ်းဗြဲမြို့တွေက ဆေးရုံတွေကိုလည်း လေယာဉ်တွေနဲ့ ဗုံးကြဲဖျက်ဆီးထားပါတယ်။ ဒါပေမယ့် မြို့သိမ်းတိုက်ပွဲ တွေ မဖြစ်ပွားသေးတဲ့ မောင်တောမြို့က ပြည်သူ့ဆေးရုံကို ပိတ်လိုက်တာက ထူးဆန်းနေတယ်လို့ မြို့ခံတချို့က ပြောပါ တယ်။
“လူတွေကို တခုမဟုတ်တခု စိတ်သောက ရောက်အောင်လုပ်နေတာလို့ မြင်တယ်။ စစ်မှုထမ်း ဉပဒေတွေလုပ်တယ်၊ အခုဆေးရုံပိတ်တယ်နဲ့ အာရုံလွှဲအောင် လုပ်နေတာ”လို့ အသက် ၂၅ နှစ်အရွယ် ဒေသခံအမျိုးသမီး တစ်ဦး က ပြောပါတယ်။
ရခိုင်မှာ ကျေးလက်နှင့် မြို့နယ်တွေကိုပါ ကူးသန်းသွားလာခွင့်တွေ ပိတ်လိုက်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေးခိုင်ကာကွယ်ဆေး တကြိမ်မှတောင်မထိုးလိုက်ရတဲ့ မိခင်တွေလည်းရှိနေတယ်လို့ ပြောပါတယ်။
မီးဖွားတဲ့ မိခင်သေဆုံးမှုနှုန်းဟာ ကမ္ဘာ့အဆင်းရဲဆုံးဒေသတွေနှင့် ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ ဆက်လက် မြင့်တက်နေဆဲဖြစ်တယ်လို့လည်း ဆိုထားပါတယ်။လက်ရှိမောင်တောမြို့အပါအဝင် ရခိုင်တပြည်နယ်လုံးဟာ လည်း အဆင်းရဲဆုံးနှင့် ပဋိပက္ခဖြစ်ပွားမှုမြင့်တက်နေတဲ့ ဒေသဖြစ်နေတယ်လို့ဆိုပါတယ်။
မောင်တောပြည်သူ့ဆေးရုံကို ပိတ်လိုက်တာကြောင့် ကိုယ်ဝန်ခုနစ်လရှိပြီဖြစ်တဲ့ သူ့ရဲ့အမျိုးသမီးကို ကလေးခွဲ မွေးနိုင်ဖို့ အတွက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မရ,ရ တဲ့နည်းနဲ့ ခေါ်သွားဖို့ စီစဉ်နေတယ်လို့ ကိုစိုးသူကပြောပါ တယ်။
“လမ်းတွေပိတ်ထားလို့ ဟိုဘက်လည်း သွားမရ၊ ဒီဘက်လည်းသွားမရဖြစ်နေချိန်မှာ ဆေးရုံပါပိတ်လိုက်တော့ ကျနော်မှာ သွားစရာတစ်လမ်းပဲရှိတော့တယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကိုပါ”လို့ ကိုစိုးသူက ပြောပါတယ်။
ဒါပေမယ့် မောင်တောကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ချောင်းကူး၊ မြောင်းကူးသွားရမယ့်ခရီးစဉ်ဟာလည်း ကိုယ်ဝန် ဆောင်မိခင်တစ်ဦးအတွက် လွယ်ကူတဲ့လမ်းခရီးမဟုတ်ဘူးလို့ ကိုစိုးသူကဆက်ပြောပါတယ်။
မခိုင်ခိုလိုပဲသားဦးကိုယ်ဝန်ကို သုံးလလွယ်ထားရတဲ့ အသက် ၂၅ နှစ်အရွယ် မဆန်းရီကတော့အခုရထားတဲ့ ကလေးမွေးပြီးရင် နောက်ထပ်ကလေး မမွေးဖြစ်အောင် နေထိုင်သွားမယ်လို့ ပြောပါတယ်။
“ကလေးမရအောင် နည်းမျိုးစုံနဲ့တားမယ်။ နောက်ဆုံးမတတ်သာရင် သားကြောဖြတ်လိုက်တော့မယ်။ ဒီလိုမျိုး စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဒဏ်ကို မခံချင်တော့ပါဘူး”လို့ဆိုပါတယ်။
ကမ္ဘာပေါ်မှာ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်စဉ် ဒါမှမဟုတ် မီးဖွားစဉ်မှာ နှစ်မိနစ်ကို တယောက်နှုန်း သေဆုံး နေရပြီး အဲဒီသေဆုံးသူတွေထဲက အများစုဟာ ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါတွေကြောင့် ဖြစ်တယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO) အပါအဝင် ကုလသမဂ္ဂရဲ့ ထိပ်တန်းအေဂျင်စီလေးခုနှင့် ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ အစီရင်ခံစာ တခုမှာ ရေးသားထားပါတယ်။
အဲ့ဒီအစီရင်ခံစာအရ ၂၀၂၀ တနှစ်ထဲမှာတင် ကမ္ဘာတဝန်းရှိ အမျိုးသမီး ၂၈၇,၀၀၀ ဝန်းကျင်ဟာ ကိုယ်ဝန်ဆောင် မိခင် ဆိုင်ရာရောဂါတခုခုကြောင့် သေဆုံးခဲ့ရပြီး ဒါဟာ တစ်ရက်ကို အမျိုးသမီး ၈၀၀ နှုန်း သေဆုံးနေတာဖြစ် တယ်လို့ ဖော်ပြထားပါတယ်။