Home ဆောင်းပါး အမျိုးသမီးလုံခြုံရေးအတွက် လုပ်ဆောင်ပေးချင်တဲ့ သေနတ်သံကြားများအကြားက ကိုယ်စားလှယ်လောင်း

အမျိုးသမီးလုံခြုံရေးအတွက် လုပ်ဆောင်ပေးချင်တဲ့ သေနတ်သံကြားများအကြားက ကိုယ်စားလှယ်လောင်း

နန်းဆိုင်နွမ်။ ။

သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) နဲ့ တပ်မတော်တို့အကြား စက်တင်ဘာလကုန်ပိုင်းက စတင်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)က ကျောက်မဲမြို့နယ်အတွင်းမှာ ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲနောက် ရာနဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပါတယ်။

အသက်လုထွက်ပြေးလာခဲ့ကြရတဲ့ ဒေသခံအများစုဟာ ဘုန်းတော်ကြီးကျောင်းတွေမှာ ဖြစ်သလိုနေထိုင်နေကြရတာဖြစ်ပြီး
လွန်ခဲ့တဲ့ သတင်းပတ်တွေတုန်းက အဲ့ဒီစစ်ရှောင်စခန်းတွေဆီ အသက် ၃၀ အရွယ် နန်းအိမွန်အောင် တယောက်အကူအညီပေးဖို့ ရောက်ခဲ့ရင်း သူကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို အခုလိုပြောပါတယ်။

“ စစ်ရှောင်အမျိုးသမီးငိုနေတာတွေမြင်တော့ စိတ်မကောင်းဖြစ်မိလို့ မျက်ရည်ကျမိသေးတယ်။ ဒါပေမယ့် ကျမ မျက်ရည် သူတို့မမြင်အောင် ချက်ချင်းသုတ်လိုက်တယ်” လို့ ကျောက်မဲမြို့သို့ ရောက်ရှိလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို လူငယ်အဖွဲ့နဲ့အတူ သွားရောက်ကူညီနေတဲ့ နန်းအိမွန်အောင် (ခေါ်) နန်းလောဝ်လောဝ် ကဆိုပါတယ်။

ဒီလိုအချိန်မှာ စစ်ပွဲတွေသာ မရှိခဲ့ဘူးဆိုရင် နန်းအိမွန်အောင်နဲ့ ဒေသခံတွေဟာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးပွဲတွေမှာ အမြင်ခြင်းဖလှယ်နေကြမှာဖြစ်ပါတယ်။

သူမဟာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ကိုယ်စားပြုပြီး ရှမ်းပြည်နယ်လွှတ်တော်၊ ကျောက်မဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တွင်ဝင်ရောက် ယှဉ်ပြိုင်ဖို့ စာရင်းပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုယ်စားလှယ်လောင်းဟာ အခုတော့ ဒေသခံတွေကို စစ်ရှောင်စခန်းမှာ သွားပြီးအကူအညီပေးနေရပါတယ်။

နန်းအိမွန်အောင် ဝင်ပြိုင်မယ့် ကျောက်မဲမြို့နယ်ဟာ တိုက်ပွဲတွေမကြာခဏဖြစ်တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ လတ်တလောမှာဆိုရင် RCSS/SSA နဲ့ တပ်မတော်တို့အကြား စက်တင်ဘာလကုန်ပိုင်းကစတင်ပြီး တိုက်ပွဲပေါင်း ၂၀ ကျော်ခန့်ဖြစ်ပွားခဲ့ပါတယ်။ ကျောက်မဲက လွှတ်တော်ကိုယ်စားလှယ်တွေက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဆီ အောက်တိုဘာ ၉ ရက်က ပို့ခဲ့တဲ့စာအရ စစ်ဘေးကြောင့်ထွက်ပြေးနေရတဲ့ အရေအတွက်က ၃၀၀၀ ကျော်အထိ ရှိတယ်လို့ဆိုပါတယ်။

ကျောက်မဲနဲ့ အနီးတဝိုက်မှာ TNLA တအာင်းတပ်၊ RCSS/SSA၊ တပ်မတော်တို့ လှုပ်ရှားသွားလာနေကြပြီး လက်နက်ကိုင်တပ်ဖွဲ့တွေဟာ တဖွဲ့နဲ့တဖွဲ့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာတွေရှိပါတယ်။

တချို့တိုက်ပွဲတွေဟာ TNLA နဲ့ တပ်မတော် အကြားဖြစ်ကြတာဖြစ်ပြီး တချို့တိုက်ပွဲတွေကတော့ RCSS/SSA နဲ့ တပ်မတော် အကြားဖြစ်ကြတာပါ။ TNLA နဲ့ RCSS/SSA အကြားလည်း တစ်ခါတရံ ပစ်ကြခတ်ကြပါသေးတယ်။

တိုက်ပွဲဝင် တပ်တွေသာပြောင်းသွားပေမယ့် မပြောင်းလဲတာကတော့ အပြစ်မဲ့ဒေသခံတွေ ထွက်ပြေးနေကြရတာပဲဖြစ်ပါတယ်။

နန်းလောဝ်လောဝ် (လွှတ်တော်ကိုယ်စားလှယ်လောင်း – ကျောက်မဲမြို့နယ်)

နန်းအိမွန်အောင် ကတော့ သူသာလွှတ်တော်ထဲရောက်ခဲ့ရင် တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတာတွေ၊ စစ်ပွဲတွေကြောင့် အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတာတွေကို အဆုံးသတ်အောင် ကူညီ ဆောင်ရွက်ပေးချင်တယ်လို့ ဆိုပါတယ်။

အခြားတဖက်မှာလည်း သူကိုယ်တိုင်ဟာ စစ်ပွဲတွေအကြားမှာ ရှင်သန်နေရတာလည်းဖြစ်ပါတယ်။ သူမနေထိုင်တဲ့နေအိမ် အနီးတွင်လည်း လွန်ခဲ့တဲ့ရက်ပိုင်းအနည်းငယ်က သေနတ်သံတွေ ကြားရပြီး၊ အိမ်အနီးနားမှာ လက်နက်ကြီးကျခဲ့ပြီး အမျိုးသမီးငယ်တဦးရဲ့ ဦးခေါင်းမှာ ကျည်စ ထိမှန်မှုတွေလည်းရှိခဲ့ပါတယ်။

“လွန်ခဲ့တဲ့ ရက်ကတောင် ကျနော်တို့ ရွာကို ပစ်လာတယ်။ ကျနော်နေတဲ့ကျေးရွာမှာ အိမ်ခြေတွေပျက်စီးတယ်။ အခုတိုက်ပွဲဖြစ်နေတဲ့သူတွေကလည်း ပြည်သူတွေပါပဲ။ ပြည်သူတွေခံစားနေရတဲ့(ပြဿနာ)တွေ ကျနော် လွှတ်တော်ကိုယ်စားလှယ် တွေဖြစ်လာခဲ့ရင် မပပျောက်ရင်တောင် နည်းသွားအောင် ဆောင်ရွက်သွားချင်တယ်” လို့ နန်းအိမွန်အောင်က ဆိုပါတယ်။

ဒေသအတွင်း စစ်ရေးပဋိပက္ခကြောင့် အမျိုးသမီးတွေ မကြာခဏ စစ်ပြေးရှောင်နေရတာတွေ၊ ဒေသအတွင်း မဖွံ့ဖြိုးမှုကြောင့် တိုင်းတပါးထွက် အလုပ်လုပ်ကြပြီး လူကုန်ကူးခံရတာတဲ့ကိစ္စတွေဟာ သူမ ကို လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာဖို့ တွန်းအားပေးတဲ့အရာ များဖြစ်ကြောင်း နန်းအိမွန်အောင် ကပြောပါတယ်။

အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေ ဟာ စစ်ဖြစ်ပွားတဲ့ နေရာတင်မက နေရာတိုင်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များစွာ ပါဝင်လာဖို့ လိုအပ်ကြောင်းလည်း သူမ က ထောက်ပြပြောဆိုလိုက်ပါတယ်။

“ကျနော်တို့စစ်ဖြစ်တဲ့နေရာမှာတင် အမျိုးသမီးလိုတာ မဟုတ်ဘူး။ အမျိုးသမီးတွေက နေရာတိုင်းမှာ လိုအပ်တယ်” လို့ နန်းအိမွန်အောင် က ထင်မြင်ချက်ပြောဆိုလိုက်ပါတယ်။

နန်းအိမွန်အောင်ဟာ SNLD က ၂၀၂၀ မှာစပြီးသွေးသစ်လောင်းခဲ့တဲ့ လူငယ်လွှတ်တော်ကိုယ်စားလှယ်တွေထဲက တစ်ယောက် ဖြစ်ပါတယ်။ ၂၀၁၅ တုန်းကရှမ်းပြည်နယ်မှာ လူထုထောက်ခံမှုအများဆုံးရထားတဲ့ SNLD ဟာ ၂၀၂၀ ရွေးကောက်ပွဲအတွက် လူငယ်နဲ့အမျိုးသမီးတွေကို ယခင်ရွေးကောက်ပွဲတွေထက်ပိုပြီးနေရာပေးထားပါတယ်။ ဝင်ပြိုင်မယ့်အမတ်လောင်း ၁၃၂ ဦးမှာ အမျိုးသမီး ၃၇ ယောက်( ၂၉ %) အထိပါဝင်ပါတယ်။

သူမဟာ ၂၀၁၃ခု နစ်မှ စတင်ကာ နိုင်ငံရေးလောကထဲကို ခြေချခဲ့ပြီး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီတွင် (၂)နှစ်ကျော်သွားရောက်လေ့လာသင်ယူထားခဲ့သူတဦးဖြစ်သည်။

ဒါ့အပြင် သူမဟာ ကျောက်မဲမြို့နယ်အတွင်းရှိ ရှမ်းစာပေနဲ့ယဉ်ကျေးမှု အဖွဲ့မှ လူငယ်အဖွဲ့ဝင်တဦးဖြစ်ပြီး၊ ဒေသဖွံ့ဖြိုးရေးနဲ့ လူငယ်ရေးရာ အသိပညာပေးတွေကို ပါဝင်ဆောင်ရွက်ခဲ့တဲ့ လူငယ်တဦးဖြစ်ပါတယ်။

သူမဘဝရဲ့ ပထမဆုံးရွေးကောက်ပွဲ မဲဆွယ်တဲ့အတွေ့အကြုံက အခက်အခဲတွေအပြည့်နဲ့ပါ။ မဲဆွယ်စည်းရုံးရတာဟာ ရွေးကောက်ပွဲကပ်မှ ဖြစ်လာတဲ့ စစ်ပွဲတွေကြောင့် ခက်ခဲသလို ကိုဗစ်ကပ်ရောဂါကလည်း သူ့ကိုအခက်တွေ့စေပါတယ်။

ဒါအပြင် ကျေးရွာပြည်သူတွေရဲ့ ရှေးရိုးစွဲတွေမှာ နိုင်ငံရေး ဟာ အမျိုးသားနဲ့သာ တိုက်ဆိုင်တဲ့အရာတခုဖြစ်ပြီး၊ အမျိုးသမီးထုဟာ အိမ်တွင်းနေထိုင် အိမ်မှုကိစ္စသာ လုပ်ရမယ်ဆိုတဲ့ အစွဲအလမ်းက ယနေ့ထိတိုင် ရှင်သန်နေဆဲပါ။

နန်းလောဝ်လောဝ် (လွှတ်တော်ကိုယ်စားလှယ်လောင်း – ကျောက်မဲမြို့နယ်)

ဒါ့ကြောင့် မဲဆွယ်စည်းရုံးရေး စတင်ချိန်တွင် ယုံကြည်မှု မရှိကြောင်းကို ပါးစပ်မှ ဖွင့်ထွက်မပြောသော်လည်း အရိပ်အယောင်ပြကြောင်း လည်း နန်းအိမွန်အောင် က ပြောပါတယ်။

“ ယုံကြည်မှု မရှိဘူး ဆိုတာ ပါးစပ်က မပြောပေမယ့် အရိပ်အယောင်တော့ပြတယ်။ အမျိုးသမီးတ ယောက်ဖြစ်တယ်။ အသက်လည်းငယ်တယ် ငါတို့ကို လာပြီးတော့ လုပ်ဆောင်ပေးနိုင်မလားဆိုတဲ့စိတ်က ရှိကောင်းရှိမယ်” လို့ မဲဆွယ်စည်းရုံးချိန်တွင် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို နန်းအိမွန်အောင် က ဆိုပါတယ်။

လက်ရှိဝင်ရောက်ယှဉ်ပြိုင်မယ့်နေရာမှာ အမျိုးသမီးတွေ တကြိမ်တခါမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့နေရာမဟုတ်သလို ထိလွယ်ရှလွယ်တဲ့ နေရာဖြစ်တဲ့နေရာဖြစ်တဲ့အတွက် သူမဟာ ထိုဒေသရဲ့ ပထမဦးဆုံးသော အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းပါပဲ။

ဒါ့ကြောင့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း တဦးတည်းရှိတဲ့အတွက် သူမအပေါ်ဝေဖန်မှု အနည်းငယ်ရှိနေသော်လည်း ရွေးကောက်ပွဲနီးမှ နိုင်ငံရေး လောကထဲ ဝင်ရောက်လာသူမဟုတ်တဲ့အတွက် ဝေဖန်မှုတွေကို မကြောက်ကြောင်း သူမက ရဲရဲဝံ့ဝံ့ ပြောဆို လိုက်ပါတယ်။

“ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်တယ်။ အကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်။ အမျိုးသားတွေနဲ့ တန်းတူ လုပ်ဆောင်နိုင်တယ်ဆိုတာ ပြချင်တယ်။ တိုက်ခိုက်မှုလည်းမကြောက်ဘူး။ ကိုယ့်ကိုယ်ကိုယ် ကျော်လွှားနိုင်မယ်လို့ ထင်ပါတယ်” လို့ သူမက ပြတ်သားစွာ ပြောဆို လိုက်ပါတယ်။

အောက်တိုဘာ ၁၆ရက်နေ့မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကနေ ရုတ်တရက် ရွေးကောက်ပွဲမကျင်းပနိုင်မယ့် ရှမ်းပြည်နယ် ၆မြို့နယ်နဲ့ ကျေးရွာအုပ်စု အများအပြားပါဝင်ခဲ့တဲ့ထဲတွင် ကျောက်မဲမြို့နယ်တွင် ကျေးရွာ (၁၂) အုပ်စု ပါဝင်ပါတယ်။

ထိုထဲမှာ နန်းအိမွန်အောင် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကျောက်မဲ မြို့နယ် မဲဆန္ဒနယ် (၁) မှာ ရွေးကောက်ပွဲ မကျင်းပနိုင်မယ့် ကျေးရွာ အုပ်စု ၄ အုပ်စု ပါဝင်နေပါတယ်။

“ ကျနော် ဝင်ပြိုင်မယ့်နေရာ ကျေးရွာ (၄)အုပ်စုပါတယ်။ အဲ့နေရာက ရှမ်းလူမျိုးစုတွေနေထိုင်တဲ့နေရာဖြစ်ပြီး စစ်ပွဲတွေမဖြစ်တဲ့နေရာပါ။ ဒီအတွက် ကျနော်အတွက် စိတ်ပူစရာတွေရှိတယ်” လို့ နန်းအိမွန်အောင်က ပြောပါတယ်။

သူမ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ကျေးရွာအုပ်စု(၄)အုပ်စုဟာ လက်ရှိ စစ်ပဋိပက္ခဖြစ်ပွားတဲ့ နေရာနဲ့ အလှမ်းဝေးတဲ့နေရာတွေဖြစ်ကြောင်း၊ ပြဿနာ တစုံတရာမရှိဘဲ ရွေးကောက်ပွဲကော်မရှင် ယခုကဲ့သို့ ပိတ်ဆိုင်းလိုက်ခြင်းသည် မဲဆန္ဒရှင် အခွင့်အရေးဆုံးရှုံးမှုများစွာရှိကြောင်းလည်း သူမ က ပြောပါတယ်။

နန်းလောဝ်လောဝ် (လွှတ်တော်ကိုယ်စားလှယ်လောင်း – ကျောက်မဲမြို့နယ်)

“ ပြည်သူတွေက ၅နှစ်မှတခါ မဲပေးခွင့်ရတယ်။ တကယ်လို့ မဲမပေးရရင် အရမ်းနစ်နာသွားမယ်။ ရွေးကောက်ပွဲမဖြစ်ရင်တောင်မှ ပြည်သူအနားမှာကျမဆက်ရှိသွားပြီး အလုပ်ဆက်လုပ်သွားမှာပါ” လို့နန်းအိမွန်အောင် က ဆိုပါတယ်။

သူမ ကတော့ ရွေးကောက်ပွဲတာအနိုင်ရခဲ့မယ်ဆိုရင် အမျိုးသမီးနဲ့ ကလေးအခွင့်အရေး အတွက် လွှတ်တော်မှာ ဥပဒေ၊ နည်းဥပဒေတွေ များများပေါ်ထွက်လာအောင် ဆောင်ရွက်သွားမှာဖြစ်ပြီး၊ သူမရဲ့ဒေသမှာ ကြုံတွေ့နေရတဲ့ အမျိုးသမီးလုံခြုံရေးကိစ္စကိုလည်း နိုင်ငံတော်က အပြည့်အဝ ထောက်ပံ့ရန် တိုက်တွန်းသွားမှာလို့ ပြောဆိုလိုက်ပါတယ်။

အမျိုးသမီးတွေဟာ အနာဂတ်မျိုးဆက်သစ်ကို မွေးထုတ်ပေးတဲ့သူတွေဖြစ်ကြတဲ့အတွက် အမျိုးသမီး အခွင့်အရေး မရှိခဲ့ရင် ကလေးအခွင့်အရေး ဆိုတာလည်း ရှိလာမှာမဟုတ်ကြောင်း သူမက ထောက်ပြပြောဆိုလိုက်ပါတယ်။

“ အမျိုးသမီး ကိုယ်စားလှယ်အားလုံး အမျိုးသမီးအရေး ကို ဂရုစိုက်ပေးချင်တယ်။ မဲဆန္ဒရှင်တွေလည်း အမျိုးသမီးအရေး၊ကလေးအရေး ကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် အမျိုးသမီး လွှတ်တော်အမတ်တွေကို မဲပေးပါ” ဟု နန်းအိမွန်အောင်က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

Related Articles