Home ဆောင်းပါး ချစ်ခြင်းမေတ္တာနဲ့ သစ်တောသစ်ပင်တွေထိန်းသိမ်းနေသူ ရှမ်းတောင်တန်းမှ အမျိုးသမီး

ချစ်ခြင်းမေတ္တာနဲ့ သစ်တောသစ်ပင်တွေထိန်းသိမ်းနေသူ ရှမ်းတောင်တန်းမှ အမျိုးသမီး

ရှင်ငြိမ်း

“ရှမ်းပြည်မှာ သစ်တောပြုန်းတီးမှုရာခိုင်နှုန်းဆိုရင် ၇၀ ရာခိုင်နှုန်းလောက်က တောင်ကတုံးတွေဖြစ်ကုန်ပြီ။ ခုဆို တောင်ကြီးရဲ့ တောင်ပေါ်တကြောလုံးမှာရှိတဲ့ထင်းရူးတော ၉၀ ရာခိုင်နှုန်းလောက်မရှိတော့ဘူး။”လို့ မဟတ်စု ကပြောပါတယ်။

သူမဟာ ဝါသနာတူလူငယ်တွေပေါင်းပြီး သစ်ပင်ချစ်သူများအဖွဲ့အမည်နဲ့ တောင်ကတုံး ဖြစ်နေတဲ့ရှမ်းတောင် တန်းတွေနဲ့ ရှမ်းပြည်နေရာအနှံကို ချယ်ရီ၊ ထင်းရူးပင်တွေအပါအဝင် ဒေသမျိုးရင်းအပင်တွေကို အခမဲ့ လိုက်လံ စိုက်ပျိုးပေးနေသူတဦးပါ။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့က မဟတ်စုလို့ခေါ်တဲ့သူမဟာသစ်တော သစ်ပင်တွေ မရှိတော့ရင် ဘာ တွေဖြစ်လာမလဲလို့ အမြဲတွေးပူနေသူဖြစ်ပြီးသစ်တောသစ်ပင် ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်တာကြောင့် သစ် ပင်ကိုင်းတွေ ချိုးဖဲ့တာ သစ်ပင် တွေကို ဖျက်စီးတာ၊ ခုတ်လှဲပစ်တာတွေကိုအမြဲဆန့်ကျင် ကန့်ကွက်သူ တဦး လည်းဖြစ်ပါတယ်။

“ဒီသစ်တောတွေမရှိတော့ရင် ဘယ်လိုဖြစ်မလဲဆိုပြီး တအားတွေးပူခဲ့တယ်။ သစ်တောတွေပြုန်းလာတော့ တိရစ္ဆာန်တွေ လည်းပျောက်ကုန်တယ်။ ဒါတွေကိုကြည့်ရင် သစ်တောက တော်တော်လေးထိခိုက်နေပြီလို့ ပြော လို့ ရတယ်။ ကုစားမယ်ဆို ရင်တောင်မှတော်တော်လေးနောက်ကျနေပြီ။”လို့ သူမကပြောပါတယ်။

သူမကအိမ်ယာဖော်ဆောင်တာ၊ တောင်ယာချဲ့ထွင်တာ၊ တောမီးလောင်တာ၊ ထင်းခုတ်တာ၊ မီးသွေးဖုတ်တာ၊ ထင်းရှုးဆီ ထုတ်တာ၊ လမ်းချဲ့တာ တွေကြောင့် ရှမ်းပြည်မှာအပင်တွေ မရှိသလောက်နည်းသွားတာဖြစ်ပြီး သစ်တော ပြုန်း တီးမှုကိုကုစားဖို့ပင်နောက်ကျနေကြောင်းထောက်ပြနေသူပါ။

သဘာဝအတိုင်းပေါက်တဲ့သစ်ကြား၊ သစ်တော်၊ မက်မန်း၊ မက်မွန်၊ အော်လဲသီးစတဲ့သီးပင်တွေအပြင် တောနှင်း ဆီ၊ ခိုင်ရွှေဝါနှင်းဆီစတဲ့အလှပင်တွေအကုန် လမ်းချဲ့ တာတွေ ကြောင့် အပင်မျိုးတွေပျက်သုန်းပျောက်ကွယ် လာခဲ့သလိုထင်းရှုးပင်တောတန်းတွေကြောင့် ထင်းရှုးမြို့ တော်လို့ နာမည် တွင်ခဲ့တဲ့ကလောမြို့မှာဆိုရင်လည်း ထင်းရှုးဆီထုတ်တာ၊ သစ်ခုတ်တာတွေကြောင့် ထင်းရှုးပင်ဆိုတာမတွေ့ ရသလောက်ဖြစ်နေပြီလို့ဆိုပါတယ်။

သစ်ပင်တွေနည်းသွားလို့ အပူချိန်မြင့် လာပြီးနှစ်တိုင်းရေရှားပါးတဲ့ ပြဿနာတွေပါမကြုံစဖူးကြုံနေရတာတွေ အပင်တွေထောင်နဲ့ချီဆုံးရှုံးနေတာတွေကြောင့် ရှမ်းပြည်ဟာ အရင်လိုအေးမြတဲ့ရာသီဥတုမရှိတော့ဘဲအပူချိန် တိုးလာပြီးရေခမ်းခြောက်တာ တွေဖြစ်လာတာလို့သူမကထောက်ပြပါတယ်။ အထင်ရှားဆုံးကတော့ ရုရှား ရေကန်ဘေးမှာ ရှိခဲ့တဲ့သစ်တောအုပ်ကြီးကနေသစ်ခိုးထုတ်တာတွေကြောင့် သစ်ပင်မရှိတော့ဘဲ ရေကန်ကရေ မထွက်တော့တာလို့ဆိုပါတယ်။

“တောင်ကြီးမှာ ရေထွက်ပေါက်တွေအများကြီးရှိတော့ရေမရှားဘူး။ ရေတွင်းတူးရင် ပေ ၅၀၊ ၆၀ ဆိုရေ ထွက် တယ်။ ခုမထွက်တော့ဘူး။ မြေကွက်တွေရိုက် သစ်ပင်တွေခုတ်လို့ မထွက်တော့တာ။ အရင်က ရွှေညောင် ဆိုရင် ရေအပြည့်ပဲ။ အခု ကုန်းဖြစ်သွားပြီ။ အင်းလေးကန်တောင် ရေခမ်းလာတယ်။”လို့ သူမကစိုးရိမ်စွာနဲ့ပြောပါ တယ်။

မောင်နှမ ၅ ယောက်မှာ တစ်ဦးထဲသောသမီးဖြစ်ပြီးသူမရဲ့မိဘတွေက တရားလွှတ်တော်ရှေ့နေတွေ ဖြစ်ပေမယ့် သစ်တောသစ်ပင်ချစ်တတ်သူတွေဖြစ်သလိုအဖိုးဖြစ်သူကလည်း သစ်တောအရေးပိုင်ဖြစ်ခဲ့တာကြောင့် ငယ်စဉ် ကတည်းက သစ်ပင်သစ်တောနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့သူလို့ဆိုပါတယ်။ရှုပဗေဒဘာသာရပ်နဲ့ ကျောင်းပြီးချိန် ဘာလုပ် ရမှန်း မသိဖြစ်နေရာက လူမူကွန်ရက်မှာ သစ်ပင်ချစ်သူများပေချ့်ထောင်ကာသစ်ပင်တွေချစ်တတ်ဖို့ စာရေးတင် တာတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ တောင်ကတုံးတွေများလာတာကို ကြည့်ပြီး သူမနဲ့ဝါသနာတူတဲ့လူငယ် တွေစုပေါင်းပြီး “ပန်းပျိုးလက်”အမည်နဲ့ ပရဟိတအပင်စိုက်တဲ့အဖွဲ့လေး ဖွဲ့စည်းကာ သစ်ပင်တွေစတင်စိုက်ပျိုးခဲ့ပါတယ်။ ပျိုးပင် တွေရဖို့ အဖွဲ့သားအားလုံးမုန့်ဖိုးစုပြီး သစ်ပင်တွေစတင်စိုက်ခဲ့ရာကနေတဖြည်းဖြည်းနဲ့ ပရဟိတ အပင်စိုက် တဲ့ကိစ္စ ပိုတွင်ကျယ်လာတော့ မွေးနေ့၊ အလှူ၊ မင်္ဂလာဆောင်အထိမ်းအမှတ်အတွက် စိုက်ပျိုးရတာတွေ ရှိလာတယ်လို့ဆက်ပြောပါတယ်။

“သစ်ပင်စိုက်တယ် ဆိုတာလည်း စိုက်ချင်တဲ့နေရာစိုက်လို့မရဘူး တားမြစ်ထားတဲ့နေရာတွေဆိုရင် သစ်တော ဌာနရဲ့ခွင့်ပြုချက်နဲ့ စိုက်ပျိုးရတာ တောထဲမှာသွားစိုက်တဲ့အခါ မြေကျင်းတူးရတဲ့အခက်အခဲရှိသလို နွေရာသီ ရောက်ရင် ရေလောင်းရတဲ့အခက်အခဲလည်း ရှိပါသေးတယ်။ ဒါ့အပြင် ဝမ်းနည်းစရာကောင်းတာက တောမီး ကြောင့် စိုက်ထားတဲ့အပင်တွေဆုံးရှုံးကုန်တာ” လို့ ဆက်ပြောပါတယ်။

တောထဲမစိုက်ဘဲ လမ်းဘေးစိုက်တော့လည်း လမ်းချဲ့လို့ ပါသွားတာနဲ့ ဓါတ်ကြိုးနဲ့ မလွတ်လို့၊ မြောင်းဖောက် လို့ စတာတွေကြောင့် အပင်တွေအမြောက်အများထပ်ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။

“တနှစ်၊ တနှစ်ကျမတို့စိုက်တဲ့ရာထောင်ချီတဲ့အပင်တွေ ဆုံးရှုံးရတယ်။ တကယ်တမ်းကျန်ခဲ့တဲ့အပင်က စိုက်ပျိုး ခဲ့တဲ့ အပင်နဲ့စာရင် ၁၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်။”လို့ သူမကဆက် ပြောပါတယ်။

နောက်ပိုင်းမှာတော့ဘုန်းကြီးကျောင်း စာသင်ကျောင်းတွေနဲ့ မခုတ်တာသေချာတဲ့နေရာတွေမှာပဲ သူမတို့လိုက် စိုက်ပျိုးပေးဖြစ်တော့တယ်လို့ဆိုပါတယ်။ပန်းပျိုးလက်ရဲ့မူအရ တောင်ကြီးမြို့တစ်ခုထဲသာစိုက်ပေး ဖြစ်တော့ စိတ်တူကိုယ်တူသူငယ်ချင်းတွေစုပြီး “သစ်ပင်ချစ်သူများအဖွဲ့”အနေနဲ့ခွဲထွက်ပြီးအင်းလေး၊ ဟိုပုံးစတဲ့ နေရာတွေ မှာလိုက်စိုက်ပေးဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

သစ်ပင်ချစ်သူများအဖွဲ့အနေနဲ့ မျိုးစေ့တွေကို လိုက်ကောက် မျိုးစေ့တွေကို ရွံ့တွေနဲ့ လုံးပြီးတော့ အဲ့ဒီ seed ball တွေကို တောင်ကတုံးပေါ်မှာ Trekking ကုမ္မဏီတွေနဲ့ချိတ်ပြီးသွားကြဲတာတွေလုပ်ဆောင်တယ်လို့ဆိုပါတယ်။

တောင်ပေါ်ဒေသ အမြင့်ပေ ၃၅၀၀ အထက်မှာသာပေါက်တဲ့ ချယ်ရီပန်းတွေဆိုရင်လည်း အလှကြည့်ကြတာ ထက် အကိုင်းတွေကိုချိုးတာ၊ ခုတ်တာနဲ့ ပန်းခူးရောင်း တာတွေကြောင့် တောင်ကြီးမှာ ချယ်ရီပင်တွေမရှိ သ လောက် နည်းနေပြီလို့ဆိုပါတယ်။ချယ်ရီပင်တွေဟာ တောင်ကြီးအနေအထားနဲ့ဆိုရင် မျိုးမတုန်းနိုင်ပေမယ့် အပင်အရေ အတွက်တော့ နည်းသွားရင်ခရီးသွားလုပ်ငန်းဝင်ငွေလည်း ထိခိုက်နိုင်တယ်လို့ဆိုပါတယ်။

ဒါတွေအပြင် အပင်တစ်ပင်ဖြစ်ဖို့ ခက်ခဲတဲ့ထင်းရှုးပင်ပျိုတွေကို ခုတ်ပြီး ဘာသာရေးပွဲတော်တွေ၊ မင်္ဂလာဆောင် တွေ မှာသုံးတာတွေ့ရ၊ ကြားရတိုင်း သူမအနေနဲ့စိတ်မကောင်းဖြစ်ရတယ်လို့ဆိုပါတယ်။

“ထင်းရှူးတပင်ဖြစ်ဖို့ဆိုတာက ၇ နှစ်၊ ၈ နှစ်ကို မနည်းရုန်းကန်ပြီး တောမီးတွေကြားက ခက်ခက်ခဲခဲဖြစ်လာရ တာ။ ပွဲ တခုအတွက် ၈ နှစ်လောက်ကြီးလာရတဲ့အပင်ကို တရက်ထဲနဲ့ဖျက်စီးလိုက်တယ်။ တအားနှမြောဖို့ ကောင်းတယ်။”လို့   ဆိုပါတယ်။

နှမြောစရာအကောင်းဆုံးကတော့ တောအုပ်ဖြစ်မယ့် အင်ကြင်းတောတွေ တော်တော်များများမရှိတော့တာပါပဲ။ ဒါ့ကြောင့် တစ်နေရာရာမှာသစ်ပင်ခုတ်တာတွေ့ရင် ကွန်ရက်ချိတ်ဆက်ထားတဲ့တခြားသဘာဝပတ်ဝန်းကျင်ထိန်း သိမ်းသူတွေနဲ့ ပေါင်းပြီး ဝိုင်းဝန်းကန့်ကွက်တာတွေ လုပ်ဆောင်နေသလို သစ်ပင်တွေကစိုက်ဖို့လိုအပ်ကြောင်း၊ သစ်တောသစ်ပင်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်ကြောင်း ရေးသားတာတွေလုပ်နေပြီး ဌာနဆိုင်ရာ တွေကိုလည်း စနစ်တကျအပင်တွေကို စိုက်ဖို့ ထိန်းသိမ်းဖို့လိုကြောင်း တိုက်တွန်းနေတယ်လို့ ဆိုပါတယ်။

“ကျမတို့ကတော့ ကမ္ဘာပေါ်က မြေမှုန်သေးသေးလောက်လေးဆိုတော့လေ ကိုယ်ရဲ့ပတ်ဝန်းကျင်မှာရသလောက် တော့ သစ်တောသစ်ပင်တွေမဆုံးရှုံးရအောင်ပြောမယ်။ လှုံဆော်ရေးတွေလုပ်မယ်။ အသိပညာပေးတာတွေ လုပ်သွားမယ်။”လို့  သူမကဆက်ပြောပါတယ်။

“ဥတုရာသီ တောကိုမှီ ”ဆိုတဲ့ဆိုရိုးစကားအတိုင်း မြန်မာ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ သူတို့ရဲ့သက်မွေးဝမ်း ကြောင်းမှုအပါအဝင် ကျေးရွာတွေမှာ လောင်စာအရင်းမြစ်အဖြစ် သစ်တောတွေကို မှီခိုနေရတာ ဖြစ်ပါတယ်။

ကမ္ဘာ့သစ်တောသယံဇာတဆန်းစစ်လေ့လာခြင်းအစီရင်ခံစာ(Global Forest Resources Assessment-2020 (GFRA 2020)အရ ကမ္ဘာမှာသစ်တောပြုန်းတီမှုအများဆုံးနိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံက အဆင့် ၇ နေရာမှာ ရှိနေတာဖြစ်ပါတယ်။

သစ်တောတွေ ပြုန်းတီးမှုကြောင့် အပူချိန်မြင့်လာာတာ၊ ရေကြီးမြေပြိုတာ၊ ရာသီဥတုဖောက်ပြန်တာ ဇီဝမျိုး စုံ မျိုးကွဲ တွေရဲ့ဂေဟစနစ်ပျက်စီးလာတာ၊ အင်းဆက်နဲ့ တခြားလူကို အန္တရာယ်ဖြစ်စေတဲ့ ပိုးမွှားတွေရဲ့ အန္တရာယ် ကို ရင်ဆိုင်ရတာစတဲ့အကျိုးဆက်တွေခံစားကြရမှာဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာဆိုလည်း သစ်တောပြုန်းတီးတာကြောင့် ဖြစ်ပေါ်နေတဲ့ဆိုးကျိုးတွေကိုတောင်ပေါ်ဒေသဖြစ်တဲ့  ရှမ်းပြည်နယ်အပါအဝင်မြန်မာနိုင်ငံ နေရာဒေသအနှံအပြားမှာ ခံစားနေကြရတာပါ။

သစ်တောတွေပြုန်းတီးလာရင် ရာသီဥတုအရမ်းပူလာသလိုလေထုညစ်ညမ်းတာရေခမ်းခြောက်တာတွေဖြစ်လာ မှာဖြစ်ပြီးအဲ့ဒီလိုသစ်တောပြုန်းတီးလို့ ဖြစ်လာတဲ့ဆိုးကျိုးတွေက အမျိုးသမီးတွေရဲ့လူမူစီးပွားရေးကို များစွာ ထိခိုက်စေတယ်လို့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်နေတဲ့ မမိုးသန္တာကလည်းထောက်ပြထားပါတယ်။

“ရေခမ်းလာရင် မြစ်ချောင်းအင်းအိုင်ကို မှီခိုစားသောက်နေရတဲ့ငါးဖမ်းလုပ်သားတွေရဲ့မိသားစု စားဝတ်နေရေး တွေ ထိခိုက်လာမယ်။ မိသားစုဝင်ငွေလျော့လာရင် ကလေးတွေရဲ့ပညာရေး၊ ကျန်းမာရေးကအစခက်အခဲလာ နိုင်တယ်”လို့ သူက ပြောပါတယ်။

သစ်တောပြုန်းတီးမှုကြောင့်အပူချိန်မြင့်မားလာတဲ့မကွေးတိုင်း ပခုက္ကူမြို့နယ် တန့်ကြည့်တောင်ဒေသဘက်မှာ ဆိုရင်လည်း ရေရှားပါးတာကြောင့် အမျိုးသမီးတွေဟာ ရွာနဲ့ ၂ မိုင်ကျော်ဝေးတဲ့လက်ယက်တွင်းမှာ တနေကုန် နီးပါး စောင့်ပြီး ရေသွားခပ်နေရတာမျိုးတွေရှိတယ်လို့ဆိုပါတယ်။

မကွေးကဒေသခံ မနွဲ့က“နွေမှမဟုတ်ဘူး။ ရေက တချိန်လုံးရှားတာ။ မိုးလည်းနည်းတယ်လေ။ အဲ့တော့ ကျမတို့ ဒေသက ကျွဲနွား တွေက အမြဲရောဂါဖြစ်သေကြတယ်။ နွားတကောင် သိန်းဆယ်ချီပေးရတော့ မဝယ်နိုင်ဘူး။ လယ်မလုပ်နိုင်ရင် မိသားစုက စားစရာမရှိ။ စပါးစိုက်ပြီး ထမင်းငတ်နေတာ ကျမတို့ဘဝတွေပါ။”လို့ ဆိုပါတယ်။

အညာဒေသမှာ အလေ့ကျပေါက်တဲ့မန်းကျဉ်းသီး၊ မန်းကျဉ်းရွက် တမာရွက်စတဲ့ဟင်းရွက်တွေကို ရာသီ အလိုက် ခူးရောင်းတာအပြင် ရောင်းမကုန်တာတွေကို အချဉ်စိမ်ပြီး ပြန်ရောင်းနေတဲ့သူတဦးဖြစ်တဲ့ မမော်မော်လွင်က လည်း ခုလိုပြောပါတယ်။

“နောက်ပိုင်းသစ်ပင်ခုတ်တာတွေ များလာတော့သစ်ပင်တွေမရှိတော့ ဝင်ငွေတွေလည်းဆုံးရှုံးရတယ်”လို့ ပြောပါတယ်။

အိမ်ယာဖော်ဆောင်တာ၊ တောင်ယာချဲ့ထွင်တာ၊ တောမီးလောင်တာ၊ ထင်းခုတ်တာ၊ မီးသွေးဖုတ်တာ၊ ထင်းရှုးဆီ ထုတ်တာ၊ လမ်းချဲ့တာ တွေကြောင့် ရှမ်းပြည်မှာအပင်တွေ မရှိသလောက်နည်းသွားတာဖြစ်ပြီး သစ်တော ပြုန်း တီးမှုကိုကုစားဖို့ပင်နောက်ကျနေကြောင်းသူမကထောက်ပြနေသူပါ။

ရှမ်းတောင်တန်းကမဟတ်စုကတော့တောင်ပေါ်ဒေသတစ်ခုဖြစ်တဲ့ရှမ်းပြည်ကို အရင်လိုချယ်ရီပင်၊ ထင်းရှုးပင် တွေနဲ့ ဝေဆာနေစေချင်သလို ရေရှားတဲ့ပြဿနာလည်း အမြန်ဆုံးပြေလည်ဖို့ဆန္ဒရှိတာကြောင့် သူမ အင်အားရှိ သရွေ့ ကြိုးစားသွားဖို့စဉ်းစားထားပေမယ့်မရတဲ့အဆုံးတော့ဘယ်လိုမှမတတ်နိုင်ကြောင်း အခုလိုဝမ်းနည်း စကားဆိုပါတယ်။

“ကမ္ဘာကြီးကတော့ လူတွေမရှိလည်း လည်ပတ်နေမှာပါပဲ။ ကမ္ဘာကြီးမရှိရင်သာ လူတွေမရှင်သန်နိုင်တာ။ ဖျက် စီးကြတော့လည်း ပျက်စီးသွားရုံရှိမှာပေါ့။”လို့သူမကပြောပါတယ်။

Author:

Related Articles