နန်းဆိုင်နွမ်
အမျိုးသမီးတစ်ယောက်ဟာ လက်ထဲမှာ ဖုန်းတစ်လုံးကိုင်ပြီး နေ့နေ့ညညအလုပ်ရှုပ်နေပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် တော့ သူ့ကို စီးပွားရေးလုပ်ငန်းရှင်၊ ကုန်သွယ်ရေး လုပ်ငန်းလုပ်ကိုင်သူတစ်ဦးလို့ ထင်ကောင်းထင်ပါလိမ့်မယ်။
ဒါပေမယ့် ဖုန်းသံကြားလိုက်တာနဲ့ သူရဲ့မျက်နှာမှာ ပူပန်သောကတွေ စိုးရိမ်မှုတွေနဲ့အပြည့်ဖြစ်လာပါတယ်။ ပြီးနောက် အိမ်က နေပြီး ဆေးရုံ ဒါမှမဟုတ် ထိုင်း- မြန်မာနယ်စပ် သောင်းရင်းမြစ်ကို ပြေးလွှားရတော့တာပါပဲ။
သူကတော့ အသက် ၃၇ နှစ်အရွယ် နော်နေခြည်ဖြစ်ပြီး ကရင်လူမျိုးဖြစ်တဲ့အတွက် အများကတော့ “အနော်” ဆိုပြီး ချစ်စနိုးနဲ့ ခေါ်ဝေါ်ကြပါတယ်။
အနော်က အမျိုးသမီးတစ်ဦးဖြစ်ပေမယ့် ညရေးညတာအချိန်မှာလည်း မကြောက်မရွံ့ဘဲ မြန်မာနိုင်ငံဘက်ခြမ်းမှ စစ်ကောင်စီနဲ့ ထိုးစစ်ဆင်လို့ ထိခိုက်ဒဏ်ရာရလာတဲ့ တော်လှန်ရေး ဘက်တော်သားရဲဘော်တွေကို ဆေးကုသနိုင်ရန် ကူညီပေးနေသူပါ။
“ အနော်က ဟိုဘက် (မြန်မာ)ပြည်တိုက်ပွဲက ထိခိုက်ဒဏ်ရာရတဲ့ရဲဘော်တွေကို ဆေးကုသဖို့ကူညီပေးတာ။ ဟိုဘက် (မြန်မာပြည်)ကနေ ထိုင်းဘက်ကိုပို့တော့ သောင်းရင်းမြစ်ကိုသွားကြိုတယ်။ နောက်ဆေးရုံတွေပို့ပေးတယ်။” လို့ သူက အသံခပ်ပြတ် ပြတ်နဲ့ ပြောပြပါတယ်။
သူဟာ မြန်မာ-ထိုင်းနယ်စပ် ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ကနေပြီးတော့ ဒဏ်ရာရရှိတဲ့ တော်လှန်ရေးရဲဘော်တွေကို ဆေးကုသ နိုင်ဖို့ ကူညီပေးသလို ဆေးကုသပေးပြီးနောက် ရဲဘော်တွေ ပြန်လည်ထူထောင်ရေးအတွက်ပါ ကူညီဆောင်ရွက်ပေးနေတဲ့ Sunshine care center (SCC )ကို ဦးစီးတည်ထောင်တဲ့ အမျိုးသမီးတစ်ဦးလည်းဖြစ်ပါတယ်။
နေမကောင်းသူတိုင်း၊ ဆေးရုံတက်ချိန်တိုင်းမှာ ကိုယ့်ချစ်တဲ့သူ၊ကိုယ့်မိသားစုဝင်တွေကို ဘေးနားမှာရှိစေချင်ကြောင်း၊ ထိုနည်း တူ တော်လှန်ရေးရဲဘော်တွေ အသက်အန္တရာယ်ရင်ဆိုင်နေရချိန်မှာ သူတို့တွေရဲ့ဘေးမှာ အနော်ရှိသင့်တယ်ဆိုတဲ့ စိတ်နဲ့ လုပ် ဆောင်နေတာဖြစ်တယ်လို့ သူကဆိုပါတယ်။
“ ရဲဘော်တွေ ဒဏ်ရာရဆေးကုသချိန်မှာ အသက်အန္တရာယ်ရင်ဆိုင်နေရချိန်မှာ ဘေးမှာတော့ ကိုယ်ချစ်တဲ့သူရှိစေချင်တယ်။ သူတို့တွေက ဘာသာစကားအခက်အခဲလည်းရှိတယ်။ သူတို့အရာရာအသစ်ဖြစ်နေတော့ သူတို့နာကျင်မှုကို မဖော်ပြနိုင် မဖော် ပြရဲတဲ့ စိတ်ခံစားမှုကိုအနော်တွေ့တယ်။ အဲ့တော့ဒီအခြေအနေပေါ်မှာ သူတို့အတွက်ရပ်တည်မယ်ဆိုပြီး သူတို့အတွက် အလုပ် လုပ်တယ်။” လို့အနော်က ဒီ SCC ကို စတင်လုပ်ဆောင်လာတဲ့အကြောင်းကို ပြောပြပါတယ်။
SCC ဖြစ်ပေါ်လာပုံ
လွန်ခဲ့တဲ့ ၂၀၂၁ ခုနစ် ဒီဇင်ဘာမှာ စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တို့ဟာ ကရင်ပြည် နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ငြိမ်းချမ်းရေးအထိမ်းအမှတ် လေးကေကော်မြို့သစ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထောင်ချီတဲ့ပြည်သူ တွေဟာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ပါတယ်။
အဲဒီထွက်ပြေးလာတဲ့ ထောင်ချီပြည်သူထဲမှာ နော်နေခြည်လင်းတို့မိသားစုလည်း အပါအဝင်ပါပဲ။
သူဟာ ကလေး သုံးယောက် မိခင်ဖြစ်တဲ့အလျောက် အာဏာမသိမ်းခင်က ကလေးတွေကိုသာ ရင်ခွင်ပိုက် ထိန်းကျောင်းတဲ့ အလုပ်ကို လုပ်ကိုင်သလို ဒေသရပ်ရွာ ဖွံ့ဖြိုရေးအတွက်လည်း စိတ်အားထက်သန်စွာ ပါဝင်လုပ်ဆောင်တဲ့သူ ဖြစ်ပါတယ်။
“ တော်လှန်ရေးမတိုင်ခင်က အနော်က Community NGO မှာလုပ်တယ်။ အစိုးရ အသစ်အပြောင်းမှာ ကိုယ့်ရပ်ရွာမှာနေပြီး စီးပွားရေးလုပ်တယ်။ ငွေလဲလှယ်တာတွေလုပ်တယ်။ အပြင်အလုပ်ထက် ကိုယ်ပိုင်စီးပွားရေးနဲ့ကလေးတွေကို ပြုစုစောင့် ရှောက်တယ်။” လို့ သူက တော်လှန်ရေးမတိုင်ခင်က အကြောင်းတွေကို ပြောပြလာပါတယ်။
၂၀၂၁ ခုနစ် စစ်အာဏာသိမ်းပြီး တော်လှန်ရေးစတင်လာတဲ့နောက်မှာတော့ မြဝတီကနေ လေးကေကော်ကိုပြောင်းပြီး ရပ်ရွာ ဒေသ ဖွံ့ဖြိုးရေးကိစ္စတွေ ဆောင်ရွက်ခဲ့ပါသေးသလို စစ်အာဏာရှင်ကို တော်လှန်နေတဲ့လူငယ်တွေကို တခြားပြည်မ (ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့နယ်)ကနေ လာရောက်ပြီး တိမ်းရှောင်လာတဲ့သူတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပါတယ်။
အဲ့လိုလုပ်ဆောင်နေချိန်မှာ လေးကေကော်မှာ ရုတ်တရက် တိုက်ပွဲတွေက စတင်လာပြီး လေးကေကော်မှာ လာရောက်ခိုလှုံတဲ့ သူတွေနဲ့ ဒေသခံတွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ရပါတယ်။
“ လေးကေ့ကော်တိုက်ပွဲကနေစပြီး အနော် ဒီ SCC ကို စခဲ့တယ်လို့ပြောလို့ရတယ်။ အဲ့မှာ ဒဏ်ရာရတဲ့သူ တစ်ယောက်စ နှစ် ယောက်စ ကူညီပေးခဲ့ရာကနေ စခဲ့တာ။ အစီအစဥ်တွေ ဆွဲပြီးတော့ လုပ်ခဲ့တာတော့မဟုတ်ဘူး။ လုပ်သင့်တယ်ဆိုတဲ့ စိတ်နဲ့ လုပ်လိုက်တာပါ။” လို့ အနော်နေခြည်လင်းက SCC စခဲ့တာကို ပြောပါတယ်။
သူဟာ ဒဏ်ရာရတော်လှန်ရေး ရဲဘော်တစ်ဦးစနှစ်ဦးစ ကူညီကြည့်ရှု့ရာကနေု နာတာရှည်ကုသရမယ့် ရဲဘော်တွေကို ပြန် လည် ထူထောင်ရေး ဆက်လုပ်ရမယ့်အရာတွေရှိအတွက် ရှေ့ရေးကို မစဥ်းစားဘဲ စတင်လုပ်ကိုင်လုပ်တဲ့ သဘောဖြစ်ကြောင်း ရှင်းပြပါတယ်။
SCC ရဲ့ လုပ်ဆောင်မှုများ
လေးကေကော်တိုက်ပွဲကနေ စလာတဲ့ SCC တော်လှန်ရေး ရဲဘော်ပြန်လည်ကုစားရေးနေရာဟာ ဒဏ်ရာရသူ ငါးဦးကနေ လက်ရှိအချိန်ထိ ဒဏ်ရာရရှိတဲ့ တော်လှန်ရေး ရဲဘော် ၅၀၀ နီးပါးကို ဆေးကုသပေးပြီးဖြစ်ကြောင်း အနော်က ဆိုပြန်ပါတယ်။
“ လုပ်ငန်းစဥ်အတိုင်း ကုသပေးပြီးတဲ့အခါမှာ ကဏ္ဍအသီးသီးအရ ပြန်လို့ရတဲ့သူကပြန် ဒီကဏ္ဍမဟုတ်ဘဲ တခြားမှာ ပါတဲ့သူ ကပါ၊ လက်ရှိမှာတော့ ဆေးကုနေတဲ့သူ ၁၀၀ နီးပါးရှိတယ်။ ဆေးကုပြီး တော်လှန်ရေး နယ်မြေထဲ ပြန်သွားတဲ့ သူလည်းရှိ တယ်။” လို့ SCC သို့ ရောက်လာတဲ့ ဒဏ်ရာရ တော်လှန်ရေးရဲဘော်တွေ အကြောင်းကို ပြောပါတယ်။
ထိုင်းနိုင်ငံဘက်ကို ဆေးလာကုသတဲ့ တော်လှန်ရေး ရဲဘော်တွေထဲမှာ အမျိုးသမီးရဲဘော်တွေလည်း ပါဝင်ကြောင်းနဲ့ စစ် မြေပြင်မှ ဒဏ်ရာသူတွေမဟုတ်ဘဲ မတော်တဆထိခိုက်တာ နောက်တန်းမှာနေပြီး အက်ဆီးဒင့်ဖြစ်တာ၊ နောက်ရဲဘော် အချင်း ချင်းယူပြီး ကိုယ်ဝန်ရလာတဲ့အခါ ကလေးမွေးဖွားပေးရတာတွေပါ။ ကလေးမွေးဖွားတာဆိုရင် ၁၀ဦး ရှိပါပြီ။
ထိုင်းနိုင်ငံဟာ တော်လှန်ရေးလှုပ်ရှားသူတွေအတွက် ခေတ္တာခိုလှုံရာနေရာဖြစ်တဲ့အလျောက် မြန်မာပြည်ဘက်က တော်လှန် ရေး တိုက်ပွဲတွေကြား ထိခိုက်ပြီး ဆေးလာကုတဲ့သူတွေဟာ ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စည်းမျဥ်းစည်းကမ်းကို ၁၀၀ ရာခိုင်နှုန်း လိုက်နာရပါတယ်။
မြန်မာနိုင်ငံမှာ ဆေးဘက်ဆိုင်ရာ ဘွဲ့လွန်တွေ ၊ ဆရာဝန်တွေဖြစ်နေတဲ့သူတွေဟာ စစ်အာဏာဖီဆန်ရေး CDM မှာ ပါဝင် ပြီး ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ရောက်ရှိပေမယ့် ဒဏ်ရာရ တော်လှန်ရေးရဲဘော်တွေကို ကိုင်တွယ် ဆေး ကုသမှု မရှိပါဘူး။
“ ဒဏ်ရာတွေရလာပြီဆိုရင် အနော်တို့ဆေးမကုသပေးဘူး။ အနော်တို့အဓိက ကြည့်ပေးရတာက လူနာတွေကုသပြီး ပြန် လည်ထူထောင်ရေး၊ သန်စွမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေးဆေးရုံဆေးခန်း ညွန်ကြားမှုအတိုင်းကြည့်ရှုပံ့ပိုးပေးတယ်။ တစ် ကယ်လို့ ဆေးကုရင် တရားဝင်ဆေးကုသခွင့်ရတဲ့ နီးစပ်ရာ ဆေးရုံဆေးခန်းတွေကို ပြပါတယ်။ ပို့ပေးပါတယ်။” လို့ အနော်က ဒဏ်ရာရရှိလာတဲ့သူ ဆေးကုသမှုနဲ့ပတ်သက်ပြီး ရှင်းပြပါတယ်။
SCC ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထောက်ပံ့မှုအနည်းငယ်ပေးသလို CDM ဆရာဝန်တွေက ဆေးကုသမှု တာဝန် မယူပေမယ့် အကြံပေးမှု ကူညီစောင့်ရှောက်မှုပေးကြောင်း အနော်ဆိုပြန်ပါတယ်။
“ NUG ကနေ ၃၀ ရာခိုင်နှုန်းတော့ cover ဖြစ်တာပေါ။ အနော်တို့ဘက်က လုံခြုံရေးကြောက်ရတာတွေရှိတော့ လူသိရှင်ကြား မပြောရဲတာ မလုပ်ရဲဘူး။ တချို့အရာတွေက သတိနဲ့နေရတယ်။ နီးစပ်သူတွေ ခင်မင်တဲ့သူတွေ နည်းမျိုးစုံနဲ့ နိုင်တဲ့ဘက်က ပံ့ပိုးတယ်။ ခက်ခဲတာတော့ ခက်ခဲတာအများကြီးရှိပါတယ်။ အသက်မရှုနိုင်လောက်အောင် ခက်ခဲပြီးကျပ်တည်းတဲ့ အခြေ အနေလည်း ကြုံရပါတယ်။” လို့ အနော်က SCC ရဲ့ ငွေကြေးဆိုင်ရာ ထောက်ပံ့မှုတွေအခြေအနေကို ရင်ဖွင့်ပြောပြပါတယ်။
လုံခြုံရေး ချိန်းခြောက်ခံရ
“ ကျမရဲ့ စိန်ခေါ်မှုတစ်ကလုံခြုံရေးပါ။ ဒုတိယစိန်ခေါ်မှုဆိုလည်းလုံခြုံရေးပါ။ ကျမကိုနည်းမျိုးစုံနဲ့ ခြိမ်းခြောက်နေတာရှိပါ တယ်။” လို့ အနော်က သူရဲ့လုံခြုံရေးစိုးရိမ်ရမှုကို ပြောပြလာပါတယ်။
သူဟာ ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ခြမ်းမှာ ရောက်ရှိနေပေမယ့် နေ့စဥ်နဲ့အမျှ အနော်ကို ခြိမ်းခြောက် နေတာကတော့ စစ်ကောင်စီရဲ့ဘက်တော်သားတွေပါပဲ။
“ တစ်နေ့တစ်မျိုးပါပဲ။ သူတို့က အနော်ဘာလုပ်ဘယ်သွားသိနေတယ်။ နောက်ကနေတကောက်ကောက်လိုက်တယ်။ အနော်ရဲ့ ဘေးမှာတော့ လုံခြုံရေးယူပေးတဲ့သူတွေရှိတယ်လေ။ နောက်တစ်ခုက အခုလုပ်နေတဲ့ SCC ပိတ်ဖို့ တားမြစ်ဖို့တွေလည်း ကြိုး ပမ်းတာကြားသိရတယ်။” လို့ အနော်ရဲ့ လုံခြုံရေး SCC ရဲ့ စိန်ခေါ်မှုကိုပြောပြလာပါတယ်။
ထိုင်းနိုင်ငံဘက်က အာဏာပိုင်တွေဟာ ကိုယ်လုပ်ဆောင်မှုကို နားလည်မှုရှိကြောင်းနဲ့ လက်ရှိ မြန်မာနိုင်ငံရေးအခြေအနေအရ ခေတ္တလာရောက် နားခိုမှုကို သေချာသဘောပေါက်ပြီး ကူညီထောက်ပံ့ပေးမှုရှိကာ မိမိတို့ SCC ဘက်ကလည်း ထိုင်းနိုင်ငံရဲ့ စည်းမျဥ်း၊ စည်းကမ်းကိုလိုက်နာကြောင်း အနော်ကဆိုပြန်ပါတယ်။
တစ်ဖက်မှာလည်း နေ့နေ့ညည ရဲဘော်တွေ အသက်ရှင်သန်ဖို့သာရှိတဲ့အတွက် အန္တရာယ်ကြားက သွားရောက်ခေါ်ရမှုကလည်း သူ့အတွက် စိန်ခေါ်မှု တစ်ခုပါပဲ။
“ ဟိုဘက်မှာ ထိရင် တစ်ညလုံးမအိပ်ရဘူး။ သူတို့အသက်ရှင်ဖို့ ဒီဘက်ခြမ်းမြန်မြန်ရောက်လာဖို့ကုသဖို့ အနော်တို့ ညသန်း ခေါင်လည်း ထွက်သွားတယ်။ ညသန်းခေါင်လည်း သွားရတယ်။ အိပ်ချိန်စားချိန် ပုံမှန်မရှိဘူး။ အန္တရာယ်များတဲ့အချိန်ပေါ့။” လို့ အနော်က သူကြုံတွေ့ရတဲ့ အရာတွေကို ပြောပြပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အနော်တို့မိသားစုဘဝဟာ အရာရာဇောက်ထိုးမိုးမျှော် ဖြစ်သွားတဲ့အတွက် အရာရာဟာ စိန် ခေါ်မှုတွေကြီးပါပဲ။
“ မနက်ဖန်ကိုမစဥ်းစားဘူး။ နောက်ရက်တွေကိုမစဥ်းစားဘူး။ ယနေ့ကို ငါတို့အကောင်းဆုံးရှင်သန်မယ်။ ဒီနေ့ကို အကောင်း ဆုံး တစ်ဦးကိုတစ်ဦး ကူညီပြီးတော့ အကောင်းဆုံးသွားမယ်ဆိုပြီး သွားနေပါတယ်။” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း သူဟာ နေ့စဥ် ဘဝကို ဖြတ်သန်းနေပါတယ်။
အတိတ်ရဲ့ဘဝကိုတွေ့ရင်ရူးနိုင်သလို အနာဂတ်ကိုစဥ်းစားရင်းလည်းရူးဖို့ပဲရှိကြောင်း ဒါ့ကြောင့် ပစ္စုပ္ပာန်ကာလမှာ အတူသွား ကြမယ်ဆိုတဲ့စိတ်နဲ့ ရှင်သန်ဖြတ်သန်းနေရတာပါလို့ သူကဆိုပါတယ်။
သူ့ဘဝဟာ ရုပ်ရှင်ဇာတ်ကားထဲကအတိုင်း သရုပ်ဆောင်ရတာတွေလည်းရှိပါတယ်။ သွေးသံတရဲရဲနဲ့ ကားပေါ်ကနေ သယ်လာ တဲ့ ရဲဘော်တွေ၊ ဆိုးဝါးတဲ့အခြေအနေ ခွဲစိတ်ခန်းကနေထွက်လာပြီးအော်ငိုသံတွေ၊ ပြန်လည်ထူထောင်ရေးကာလမှာ နာကျင် လို့ အော်ငိုတဲ့အသံတွေဟာ နေ့စဥ်နဲ့အမျှ ကြားနေရသူဖြစ်ပါတယ်။
“တခါတလေ ကျမလည်း လူသားပဲလေ။ ဒီကိစ္စကိုပြောရင် အကြီးအကျယ် ရယ်ကြလိမ့်မယ် ရုပ်ရှင်လိုပေါ့။ သူတို့တွေ ဝေဒနာ ခံစားနေရတာ နိစ္စဒူ၀တွေ့ရတယ်။ သူတို့အော်သံတွေ သူတို့ကို ဆေးထိုးသတ်ဖို့ပြောအော်ပြောသံတွေက နေ့တိုင်းကြားရတော့ သူတို့ ရှေ့မှာ အနော်ဟန်ဆောင်တယ်။ အသံတွေလည်းတုန်တယ်။ အဲ့ချိန်အနော်ရဲ့ အဖော်မွန်က နေကာမျက်မှန်ပဲ။” လို့ အနော်က ဟန်ဆောင်နေရမှုကို ရင်ဖွင့်ပြောပြလာပါတယ်။
ကျည်ဆန်တွေကြား ပြေးလွှားခဲ့ရ
သူ့ရဲ့ဘဝ မမေ့နိုင်စရာကတော့ ထိုင်းနိုင်ငံကို ထွက်ပြေးလာခဲ့တဲ့ လေးကေကော်တိုက်ပွဲက အတွေ့အကြုံတစ်ခုပဲလို့ ဆိုပါ တယ်။
“ အနော်က တော်လှန်ရေး ရဲဘော်မိသားစုတွေ CDM မိသားစုတွေ ကလေးနဲ့ အမျိုးသမီး အယောက် ၃၀ကျော်ကို ဦးဆောင်ပြီး ဖြတ်လာချိန် မြစ်ဆိပ်နားရောက်ချိန်မှာ အနော်ကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ အကြိမ်ပေါင်းများစွာ လှမ်းပစ်ခဲ့တဲ့ မြင်ကွင်းဟာ မမေ့နိုင်စရာပါပဲ။” လို့ ဆိုပါတယ်။
“ ကျည်ဆံက ဦးခေါင်းပေါ်ကနေဖြတ်နေတာ။ အဲ့ကျည်သံတွေကြားဖူးတယ်။ ကိုယ်က ရေလည်းမကူးတတ် မြစ်ထဲမှာ ဖိနပ် ကိုင်ပြီးဆုတောင်းတယ်။ ဘုရားသခင် ကျမရေမကူးတတ်ဘူး။ ကျမ မသန်စွမ်းတော့မဖြစ်ချင်ဘူး။ သေရင်လည်း တခါတည်း သေပါရစေဆိုပြီး ဆုတောင်းတယ်။” လို အနော်က ဘဝမှာ မမေ့နိုင်တဲ့နေ့ရက်အကြောင်းကို ပြောလာပါတယ်။
သူဟာ ကလေးအမေဖြစ်တဲ့အလျောက် တာဝန်မကျေတဲ့ မိခင်တစ်ယောက်လို့ခံစားနေရပြီး စိတ်အလိုအလျောက် ဝမ်းနည်း လာပြီး အသက် ၁၃နှစ်အရွယ် သမီးကြီးဆီရဲ့အားပေးမှုနဲ့ ဆက်လက်ရပ်တည်ရတယ်လို့ ဆိုတယ်။
“ ကလေးတွေက အနော်ကို နားလည်ပေးတယ်။ ကလေးတွေကိုယ်တိုင်ကလည်း စစ်ရဲ့ အနိဌာရုံတွေကို သူတို့ ကောင်းကောင်း မြင်ခဲ့ ကြုံခဲ့ဖူးတယ်။ ဒါပေမယ့် အနော် သူတို့အတွက် ခဏခဏဝမ်းနည်းမှုတွေဖြစ်ခဲ့တယ်။” လို့ စိတ်မကောင်းစွာ ပြောပြလာ ပါတယ်။
ဒ့ါအပြင် SCC စတင်တည်ထောင်ချိန်ဟာ စနစ်တကျနဲ့ တည်ထောင်လာတဲ့အဖွဲ့အစည်းမဟုတ်ဘဲ လုပ်ဆောင်မှုတွေထဲမှ သင် ကြားရင်း ပိုနားလည်လာပြီး တဆင့်ပြီးတဆင့်သိလာကာ ထိခိုက်ဒဏ်ရာရရဲဘော်တွေဟာ ဆေးကုသပြီးပေမယ့် စိတ်ပိုင်းဆိုင် ရာ ထိခိုက်မှုကြောင့် နလန်ပြန်မထနိုင်သေးတာတွေကိုလည်း တွေ့ရှိလာခဲ့ရပါတယ်။
“ အစက ဒဏ်ရာကုသပြီးရင် အဆင်ပြေသွားမယ်ထင်တာ။ သူတို့ နှစ်ရှည်ကုသရတဲ့ဒဏ်ရာတွေကလည်းရှိတော့ အဲ့မှာ စိတ် ဓာတ်တွေကျ စိတ်ဒဏ်ရာကြောင့် အိပ်ယာထဲလဲ၊ စိတ်ပိုင်းဆိုင်ရာ ဆရာဝန်တွေ တတ်သိပညာရှင်တွေကို မေးမြန်းသင်ကြားပြီး ရဲဘော်တွေရဲ့ စိတ်ကို ကုလို့ရတာဟာ အနော်တစ်ယောက်တည်းရှိတယ်ဆိုပြီးပြောပါတယ်။” လို့ သူကဆိုတယ်။
ဒီကိစ္စတွေကြောင့် အနော်ဟာ အန္တရာယ်ဘယ်လောက်တွေရှိနေပါစေ သူရဲကောင်း ရဲဘော်တွေကို လေးစားပြီး ဂုဏ်ယူတဲ့ စိတ်နဲ့ ပြုစုပေးနေရတဲ့အတွက် စိတ်ကျေနပ်မှုရကြောင်း ပြောပါတယ်။ စစ်အာဏာရှင် အမြစ်ဖြတ်ဖို့အတွက် ကူညီထောက်ပံ့နိုင်တဲ့အခန်းကဏ္ဍကနေပူးပေါင်းပါဝင်ပေးကြရန်လိုအပ်ကြောင်း၊ လက်ရှိ အခြေအနေမှာ အတူတူရုန်းကန်မှသာလျှင် ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်ရှိမယ်လို့ သူက ပြောဆိုလိုက်ပါတယ်။