Home ဆောင်းပါး တရားရုံး ရောက်ခဲ့ပေမယ့် လည်း…

တရားရုံး ရောက်ခဲ့ပေမယ့် လည်း…

Cherry/ Anna။

“သမီးဘဝတစ်လျှောက်လုံး အမဲစက်က ရှိနေတော့မှာဘဲ သမီးကအခုဆိုရင် ကျောင်းမတက်ချင်တော့ဘူး အိမ်မှာဘဲ စာသင်တော့မယ်ဘဲပြောနေတယ် သမီးကိုသိပ်သနားတယ်။”

ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာမှ ဒုတိယတန်းတက်နေသည့် အသက် ၁၄ နှစ်အရွယ် ကျောင်းသူလေးရဲ့ မိခင်က စိတ်ပျက် ဝမ်းနည်းစွာ ပြောပြနေခြင်း ဖြစ်ပါသည်။

အသက်မပြည့်သေးသည့် ကျောင်းသူလေးကို ကျူးလွန်ခဲ့သော စစ်သားကို စစ်ခုံရုံးက တာဝန်လျော့ပေါ့မှုနှင့် ပြစ်ဒဏ် ၁ နှစ် ချမှတ်ပြီး အရပ်ဖက် တရားရုံးတွင် မုဒိန်းမှုဖြင့် အရေးယူနေသော အမှုဖြစ်သည်။

ကျောင်းသူမလေးကို အစိုးရ ခမရ (၅၆၇) တပ်ရင်းမှ စစ်သားတစ်ဦးက အတင်းအဓ္မ သားမယားပြုကျင့်လိုက်သည် ဟုကွတ်ခိုင်မြို့ ကချင်ယဉ်ကျေးမှုနှင့် စာပေအသင်း အမျိုးသမီး ခေါင်းဆောင်မှ ပြောသည်။

“ ပြီးခဲ့တဲ့ မေလ ၁၆ရက်နေ့ ညနေ (၁၆.၁၀)ချိန်မှာ သမီးညီမ မလွမ်းအောင် (အသက်(၅)နှစ်) နဲ့ အတူ နမ့်ကွတ်ရွာကားလမ်းဘေးက ဈေးဆိုင်မှာ ပဲလှော်ဝယ်ပြီး ပြန်လာတဲ့ အချိန်  သမီးကိုစစ်သားတစ်ဦးက လက်ဆွဲပြီးနမ့်ကွတ်ရွာ မူကြိုကျောင်းနောက် အိမ်သာဘက်ကို ခေါ်သွားပြီး မြက်ခင်းပေါ်မှာ  သမီးကိုတွန်းလှဲပြီး သမီးရဲ့ ဘောင်းဘီတိုကို ဆွဲချွတ်ပြီး (၁) ကြိမ် သားမယားပြုကျင့်လိုက်ပါတယ်”  ဟု ကျူးလွန်ခံရသူ ကလေးငယ်က  မျက်နှာငယ်နှင့် ပြောပြပါသည်။

အမှုဖြစ်ပြီးနောက် ၃ရက်အကြာတွင် ကလေးငယ်၏မိဘများ၊ ကချင်ယဉ်ကျေးမှု စာပေ အမျိုးသမီးခေါင်းဆောင်များ၊ အုပ်စုအတွင်းရေးမှူးနှင့် ရွာသားအချို့နှင့်အတူ ခမရ(၅၆၇) ကွတ်ခိုင်ဗျူဟာမှူးထံ သွားရောက်ပြောဆိုရာ ဗျူဟာမှူးသည် ငွေရှစ်သိန်းနှင့် ကျေအေးပေးရန်ပြောလာသောကြောင့် သွား ရောက်ပြောဆိုသူများအားလုံး စိတ်ဒေါသပိုမိုထွက်လာပြီး “ဒီအမှုကလွယ်လွယ်နှင့်ဖြေရှင်းမဲ့အလုပ်မဟုတ်ဘူး ကလေးမ စိတ်ချမ်းသားအောင် ထိုက်တန်တဲ့ ပြစ်မှုချမှတ်ပေးပါ” ဟု တောင်းဆိုခဲ့ကြောင်း အုပ်စုအတွင်းရေးမှူးက ပြောပြသည်။

“ ကျွန်တော်တို့မိဘနှစ်ပါးက မနက် ၆နာရီကတည်းက မီးသွေးသွားသည်ဖို့ထွက်သွားပြီး ညမိုးချုပ်မှ အိမ်ပြန်လာတာ။ လမ်းမှာ ကျွန်တော့်ကို အမျိုးသမီးဒေါ်လွမ်းညွယ်က အလောတစ်ကြီးခေါ်လိုက်လို့ ရပ်ကြည့်လိုက်တာ။ သမီးဆိုင်းမိုင်ကို စစ်သားတစ်ဦးက  အတင်းအဓ္မသားမယားပြုကျင့်လိုက်တဲ့အကြောင်းကို အဲဒီအချိန်မှပြောပြလို့ သိရတာ” ဟု ဖခင်ဖြစ်သူက ပြောပြသည်။

“သိသိချင်း မီးသွေးပစ်လိုက်ပြီး အိမ်ကို မြန်မြန်ပြေးသွားပြီး အိမ်ရောက်တော့ သမီးလေးအိမ်မှာရှိမနေဘူး”
မိဘတွေကို ကြောက်နေလို့လားဟု တွေးမိကြောင်း ဖခင်မှ ပြောပြသည်။

တစ်ညလုံးရှာနေစဉ် သမီးလေးမှာ အိမ်ရှေ့တွင်လန်းထားသည့် အနွေးအင်္ဂာျီ ကိုလာယူပြီး ပြန်ပြေးသွားဖို့ရည်ရွယ်နေချိန်မှာမှ ဖခင်ဖြစ်သူက မြင်လိုက်ရသည်။

“ကျွန်တော်လည်း ကလေးကိုတွေ့တာနဲ့ ဒေါသထွက်ပြီး သမီးလေးကို အိမ်ရှေ့သစ်ပင်မှာ ချည်ထားပြီး တအား ရိုက်လိုက်မိတယ်”ဟု ဖခင်ဖြစ်သူက ပြောပြသည်။

နောက်ပိုင်းတွင် ဤအမှုကို စစ်ခုံရုံးဖွဲ့၍စစ်ဆေးခဲ့ပြီး ကျူးလွန်သော စစ်သားအား အလုပ်တာဝန် ပေါ့လျော့မှုဖြင့် တနှစ် ထောင်ဒဏ်ပေးခဲ့သည်။

ကချင်ယဉ်ကျေးမှုစာပေ အမျိုးသမီးအဖွဲ့များနှင့် အခြား NGO ၏ အကူအညီဖြင့်  လာရှိုးမြိူ့ တရားရုံးတွင် စစ်ဘက်မှထောင်ဒဏ်တစ်နှစ်သာချလိုက်သည်ကို ကျူးလွန်ခံရသူဘက်မှ မကျေမနပ်ဖြစ်၍ အရပ်ဘက်သို့ လွှဲပြောင်းပေးရန် တောင်းဆိုနိုင်ခဲ့ပြီး လားရှိုးရှေ့နေမှ မူဆယ်ခရိုင်သို့လွဲပြောင်းလိုက်သည် ဟု သိရသည်။

မူဆယ်ခရိုင်တရားရုံးတွင် ကလေး၏ ဆေးစစ်ချက်အရ သားမယားပြုကျင့်မှုမှန်ကန်ကြောင်းကို ကွတ်ခိုင်မြို့ဆရာဝန် က ထွက်ဆိုဖြေကြားခဲ့ကြောင်းလည်းသိရသည်။

သူမကို အတင်းအဓမ္မ သားမယားပြုကျင့်လိုက်သည့် စစ်သားသည် နမ့်ကွတ်ရွာတွေ တည်းခိုနေသော စစ်သားဖြစ်ကြောင်းပြောပြထားချက်အရ အိမ်ရှင်တွေကိုလည်း မူဆယ်ခရိုင်တရားရုံးမှ ဆင့်ခေါ်၍ စစ်သားများတည်းခိုနေကြောင်း မှန်မမှန်ကို မေးမြန်ရန် ဟုတ်မှန်ကြောင်း ဖြေကြားပြောဆိုခဲ့ကြောင်း ရှေ့နေဒေါ်ရွယ်ဆိုင်မှ ပြောပြပေးသည်။

မူဆယ်ခရိုင်တရားရုံးတွင် ဤအမှုကိုဥပဒေအတိုင်း ဆက်လက်စုံစမ်းကြားနာသွားမည်ဖြစ်ကြောင်း ရှေ့နေက ပြောသည်။

ကလေးမလေး၏ မိခင်မှာ အမှုမှန်ပေါ်စေချင်သော်လည်း ရိုက်ခတ်မှု အများအပြား ခံရကြောင်း ပြောပြသည်။

“ကျွန်မလည်း လူအများရှေ့မှာ မသွားချင်ဘူး သွားဖို့လည်း ဘယ်သူ့ကိုမှ မျက်နှာမပြရဲတော့အောင်ကိုဖြစ်သွားပါတယ် ကျွန်မ ဘဝမှာ ကလေးမွေးထားတာ မှားပြီလာလို့ခံစားရတယ် သမီးရဲ့အဖြစ်အပျက်ကို သိလိုက်တာနဲ့ ကျွန်မက ဘယ်သူ့ကိုမှမပြောရဲ့ဘူး ပြီးတော့ စစ်သားတွေဆီသွားဖို့လဲ သူတို့က လက်နက်ကိုင်တွေဆိုတော့ ကြောက်တာရော မသွားရဲတာရော ဖြစ်နေမိတယ်။ သမီးရဲ့ဘဝကို တွေးမိရင်လည်း ရင်နာတယ်”

Related Articles