Home ဆောင်းပါး သက်ငယ်မုဒိမ်းမှုနဲ့ပါတ်သက်ပြီး ရဲတပ်ဖွဲ့ကို ပညာပေးမှုများ လိုအပ်နေပြီ

သက်ငယ်မုဒိမ်းမှုနဲ့ပါတ်သက်ပြီး ရဲတပ်ဖွဲ့ကို ပညာပေးမှုများ လိုအပ်နေပြီ

Sources: http://studentsofpakistan.com/child-sexual-abuse/

 

နန်းဆိုင်နွမ်။             ။

“ ဖြစ်ဖြစ်ချင်း ရဲစခန်းကို သွားတိုင်တယ်။ ရဲတွေက အမှုကို ချက်ချင်းမဆောင်ရွက်ပေးတော့ ကျူးလွန်ခံရသူက ထွက်ပြေးတိမ်းရှောင်ခဲ့လို့ ကျမတို့က ရဲတွေကြောင့် ကျူးလွန်ခံရသူထွက်ပြေးတာ ရဲက တရားခံ အားပေးတာ၊ တရားခံ မမိရင် ရဲစခန်းကို တရားစွဲမယ်ဆိုပြီး ပြောထားတယ်”

သက်ငယ်မုဒိမ်းမှုကို ကူညီပေးနေတဲ့ ကချင်အမျိုးသမီးဒေါ်ကိုင်ရိန်က ပြောပါတယ်။ သက်ငယ်မုဒိမ်းမှုတွေ၊ အမျိုး သမီးတွေနဲ့ပတ်သက်လို့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို သွားရောက်တိုင်ကြားရင် သက်ဆိုင်ရာ ရဲစခန်းတွေ က  ချက်ချင်းအရေးယူမှု မပြုလုပ်ကြကြောင်း သိရပါတယ်။

လွန်ခဲ့တဲ့ ဇန်နဝါရီ (၇)ရက်နေ့မှာ ကချင်ပြည်နယ်က ကျောက်စိမ်းထွက်ရှိတဲ့ ဖားကန့်၊ ဆိုင်းတောင်ဒေသမှာ အသက်(၆)နှစ်အရွယ် မိန်းကလေးကို အသက် (၆၀)ကျော် အမျိုးသားတဦးက မုဒိမ်းကျင့်ခဲ့ပါတယ်။

မုဒိမ်းမှုဖြစ်ဖြစ်ချင်းမှာ ကလေးနဲ့အတူ မိသားစုဝင်တွေက ရဲစခန်းကိုသွားရောက်ပြီး တိုင်ကြားတော့ ရဲစခန်းက အမှု ကို ချက်ချင်း လက်ခံပေးမှု မပြုလုပ်ခဲ့ဘူးလို့ ဆိုကြပါတယ်။

ရဲတွေအနေနဲ့ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ သိရှိနားလည်မှုရှိသလဲ၊ လေ့လာသင်ကြားမှုရှိ သလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်ပြီး ကျူးလွန်ခံရတဲ့ကလေးတွေအတွက် ဘယ်လောက်အန္တရာယ်များသလဲ၊ ဘယ်လောက်အထိ ထိခိုက်နစ်နာသလဲဆိုတာ ရဲတွေနားမလည်ကြဘူးလို့ အမျိုးသမီးအရေး ဆောင်ရွက်သူတွေ က ဆိုပါတယ်။

ဒီလို အသက် (၆)နှစ်အရွယ် သက်ငယ်မုဒိမ်းမှုကို ရဲစခန်းက လက်မခံတဲ့အတွက် ရိုးရာနည်းလမ်းနဲ့သာ ဖြေရှင်းဖို့ ပါတ်ဝန်းကျင်က တိုက်တွန်းခဲ့ပေမယ့် ကချင်အမျိုးသမီးအဖွဲ့အစည်းတွေက ဒီလိုရိုးရာနည်းနဲ့ ဖြေရှင်းမှုကို လက်မခံ ကြပါဘူး။

“ အစက စဉ်းစားတာက ဒီသက်ငယ်မုဒိမ်းမှုမှာ ကျူးလွန်ခဲ့တဲ့သူက တခြားလူမျိုးဖြစ်နေတဲ့အတွက် လူမျိုးရေး ပြဿနာလို ဖြစ်ပွားမှာ စိုးရိမ်လို့ဆိုပြီး သက်ဆိုင်ရာက ရိုးရာနည်းလမ်းနဲ့ ဖြေရှင်းဖို့လုပ်ခဲ့တယ်” လို့ ကလေးအမှုကို ကူညီပေးနေတဲ့ ကချင်အမျိုးသမီး ဆရာမဒေါ်ကိုင်ရိန်က ပြောပြပါတယ်။

ဆက်လက်ပြီး ကချင် ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာကလည်း “ အရင်ကလည်း အဲဒီနေရာက တရားဥပဒေ စိုးမိုးရေးက မရှိတော့ တရားခံတွေကို လိုက်ဖမ်းလို့ မမိရင် ရိုးရာနည်းလမ်းအတိုင်းပဲ ကိုင်တွယ်ဖို့  ဆုံးဖြတ်လေ့ရှိတဲ့ နေရာ ဖြစ်တယ်” လို့ ဆိုပါတယ်။

“ တခုခုဖြစ်ရင် ရိုးရာယဉ်ကျေးမှုအဖွဲ့တွေ တဖွဲ့နဲ့တဖွဲ့ ညှိနှိုင်းပြီး ဖြေရှင်းကြတယ်။ လူမျိုးမတူတော့ ထိလွယ် ရှလွယ် တယ်။ လူမျိုး၂မျိုးကြား ပြဿနာဖြစ်မှာစိုးလို့ ရိုးရာယဉ်ကျေးမှုအရ ဖြေရှင်းကြတာဖြစ်တယ်” လို့လည်း ဒေါ်ခွန်ဂျာက ဆက်လက်ပြောပြပါတယ်။

“ သက်ငယ်မုဒိမ်းမှုက လူမျိုးရေးပြဿနာမဟုတ်ဘူးဆိုတာလည်း ကျမတို့သေချာပြန်ရှင်းပြရတယ်” လို ဒေါ်ခွန်ဂျာ က ဆိုပြန်ပါတယ်။

Source: https://www.dawn.com/news/1247861/were-you-silent-about-sexual-abuse-in-your-childhood-youre-not-alone

ကျူးလွန်ခံရသူ အသက်(၆)နှစ်အရွယ် မိန်းကလေးနဲ့ သူမရဲ့ မိသားစုဝင်တွေက အမှုဖြစ်ပွားတဲ့နေ့ရက်မှာ ရဲစခန်း ကို သွားရောက်တိုင်ကြားခဲ့ပေမယ့် တရားခံပါမှသာလျှင် အမှုကိုဖွင့်ပေးမယ်လို့ ရဲက ပြောဆိုခဲ့ကြောင်း သိရပါ တယ်။

ဖြစ်စဉ်ကတော့ အသက်(၆)နှစ်သမီးလေးနဲ့ အခင်းဖြစ်တဲ့အိမ်က ကလေးတွေ အတူဆော့နေချိန်မှာ ကျူးလွန်တဲ့ အမျိုးသားက ကျန်ကလေး(၂)ဦးကို  မုန့်ဖိုးပေးပြီး မုန့်သွားဝယ်ခိုင်းကာ  ကျူးလွန်ခံရတဲ့ အသက်(၆)နှစ်သမီးငယ် တဦးကို ခေါ်ထားပြီး အတင်းအဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။

“ အဲဒီနေ့မှာ ကလေးက အဲဒီအိမ်မှာ သွားဆော့ပြီးတော့ ငိုပြီး အိမ်ကို ပြန်လာတယ်။ ဘာလို့ ငိုသလဲပေါ့။ တအိမ် လုံးက မေးတာ၊ ကလေးက မဖြေဘူး။ နောက်ဆုံး ကလေးရဲ့အဘွားက ဘောင်းဘီမှာ ရေစိုနေတာ တွေ့သွားပြီး မေးမှ ကလေးက ဖြစ်စဉ်ကို ပြောပြတယ်”  လို့ အဓမ္မကျင့်ခံရတဲ့ အသက်(၆)နှစ်အရွယ် သမီးငယ်ရဲ့ မိခင် ဒေါ်ဘန်ဆဲက ပြောပြပါတယ်။

အသက်(၆)နှစ်အရွယ်သမီးငယ် အတင်းအဓမ္မပြုကျင့်ခံရတဲ့ နေ့ရက်မှာ မိခင်ဖြစ်သူက ခရီးသွားနေတာပါ။ ကျူး လွန်သူကို တရားဥပဒေအရ ထိရောက်စွာ အရေးယူပေးဖို့ မိခင်ဒေါ်ဘန်ဆဲက ဆိုပါတယ်။

ဇန်နဝါ(၂၂)ရက်နေ့မှ ကလေးကို အဓမ္မပြုကျင့်တဲ့ အသက်(၆၀)ကျော် တရားခံအမျိုးသားကို ဖမ်းဆီးရမိခဲ့ကြောင်း လည်း ဒေါ်ကိုင်ရိန်က ဆက်လက် ပြောပါတယ်။

ကျောက်မျက်ရတနာတူးဖော်တဲ့ ဖားကန့်ဒေသတဝိုက်ဟာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုစရိုက်သမားတွေကို ဖမ်း ဆီးဖို့ ခက်ခဲတဲ့နေရာတခု ဖြစ်တယ်လို့လည်း ကချင်အမျိုးသမီး အဖွဲ့အစည်းတွေက ထောက်ပြပါတယ်။

လက်ရှိအချိန်မှာ မုဒိမ်းကျင့်ခံရတဲ့ကလေးငယ်ရဲ့ အခြေအနေကတော့  “ မိန်းမအင်္ဂါမှာ အနာရနေတယ်။ သတိရ လာတိုင်း ငိုနေတယ်။ ဆေးကုပေးနေရတုန်းပါ” လို့ မိခင်ဖြစ်သူ ဒေါ်ဘန်ဆဲက  ပြောပြပါတယ်။

ကလေးကို စိတ်ပျော်ရွှင်အောင်ထားနေကြပြီး ကလေးဘဝအတွက် အနာတရကြီးဖြစ်သွားမှာကို စိုးရိမ်တယ်လို့ လည်း မိခင်ဖြစ်သူက ဆိုပြန်ပါတယ်။

“ အခုကလေးက သူစိမ်းနဲ့တွေ့ရင် ကြောက်နေတာ။ ယောက်ျားဆိုရင် ပိုဆိုးတယ်။ စကားမပြောဘူး။ သူနဲ့ ရင်းနှီးတဲ့ သူတွေတောင် သူမပြောဘူး” လို့ ဒေါ်ကိုင်ရိန်က ဆက်လက်ပြောပြပါတယ်။

ကလေးမုဒိမ်းမှုကို ကလေးမုဒိမ်းမှုလို သီးခြားကိုင်တွယ်သင့်ပြီး ဒီလိုသက်ငယ်မုဒိမ်းမှုတွေ၊ အမျိုးသမီးတွေ အကြမ်း ဖက်ခံရမှုတွေနဲ့ ပတ်သက်ပြီး ရဲတွေကို  အမြင်ဖွင့်ဖို့လိုအပ်ကြောင်း အမှုကို လိုက်လံကူညီပေးနေတဲ့ ဒေါ်ကိုင်ရိန် က ဆိုပါတယ်။

သက်ငယ်မုဒိမ်းမှုဟာ တနှစ်ထက်တနှစ် ပိုတိုးလာတာကိုတွေ့ရပြီး သက်ငယ်မုဒိမ်းမှုကျူးလွန်သူ အများစုဟာ ကလေးငယ်တွေနဲ့ ရင်းနှီးသူများသာ ဖြစ်နေတာ တွေ့ရပါတယ်။

သက်ငယ်မုဒိမ်းမှုဟာ အိမ်ထောင်ရေး အဆင်မပြေတဲ့အသိုင်းအဝိုင်း၊ စားဝတ်နေရေးကြောင့် မိမိသားငယ်၊ သမီး ငယ်များကို အချိန်ပြည့်မစောင့်ရှောက်နိုင်တဲ့ ဆင်းရဲနွမ်းပါးတဲ့ အသိုင်းအဝိုင်းတွေမှာ အဖြစ်များပါတယ်လို့ ကချင် အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှား ဆောင်ရွက်နေသူတွေက ဆိုကြပါတယ်။

သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ပြည်သူတွေကိုယ်တိုင် ဝိုင်းဝန်းတားဆီးကာကွယ်စောင့်ရှောက်မှုတွေ မလုပ်ရင်၊ လျင်မြန်ထိရောက်တဲ့ ဖမ်းဆီးအရေးယူမှုတွေ မရှိခဲ့ရင် အခုလိုပဲ ဆက်ပြီးဖြစ်နေဦးမယ်လို့ အမျိုးသမီးအခွင့်အရေး ဆောင်ရွက်သူတွေက ပြောလိုက်ပါတယ်။

သက်ငယ်မုဒိမ်းမှုတွေကို ရိုးရာအတိုင်းသာ ဆက်လက်ကိုင်တွယ်ဖြေရှင်းနေတာကလည်း ကျူးလွန်ခံရသူ ကလေး ကို ရာသက်ပန် ရှင်လျက်နဲ့သေအောင် လုပ်လိုက်သလိုဖြစ်သွားမှာဖြစ်တဲ့အပြင် ဒီလိုအယူအဆတွေကို လက်ခံ ထားဦးမယ်ဆိုရင်  ဒီလူမှုပတ်ဝန်းကျင်တခုလုံးက ကျူးလွန်ခံရသူ ကလေးငယ်နဲ့ မိသားစုကို ထပ်မံစော်ကား နေသလိုသာ ဖြစ်နေမယ်လို့ ကချင်အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူများက ဝေဖန်ထောက်ပြ လိုက်ပါ တယ်။

ဒါ့ကြောင့် သက်ငယ်မုဒိမ်းမှုတွေဖြစ်ရင်  ရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာ အာဏာပိုင်များက အရေးကြီးအမှုအဖြစ် ချက်ချင်းအရေးယူဆောင်ရွက်သင့်ကြောင့် အမျိုးသမီးအရေး ဆောင်ရွက်သူတွေက တိုက်တွန်းနှိုးဆော်နေကြ ပါတယ်။

Related Articles