Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အတွင်းတစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ် ။

  • အာဏာသိမ်းမှု သုံးနှစ်အတွင်း အမျိုးသမီး ၇၇၅ သေဆုံးပြီး ၅ ထောင်ကျော်ဖမ်းဆီးခံရ

စစ်အာဏာသိမ်းထားတဲ့ ၃ နှစ်အတွင်း စစ်တပ်ရဲ့လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့အမျိုးသမီး စုစုပေါင်းက ၇၇၅ ဦးရှိတယ်လို့  နိုင်ငံ ရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားပါတယ်။

အမျိုးသမီးသေဆုံးရမှုတွေထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး ဒီပမာဏဟာ စုစုပေါင်း သေဆုံးသူတွေထဲက ၁၇.၃ ရာခိုင် နှုန်းရှိနေတာပါ။ မကွေးနဲ့ပဲခူးတိုင်းကတော့ ဒုတိယသေဆုံးမှုအများဆုံးတိုင်းဖြစ်ပြီး ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ မန္တလေး တိုင်းကတော့ တတိယသေဆုံးမှုအများဆုံးဖြစ်တယ်။

အာဏာသိမ်းမှု ၃ နှစ်တာကာလအတွင်း စုစုပေါင်း အဖမ်းခံရသူ ၂၅,၉၃၀ ကျော်ရှိပြီး ဒီထဲမှာ ၅,၂၅၈ ယောက်ကတော့ အမျိုး သမီးတွေပါ။ အများဆုံးကတော့ရန်ကုန်တိုင်းကဖြစ်ပြီး မန္တလေးနဲ့စစ်ကိုင်းတိုင်းကတော့ ဒုတိယနဲ့တတိယဖမ်းခံရမှု အများဆုံး ဖြစ်ပါတယ်။

အဖမ်းခံရသူ အမျိုးသမီးတွေထဲက ၂ သောင်းနီးပါးကတော့ လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရဆဲပါ။ ဖမ်းဆီးခံရပြီး ပြန်လွတ် လာပေမဲ့လည်း အကျဉ်းထောင်ထဲမှာ ခံစားတွေ့ကြုံခဲ့ရတာတွေက အပြင်လောကအထိ ပြန်တွေးတိုင်း စိတ်ဒဏ်ရာရကြတဲ့သူ တွေရှိခဲ့ပါတယ်။

AAPP ကောက်ယူထားတဲ့စာရင်းတွေအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့အထိ နိုင်ငံတဝှမ်း ရှိ ဆေးဘက်ဆိုင်ရာ၊ ပညာရေး ဝန်ထမ်းနဲ့ အင်ဂျင်နီယာမှလွဲလို့ ပြည်သူ့ဝန်ထမ်းတွေဖြစ်တဲ့အမျိုးသမီး (၅၉)ဦးလည်း ဖမ်းဆီး ခံ ထားရတာဖြစ်တယ်။

Source – BBC

  • မန္တလေးမှာ တကိုယ်တော် အသံတိတ်ဆန္ဒပြတဲ့အမျိုးသမီးတစ်ဦးအပါအဝင် ၃ ဦးဖမ်းဆီးခံရ

မန္တလေးမြို့မှာ တောင်သမန်တံတား(ဦးပိန်)ပေါ်မှာ ပြုလုပ်ခဲ့တဲ့ အသံတိတ်သပိတ်နဲ့ အဖြူရောင်လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အမျိုး သမီးတဦးနဲ့ သပိတ်နဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ ရေးသားသူ ၂ ဦး ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မှာ စစ်ကောင်စီက လုံခြုံရေးအများအပြားနဲ့ တောင်သမန်အင်းမှာ မယ်ဇင်လွင်ပြင်ဖွင့်ပွဲလုပ်နေချိန် မန္တလေး သပိတ်အင်အားစု အဖွဲ့ဝင်တွေကလည်း အဖြူရောင်လှုပ်ရှားမှုကို ဦးပိန်တံတားပေါ်မှာ တပြိုင်တည်းလုပ်ဆောင်ခဲ့ကြတာ ဖြစ် တယ်။

ဒီလှုပ်ရှားမှုအပြီး တကိုယ်တော်ဆန္ဒပြနေတဲ့အမျိုးသမီးကို ဖမ်းဆီးခဲ့သလို မန္တလေးပြည်သူတွေ အသံတိတ်သပိတ်မှာ ပါဝင်တဲ့ ဓါတ်ပုံတချို့ကို လူမူကွန်ရက်စာမျက်နှာမှာ တင်မိတဲ့လူငယ် အမျိုးသား ၂ ဦးလည်း ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် အသံတိတ်သပိတ်မှာ ပါဝင်ပြီး ဆိုင်ပိတ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မဟာအောင်မြေမြို့နယ်ထဲက ကျောက်ဝိုင်း ၉၀ ကျော်ကိုလည်း ရောင်းချခွင့်ပိတ်လိုက်ကြောင်း သိရပါတယ်။

Source – Delta News Agency   

  • ထားဝယ်အမျိုးသမီးသမဂ္ဂအဖွဲ့ဝင်ကို စစ်ကောင်စီက ထောင်ဆယ်နှစ်ချ

တနင်္သာရီတိုင်း ထားဝယ်မြို့က ထားဝယ်အမျိုးသမီးသမဂ္ဂရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် မနှင်းအိထွေးကို ဇန်နဝါရီ ၃၁ ရက်က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ၅၂ (က)၊ ၅၀ (ည)တို့နဲ့ ထောင်ဒဏ်ဆယ်နှစ်ချလိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဆိုင်ကယ်တိုက်လို့ ထားဝယ်ဆေးရုံမှာဆေးကုသနေတဲ့ ဆွေမျိုးတော်စပ်သူကို သွားရောက်တွေ့ ဆုံချိန်မှာ မနှင်းအိထွေး ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်။

“ဒီချိန်မှာ သူတို့ပုဒ်မတပ်ချင်သလိုတပ်တယ်၊ အမိန့်လည်း ချချင်သလို ချတယ်၊ ကျွန်မတို့ ဘာပြောလို့ရမှာလည်း၊ သူ့ အတွက် စိတ်မကောင်းဘူး၊ အလုပ်လုပ်ရင်းမဟုတ်ဘဲ သူ့တူလေး ကျန်းမာရေးကြောင့်သွားရင်း အဖမ်းခံရတော့ စိတ်မကောင်းတာပေါ့၊ သူအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး ပြန်လွှတ်စေချင်တယ်”

Source – RFA

  • တရုတ်စီမံကိန်းရှိတဲ့ကျောက်ဖြူမှာ တိုက်ပွဲဖြစ်လို့ အမျိုးသမီး ၄ ဦးဒဏ်ရာရ

တရုတ်စီမံကိန်းများရှိတဲ့ ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက်က စစ်တပ်နဲ့ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မင်းတက်တောင်ရွာမှ ဒေသခံအမျိုးသမီးတွေ ဇင်ချောင်းရွာသို့ ဈေးဝယ်ရန်သွားစဉ် စစ်တပ်ရဲ့ ဓညဝတီရေတပ်နဲ့ အမှတ် ၃၂ ရဲတပ်ရင်းတို့က လက်နက်ကြီးနဲ့ လှမ်းပစ်တာကြောင့် အသက် ၄၀ အရွယ်အမျိုးသမီးနှစ်ယောက်နှင့် အသက် ၃၀ အရွယ် အမျိုး သမီး၂ယောက် စုစုပေါင်း ၄ ဦးဒဏ်ရာရသွားခဲ့တာဖြစ်တယ်။

ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊မင်းပြား၊မြောက်ဦး၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ဘူးသီး တောင်တို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ် တပ်စခန်းတစ်ခုပြီး တစ်ခုဆုံးရှုံးနေလျှက်ရှိနေပါတယ်။

AA က ပလက်ဝမြို့နဲ့ ပေါက်တောမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး  ရခိုင်ပြည်နယ်ရှိ တပ်စခန်းတိုင်းနဲ့ လက်နက်ချအညံ့မခံ တဲ့ စခန်းတိုင်းကို တစ်ခုမကျန်ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Source – Myanmar Now

  • နိုင်ငံရေးအကျဉ်းသားဟောင်း မနိုဘယ်အေးကို စစ်တပ်မှ ဖမ်းဆီး

နိုင်ငံရေးအကျဉ်းသူဟောင်းတဦးဖြစ်တဲ့ မနိုဘယ်အေးကို ဇန်နဝါရီ ၂၉ ရက်၊ ည ၁၁ နာရီအချိန်မှာ ပဲခူးတိုင်း၊ ဝေါ မြို့နယ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

မနိုဘယ်အေးကို စစ်တပ်က လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ကြေညာထားပေမယ့် မိသားစုကတော့ တစုံတရာ မသိ ရှိထားသေးပါဘူး။

ဒါပေမဲ့ စစ်တပ်ရဲ့လော်ဘီ တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ မှိုင်းဝေချန်နယ်မှာတော့ မနိုဘယ်အေးကို စနိုက်ဘာနှစ်လက်၊ MA1 တလက်၊ MA3 တလက်၊ ပစ္စတို တလက်၊ Hilux (ဟိုင်းလတ်) အမျိုးအစားမော်တော်ယာဉ်နဲ့အတူ အမျိုးသမီးတဦးကို လက်ပစ်ဗုံး ၁၄ လုံးနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ရေးသားဖော်ပြထားတာဖြစ်တယ်။

လက်ရှိအချိန်မှာ မနိုဘယ်အေးနဲ့ အဆက်အသွယ်မရရှိသေးသလို ကျန်းမာရေးအခြေအနေ ဆိုးရွားနေတာကြောင့် မိသားစုဝင် တွေက သူရဲ့အသက်အန္တရာယ်ကို စိုးရိမ်နေကြပါတယ်။

မနိုဘယ်အေးဟာ  ၁၉၉၆ မှာတကြိမ်၊ ၂၀၀၇ မှာတကြိမ်နိုင်ငံရေးအမှုတွေနဲ့  ဖမ်းဆီးထောင်ချခံခဲ့ရတဲ့အမျိုးသမီးတစ်ဦးပါ။

Source – Mizzima 

  • မြင်းခြံမှာ ၃ ရက်အတွင်း အမျိုးသမီး ၄ ဦးအပါအဝင် ၁၀ ဦးသတ်ဖြတ်ခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သစ်ရုံးကျေးရွာ၊ မကျီးသမျှားကျေးရွာနဲ့ တူရွင်းဘိုကျေးရွာတွေအနီးမှာ ၃ ရက်အတွင်း အမျိုး သမီး ၄ ဦးအပါအဝင် ၁၀ ဦး အသတ်ခံရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဇန်နဝါရီ ၂၉ရက်မနက် ၈နာရီခန့်မှာ တူရွင်းဘိုကျေးရွာအနောက်ဘက်ရှိ ပေ ၁၀၀ လမ်းမဘေးမှာ သေနတ်နဲ့အနီးကပ် ပစ်သတ် ခံထားရတဲ့ တူရွင်းဘိုရွာသူ အမျိုးသမီး ၄ ရဲ့ အလောင်းကို ဒေသခံတွေကတွေ့ရှိခဲ့တာပါ။

သေဆုံးသူတွေဟာ မအိမေဂျာ အသက် ၂၄ နှစ်၊ ဒေါ်ခင်ဆွေဝင်း အသက် ၄၆ နှစ်၊ ဒေါ်ညွန့်မေ အသက် ၆၂ နှစ်၊ မဇင်မာတင် အသက် ၃၀ နှစ် တို့ဖြစ်ပြီး ဦးခေါင်းနဲ့ မျက်နှာတွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်တယ်။

ဒီအမျိုးသမီး ၄ ဦးကို ဘယ်လက်နက်ကိုင်အဖွဲ့က သတ်သွားတယ်ဆိုတာကို ဇန်နဝါရီ ၃၁ ရက်ထိ မသိရှိရသေးပါဘူး။

ဒါ့အပြင် မြင်းခြံမြို့၊ မကျီးသမျှားရွာအနီးမှာ သေနတ်နဲ့ပစ်သတ်ခံထားရတဲ့ဒေသခံလူငယ် ၅ ဦးနဲ့ သစ်ရုံးကျေးရွာအဝင် ဆိုင်း ဘုတ်အနီးမှာလည်း အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးရဲ့ရုပ်အလောင်းတွေကို တွေ့ခဲ့ရတာဖြစ်တယ်။

Source – မြေလတ်အသံ

  • ဂန့်ဂေါမှာ အမျိုးသမီး နိုင်ကျဉ်းနဲ့ ရဲမေတွေကို NUG ထောက်ပံ့

မကွေးတိုင်း ယောဒေသ၊ ဂန့်ဂေါမြို့နယ်အတွင်းက အမျိုးသမီးနိုင်ငံရေးအကျဉ်းသူတွေနဲ့ အမျိုးသမီးရဲဘော်တွေအတွက် အမျိုး သားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဇန်နဝါရီ ၃၀ရက်မှာ ထောက်ပံ့ကြေးပေး ခဲ့တယ်လို့ သိရပါတယ်။

အမျိုးသမီးနိုင်ငံရေးအကျဉ်းသား ၁၀ ဦး၊ မြို့နယ်အခြေစိုက်တပ်ရင်းများမှ အမျိုးသမီးရဲမေ ၁၆၁ ဦး၊ ကိုယ်ဝန်ဆောင်အမျိုး သမီး ၄၀ ဦး၊ စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တဲ့အမျိုးသမီးနဲ့ကလေးငယ် ၇ ဦးအတွက် အလှူငွေ ၁၃၁ သိန်း ကျော် ထောက်ပံ့ငွေ ပေးအပ်ခဲ့တာဖြစ်တယ်။

ဂန့်ဂေါမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသမီးနဲ့ ကလေးငယ် ၂၃ ဦးရှိပြီဖြစ်ပါတယ်။

Source – DVB

  • ရှမ်းမြောက်မှာ တစ်လအတွင်း မိုင်းကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ရှမ်းမြောက် မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ သီပေါ၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံနဲ့ ကိုးကန့်ဒေသ တုန်ရှမ်းမှာ ဇန်နဝါရီလ(၁ လ အတွင်း) မိုင်းကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

နမ့်ခမ်းမြို့နယ် မန်တပ်ရွာမှာ အခြေစိုက်တဲ့ ခလရ ၁၄၄ က ရွာပတ်လည် ထောင်ထားတဲ့မိုင်းတွေကြောင့် ယာမာအေဒိဟာ ရွာ အပြင်ဘက် ခြံစည်းရိုးခတ်သွားတဲ့အမျိုးသမီးတစ်ဦးဟာ မိုင်းနင်းမိပြီး သေဆုံးခဲ့ရပါတယ်။

မိုင်းနင်းမိသူတွေဟာ နမ့်ခမ်းက အမျိုးသမီး ၁ ဦး၊ သီပေါက အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး၊ နမ္မတူက အမျိုးသား ၃ ဦး၊ နမ့် ဆန်က အမျိုးသား ၁ ဦး၊ မန်တုံက အမျိုးသား ၁ ဦး၊ လားရှိုးက အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ မူဆယ်က အမျိုးသား ၆ ဦး တို့ဖြစ်တယ်။

ဒါ့အပြင် ကိုးကန့်ဒေသ တုန်ရှမ်းမှာလည်း ဒေသခံ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦး စစ်တပ်ထောင်ထားတဲ့မိုင်းနင်းမိပြီး ဒဏ် ရာရခဲ့တယ်လို့ ကိုးကန့်တပ်မတော်- MNDAA ရဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက် ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် မိုင်းနဲ့ ပေါက်ကွဲတတ်တဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် ထိခိုက်သေဆုံး သူ (၁,၃၀၀)ကျော်အထိ ရှိလာတယ်လို့ Landmine & Cluster Munition Monitor အဖွဲ့ရဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က ထုတ် ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။

Source – ရွှေဖီမြေ

  • ဟားခါးဒေသခံအမျိုးသမီးတစ်ဦးကို အကြမ်းဖက်ပုဒ်မနဲ့ ထောင်ဒဏ်တစ်သက်ချမှတ်

ချင်းပြည်နယ် ဟားခါးမြို့နယ် ဒေသခံ(၃)ဦးကို စစ်အုပ်ချုပ်ရေး စစ်ခုံရုံးကနေ (၂)ဦးကို ထောင်ဒဏ်တစ်သက်နဲ့ ၁ ဦးကို ထောင်ဒဏ် (၇) နှစ်ကျခံစေရန်ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဒေသခံအမျိုးသမီးတစ်ဦးဖြစ်တဲ့ မနှီလှောန်းကို ဒေသကာကွယ်ရေးတပ်တွေနဲ့ ပါဝင်ပတ်သက်သူလို့ စွတ်စွဲပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ ထောင်ဒဏ်တစ်သက် ချမှတ်ခံရသလို အမျိုးသားဖြစ်တဲ့နှီဘွေထန်းကိုလည်း ထောင်ဒဏ် တစ်သက်ချမှတ်ခံခဲ့ရတာဖြစ်တယ်။

နောက်တစ်ဦးဖြစ်တဲ့ ဟရမ်နော်ထန်ကို ဥပဒေပုဒ်မ ၅၂ (က) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၇) နှစ်ချမှတ်ခဲ့တာပါ။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ချင်းပြည်နယ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ ပါဝင်ပတ်သက်တဲ့သူတွေကို  စစ်ခုံရုံးကနေ ပြစ်ဒဏ်တွေချမှတ်နေတာ ၃၅၄ ဦးအထိရှိပြီဖြစ်ကြောင်း သိရပါတယ်။

Source – Chin World

  • အမျိုးသမီး ၁၆ ဦးပါတဲ့ ရိုဟင်ဂျာ ၃၃ ဦး ရသေ့တောင်မှာဖမ်းမိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ ပြန်လာတဲ့ရိုဟင်ဂျာ ၃၃ ဦးကို ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ချိန်ခါလီရွာ အနီးမှာ ဖေဖော်ဝါရီလ ၁ ရက်၊ ရေတပ်ကနေ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ရိုဟင်ဂျာ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၆ ဦးနဲ့ စက်လှေလုပ်သား ငါးဦးတို့ ပါဝင်တယ်လို့ သိရပါ တယ်။ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေဖြစ်ပြီး ရသေ့တောင်မြို့နယ် အာကာတောင်ကျေးရွာကို လာ ရောက်ဖို့ကြိုးစားချိန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်။

ရိုဟင်ဂျာတွေဟာ ၂၀၁၇ ခုနှစ်အတွင်း စစ်တပ်ရဲ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံနေရပြီး အခုချိန်အထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ကတော့ ၂ဝ၂၃ ခုနှစ်အတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကနေ စွန့်စားထွက်ခွာရင်း သေဆုံး၊ ပျောက်ဆုံးရတဲ့ ရိုဟင်ဂျာအရေအတွက်ဟာ အနည်းဆုံး ၅၆၉ ဦး ရှိတယ်လို့ ဇန်နဝါရီလ ၂၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

Source – RFA

  • မုပ္ပလင်တွင် ထမင်းဆိုင်ပိုင်ရှင် အမျိုးသမီးနှင့် ဆိုင်ဝန်ထမ်း ၁ ဦးကို စစ်တပ်က ဖမ်းဆီး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာမှာရှိတဲ့ ပစ်တိုင်းထောင် ထမင်းဆိုင်ပိုင်ရှင် အမျိုးသမီးနဲ့ ဆိုင်ဝန်ထမ်း အမျိုး သားတဦးတို့ကို စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုပ္ပလင်လမ်းဆုံ ရန်ကုန်-မော်လမြိုင် ကားလမ်းဘေးမှာ ဖွင့်ထားတဲ့ပစ်တိုင်းထောင် ထမင်းဆိုင်နဲ့ ကားဂိတ်ဟာ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေရဲ့ပါဆယ်ပစ္စည်းတွေ လက်ခံပို့ပေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပိုင်ရှင်အမျိုးသမီးနဲ့ ဆိုင်ဝန်ထမ်းတဦး ဖမ်းဆီးခဲ့တာဖြစ်တယ်။

ဖမ်းဆီးခံရတဲ့ ပစ်တိုင်းထောင်ဆိုင်ပိုင်ရှင် အမျိုးသမီးနဲ့ ဆိုင်ဝန်ထမ်းတဦးတို့ကို ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ဇန်နဝါရီ ၂၉ ရက် ဝေါစစ်ဆေးရေးဂိတ်မှာလည်း နနွင်းအိတ်နဲ့ ဝှက်သယ်လာတဲ့သေနတ် ၄ လက်၊ ကျည်အိမ် ၅ ခုနဲ့ ကျည်အတောင့် ၂,၉၀၀ နဲ့အတူ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးရခဲ့ပါသေးတယ်။

Source – DVB

Author:

Related Articles