ဒေဝီ
ဇန်နဝါရီ ၁၇ရက်နေ့က သားကြီးဖြစ်သူရဲ့ ၂၄နှစ်ပြည့်မွေးနေ့ဖြစ်ပေမယ့် ဒီနှစ်မှာတော့ မွေးနေ့ရှင်မရှိတဲ့မွေးနေ့ကို တိတ်ဆိတ် စွာ ဖြတ်သန်းရင်း မိခင်ဖြစ်သူ ဒေါ်မို့မို့လွင်တစ်ယောက် မျက်ရည်ကျမိတယ်။
မနှစ်ကမွေးနေ့မှာ သူ့ရဲဘော်ရဲဘက်တွေကို တစ်နပ်စာကောင်းကောင်းကျွေးချင်တယ်ဆိုပြီး မိခင်ကို ပူဆာတဲ့အတွက် ထမင်း ကျွေးဖို့ အဝေးကနေငွေကြေးပံ့ပိုးပေးခဲ့ပြီး ဒီနှစ်မှာတော့ မွေးနေ့လုပ်ပေးဖို့ တောင်းဆိုမယ့် သူမရှိတော့တဲ့အတွက် စိတ်ထိ ခိုက်ရတယ်။
“ ဒီနှစ်မွေးနေ့မှာ သူမရှိတော့ ပြောပြမတတ်အောင်ခံစားရတယ်။ ဖြစ်နိုင်မယ်ဆိုရင် နှစ်စဉ်နှစ်တိုင်းလုပ်ပေးချင်တာပေါ့။” လို့ ငိုရှိုက်ရင်း ဒေါ်မို့မို့လွင်ကပြောပါတယ်။
အလယ်တန်းပြ CDMဆရာမဖြစ်သူ ဒေါ်မို့မို့လွင်က စစ်အာဏာရှင်ရဲ့ဆိုးမွေကြောင့် နှစ်နှစ်ဆယ်ကျော် ဝတ်ဆင်ခဲ့ရတဲ့ ယူနီ ဖောင်းအဖြူအစိမ်းကို စွန့်ခွာခဲ့ရ၊ သားဖြစ်သူကို လည်းဆုံးရှုံးခဲ့ရပေမယ့် စိတ်ပျက်အားလျော့မှုမရှိဘဲ တိုင်းတပါးမြေမှာ ကြုံရာ ကျပန်းလုပ်ကိုင်ရင်း တော်လှန်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်နေဆဲဖြစ် ပါတယ်။
ဆရာမ ဒေါ်မို့မို့လွင်က သူ့ဘဝတလျှောက်လုံး စာသင်ကြားခြင်းနဲ့သာ အသက်မွေးဝမ်းကြောင်းပြုခဲ့ပြီး နိုင်ငံရေးဆိုလို့ ရွေး ကောက်ပွဲမှာ မဲရုံမှုးအဖြစ်သာ လုပ်ကိုင်ခဲ့ဖူးတာပါ။
၂၀၂၁ဖေဖော်ဝါရီ၁ရက်နေ့မှာ စစ်အာဏာသိမ်းတာကိုလက်မခံနိုင်တဲ့အတွက် စိတ်တူကိုယ်တူ ဆရာဆရာမတချို့နဲ့ CDM လုပ် ဆောင်ခဲ့ပြီး အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေမှာလည်းပါဝင်ခဲ့တယ်။
သူတင်မက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဖြစ်သူ ခင်ပွန်းကလည်း အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ လုပ် ဆောင်ခဲ့သလို တပ်မတော်သားဖြစ်သူသားကြီးကလည်း တပ်ကထွက်ပြေးပြီးနောက် ပြည်သူ့တော်လှန်ရေး ရဲဘော်ဖြစ်လာသူပါ။
ဒေါ်မို့မို့လွင်ရဲ့သားကြီးဖြစ်သူက အာဏာမသိမ်းခင်တစ်လအလိုမှာ တပ်ကထွက်ပြေးလာခဲ့တာပါ။ တပ်ကထွက်ပြေးပြီး နောက် မိခင်ဆီပြန်လာနေထိုင်ရင်း အာဏာသိမ်းတာနဲ့ကြုံတဲ့အခါ မိခင်နဲ့ဖခင်လုပ်ဆောင်နေတဲ့ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ပြည်သူတွေကို ရက်စက်မှုတွေကိုလည်း သတင်းတွေကနေ တွေ့မြင်ခဲ့ရတယ်။
စစ်တပ်ရဲ့အကြမ်းဖက်မှုကြောင့် ပထမဆုံးသေဆုံးခဲ့ရတဲ့ နေပြည်တော်က မမြသွဲ့သွဲ့ခိုင်ရဲ့သေဆုံးမှုကို သတင်းဌာနတွေမှာ ဖော်ပြတာကိုတွေ့ပြီး သူ့သားကြီးဖြစ်သူမှာ တပ်ပြေးဘဝနဲ့ အိမ်မှာပုန်းကွယ်နေတာကနေ ပြည်သူ့ဘက် ရပ်တည်ဖို့ ဆုံးဖြတ် ခဲ့ပြီး သူ့မိခင်ကို စစ်ကောင်စီကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးဖို့ ပြောခဲ့တယ် ။
“ အမေသားလည်း အမေ့တို့လို ပြည်သူတွေကို ကာကွယ်ပေးချင်တယ်။ ဒီတိုင်းမနေချင်ဘူးတဲ့။ အဖွဲ့အစည်းတွေဆီ ဆက်သွယ် ပေးပါဆိုလို့ အနီးစပ်ဆုံးဖြစ်တဲ့ KNU နယ်မြေတပ်မဟာ ၃ ဆီ ဆက်သွယ်ပေးခဲ့ရတယ်။” လို့ ဒေါ်မို့မို့လွင်က ပြောပါတယ်။
တပ်မဟာ ၃နဲ့ ဆက်သွယ်ထားပေမယ့် ချက်ချင်းမသွားဖြစ်သေးဘဲ အိမ်မှာနေရင်းကနေ ၂၀၂၁ခုနှစ် ၅လပိုင်းမှာ သူတို့နေအိမ် ကို အရပ်ဝတ်နဲ့ရဲတွေရောက်လာပြီး ခင်ပွန်းဖြစ်သူရဲ့လှုပ်ရှားမှုတွေနဲ့ သားကြီးဖြစ်သူရဲ့ တပ်ပြေးမှုတို့ကို ဆွေးနွေးဖို့ဆိုပြီး လာ ရောက်ခေါ်ဆောင်ခဲ့တယ် ။
ခင်ပွန်းဖြစ်သူက လမ်းတစ်ဖက်ခြမ်းက သူ့မိခင်ဖြစ်သူနေအိမ်သွားနေတာဖြစ်တဲ့အတွက် ဒေါ်မို့မို့လွင်က သူ့ခင်ပွန်းကို ထည့် လိုက်မယ်ဆိုပြီး အပြင်ထွက်သွားတဲ့ ခင်ပွန်းဖြစ်သူနောက် သားကြီးကိုသွားရောက်ခေါ်ခိုင်းရင်း ရှောင်တိမ်းဖို့ အချက်ပြခဲ့တယ် ။ သူ့သားကြီးကလည်း ဖခင်ဖြစ်သူကို ခေါ်ဖို့ထွက်သွားရင်း လမ်းတစ်ဖက်ကူးပြီး အိမ်အနောက်ဘက်တွေကနေပတ်လို့ တိမ်း ရှောင်ခဲ့တယ်။
သွားခေါ်တဲ့သူပြန်မလာတော့ ရဲတွေကလည်း သဘောပေါက်ပြီး ဒေါ်မို့မို့လွင်ယောက္ခမအိမ်ရှိရာကို သွားရောက် ရှာဖွေခဲ့ပါ တယ်။ အဲဒီအချိန်မှာပဲ ဒေါ်မိုးမိုးလွင်က သားအငယ်ကိုခေါ်ကာ အခြားနေရာကို တိမ်းရှောင်ခဲ့တယ်။
အဲ့ဒီအချိန်ကစပြီး မိသားစုတွေက တစ်နေရာစီ တိမ်းရှောင်နေထိုင်ခဲ့ရပါတယ်။ ခင်ပွန်းဖြစ်သူနဲ့သားကြီးက တပ်မဟာ၃ နယ် မြေထဲရောက်ပြီး သူနဲ့သားငယ်ကတော့ အမျိုးတွေရှိတဲ့ရွာတွေမှာ နေထိုင်ရင်း ၂၀၂၂ ဒီဇင်ဘာမှာ အသိပွဲစားတစ်ဦးနဲ့ ဆက်သွယ်ပြီး ထိုင်းနိုင်ငံကိုရောက်လာခဲ့တယ်။
“ ထိုင်းလိုက်သွားပြီး အလုပ်လုပ်ရင် ထောက်ပံ့လို့လည်းရတယ်။ လွတ်လွတ်လပ်လပ်လည်းနေလို့ရတယ်။ တောထဲမှာ တစ် မိသားစုလုံးနေမယ်ဆိုရင် နောက်က ကျောထောက်နောက်ခံပံ့ပိုးဖို့ဆိုတာ လိုသေးတယ်ဆိုပြီး ရောက်လာတာ။” လို့ ဒေါ်မို့မို့ လွင်က ပြောပါတယ်။
သားအမိနှစ်ဦးက မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာခဲ့ရပြီး လမ်းခရီးတစ်လျှောက်မှာ လည်း စိုးရိမ်ထိတ်လန့်စွာနဲ့ စစ်ဆေးရေးဂိတ်တွေကို ကျော်ဖြတ်ခဲ့ရတယ်။
“ တချို့ဂိတ်တွေဆို တော်တော်စစ်တာ၊ အဲ့ဒီကနေ တောတွေတောင်တွေကိုချီတက်ရတယ်။ ဖိနပ်မပါတော့ ခြေထောက် က နေသွေးထွက်၊ ဟိုနားလဲဒီနားလဲ ကိုယ့်အသက်အရွယ်နဲ့ ကလေးတွေနဲ့အမှီလိုက်ရတာဆိုတော့။”လို့ သူကဆက်ပြောပါတယ်။
ထိုင်းနိုင်ငံရောက်တဲ့အခါ မောင်ဖြစ်သူဆီမှာ သားအမိတွေနေထိုင်ခဲ့ရတယ်။ မောင်ဖြစ်သူက ဒေါ်မို့မို့လွင်ကို အလုပ်မလုပ်ဘဲ အေးအေးသာသာ နေစေချင်ပေမယ့် ဝင်ငွေတစ်ခုရှိရင် လိုအပ်သူတွေကို ကူညီနိုင်တဲ့အတွက် အနီးဝန်းကျင်က မြန်မာကလေး တွေကို စာသင်ကြားပေးခဲ့တယ်။
ထိုင်းနိုင်ငံကမြန်မာရွှေ့ပြောင်းလုပ်သားတွေ နေတဲ့နေရာမှာနေထိုင်ရင်း တော်လှန်ရေးအတွက် စွန့်ပစ်ပုလင်းခွံ၊ ဗူးခွံတွေ ကောက်ယူပြီး ရန်ပုံငွေရှာဖွေနေတဲ့ အနာဂတ်အားမာန်ညီနောင်များအဖွဲ့ ၊ ဖစ်ပူလီတော်လှန်ရေးအင်အားစုနဲ့ ချိတ်ဆက်မိပြီး သူတို့နဲ့အတူ ရန်ပုံငွေရှာဖွေရေးလုပ်ငန်းတွေမှာ ပါဝင်ဖြစ်ခဲ့တယ်။
ဒေါ်မို့မို့လွင်က အနာဂတ်အားမာန်ညီနောင်များအဖွဲ့ ၊ ဖစ်ပူလီတော်လှန်ရေးအင်အားစုအဖွဲ့ဝင်တွေနဲ့အတူ အမှိုက်ပုံမှာရှိတဲ့ ဗူးခွံပုလင်းခွံတွေကို လိုက်လံကောက်ယူသလို ပိတ်ရက်မှာတော့ တစ်ပတ်လုံးကောက်ယူထားတဲ့ စွန့်ပစ်ပစ္စည်းတွေကို ပြန် လည် ရောင်းချဖို့အတွက် အခြားသော အဖွဲ့ဝင်တွေနဲ့အတူ အမျိုးအစားခွဲခြားပေးတာ ၊ ဆေးကြောသန့်ရှင်းပေးတာ အဖွဲ့သား တွေ စားသောက်ဖို့ ချက်ပြုတ်တာတွေလုပ်ဆောင်ပါတယ်။
ဒေါ်မို့မို့လွင်က စွန့်ပစ်ပစ္စည်းတွေလိုက်လံကောက်ရင်း ဘေးတွဲပေါ်ပြုတ်ကျပြီး သတိမေ့ဖူးသလို မသန့်ရှင်းတဲ့ အမှိုက်ပုံး တွေ ထဲက ရှာဖွေကောက်ယူရတာကြောင့် တခါတရံ ရွှံရှာစိတ်ဖြစ်မိပေမယ့် လူငယ်လေးတွေတောင် လုပ်ဆောင်နေတာ သူ့လို အသက်ကြီးသူတစ်ဦးအနေနဲ့ ဘာကြောင့်ရှက်ရွံ့ ၊ ရွံရှာရမှာလဲဆိုတဲ့စိတ်နဲ့ လုပ်ဆောင်ရင်းနဲ့ အသားကျလာတယ်လို့ဆိုတယ်။
အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်မို့မို့လွင်က စကားပြောရင် ဆရာမကြီးကလို့ သုံးနူန်းတတ်ပါတယ်။ သူနဲ့ အတူ လုပ်ကိုင်နေတဲ့ သူတွေကလည်း သူ့ကို အမေ ၊ ဆရာမကြီး စသဖြင့် ခေါ်ကြပါတယ်။
အမှိုက်ကောက်ရင်း အမှတ်ရစရာဖြစ်ရပ်တစ်ခုလည်းကြုံရသေးတယ်လို့ သူကပြောပါတယ်။လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက တောင်ပေါ်ဘုရားပွဲကျင်းပတဲ့နေရာမှာ စွန့်ပစ်ပစ္စည်းတွေကောက်ဖို့ သူတို့အဖွဲ့တွေသွားကြပါတယ်။ သူတို့တွေ စိတ်ထဲထင် တာက ဘုရားပွဲပြီးသွားလို့ ကျန်နေခဲ့တဲ့ ပုလင်းခွံဘူးခွံတွေကို ကောက်ရမယ်လို့ပါ ။
ဒါပေမယ့် ရောက်တဲ့အချိန်မှာက ဘုရားပွဲ ကျင်းပနေဆဲအချိန်ဖြစ်တဲ့အတွက် လာရောက်သူတွေက ဝတ်ကောင်းစားလှတွေနဲ့ စည်စည်ကားကားသွားလာနေကြချိန် သူအပါအဝင် စွန့်ပစ်ပစ္စည်းကောက်မယ့်အဖွဲ့မှာက လူငယ်လူရွယ်လေးတွေဆိုတော့ ဒီလူတွေကြားထဲ မရှက်မကြောက် ကောက်ယူတဲ့မြင်ကွင်း မြန်မာနိုင်ငံက အမှိုက်ကောက်တဲ့သူတွေကို ပြန်အမှတ်ရစေပါ တယ်။
ထမင်းစားမဏ္ဍပ်မှာ စွန့်ပစ်ထားတဲ့ အမှိုက်အိတ်တွေထဲက ဗူးခွံတွေကောက်ဖို့အတွက် တွန့်ဆုတ်နေကြချိန် ဒေါ်မို့မို့လွင်လည်း မဝံ့မရဲစိတ်ကိုဖျောက်လို့ အမှိုက်အိတ်ထဲကပုလင်းဗူးခွံတွေကောက်လို့ရမလားဆိုတာကို လိုက်လံမေးမြန်းပြီး အမှိုက်အိတ်တွေ ထဲက ဗူးခွံတွေကို ကောက်ယူခဲ့ရတယ်။
“ ဒါလေးတွေကောက်လို့ရလားဆိုပြီး မေးတဲ့အချိန်မှာ ခံစားချက်ကလေ မြန်မာနိုင်ငံတုန်းက ဗူးခွံပုလင်းခွံကောက်တဲ့ ကလေး လေးတွေရဲ့ဘဝ၊ ပလတ်စတစ်ကောက်တဲ့ လူတန်းစားတွေရဲ့ဘဝကိုရောက်သွားသလိုပဲ ခံစားလိုက်ရတယ်။ အဲ့လူတွေရဲ့ဘဝ ကိုလည်း ကိုယ်ချင်းစာမိတယ်။” ဒေါ်မို့မို့လွင်က ပြောပါတယ်။
အရင်တုန်းက ဆရာမအဖြစ်နဲ့ အေးဆေးစွာနေထိုင်ခဲ့ရပြီး ဒီလိုလုပ်ရတဲ့အခါ အားငယ်စိတ်ဖြစ်မိပေမယ့် ဒါက တကိုယ်ရေစာ ကောင်းစားရေးအတွက်လုပ်နေတာမဟုတ်ဘဲ တော်လှန်ရေးအတွက် အထောက်အပံ့တစ်ခုအနေနဲ့ လုပ်ဆောင်တာဖြစ်တာ ကြောင့် ဂုဏ်တွေသိက္ခာတွေမလိုဘူးဆိုတဲ့စိတ်နဲ့ ဖြေသိမ့်ရတယ်လို့ ဆိုတယ်။
ဒါ့အပြင်သူကိုယ်တိုင်က ငွေကြေးကြွယ်ဝသူမဟုတ်ပေမယ့်လည်း တော်လှန်ရေးအဖွဲ့တွေ၊ ဘဝတူ CDM သမားတွေက လိုအပ် လို့ အကူညီတောင်းတဲ့အခါ မျက်နှာလွှဲမနေနိုင်ဘဲ သူတတ်နိုင်တဲ့ပမာဏဆို ထောက်ပံ့ကူညီလိုက်သလို မတတ်နိုင်တဲ့အခါ အခြားသော စိတ်တူကိုယ်တူ တပည့်တွေ၊မိတ်ဆွေတွေနဲ့ ရန်ပုံငွေရှာဖွေနေတဲ့အဖွဲ့တွေထံ အကူအညီတောင်းခံပေးခဲ့တယ်။
တော်လှန်ရေးအတွက်နိုင်ရာဝန်ကနေထမ်းဆောင်ရင်း ပြီးခဲ့တဲ့ နှစ် ၂၀၂၃ မေလမှာဝမ်းနည်းစရာ ဖြစ်ရပ်နဲ့ ကြုံခဲ့ရတယ်။
အဲ့ဒါကတော့ တော်လှန်ရေးခရီးလမ်းမှာ စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ သူ့သားကြီးဖြစ်သူက စစ်ဆင်ရေး လုပ်ဆောင်ရင်း ကျဆုံးသွားတာပါ။
ပြီးခဲ့တဲ့ မေလက ပဲခူးတိုင်းဒေသကြီး ပဲနွယ်ကုန်းမြို့နယ်ထဲက စစ်ကောင်စီတပ်တွေသွားလာနေတဲ့ တံတားကို ဖောက်ခွဲဖို့ တခြားရဲဘော်နှစ်ဦးနဲ့သွားရောက်စဉ် စစ်ကောင်စီတပ်က သိရှိပြီး လာရောက်ဖမ်းဆီးရာမှာ သူတို့အဖွဲ့တွေနဲ့ ရင်ဆိုင်တွေ့ပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။
ဒီပစ်ခတ်မှုမှာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးသလို သူ့သားကြီးဖြစ်သူနဲ့ အခြားရဲဘော်တစ်ဦးတို့သေဆုံးခဲ့ပါတယ်။
“ သားကြီးသတင်းကြားတော့ဆရာမကြီးရဲ့အသည်းနှလုံးတွေ တစစီဖြစ်ခဲ့တယ်။ ဒါပေမယ့် ဆရာမကြီးအားတင်းပြီး တော်လှန် ရေးဆိုတဲ့ စကားလုံးသုံးလုံးနဲ့ ပြန်ထပြီးတော့ ဒီတော်လှန်ရေးကြီး မပြီးမချင်း ငါအဆုံးထိအောင်ပါဝင်မယ်။ ဆရာမကြီးရဲ့ သား လိုပဲ အသက်ပေးခဲ့ရတဲ့ အရွယ်မရောက်သေးတဲ့ အချိန်မတန်သေးဘဲ ကုန်ဆုံးရတဲ့ကလေးတွေအတွက် ဆက်ပြီးတော့ တိုက်ပွဲ ဝင်မယ်ဆိုတဲ့စိတ်နဲ့ နေထိုင်ခဲ့တယ်။” လို့ ဒေါ်မို့မို့လွင်က ငိုရှိုက်ရင်းပြောပါတယ်။
အသက် ၂၄နှစ်သာရှိသေးတဲ့ သားကြီးဖြစ်သူက တပ်ပြေးဖြစ်ခဲ့ပေမယ့် တော်လှန်ရေးနယ်ပယ်မှာတော့ပျော်မွေ့ပြီး အသက်ပေး သွားတာကို တွေးမိတိုင်းဝမ်းနည်းရပါတယ်။ ဒါပေမယ့် ပြည်သူ့ဘက်တော်သားတစ်ဦးအနေနဲ့ အသက်စွန့်သွားတာကို မိခင် တစ်ဦး အနေနဲ့ ဂုဏ်ယူမိတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ်နဲ့ တော်လှန်ရေးမှာပါဝင်နေတဲ့ သားကြီးနဲ့ ဖုန်းပြောတဲ့အခါတိုင်း တော်လှန်ရေးပြီးရင် တောင် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ပါဝင်ဦးမယ်လို့ မကြာခဏပြောတဲ့အထိ စိတ်ဆန္ဒပြင်းပြတယ်လို့ သူက ဆက် ပြောပါတယ်။
“ တော်လှန်ရေးကြီးပြီးသွားရင် သားကပြန်လာလို့မရဘူးလေတဲ့။ တော်လှန်ရေးပြီးမှတော့ ပြန်လာတော့ပေါ့ဆိုတော့ ဒီလို ဖြစ် သွားတဲ့နေရာတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ရမှာတွေ အများကြီးရှိသေးတယ်။ အဲ့ဒီနေရာတွေမှာလည်း ပါရဦးမယ်ဆိုပြီး အမြဲပြောတာ။” လို့ ဒေါ်မို့မို့လွင်က ပြောပါတယ်။
သူ့သားကြီးဖြစ်သူက ငယ်စဉ်ကတည်း မိခင်ဖခင်ဆိုဆုံးမမှုကြောင့် မဟုတ်မမှန်တာမလုပ်ဘဲ စေတနာကောင်းပြီး မရှိနွမ်းပါးသူ တွေ ၊ လိုအပ်သူတွေကို ပေးကမ်းချင်တဲ့စိတ်ရှိသူ ဖြစ်တယ်လို့ဆိုတယ်။
ဒါပေမယ့် တက္ကသိုလ်ဝင်တန်းအောင်မြင်စေဖို့ မိဘတွေက ဘော်ဒါဆောင်ထားခဲ့ပေမယ့် နှစ်နှစ်ဆက်တိုက်စာမေးပွဲ မအောင် တဲ့အခါ စိတ်လေပြီး တစ်ဦးတည်းရန်ကုန်ကိုထွက်ပြေးပြီးအလုပ်လုပ်နေထိုင်ခဲ့တယ်။ ရန်ကုန်မြို့မှာ သူနဲ့အတူအိမ်ငှားနေသူ တစ်ဦးရဲ့မိတ်ဆွေစစ်ဗိုလ်ကြောင့် အသက်မပြည့်သေးဘဲ တပ်ထဲရောက်သွားတာလို့ဆိုတယ်။
“ သားကခွင့်တောင်းသေးတယ် စစ်ထဲဝင်ဖို့ကို ၊ ဆရာမကစစ်ထဲဝင်တာက ၁၀ တန်းအောင်ပညာတတ်မှ မဟုတ်ရင် ဘယ်လိုဖိနှိပ်မှုတွေရှိတယ် ပြောလိုက်ရင်ငြိမ်သွားရင်း နောက်တစ်ခါကျတော့ အမေ သားစစ်တပ်ထဲရောက်နေပြီဆိုပြီး အဲဒီခါကျမှ ဘယ်တပ်ထဲလဲဆိုတာစုံစမ်းပြီးလိုက်ရတယ်။” လို့ ဆက်ပြောတယ်။
သူ့သားကြီးဖြစ်သူက တပ်မတော်သားအဖြစ်နဲ့ တောင်ငူစုဆောင်းရေးတပ်မှာ စုဆောင်းခံရပြီးနောက် ပဲခူတိုင်းတစ်ဝိုက်နဲ့ ပြည် ပေါက်ခေါင်းတစ်ဝိုက် တို့မှာတပ်သားအဖြစ် တာဝန်ကျခဲ့သလို PDF တပ်သားဘဝမှာလည်း ပဲခူးနဲ့ကျောက်ကြီးဒေသ တစ် ဝိုက်က စစ်ဆင်ရေး တိုက်ပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။
သားကြီးမသေဆုံးခင် နှစ်လအလိုကလည်း သူ့ခင်ပွန်းဖြစ်သူကဖောက်ခွဲရေးပစ္စည်းတွေစမ်းသပ်ရင်း ပေါက်ကွဲတာကြောင့် ဒဏ်ရာရခဲ့ပါသေးတယ်။
“ သူကအသက်ကြီးတော့ တိုက်ပွဲမသွားဘဲ အနောက်က ဖောက်ခွဲရေးတွေလုပ်တာထဲပါတယ်၊ လက်နက်စမ်းသပ်ရင်းနဲ့ သူတို့ သုံးယောက်မှာ နှစ်ယောက်သေတယ်။ သူကမသေဘဲနဲ့ ခန္ဓာကိုယ်မှာ အစတွေဝင်ပြီး ဆေးရုံတက်ရတယ်။ အဲဒီတုန်းက သား ကြီးက ပြုစုပေးတယ်။”လို့ ဒေါ်မို့မို့လွင်ကပြောပါတယ်။
ရှိတဲ့မိသားစုလေးဦးက တကွဲတပြားစီနေရပေမယ့်တော်လှန်ရေးပြီးဆုံးချိန် မိသားစုတွေ အရင်လို ပြန်နေရမယ်လို့ မျှော်လင့် ထားတာပါ။ ဒီမျှော်လင့်ချက်က ပျက်သုန်းသွားခဲ့ပေမယ့် ကျန်ရှိနေတဲ့ ဘဝခရီးတစ်လျှောက်မှာနိုင်ရာဝန်ထမ်းရင်း အားတင်း လျှောက်လှမ်းနေတယ်လို့ ဆက်ပြောတယ်။
“ ဆရာမကြီးရဲ့မိသားစုတွေ ဒီလိုမျိုးဖြစ်ခဲ့လို့ ဘယ်တော့မှအားမလျှော့ဘူး။ နောင်လာမယ့် အနာဂတ်မျိုးဆက်သစ်လေးတွေ ဆရာမကြီးတို့မိသားစုလို မခံစားရအောင် ဆရာမကြီး အသက်မသေမချင်း ဘယ်နေရာဘယ်ကဏ္ဍ ကပဲဖြစ်ဖြစ် ပါဝင်သွားမှာ။” လို့ ဒေါ်မို့မို့လွင်က ပြောပါတယ်။
လက်ရှိမှာ ဒေါ်မို့မို့လွင်က ထိုင်းရောက်မြန်မာကလေးတွေကို စာသင်လို့ရတဲ့ဝင်ငွေရယ် မြန်မာလက်ဖက်ရည်ဆိုင်မှာ မြန်မာ မုန့်လေးတွေ ပြုလုပ်ရောင်းချတာကနေရတဲ့ ဝင်ငွေရယ်ကို သားအမိနှစ်ဦးသုံးစွဲသလို ပိုလျံတဲ့ငွေကြေးနဲ့ စီဒီအမ်သမားတွေကို ထောက်ပံ့တာ ခင်ပွန်းဖြစ်သူရှိတဲ့ တော်လှန်ရေးအဖွဲ့ကိုထောက်ပံ့တာ ၊အနာဂတ်အားမာန်ညီနောင်များအဖွဲ့မှာ လုပ်အားပေး တာနဲ့ ဘဝကို ဖြတ်သန်းနေပါတယ်။
“ ဘယ်သူ့တိုက်တွန်းချက်မှမပါဘဲ ကိုယ်တိုင်ရွေးချယ်လာတဲ့အတွက် အခုလိုဖြစ်လို့လည်းနောင်တမရဘူး။ အာဏာရှင် ပျက် သုန်းရေးရည်ရွယ်ချက်ပဲရှိတယ်။ ဒီလမ်းမှာတွေ့ကြုံလာတဲ့ဘဝပေးသင်ခန်းစာတွေကိုခံယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက် အဲဒါတစ်ခု ပဲရှိတယ်။” ဆက်ပြောပါတယ်။
ဆရာမကြီးဒေါ်မို့မို့လွင်က တော်လှန်ရေးအောင်မြင်ပြီးလို့ မြန်မာပြည်ပြန်လို့ရတဲ့အချိန်ကျရင် ပြန်လာပြီး သူ့သားကြီး တိုက်ပွဲ ကျသွားတဲ့နေရာအပါအဝင် စစ်ကောင်စီကိုတော်လှန်တဲ့ တိုက်ပွဲတွေမှာကျဆုံးသွားတဲ့ လူငယ်လူရွယ်တွေအတွက် ကုသိုလ် ကောင်းမှုလုပ်ပြီး အမျှပေးဝေတာတွေလုပ်ချင်တယ်လို့ဖွင့်ဟတယ်။
သူ့ရဲ့အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ စာသင်ကြားတဲ့ တာဝန်ကိုလည်းအခွင့်ရှိရင် ပြန်လည်ထမ်းဆောင်ချင်ပြီး ပင်စင်ယူပြီးချိန် မှာတော့ ငြိမ်းအေးတဲ့နေရာတစ်ခုမှာ တရားဘာဝနာလုပ်ချင်တယ်လို့ဆိုတယ်။
“ ပင်စင်ယူပြီးရင်တော့ ငြိမ်းချမ်းတဲ့ဘဝမှာပဲ နိဂုံးချုပ်မယ်လို့ စိတ်ကူးထားတယ် ၊ဆရာမကြီးရဲ့သားလို တစ်နိုင်ငံလုံးမှာ ကိုယ့် ထက်ဆိုးရွားသူတွေရှိပါတယ်။ တော်လှန်ရေးမှာကျသွားတဲ့ကလေးတွေရဲ့နေရာတွေကို လျှောက်သွားပြီး အမျှဝေမယ်။ ဒါက နံပါတ်တစ် ရည်ရွယ်ချက်ပဲ။” လို့ ဒေါ်မို့မို့လွင်က ပြောတယ်။
လက်သုံးချောင်းထောင်ရတဲ့အခြေအနေကနေ စစ်ကောင်စီကို လက်နက်ကိရိယာအပြည့်အစုံနဲ့ တော်လှန်တိုက်ခိုက်နိုင်တဲ့ အဆင့်ထိရောက်ခဲ့တဲ့အတွက် တော်လှန်ရေးအောင်မြင်မယ်လို့ ယုံကြည်ထားပြီး မဝေးတော့တဲ့ အောင်ပွဲအတွက် ဆက်လက် တိုက်ပွဲဝင်ဖို့ ပြည်သူတွေရော၊ ရှေ့တန်းကနေ တိုက်ပွဲဝင်နေသူတွေရော စိတ်ဓာတ်မကျဖို့ တောင်းဆိုချင်တယ်လို့ ဒေါ်မို့မို့လွင် က ပြောပါတယ်။