Home ဆောင်းပါး ဝဋ်ကြွေးလား၊ အိမ်တွင်းအကြမ်းဖက်မှုလား

ဝဋ်ကြွေးလား၊ အိမ်တွင်းအကြမ်းဖက်မှုလား

ခိုင်ရီ။ ။

ကျမမှာ “ယောက်ျားဆိုတာ မိန်းမတွေထက် မြင့်မြတ်တယ်၊ ဘုန်းရှင်ကံရှင်” ဆိုတဲ့ အယူအဆကို လက်ကိုင်ထားတဲ့ အဒေါ် ဝမ်းကွဲတစ်ယောက်ရှိတယ်။

“ မိန်းမအဝတ်အစားနဲ့ ယောက်ျားအဝတ်အစား အတူတူမလျှော်ရဘူး” ၊ “ယောက်ျားထက်အမြင့်မှာ မိန်းမမထိုင်ရဘူး” စတဲ့ အစွဲအလန်းဟာ သူ့စိတ်မှာစွဲနေတယ်။

သူ့မှာ သားလေးယောက်နဲ့ သမီးတစ်ယောက်ရှိတယ်။ သူ့အယူအဆတွေဟာ သူ့ရဲ့ တစ်ယောက်တည်းသော သမီး အတွက် တော့ တကယ့်ကို ဝန်ထုတ်ဝန်ပိုးကြီးတစ်ခုပါပဲ။ သူဟာ သားတွေကို သခင်လို ဆက်ဆံတယ်။ လင်ကို ဘုရားလို ဆက်ဆံတယ်။ သမီးဖြစ်သူကတော့ အိမ်မှုကိစ္စတွေ၊ လျှော်ဖွတ်၊ ချက်ပြုတ်၊ အိမ်မှုကိစ္စ ဝန်ထုတ်ဝန်ပိုးကြီးကို သူ့အမေနဲ့ အတူတူ မနိုင်ဝန်ထမ်းရတယ်။ အစ်ကိုတွေ၊ မောင်တွေ မယူကြသမျှတာဝန်ကို သူကယူရတာပဲ။ ချက်ပြုတ်ရတယ်၊ လျှော်ဖွက်ရတယ်။ လျှော်ဖွက်တဲ့နေရာမှာ အစ်ကိုတွေအဝတ်အစား၊ မောင်အဝတ်အစားအားလုံး သူဒိုင်ခံလျှော်ပေးရ တယ်။ သူ့ကိုယ်ပိုင် အလုပ်တစ်ခု မရခင်အချိန်အထိပေါ့။

မနေ့က သူ့ရဲ့သားတစ်ယောက်ကို ရဲတွေလာခေါ်သွားတယ်။ နိုင်ငံရေးလုပ်လို့တော့မဟုတ်ဘူး။ အမေကို အော်ကြီး ဟစ်ကျယ် ဆဲဆိုပြီး ဓားနဲ့ရမ်းတာကြောင့်ပါ။ အမေကို ဆဲဆိုကြိမ်းမောင်းတာကတော့ မကြာခဏဆိုသလိုပါပဲ။ ဓားနဲ့ခုတ် မယ်လို့ ဓားကြိမ်း ကြိမ်းတာကတော့ သုံးကြိမ်လောက်ရှိပါပြီ။ အဒေါ်အိမ်နဲ့ ခြံချင်းကပ်နေတော့ အခုလိုဖြစ်ပြီဆိုရင် အဒေါ် က စခန်းကိုဖုန်းဆက်ပေးဖို့ ကျွန်မကိုခိုင်းလေ့ရှိတယ်။

ပထမအခေါက်တွေက အိမ်ကို ရဲမရောက်ခင် သူတို့သားအမိတွေက ပြေလည်သွားတတ်ကြတော့ ဒီတခေါက် အကူအညီ လာတောင်းတဲ့အခါ “အန်တီရေ ကိုယ့်ဘာသာကို သွားတိုင်တာကောင်းမယ်” လို့ အကြံပြုလိုက်တယ်။ သူသွားတိုင်ပြီး သိပ်မကြာခင်မှာ ရဲရောက်လာတယ်။ သားဖြစ်သူဟာ ရဲခေါ်ရာနောက်ကို စပ်ဖြဲဖြဲနဲ့ လိုက်သွားတယ်။

“သူငါ့ကို ဓားနဲ့ လွှဲခုတ်တာ၊ ငါသာမရှောင်လိုက်ရင် ခုချိန်ဆို နှစ်ပိုင်းပြတ်ပြီး သေနေလောက်ပြီ”လို့ အဒေါ်ကပြောတယ်။

ကျွန်မအဒေါ်မှာ အကြီးဆုံးသားက မကြာခင်ကပဲ ဆုံးသွားတယ်။ အခုရဲဖမ်းသွားတဲ့ သားက ဒုတိယသား။ သူ့အောက်မှာ သမီးတစ်ယောက်ရှိတယ်။ အငယ်ဆုံးတစ်ယောက်ကလည်း သားယောင်္ကျားလေးပဲ။ ခု ရဲလာခေါ်သွားတဲ့ ဒုတိယသားဟာ ဆိုင်ကယ်နှစ်ခါ မှောက်တယ်။ ပထမတခေါက်ဖြစ်တော့ ခေါင်းကိုထိပြီး စိတ်ဖောက်သလိုဖြစ်သွားတယ်။ အရက်သောက် တယ်။ ဒုတိယအကြိမ် ဆိုင်ကယ်မှောက်တော့ အတူပါလာတဲ့တစ်ယောက်သေတယ်။ သူကတော့ ဒဏ်ရာလောက်ရပြီး လူသေမှုနဲ့ ထောင်ကျတယ်။

ထောင်ကထွက်လာတဲ့ နောက်ပိုင်း အရက်သောက်တယ်။ အရက်မူးလာရင် အိမ်မှာ ရမ်းကားတယ်။ တစ်ရက်တော့ သူ့ကို မိသားစုက ချော့မော့ပြီး သင်္ဃန်းစည်းပေးလိုက်တယ်။ အဲဒီမှာ မြင်းကို ချိုတပ်ပေးလိုက်သလိုဖြစ်တော့တာပဲ။ သင်္ဃန်းစည်း ထားတော့ သူ့ကို မိသားစုက အရိုအသေပြုကြတယ်။ သူကလည်း သူ့ကိုယ်သူ မြင့်မြတ်တဲ့ သူတစ်ယောက်လို အထင်ရှိ သွားဟန်တူပါတယ်။

ကိုရင်ဘဝမှာ ဖုန်းတစ်လုံးတောင်းတယ်။ မိသားစုကလည်း နားအေးရင်ပြီးရောဆိုပြီး ဖုန်းတစ်လုံးဝယ်ပေးတယ်။ သိပ်မကြာ ခင်မှာ ဖေ့ဘွတ်ကနေတဆင့် အမျိုးသမီးတစ်ယောက်နဲ့ ရည်းစားဖြစ်တယ်။ သင်္ဃန်းကြီးနဲ့ ရည်းစားစကားပြောရတာ မလွတ်လပ်တော့ လူထွက်လာပါတော့တယ်။ သူ့ရည်းစားနဲ့ ရန်ကုန်မှာသွားတွေ့တယ်။ အိမ်ကို အလည်ခေါ်လာတယ်။ အခုအချိန်ထိ အွန်လိုင်းကနေ အဆက်အသွယ်ရှိတယ်။

သင်္ဃန်းစည်းပြီးတဲ့နောက်ပိုင်း အရက်မူးလာရင် “နင်တို့ မိန်းမတွေ အလာကားပဲ၊ အတူတူပဲ” စသဖြင့် အမေကို မြည်တွန် တောက်တီးတတ်သွားတယ်။ သူ့အမေကို ငါနဲ့ကိုင်တုတ်ပြီး ဆဲတတ်လာတယ်။ တစ်ရက်တစ်ရက် ဘာအလုပ်မှ မလုပ်ဘဲ အွန်လိုင်းကနေ ရည်းစားနဲ့စကားပြောတယ်၊ ရည်းစားဝယ်ပေးတဲ့ ဆောင်းဘောက်နဲ့ တခန်းရပ်ဟာသတွေ၊ Ticktok ထဲက အောက်ပိုင်းပျက်လုံးတွေ၊ သီချင်းတွေကို တစ်ရပ်ကွက်လုံးကြားအောင် အသံကျယ်ကျယ်ဖွင့် နားထောင်တယ်။ တခါ တလေဆို “မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်လေ” ဆိုတဲ့ မိဘမေတ္တာကိုဖော်ညွှန်းတဲ့ သီချင်းတွေကို မရပ်မနားဖွင့်တယ်။ ပြီးရင်လည်း မအေကို ဓားကြိမ်းကြိမ်း၊ အယုတ္တ၊ အနတ္တဆဲဆိုတာပဲ။

အခု သူ့ကို ရဲက အချုပ်တစ်ပတ်ချတယ်လို့သိရတယ်။ ပြန်လွတ်လာရင်လဲ ခံဝန်နဲ့ နေရမှာဖြစ်ပြီး ထပ်ပြီး ရမ်းကားတာမျိုး လုပ်မယ်ဆိုရင် ထောင်တစ်နှစ်ချခံရမယ်လို့ ရဲစခန်းက အကြောင်းကြားချက်အရ သူ့ညီမလေးက ပြောပြတယ်။

ဒီကလေးတွေ အခုလိုဖြစ်လာတာဟာ ကျွန်မအဒေါ်နဲ့ အများကြီးသက်ဆိုင်တယ်လို့ဆိုရမယ်။ အဒေါ်ဟာ အိမ်ကိုလာ လည်တဲ့အခါ ဖိနပ်ချွတ်မှာ ခွေးအိပ်နေတာမျိုးဆိုရင် အိမ်ထဲမဝင်ဘဲ အပြင်မှာ ရပ်နေတတ်တယ်။ “အန်တီဝင်ခဲ့လေ” လို့ ပြောရင် “ငါ ဘိုဘို(ခွေးနာမည်)ကို မကျော်ချင်ဘူး” လို့ ပြန်ဖြေတယ်။ “မကိုက်ပါဘူး အန်တီရဲ့ ဝင်ခဲ့ပါ” လို့ ဆိုတဲ့အခါ “မဟုတ်ဘူး ငါခွေးထီးမို့ မကျော်ချင်ဘူးဟဲ့” လို့ ပြန်ဖြေတယ်။

ကျွန်မအဒေါ်ဟာ အဲလိုအမျိုးသမီးပါ။ အထီးဆိုရင် အမဖြစ်နေတဲ့ကိုယ့်ထက် ဘုန်းကံမြင့်တယ်လို့ယူဆတဲ့နေရာမှာ ခွေးထီးကိုတောင် ကိုယ့်ထက် မြင့်မြတ်တယ်လို့ ယူဆဟန်တူပါတယ်။ ဘယ်တော့မှ အိမ်ကခွေးထီး ဘိုဘိုကို မကျော်ဘူး။ ရအောင်မောင်းထုတ်ပြီးမှ အိမ်ထဲဝင်တယ်။

အထီးတွေနဲ့ ပတ်သက်လို့ အဒေါ်ဆီက မကြာခဏကြားရတဲ့စကားက “ယောင်္ကျားလေးဆိုတာ ဘာလုပ်လုပ် တင့်တယ် တယ်ဟဲ့ မိန်းကလေးလို မဟုတ်ဘူး။ မိန်းကလေးဆိုတာ ပတ်ဝန်းကျင်ရှိတယ်။ နေတာထိုင်တာကအစ အားလုံးကို ဂရုစိုက် နေရတယ်”

ဒီလိုနဲ့အဒေါ်ဟာ မွေးထားတဲ့ သားသုံးယောက်ကို အိမ်မှုကိစ္စဘာမှ မလုပ်ခိုင်းဘဲ တစ်ယောက်တည်းသော သမီးကိုသာ ထမင်းချက်၊ အဝတ်လျှော်စတဲ့ အိမ်မှုကိစ္စတွေကို ဖိခိုင်းတယ်။ အခု အဲဒီသမီးက ဆယ်တန်းအောင်၊ ဘွဲ့ရပြီး ဝင်ငွေမဆိုးလှတဲ့ အလုပ်အကိုင်နဲ့ပါ။ မိသားစုတစ်ခုလုံးက သူ့ဝင်ငွေပေါ်မှာပဲ မှီခိုနေရတဲ့သဘောပါ။ ကျမ အဒေါ်က သူ့သား အထီးတွေထက် ဘုန်းနိမ့် ကံနိမ့်တယ်၊ မမြင့်မြတ်ဘူးလို့ သတ်မှတ်ထားတဲ့ သူ့သမီးရဲ့ ဝင်ငွေတစ်ခုတည်းနဲ့ အိမ်ရဲ့ စားဝတ်နေရေးအပါအဝင် စရိတ်စကအားလုံးကို စီမံဖြေရှင်းနေကြရတာပါပဲ။

အဒေါ်ရဲ့သား အငယ်ဆုံးဆိုရင် ၁၀ တန်းကျတာ သုံးကြိမ်ရှိပါပြီ။ ဒီနှစ် ၁၀ တန်းထပ်ဖြေဖို့ လုပ်ထားပါတယ်။ အဒေါ်က မြင့်မြတ်တယ်လို့ထင်တဲ့ အငယ်ဆုံးသားကလည်း အခုဆိုရင် ဗီဇက ပြလာပါပြီ။ “သားရေ ထမင်းချက်ရအောင် မီးမွှေး ပါလား”လို့ ပြောလိုက်ရင် “အာ… မမွှေးချင်ဘူး” “ဟဲ့ အဲဒါဆို ထမင်းဘာနဲ့ စားမလို့လဲ” လို့ မေးလိုက်တဲအခါ “မစားဘူး မချက်နဲ့” ဆိုပြီး ဂလန်ဂဆန်တွေ ပြန်ပြောနေပါပြီ။

ဒီနေရာမှာ သမီးမိန်းကလေးသာဆိုရင် “နင်မိန်းကလေးဖြစ်ပြီး ဒါလေးတောင် မလုပ်ချင်ဘူးလား” လို့ ပြန်ပြောတတ်ပေမယ့် သားဖြစ်သူကိုတော့ “အေး…အေး…နင်တို့နော် နင်တို့…” ဆိုတာလောက်နဲ့ ကိစ္စပြီးပါတယ်။

အဒေါ်ရဲ့ယောင်္ကျားဟာ ပယောဂကုသူတစ်ယောက်ပါ။ သရဲပူးတယ်၊ စုန်းဖမ်းတယ်ဆိုတာမျိုးဖြစ်ရင် သူ့ကိုလာပင့်ကြ တယ်။ အိမ်မှာ အနေနည်းပြီး အိမ်နဲ့ နှစ်ဖာလုံလောက်သာဝေးတဲ့ ဥယျာဉ်တောင်မှာ နေပါတယ်။ ဥယျာဉ်တောင်က သီးပင်၊ စားပင်တွေကို စောင့်ရှောက်တယ်၊ ခူးဆွတ်ရောင်းချတယ်။ ပြီးတော့ သူနေတဲ့ ဥယျာဉ်ထဲမှာ အမျိုးသား၊ အမျိုးသမီးတချို့ ပယောဂပညာလာ သင်ကြတာရှိတယ်။

အခုတော့ တပည့်မတစ်ယောက်ဟာ အိမ်မပြန်တော့ဘဲ ဥယျာဉ်တောင်မှာပဲ နေနေပါတော့တယ်။ ပထမတော့ ကျွန်မ အဒေါ်က မသင်္ကာလို့သွားချောင်းတယ်။ သူ့ယောင်္ကျားနဲ့ အဲဒီအမျိုးသမီးနဲ့ငြိစွန်းနေတာသိတော့ ရန်တွေဖြစ်ကြတယ်။ ကွဲမယ်၊ ကွာမယ်လုပ်တယ်။ ယောင်္ကျားဘက်ကလည်း မဟုတ်ကြောင်းငြင်းပြီး “နင်ကသာ လင်တရူးနေတာ၊ ဘုန်းကြီး ကျောင်းမှာ ဥပုပ်တွေစောင့်ပြီး ဘုန်းကြီးနဲ့ ဖောက်ပြန်နေတာ” ဆိုပြီး ယောင်္ကျားက အော်ကြီးဟစ်ကျယ် ပြန်စွပ်စွဲတယ်။

အဒေါ်ရဲ့ယောင်္ကျားဟာ သူ့တပည့်မနဲ့ ဥယျာဉ်တောင်မှာ အတူနေကြတာ တစ်လမ်းလုံး၊ တစ်ရပ်ကွက်လုံးသိပေမယ့် အဒေါ် က ဘုန်းကြီးနဲ့ဖောက်ပြန်နေတယ်ဆိုတာ သက်သေမရှိပါဘူး။ ဒါပေမဲ့ အဒေါ်ဟာ သူ့ယောင်္ကျားဖောက်ပြန်နေတာကို ဖြေရှင်းဖို့ထက် သူမဖောက်ပြန်ကြောင်း ပြန်ရှင်းရတာနဲ့တင် ပြသာနာက လမ်းဆုံးနေတတ်တယ်။
အခုဆိုရင် အဒေါ်ဟာ ယောင်္ကျားဖြစ်သူနဲ့ စကားမများရဘဲ သားဖြစ်သူနဲ့သာ နေ့စဉ်လိုလို ပြသာနာဖြစ်နေပါတော့တယ်။ သားဖြစ်သူက သူ့ကို လင်တရူးမ၊ ဘုန်းကြီးနဲ့ဖောက်ပြန်နေတဲ့ ကောင်မ စသဖြင့် မူးလာတိုင်း၊ စကားများ တိုင်း သူ့ဖအေလေသံနဲ့ စွပ်စွဲပြောဆိုတယ်။ ဒီလိုသားအမိနှစ်ယောက် စကားများရန်ဖြစ်ပြီဆိုရင် အဒေါ်ဟာ ဥယျာဉ် တောင်မှာရှိတဲ့ သူ့ယောင်္ကျားကို သွားခေါ်ပြီး သားကိုဆုံးမခိုင်းတယ်။ ဒီလိုနဲ့ ကျွန်မအဒေါ်ဟာ အိမ်ထောင်ရေးပြသာနာ၊ မိသားစုပြသာနာ ကြားမှာ သံသရာလည်နေရှာတယ်။
အဒေါ်ဟာ သူ့ယောင်္ကျားနဲ့ကွဲဖို့ ကျွန်မနဲ့လာတိုင်ပင်တတ်တယ်။ ဒါပေမဲ့ သူ့ဘက်က တစ်ခါမှ အထမမြောက်ခဲ့ဘူး။ သူတို့ မိသားစုတွေ ရယ်ရယ်မောမောပြန်ဖြစ်သွားတဲ့အခါ ကိုယ်တွေအကြံပေးလိုက်တဲ့စကားတွေသာ အဖတ်တင်ကျန်ခဲ့တယ်။ နောက်ဆုံးတစ်ခေါက်လာတိုင်ပင်တုန်းက ယောင်္ကျားက သိန်း ၅၀ ပေးရင် သူကွာပေးမယ်လို့ ပြောတယ်။
“ ငါခြံရောင်းပြီး သူ့ကိုကွာပေးမယ်လိုက်မယ်၊ ငါအခုလိုကြီး မနေချင်တော့ဘူး” လို့ဆိုတယ်။
ကျွန်မက ပြန်ပြောပြတယ်။ “သူက သိန်း ၅၀ ပိုက်ပြီး အဲဒီမိန်းမနဲ့ ပျော်ပျော်ကြီးထွက်သွားလိမ့်မယ်၊ ဒါပေမဲ့ အဲဒီသိန်း ၅၀ ကုန်ရင်တော့ အန်တီဆီပြန်လာလိမ့်မယ်၊ အဲတော့ သိန်း ၅၀ ပေးလိုက်ရတာပဲ အဖတ်တင်လမ့်မယ်၊ အပိုလုပ်တွေ အန်တီ ရေ မပေးနဲ့ အန်တီရေ၊ ကွဲချင်ရင် အမျိုးစောင့်ဥပဒေ၊ တစ်လင်တစ်မယားဥပဒေတွေနဲ့ အမှုဖွင့်၊ တရားစွဲပြီး ရဲကို အဖမ်းခိုင်းလိုက်၊ အဲဒီလို အလုပ်မခံချင်ဘူးဆိုရင် ကလေးမကို ပြန်လွှတ်လိုက်၊ အဲဒါမှမဟုတ်ရင် ကွာရှင်းလက်မှတ်ထိုး ခိုင်းလိုက်။ အဲဒီနည်းလမ်းသာ အကောင်းဆုံးအန်တီရေ” လို့ ကျွန်မ အကြံပေးလိုက်တယ်။
အဲဒီနောက်ပိုင်း ယောင်္ကျားနဲ့ကွာရှင်းဖို့ ကိစ္စနဲ့ပတ်သက်လို့ အဒေါ်ဟာ ကျွန်မဆီကို လာပြီး မတိုင်ပင်တော့ပါဘူး။ ဥယျာဉ် တောင်က မိန်းကလေးက သူ့ကို “နင့်မျက်နှာ မကြည့်ချင်ဘူး မလာနဲ့” လို့ ပြောထားတာကြောင့် အဒေါ်ဟာ သူပိုင်တဲ့ ဥယျာဉ်တောင်ကိုလည်း မသွားတော့ပါဘူး။ ပြီးတော့ အဒေါ်ရဲ့ယောင်္ကျားကလည်း အဒေါ်ကို လည်ပင်းညစ်ထိုးကြိတ် လိုက်တယ်လို့ဆိုတယ်။ ဒီလို ကိုယ်ထိလက်ရောက် ကျူးလွန်တာဟာ အဒေါ်ကိုယ်တိုင်ပြောပြမှ ဘေးလူသိရပေမယ့် မပြောပြဘဲ မြိုသိပ်ထားတဲ့ အကြိမ်အရေအတွက်ဟာ နည်းမှာမဟုတ်ဘူးဆိုတာ ကျမကောင်းကောင်းသိတယ်။
အကြိမ်တော်တော်များများ အိမ်အထိလာပြီး ဓားတစ်ချောင်းနဲ့ ဆဲဆိုရမ်းကားတာတွေလုပ်ပေမယ့် ကျမအဒေါ်ဟာ ရဲမတိုင် ဘူး။ ယောက်ျားဆီမှာ ဆဲခံလိုက်၊ သူကပြန်အော်လိုက်နဲ့ ဓားနဲ့ ခုတ်မယ် တကဲကဲ အရွယ်ခံရ၊ ကြိမ်းမောင်းခံရရင် ငြိမ်သွား ပြီး သူတို့ပြဿနာ ပြီးသွားတာချည်းပါပဲ။
သူ့ဒုက္ခကို ဘေးကနေဝိုင်းကူချင်ပေမယ့် “ဒါက ငါ့မှာ ဝဋ်ကြွေးရှိလို့ ခံရတာ” ဆိုတဲ့စကားကို တွင်တွင်ပြောတတ်တဲ့ ကျမ အဒေါ်ကို ကူညီနိုင်မယ့် နည်းလမ်းရှာမတွေ့ဘူး။ နေ့စဉ်နဲ့အမျှ သားဆီမှာရော၊ လင်ဆီမှာပါ အိမ်တွင်း အကြမ်းဖက် ခံနေရ ပေမယ့် သူက ဒါကို ဘဝအဆက်ဆက်က သူ့မှာ ခံရဖို့ပါလာတဲ့ ဝဋ်ကြွေးလို့ ယူဆထားတယ်။
အခုနောက်ပိုင်း အဒေါ်ဟာ ဘုရားတရားကိုသာ ပိုပြီးလုပ်လာတယ်။ ဒါပေမဲ့ မိသားစုပြသာနာတွေထဲမှာ သူ့ဘဝဟာ နေ့စဉ် မငြိမ်းချမ်းနိုင်ရှာဘူး။ အဒေါ်ဟာ သူ့စိတ်ထဲမှာ ယောင်္ကျားဆိုတာ အိမ်ထောင်ဦးစီး၊ အိမ်ရဲ့ အိမ်ဦးနတ်၊ တစ်ခါတလေ အမှားလုပ်မိတာရှိမှာပဲ ဒါကို မိန်းမလုပ်သူက သည်းခံပေးရမယ်၊ အပြစ်မယူရဘူး။ ရေကန်ဆိုတာ ကြာရှိမှ တင့်တယ်တယ်။
လင်မရှိတဲ့မယား မတင့်တယ်၊ တံခွန်မရှိတဲ့ဘုရာ မတင့်တင့်၊ အိမ်ထောင်မှုဘုရားတည် ဆေးမင်ရေစုတ်ထိုးစတဲ့ စကား လုံးတွေကသာ သူ့ကြုံနေရတဲ့ပြသာနာထက် ပိုပြီးမှန်ကန်တယ်။
အဲဒီအတွေးအခေါ်တွေ လွမ်းမိုးနေတဲ့အခါ အဒေါ်ဟာ ယောင်္ကျားနဲ့ ကွဲရဖို့အတွက် မပြတ်သားနိုင်ရှာဘူး။ အထီးတွေဟာ မြင့်မြတ်တယ်လို့ ခံယူထားလေတော့ ကိုယ်မွေးထားတဲ့သားက ပြန်ဆဲတာကိုတောင် အပြစ်မမြင်နိုင်ဘူး၊ မနာကျည်းနိုင်ရှာ ဘူး။ ပြသာနာတွေဖြစ်လာတဲ့အခါ သူနှလုံးသွင်းတဲ့ တရားက “သမီးရယ် အန်တီဝဋ်ကြွေးလို့ပဲ သဘောထားပါတယ်တဲ့”

“ အန်တီတို့လို လူတွေကြောင့် မိန်းမတွေအပေါ် ယောင်္ကျားတွေက ရောင့်တက်နေတာ။ အားမနာလုပ်နေတာ” လို့ ကျွန်မ က ပြန်ပြောတဲ့အခါ “မတတ်နိုင်ဘူး သမီးရေ” တဲ့။ ကျွန်မဒေါသအခိုးတွေ ထွက်ရုံကလွှဲလို့ ဘာမှမတတ်နိုင်ဘူး။ ကျမ အဒေါ်ဟာ သူ့ကိုယ်သူ အဲ့ဒီစကားလုံးတစ်လုံးနဲ့ တစ်သက်လုံး တုတ်နှောင်လာခဲ့တာ လူ့သက်တမ်း ထက်ဝက်ကျော်ခဲ့ပြီ လေ။

မိသားစုထဲမှာ ဖြစ်ပျက်နေတဲ့ အကြမ်းဖက်ခံရမှုမှန်သမျှ ဝဋ်ကြွေးပါလို့ ဆိုတဲ့ အပြောအဆို၊ အယူအဆဟာ အစဉ်အဆက် လက်ခံကျင့်သုံးရမယ့် ရှေးရိုးအယူအဆလိုဖြစ်နေခဲ့တယ်ဆိုတာ ဒီအဖြစ်အပျက်တွေက သက်သေပါပဲ။ မြန်မာလူမျိုး တွေက ယဉ်ကျေးတဲ့လူမျိုးတွေ၊ ကူညီရိုင်းပင်းတတ်တဲ့လူမျိုးတွေလို့ အမြဲကြွေးကြော်လေ့ရှိတဲ့ မြန်မာ့လူ့အသိုင်းအဝိုင်းမှာ နေ့စဉ်ဖြစ်ပျက်နေတာက မိသားစုတွင်း အိမ်တွင်းအကြမ်းဖက်မှုတွေပါပဲ။ သူများမိသားစုကြားမှာ၊ သူများလင်မယားကြားမှာ ဝင်မပါရဘူးဆိုတဲ့ အရိုးစွဲနေတဲ့အသိ၊ အမြင်တွေကဖျောက်ဖျက်ဖို့ ခက်ခဲနေတုန်းပဲ။

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လင်မယားချင်း ကိုယ်ထိလက်ရောက်ကျူးလွန်တာ၊ မိဘက သားသမီးအပေါ် နှိပ်စက်ညှင်းပန်းရာ ရောက်တဲ့ အရာတွေကို ကျူးလွန်တာမှန်သမျှ ပတ်ဝန်းကျင်အကူအညီနဲ့ ဥပဒေကြောင်းအရ ဖြေရှင်းလို့ရတယ်။ ဒီလို အိမ်တွင်းအကြမ်းဖက်မှုမျိုးတွေကနေ ကိုယ်တိုင်ရုန်းထွက်ရမယ့် နည်းလမ်းတွေကို သိကြတယ်။

ကျမပတ်ဝန်းကျင်မှာ လင်ယောက်ျားတွေက မိန်းမတွေကို အိမ်တွင်းအကြမ်းဖက်တယ်။ မိဘတွေက သားသမီးတွေအပေါ် အိမ်တွင်း အကြမ်းဖက်တယ်။ ဒါတွေကို ပတ်ဝန်းကျင်တခုလုံးက “အတိတ်ဘဝက ဝဋ်ကြွေး”လို့ အမည်တပ်ပါတယ်။ “ဒီယောက်ျားနဲ့ ရတာ ဝဋ်ကြွေးပါလို့” ၊ “ဒီမိဘဆီမှာ လူဖြစ်ရတာ ဝဋ်ကြွေးပါလို့” စသဖြင့် အလွယ်ဆုံး မှတ်ချက်တွေကို ပေးကြတယ်။

ကျမအဒေါ်အပါအဝင် ကျမရဲ့ အနီးဝန်းကျင် သာမာန်လူ့အဖွဲ့အစည်းထဲမှာတော့ ဒါက ဝဋ်ကြွေးလား၊ အိမ်တွင်းအကြမ်း ဖက်မှုလား ဆိုတာတောင် ခွဲခြားသိမြင်နိုင်စွမ်းမရှိပါဘူး။ “အိမ်တွင်း အကြမ်းဖက်မှု” ဆိုတဲ့ စကားလုံးဟာ သူတို့အတွက် တော့ ကြားနေကျမဟုတ်တဲ့ စကားလုံးတလုံးမျှသာပါပဲ။

Author:

Related Articles