Home ဆောင်းပါး ကချင်ဆရာမနှစ်ဦးအသတ်ခံရမှု အစိုးရသစ်အား စိမ်ခေါ်နေသလား

ကချင်ဆရာမနှစ်ဦးအသတ်ခံရမှု အစိုးရသစ်အား စိမ်ခေါ်နေသလား

maysabephyugivepresentationregardviolenceagainstwomeninburmaandCEDAW,lawinBurma

လုဆိုင်း။      ။

လူထုရွေးချယ်တင်မြောက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ် တက်လာပြီး နောက်ပိုင်း တရားဥပဒေစိုးမိုးမှု ရှိလာမည်ဟု အများက မျှော်လင့်ခဲ့ကြသည်။ သို့သော်လည်း အချို့သော ဖြစ်ရပ်များအတွက်တော့ ထူးခြားမှု အရိပ်အယောင်များမတွေ့ရသေးပေ။

“ကျနော်တို့ကတော့ ဘာဘဲပြောပြော ဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုရှိမယ်ဆိုရင်တော့ ဒီကိစ္စက အမြန်ပေါ်မယ်၊ အစိုးရအသစ်အနေနဲ့လည်း တရားဥပဒေစိုးမိုရေး ဘယ်လောက်လုပ်နိုင်မလဲ ဆိုတာ ဒီအမှုကို ဖော်ထုတ်နိုင်မှုအပေါ် အခြေခံပြီး အဖြေထွက်မယ်လို့ ထင်တာဘဲ” KBC မှ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာကြီး ဒေါက်တာခလမ်ဆမ်ဇွန်က ပြောဆိုသည်။

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်က အသက်(၂၀)နှစ်အရွယ် မရန်လုရာနှင့် အသက် (၂၁)နှစ်အရွယ် မတန်ဘောင်ခေါန်နန်စင်တို့ အသတ်ခံရမှုကို တစ်နှစ်ကျော်ကြာ စုံစမ်းစစ်ဆေး ခဲ့သော်လည်း သံသယရှိသော တပ်မတော်စစ်ကြောင်းမှ တာဝန်ရှိသူများအား စစ်ဆေးခွင့် ယခုထိ မရရှိသေးသည့်အပေါ်ဒေါက်တာခလမ်ဆမ်ဇွန်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကောင်းခါးကျေးရွာတွင် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်(KBC) မှ စေတနာ့ဝန်ထမ်းဆရာမနှစ်ဦး အဓမ္မပြုကျင့်၍ အသတ်ခံခဲ့ရသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး အမှု မှန် ဖော်ထုတ်ရေးသည် အစိုးရသစ်အား စိန်ခေါ်လျက်ရှိနေသည်။

မေလ(၁၈)ရက်နေ့တွင် လားရှိုးမြို့၊ ပြည်နယ်ရဲတပ်ဖွဲ့ရုံးတွင် တပ်မတော် ခမရ(၅၀၃) စစ် ကြောင်းမှူး ဗိုလ်မှူးအောင်ဖြိုးမြင့်အပါအဝင် တပ်မတော်သားအချို့နှင့် KBC မှ အမှုမှန် စုံစမ်းရေး ကော်မတီတို့ တွေ့ဆုံမှုတွင် တပ်မတော်သားများအား မေးမြန်းမည့် မေးခွန်းများကို ကြိုတင် တင်ပြ ထားရန်၊ အမှုစစ်ရဲတပ်ဖွဲ့မှတဆင့် မေးမြန်းရန် စသည့်စည်းကမ်းများ ချမှတ်ထားသဖြင့် မေးမြန်းခွင့် မရရှိခဲ့ပေ။

ထိုကော်မတီမှ ရှေ့နေများကိုယ်တိုင် သံသယရှိသူများအား တရားရုံးတွင် စစ်ဆေးသကဲ့ သို့ စစ်ဆေးမေးမြန်းလိုသော်လည်း မေးမြန်းခွင့်မရဘဲ တွေ့ဆုံခဲ့ခြင်းသာ ဖြစ်ခဲ့သဖြင့် နိုင်ငံတော် အဆင့် ပြည်ထဲရေးဝန်ကြီးနှင့်  ကာကွယ်ရေးဦးစီးဌာနသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

အမှုမှန်ပေါ်ပေါက်ရေးအတွက် သက်ဆိုင်သူများထံသို့ ဆက်လက်တင်ပြတောင်းဆိုသွား ရန် မန္တလေးမြို့တွင် KBC မှ အမှုမှန်ဖော်ထုတ်ရေးကော်မတီ အစည်းအဝေးကို လာမည့် ဇွန် လ(၄)ရက်နေ့တွင် ကျင်းပကြမည်ဖြစ်သည်။ ဆရာမနှစ်ဦးအမှုအတွက် အမှုမှန်ဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ ရှေ့နေများ၊ သိက္ခာတော်ရဆရာတော်များ ပါဝင်သော(၁၅)ဦးပါ စုံစမ်းစစ်ဆေးရေး ကော်မတီကို အခင်းဖြစ်ပွားပြီးနောက် KBC က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကချင်ဆရာမနှစ်ဦး အသတ်ခံရမှုတွင် တရားမျှတမှု မရှိလျှင် ငြိမ်းချမ်းရေးလည်း ရရှိမည် မဟုတ်ကြောင်း၊ အမှုမှန်ပေါ်ပေါက်ရန်အတွက် အစိုးရသစ်အနေဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း ကာ အမှုမှန်ဖော်ထုတ်ပေးရန်နှင့် KBC မှဖွဲ့စည်းထားသော အမှုမှန်ဖော်ထုတ်ရေးကော်မတီ၏ လုံခြုံရေးကိုလည်း တာဝန်ယူပေးပါရန် ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး (KWAT) မှ အထွေထွေအတွင်းရေးမှူး မွန်းနေလီက ပြောသည်။

“ရဲတပ်ဖွဲ့တွေလက်ထဲမှာ သက်သေအထောက်အထားတွေ ရှိနေတာကို အသုံးချမှု မရှိတဲ့ အတွက် ဒီအမှုကို အစိုးရသစ်အနေနဲ့ တရားမျှတမှုဖြစ်အောင် လုပ်ဆောင်ပေးရမယ်။ လွတ်လပ် စွာ စစ်ဆေးမေးမြန်းခွင့်ရဖို့ နည်းလမ်းရှာဆောင်ရွက်ပေးရမယ်၊ အမှုမှန် မဖော်ထုတ်နိုင်ဘူးဆိုရင် အမျိုးသမီးတွေ ဘဝလုံခြုံမှုဟာ အလွန်စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်။ ဒီဖြစ်စဉ်ဟာ ပဋိပက္ခ ဖြစ်ပွားနေတဲ့ ဒေသတွေက အမျိုးသမီးတွေကို ခြိမ်းခြောက်နေတာဖြစ်တယ်”ဟု မွန်းနေလီက ပြောဆိုသည်။

အစိုးရသစ်မှ တရားဥပဒေစိုးမိုးရေးလုပ်ဆောင်ရန် ပြောဆိုနေသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် စစ်တပ်က အုပ်ချုပ်ရေးအာဏာပိုမိုရရှိနေသဖြင့် မည်သူမှ မလွန်ဆန်နိုင်ဘဲ စစ်တပ်၏ကျူးလွန်မှုများအပေါ် တရားမျှတမှုကို ရှာဖွေရန် အဟန့်အတားဖြစ်နေသည်ဟု သူမက ဆက်လက်ပြောဆိုသည်။

7

အစိုးရသစ်ကို ဦးဆောင်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)သည် ၂၀၁၂ ရွေး ကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် နိုင်ငံအတွက် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးတို့ကို ဦးတည်ချက်များအဖြစ် သတ်မှတ်ခဲ့သကဲ့သို့ ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့သည် ဆက် နွယ်နေပြီး တရားဥပဒေ စိုးမိုးရေး ဦးတည်ချက် အောင်မြင်ရန် အဓိကကျသည်ဟု ဒေါ်အောင် ဆန်းစုကြည်၏ ပါတီမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“တရားဥပဒေများ ထိရောက်မှုရှိစေရေးအတွက် လုပ်ဆောင်ပိုင်ခွင့်အာဏာကတော့ အုပ်ချုပ်ရေး ဆိုင်ရာနဲ့ တရားစီရင်ရေးဆိုင်ရာတို့မှာသာ ရှိတာဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေး ထိရောက်စွာ အကောင်အထည်ဖော်နိုင်တာက အစိုးရသာဖြစ်ပါတယ်။ ဒါကြောင့် အစိုးရဖွဲ့နိုင်ရေးဟာ တရား ဥပဒေ စိုးမိုးရေး ဦးတည်ချက်အောင်မြင်ဖို့အတွက် အဓိကကျပါတယ်”ဟု မိန့်ခွန်းတွင်ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဟောင်းဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး လက်ရှိအစိုးရသစ်တွင် လည်း နိုင်ငံတော်အတိုင်ပင်ခံအဖြစ် တာဝန်ယူနေသည်။

ထို့ပြင် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ် ပေါ်ရေးကို ရှေ့ရှုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ပေါ်ပေါက်ရေးနှင့် ပြည်သူလူထု အများစု၏ လူနေမှုဘဝ အဆင့်အတန်း တိုးတက်မြင့်မားရေးကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မတ်လ(၃၀)ရက်နေ့က သမ္မတဦးထင်ကျော်က မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုထား သည်။

ဆရာမနှစ်ဦး အသတ်ခံရမှုအပေါ်အဓိကထား၍ “တရားမှုရှာဖို့ နှောင့်နှေးခြင်းမှာ တရားမှုကို ငြင်းပယ်ခြင်းပါ” ဟူသော အစီရင်ခံစာကို ဥပဒေအထောက်အကူပြုကွန်ရက် (LAN)နှင့် ကချင် အမျိုးသမီးအစည်းအရုံး(ထိုင်းနိုင်ငံ) – (KWAT) တို့က ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်၊ အသတ်ခံရမှု တစ်နှစ်ပြည့်သောနေ့တွင် အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

ထိုအစီရင်ခံစာတွင်လည်း အမှုတွင် သံသယရှိသူ ဗိုလ်မှူးအောင်ဖြိုးမြင့်နှင့် အထက်အရာရှိများအား ရဲတပ်ဖွဲ့များမှ စုံစမ်းမှုအပေါ် တားဆီးခြင်းများရှိနေသည်ကို အသေးစိတ်ဖော်ပြထားသလို၊ စစ်တပ် အနေဖြင့် အပြစ်ဒဏ်ပေးခံခြင်းမှ ကင်းလွှတ်နေမှုများအား အဆုံးသတ်စေရန်အတွက် အစိုးရသစ် အား တရားဥပဒေအရ အမှုမှန်ဖော်ထုတ်ပေးပါရန် တိုက်တွန်းထားသည်။

KBC မှ စေတနာ့ဝန်ထမ်း ဆရာမများဖြစ်သည့် မရန်လုရာနှင့် မတန်ဘောင်ခေါန်နန်စင်တို့နှစ်ဦး သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်ပန်ဆိုင်းမြို့နယ် နမ်တောင်း ကျေးရွာအုပ်စု ကောင်းခါးကျေးရွာမှ နှစ်ခြင်းခရစ်ယာန် အသင်းတော်ဘုရားကျောင်းအနီး နေအိမ် တွင် ညအိပ်နေစဉ် အဓမ္မပြုကျင့်၊ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

သူတို့နှစ်ဦးသေဆုံးပြီး အလောင်းကို ကားဖြင့် ကချင်ပြည်နယ်မြစ်ကြီးနားမြို့ နောင်နန်းသို့ သယ် ဆောင်လာစဉ် လမ်းတလျှောက်တွင် ထောင်သောင်းများစွာသော ကချင်လူထုက ငိုကြွေးသံများနှင့် ကြိုဆိုခဲ့သလို၊ ဆရာမနှစ်ဦး၏ ဈာပနအခမ်းအနားကို လူထောင်ပေါင်းများစွာဖြင့် ကျင်းပခဲ့ကြသည် မှာ ကချင်လူမျိုးတိုင်း၏ ရင်ထဲမှာ မည်သည့်အခါမှ မေ့နိုင်မည်မဟုတ်သည့် အဖြစ်အပျက်တစ်ခု လည်းဖြစ်ခဲ့သည်။

Kachin3

အလားတူ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့က ကချင်ပြည်နယ်ဖားကန့်မြို့မှ အသက် (၁၄)နှစ်အရွယ်ကျောင်းသူ မဂျာဆိုင်းအိန်အား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်ဖွဲ့ ခလရ(၃၈၉)စစ်ကြောင်းက ပစ်သတ်ခဲ့မှုနှင့် မိုင်ဂျာယန်အနီးမှ စစ်တပ်က ဖမ်းဆီးခဲ့ရာမှ ယနေ့ အထိ ပျောက်ဆုံးနေသော ဒေါ်ဆွမ်လွတ်ရွယ်ဂျာတို့နှင့်ပတ်သက်၍ ယနေ့ထိစုံစမ်းဖော်ထုတ်နိုင် ခြင်း မရှိဘဲ ကျူးလွန်သူများကို အရေးယူနိုင်ခြင်းလည်း မရှိသေးပေ။

အစိုးရသစ်သည် တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်း မရှိသေးသော်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံညီ လာခံကို ကျင်းပရန်ပြင်ဆင်နေပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်မရေးထိုးသေး သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးနေသည်။

“အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို အစိုးရက လက်ခံရမယ်။ လွှတ်ငြိမ်းချမ်းသာခွင့် ဆိုတာကို အစိုးရက ကောင်းကောင်းစဉ်းစားပေးသင့်တယ်။ တရားမျှတမှု မရှိဘူးဆိုရင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလို့ ပြောလို့မရဘူး။ ဒါကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ဖြစ်နေ တာ၊ ငြိမ်းချမ်းရေးရဖို့ မလွယ်ဘူး”ဟု ကချင်အမျိုးသမီးအစည်းအရုံး – ထိုင်းနိုင်ငံ(KWAT)မှ အထွေ ထွေအတွင်းရေးမှူး မွန်းနေလီက ပြောသည်။

Photo Credit: Irrawaddy , Pho Thu Taw

Related Articles