ကေခိုင်
အညာဒေသဖြစ်တဲ့ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ကိုင်းငယ်လေးကျေးရွာက အမျိုးသမီးတွေဟာ မိရိုးဖလာ ရက်ကန်း ရက်လုပ်တတ်ကြပေမယ့် ရက်ကန်းစင်တွေကနေဝင်ငွေရမယ်ဆိုတာ မတွေးမိခဲ့ပါဘူး။
ကိုင်းငယ်လေးကျေးရွာက အမျိုးသမီးတွေက မိသားစုဝင်တွေ တစ်နွေတစ်မိုးဝတ်ဆင်ဖို့နဲ့ အသုံးပြုဖို့ လုံခြည်၊ သဘက်၊ လက် သုတ်ပုဝါ စတဲ့ အိမ်တွင်းအတွက် လိုအပ်သလောက်ကိုသာ ရက်ကန်းရက်လုပ်ကြပါတယ်။
ဒါပေမယ့် အခုချိန်မှာတော့ ရက်ကန်းစင်တွေကနေ ဝင်ငွေရှာဖွေလို့ရတဲ့ လမ်းစပေါ်လာပြီးတဲ့နောက် ကိုင်းငယ်လေးနဲ့ ရွာနီး ချုပ်စပ်ကျေးရွာတွေမှာ ရက်ကန်းသံတွေ ညံနေပြီဖြစ်ပါတယ်။
ကျေးရွာက အမျိုးသမီးတွေ ရက်ကန်းရက်လုပ်ပြီး တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရဖို့ ဦးဆောင်လုပ်ဆောင်နေသူကတော့ ကိုင်းငယ်လေးကျေးရွာနေ အသက်၄၃ နှစ်အရွယ် အညာသူ မခါပါ။
မခါက ကိုယ်ပိုင်ရက်ကန်းရုံတည်ထောင်ပြီး အမျိုးသမီးတွေကို ရက်ကန်းပညာသင်ကြားပေးပြီး ရက်ကန်းထည်တွေ ထုတ်လုပ် နေသလို ဒေသက အမျိုးသမီးတွေ တစ်ပိုင်တစ်နိုင် ရက်ကန်းစင်တွေပိုင်ဆိုင်ပြီး ဝင်ငွေရဖို့အတွက် မခါနဲ့ညီအမများ ဆိုပြီး ရက်ကန်းလုပ်ငန်း တည်ထောင်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။
မခါတို့ဒေသက တောင်သူလုပ်ငန်းနဲ့အသက်မွေးပြီး အားလပ်ချိန်မှသာ ရက်ကန်းရက်လေ့ရှိကြတော့ ဒီကနေဝင်ငွေရဖို့ ဘယ် သူမှမတွေးမိခဲ့ကြ။ မခါကိုယ်တိုင်လည်း အရွယ်ရောက်ကတည်းက ရက်ကန်းရက်တတ်ပေမယ့် ကိုယ့်တစ်ကိုယ်ရေစာနဲ့ အိမ် သားတွေ ဝတ်ဆင်မယ့်အထည်လောက်သာ ရက်လုပ်ခဲ့တယ်။
ဒါပေမယ့် ၂၀၁၇ မှာ သူတို့ရွာအနီးက ကျေးရွာတစ်ခုမှာပြုလုပ်တဲ့ ဟောပြောပွဲကို မခါတို့ညီမတွေ သွားရောက်နားထောင်ခဲ့ရာ မှာ ဟောပြောတဲ့ဆရာမတစ်ဦးက ရွာတွေမှာရက်ကန်းစင်ရှိရင် အမျိုးသမီးတွေအနေနဲ့ ဝင်ငွေရအောင်လုပ်လို့ ရတယ်ဆိုတာ ကို ထည့်သွင်းပြောကြားခဲ့တယ်။
မခါကလည်း သူတို့ရွာမှာ ရက်ကန်းရက်တတ်သူတွေရှိပေမယ့် ဝင်ငွေရအောင်ဘယ်လိုလုပ်ရမလဲဆိုတာမသိတော့ ဟောပြော ပွဲပြီးညနေပိုင်းမှာ ဆရာမရှိရာကိုသွားရောက်ပြီး သိချင်တာတွေမေးမြန်းရင်းနဲ့ ရက်ကန်းကနေဝင်ငွေရှာဖို့ ကြိုးစားချင်ခဲ့တယ်။
မခါက အခြားအမျိုးသမီးနှစ်ယောက်နဲ့အတူ တတ်ကျွမ်းတဲ့ရက်ကန်းပညာနဲ့ စရက်လုပ်ခဲ့တယ်။ အရင်တုန်းက တစ်ကိုယ်ရည် စာဝတ်ဆင်ဖို့သာ ရက်လုပ်ခဲ့ရပြီး တကယ်လုပ်ကိုင်တဲ့အခါ စျေးကွက်အနေအထားမသိတဲ့အတွက် စရက်လုပ်စဉ်မှာ အထည် တွေက အနံသေးတာ၊ စျေးကွက်မှာ ရှိတဲ့ဆိုးဆေးတွေအသုံးပြုတဲ့အခါ အရောင်ကသဘာဝမဆန်တဲ့အတွက် လူမကြိုက်တာ တွေ ကြုံရပါတယ်။
ဒါပေမယ့်စိတ်ဓာတ်မကျဘဲ ရက်ကန်းနဲ့သဘာဝချည်ထည်အတတ် တတ်ကျွမ်းသူတွေကိုမေးမြန်းတာ၊ အဖွဲ့အစည်းတွေ၊ သဘာဝဆေးဆိုးထည်ချုပ်လုပ်သူတွေဆီ ချဉ်းကပ်မေးမြန်းကာ စမ်းတဝါးဝါးနဲ့လုပ်ကိုင်ရပါတယ်။
မခါတို့ဒေသက မိရိုးဖလာရက်ကန်းစင်တွေက အခြားဒေသက စင်တွေလောက်မကြီးတဲ့အတွက် အနံသေး အဆင်တွေသာ ရက် လုပ်နိုင်ပါတယ်။ အဲဒီအခါ အနံကြီးအထည်တွေ ရက်လုပ်နိုင်ဖို့ စင်အကြီးလိုတာကြောင့် ပခုက္ကူက ရက်ကန်းစင်တွေကို ဝယ် ယူရတယ်။
ရက်ကန်းပညာနဲ့မစိမ်းပေမယ့် ရက်ကန်းစင်ကြီးတွေ ခတ်ရတဲ့အခါ စနစ်တကျသင်ယူဖို့ လိုလာတာကြောင့် ၂၀၁၈ခုနှစ်မှာ ပဲ ရေစကြိုက ရက်ကန်းဆရာတစ်ဦးကိုခေါ်ယူပြီး သူအပါအဝင် အမျိုးသမီးငါးယောက်နဲ့သင်ကြားခဲ့ရာ သုံးယောက်က ကျွမ်း ကျွမ်းကျင်ကျင် တတ်မြောက်ခဲ့တယ်။ ဒီသုံးယောက်ကနေပြီး သူတို့ရွာနဲ့အခြားရွာနီးချုပ်စပ်က စိတ်ဝင်စားသူတွေကို အဆင့် ဆင့် ပြန်လည်သင်ကြားပေးခဲ့ကြတယ်။
ရက်ကန်းပညာကို စနစ်ကျအောင်သင်ကြားပြီးတဲ့နောက် သူတို့ရက်ကန်းထည်တွေ စျေးကွက်ဝင်အောင် စကြိုးစားခဲ့ရတယ်။ ဒေသမှာက ပဲ၊နှမ်းစိုက်၊ ပြောင်းစိုက် တောင်သူအလုပ်ဦးစားပေးလုပ်ကြတဲ့အတွက် အိမ်တိုင်းမှာက ရာသီအလိုက် စားနပ် ရိက္ခာပြည့်စုံပေမယ့် ချမ်းသာကြွယ်ဝတဲ့သူနည်းပါတယ် ။အမျိုးသမီးတွေဆိုလည်း တောင်ယာလုပ်ပြီး အားတဲ့အချိန်မှ ရက် ကန်းရက်တာဖြစ်တာကြောင့် ဒီအလုပ်စတင်တဲ့အခါ အမျိုးသမီးတွေ ပါဝင်အောင်စည်းရုံးရတာလည်းရှိပါတယ်။
တစ်ပိုင်တစ်နိုင်ရက်ခဲ့ရာကနေ စျေးကွက်မှာတန်းဝင်ဖို့ ကျွမ်းကျင်ပြီးစနစ်ကျအောင် ပြန်သင်ကြားရသလို အခြားဒေသတွေလို ရက်ကန်းထည်စျေးကွက်ကလည်း ရှိမနေတဲ့အတွက် အခက်အခဲတွေက အများကြီးပဲလို့ဆိုတယ်။
“ အရင်ကမိသားစုဝတ်ဖို့ပဲလုပ်တာဆိုတော့ ဘာမှမသိတာကနေ စျေးကွက်ဝင်အောင်လုပ်ရင်း ဝယ်တဲ့သူတွေကြိုက်အောင် လုပ်ရတယ်။ လုပ်ချင်လို့သာထလုပ်တာ ငွေရေးကြေးရေးအရင်းအနှီး ပြည့်စုံတာ မဟုတ်တော့ခက်ခဲတယ်။” လို့ မခါက ပြော ပါတယ်။
ဒီအတွက် ချည်ထည်နဲ့သဘာဝဆေးဆိုးဂရုတွေကနေ ရှာဖွေပြီးလေ့လာရောင်းချဖို့ကြိုးစားသလို သူတို့ဆီက သဘာဝ အထည်တွေကို ဝယ်ယူသူတွေကလည်း လိုအပ်တာတွေကို အကြံပေးကြပါတယ်။
“ စစချင်းတော့ ယုံကြည်မှုနည်းတယ်။ ကိုယ့်ပစ္စည်းပို့လိုက်တယ်ဆိုရင် အဆင်ပြေလားမမေးရဲဘူး။ မပြေဘူးလို့ ပြောလိုက် မှာကြောက်တာ။” လို့ မခါက ပြောပါတယ်။
ရက်ကန်းနယ်ပယ်က သူတွေရဲ့ကူညီမှုတွေနဲ့ စမ်းတဝါးဝါးလုပ်ဆောင်ရင်း သူတို့ရက်လုပ်တဲ့ ရက်ကန်းထည်တွေလည်း စနစ် ကျလာ စျေးကွက်အခြေအနေလည်း နားလည်လာပြီး ပုံမှန်ဝယ်သူတွေရှိလာချိန်မှာ ကိုဗစ်ကပ်ရောဂါလှိုင်းနဲ့ ကြုံရတယ်။
“ ရက်ကန်းခတ်မယ့်သူလည်းရှိနေပြီ။ အထည်တွေကလည်းထွက်ပြီ။ အဲ့ဒီအချိန်မှာ ကိုဗစ်ထဖြစ်ရော ကြိုးစားနေချိန်မှာ တော်တော်အဆင်မပြေဖြစ်သွားတာ။”လို့ မခါကပြောပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် လုပ်ငန်းတော်တော်များများနားရတဲ့အချိန်မှာ သူတို့အဖွဲ့တွေလည်းတိုင်ပင်ရတော့တယ်။ အထည် ရက်တာနားမလား၊ ပုံမှန်တိုင်းရက်ပြီး ရောင်းလို့ရမယ့်အချိန်မှ ရောင်းမလားဆိုတာ ။ သူနဲ့အတူ လက်တွဲလုပ်ဆောင်နေတဲ့ အမျိုးသမီးတွေကလည်း တောင်သူတွေဖြစ်တော့ စပါးနဲ့အခြားသီးနှံစိုက်ပျိုးတာက ရာသီဖှုံစာလှုံတဲ့အတွက် ပုံမှန်တိုင်း ရက် လုပ်သွားဖို့ သဘောတူညီခဲ့တယ်။
ကံကောင်းစွာနဲ့ ကိုဗစ်ပထမလှိုင်းငြိမ်သက်ချိန်မှာ လုပ်ငန်းတချို့ပြန်စလာတဲ့အခါ သူတို့အထည်တွေလည်းရောင်းကုန်ခဲ့ပါ တယ်။
ကိုဗစ်ပထမလှိုင်းကျော်ဖြတ်ပြီးတော့ ဆက်ကြိုးစားမယ်ဆိုပြီး အားယူချိန်မှာပဲ ကိုဗစ်ဒုတိယလှိုင်း၊ တတိယလှိုင်းနဲ့အာဏာ သိမ်းတာကိုကြုံရတော့ သူတို့အဖွဲ့လည်းအားလျှော့ခဲ့ရတယ်။
ကိုဗစ်နဲ့နိုင်ငံရေးအခြေအနေကြောင့် စီးပွားရေးလုပ်ငန်းတွေဖရိုဖရဲဖြစ်တဲ့အခါ သူတို့ဆီက ချည်ထည်ယူပြီး သဘာဝအထည် ချုပ်လုပ်ရောင်းချတဲ့ လုပ်ငန်းရှင်တွေလည်း လုပ်ငန်းတွေရပ်နေတဲ့အခါ မခါတို့လည်း ရက်လုပ်ထားသမျှအထည်တွေ စုပုံ ထားရတယ်။
အဲဒီအချိန်မှာ အထည်တွေပုံမှန်ရက်လုပ်နေပြီးမရောင်းရပေမယ့်လည်း ရက်လုပ်သူတွေ စိတ်ဓာတ်မကျအောင် လက်ခတွေ ခွဲခြမ်းပေးခဲ့ပါတယ် ။ အာဏာသိမ်းပြီးနောက် ရှစ်လအကြာ လုပ်ငန်းတစ်ချို့ ပြန်လည်စတင်လာချိန်မှ သူတို့လည်း အသက် ရှုချောင်ခဲ့တယ်။
“ ကိုးလ ၁၀ လလောက်ကို လဲသွားတာ၊ နားတာကတေ့ာမနားဘဲနဲ့ လုပ်လို့ရသလောက်လေးလုပ်ကြတာ အဲ့ဒီလိုပုံစံနဲ့သွားပြီး တော့ကိုဗစ်ရော ကိုစစ်ရောကို အဖွဲ့လေးနဲ့ ညီညီညွတ်ညွတ် တောင့်ခံလာခဲ့ကြတာ။ လုပ်နိုင်သလောက်တွေလုပ်ပြီးတော့၊ အဲဒါကြောင့်ပဲ မခါနဲ့ညီအမများဆိုပြီး အမည်ပေးထားတာ။” လို့ မခါက ဆိုတယ်။
၂၀၁၉ခုနှစ်မှာ အမျိုးသမီး ခုနစ်ယောက်နဲ့စခဲ့တဲ့ မခါတို့ရက်ကန်းလုပ်ငန်းက လက်ရှိမှာ အမျိုးသမီးလေးဆယ်ကျော်နဲ့ သဘာဝ လက်ရက်ကန်းအထည်တွေရက်လုပ်နေရပါပြီ။ သူတို့အဖွဲ့မှာ ကိုင်းငယ်လေးကျေးရွာနဲ့ ရွာနီးချုပ်စပ်ရွာတွေက အမျိုးသမီး တွေပါဝင်ပြီး အများစုက အသက်လေးဆယ်ကျော်အရွယ်တွေများပေမယ့် အခုနောက်ပိုင်းမှာ လူငယ်တွေလည်း စိတ်ဝင်စား ပြီး သင်ယူလာကြတယ်လို့ဆိုတယ်။
“ အမျိုးသမီးတွေ ဘယ်သူဖြစ်ဖြစ်လုပ်ချင်တဲ့သူတိုင်းကို လုပ်ကြည့် အဆင်မပြေရင်မလုပ်နဲ့ဆိုပြီး လုပ်တာကနေ နောက်ထပ် ပွားလာတာပေါ့။ အမြဲလုပ်နေတာက အယောက် လေးဆယ်ကျော်၊ မလုပ်ဘဲရပ်သွားတဲ့သူတွေနဲ့ဆို ခြောက်ဆယ်ဝန်းကျင် ကျော်လောက်ရှိမယ်။” လို့ မခါက ပြောပါတယ်။
မခါနဲ့ညီအမများက ရက်လုပ်တဲ့ ရက်ကန်းထည်တွေကို ပုံမှန်ဝယ်ယူသူတွေရှိသလို လိုချင်တဲ့ ပိတ်စဒီဇိုင်းအရည်အတွက်ကို မှာ ယူသူတွေလည်းရှိပါတယ်။ ရက်ကန်းရက်သူတွေကို သူတို့နေ့စဉ်ရက်လုပ်တဲ့ ပမာဏပေါ်မူတည်ပြီး လက်ခစားအဖြစ် ပြန် လည်ရှင်းပေးပါတယ်။
“ ပုဝါတစ်ထည်ဆို ၂,၀၀၀ ပေးတာ၊ တချို့တွေဆို တစ်နေ့ကိုငါးထည်ခြောက်ထည်ခတ်နိုင်တဲ့သူတွေရှိတယ်။ သူတို့ဆို ပို ဝင်ငွေရတာပေါ့။ သုံးထည်လောက်ပုံမှန်ခတ်နိုင်ရင်ကို ၆,၀၀၀လောက်ရတယ်။”လို့ မခါကပြောပါတယ်။
လက်ရှိမှာတော့ အနီးဝန်းကျင်က ရွာတိုင်းလိုလိုမှာ သူတို့နဲ့လက်တွဲလုပ်ကိုင်နေတဲ့ ရက်ကန်းသမလေးတွေရှိလာပြီး အချို့ ရွာ တွေ အမျိုးသမီးတွေကလည်း မခါဆီမှာ ရက်ကန်းသင်ဖို့ လာကြတာတွေရှိတယ်လို့ဆိုတယ်။
“ ဒီနှစ်တွေဆို အခြားကျေးရွာကနေ နှစ်ယောက်တစ်ဖွဲ့ ၊ နှစ်ယောက်တစ်ဖွဲ့နဲ့ အိမ်မှာ လာသင်ကြတယ်။ အိမ်မှာလည်း သုံးစင် ထားပြီးတော့ သင်ချင်တဲ့သူလာသင်ဆိုပြီးတော့ထားပေးထားတယ်။”လို့ မခါက ပြောပါတယ်။
မခါက ရက်ကန်းရက်လုပ်တာအပြင် ကိုယ်တိုင်သဘာဝအပင်တွေစိုက်ပျိုးပြီး ကိုယ်တိုင်ဆေးဆိုးတာတွေလည်း လုပ်ဆောင် ပါတယ်။
မခါတို့ရက်ကန်းစလုပ်စဉ်က စျေးကွက်မှာရောင်းတဲ့ ဆိုးဆေးတွေဝယ်ယူပြီး အထည်ဆေးဆိုးတဲ့အခါ ကြိုက်နှစ်သက်သူ နည်းပါတယ်။ ဝယ်သူတွေက သဘာဝအထည် သဘာဝအရောင်ကို နှစ်သက်တဲ့အတွက် သူလည်းသဘာဝဆေးဆိုးနည်းတွေ ကို ထပ်မံလေ့လာခဲ့ရပါတယ်။
“ ချည်ဖိုးနဲ့ ဆေးဖိုးကုန်ကျစရိတ်တွေနဲ့ အမကစတိုးဆိုင်ကြီးနဲ့အကြီးကြီးရောင်းတာမဟုတ်ဘူး။ အဲ့လောက်ကြီးမလုပ်နိုင်ဘူး။ ကိုယ်တိုင်ထုတ်ပြီး ကိုယ်တိုင်ဆိုးတယ်။ ကိုယ်တိုင်စိုက်တော့ ကုန်ကျစရိတ်သက်သာတယ်။”လို့ မခါကပြောပါတယ်။
သဘာဝဆိုးဆေးအထည်တွေလုပ်ဆောင်နေတဲ့ ဆရာမတစ်ဦးရဲ့သင်ကြားမှုနဲ့ ကိုယ့်ဒေသကထွက်ရှိတဲ့ သစ်ရွက်သစ်ခေါက် တွေ အသုံးပြုပြီး ဆေးဆိုးရင် သဘာဝဆန်ပြီးလှပသလို ငွေကုန်ကြေးကျသက်သာတဲ့အတွက် သဘာဝဆေးဆိုးဖို့အပင်တွေ ကို ကိုယ်တိုင်စိုက်ပျိုးခဲ့ပါတယ်။
“ အမတို့ဒေသမှာထွက်တဲ့ သစ်ရွက်တွေသစ်ခေါက်တွေကို ဆိုးတယ်၊စိုက်လို့ရတဲ့အပင်တွေကိုစိုက်တယ်။ တချို့ကျတော့ လည်း တစ်နှစ်ထဲနဲ့သုံးလို့ရတဲ့အပင်တွေဆိုသုံးတယ်။ နှစ်ရှည် လေးငါးခြောက်နှစ်စိုက်မှ သုံးလို့ရတဲ့အသီးတွေကျတော့ စိုက် တော့ စိုက်ထားတယ်။” လို့ မခါက ပြောပါတယ်။
လက်ရှိမှာ မခါနဲ့ညီအမများကနေ ပုဝါ၊ စောင်၊ ပိတ်အုပ်တွေကို ရက်လုပ်လျက်ရှိပြီး သဘာဝထည်ချုပ်လုပ်နေတဲ့ လုပ်ငန်းရှင် အချို့ကလည်း ရက်ကန်းထည်တွေကို လိုချင်တဲ့ အဆင်ပုံစံလေးတွေပြောပြီးမှာယူကြသလို သူကိုယ်တိုင် လည်းစျေးကွက်မှာ လူကြိုက်တဲ့ အဆင်ပုံစံတွေကိုလည်း ပိုမိုနားလည်လာတယ်လို့ ဆိုတယ်။
“ လက်မှုသဘာဝနားလည်တဲ့သူတွေက လိုချင်တဲ့ပုံစံလေးတွေကိုပြောပြီးခိုင်းတယ်။ ရရင်လုပ်ပေးတယ်။ မရရင်မရဘူးလို့ ပြောတယ်။ လုပ်ရင်းနဲ့စျေးကွက်အကြိုက်သိလာတယ်။ တဖြည်းဖြည်းနဲ့တော့ လုပ်ရင်းနဲ့သင်သွားတယ်။” လို့ မခါက ပြောပါ တယ်။
ဒေသက အမျိုးသမီးတွေငွေဝင်ရစေဖို့နဲ့မိရိုးဖလာ ရက်ကန်းစင်တွေမပျောက်စေဖို့ ရည်ရွယ်ချက်တွေနဲ့ကြိုးပမ်းခဲ့တဲ့ မခါက ကလေးတွေကိုလည်း ကျောင်းပိတ်ချိန်တွေမှာ ရက်ကန်းအတက်ပညာသင်ယူဖို့ တိုက်တွန်းလျက်ရှိပြီး စိတ်ဝင်စားတဲ့ အမျိုး သမီးမှန်သမျှကိုလည်း သင်ကြားပေးလျက်ရှိတယ်လို့ဆိုတယ်။
“ ရွာထဲက ကလေးတွေဆိုရင်လည်းး ကျောင်းပိတ်တဲ့အချိန်ဆိုလာခဲ့ နင်တို့သင်၊ ငွေဝင်တစ်ခုအနေနဲ့မဟုတ်ရင်တောင် ပညာ ရပ်တစ်ခုအနေနဲ့ တက်ထားရမယ်ဆိုပြီးသင်ပေးတယ်။ တခြားရွာကသူတွေကလည်း သူတို့ကလေးတွေကိုသင်ဖို့ လာပို့ကြ တယ်။” လို့ မခါကပြောပါတယ်။
မခါက ဒေသကအမျိုးသမီးတွေကို ရက်ကန်းပညာသင်ကြားပေးသလို သူနဲ့အတူလက်တွဲလုပ်တဲ့အမျိုးသမီးတွေကိုလည်း ကိုယ်တိုင်စျေးကွက်ဖောက်နိုင်အောင် တိုက်တွန်းလေ့ရှိပါတယ်။
သူနဲ့အတူလုပ်ဆောင်နေတဲ့ အမျိုးသမီးတွေက လေးဆယ်ကျော်ငါးဆယ်အရွယ်တွေများပေမယ့် ဒီဘက်ကာလမှာ ခေတ် ပညာ တတ်လူငယ်တွေလည်း စိတ်ဝင်စားပြီး လုပ်ဆောင်လာကြတဲ့အတွက် သူတို့ဒေသက ရက်ကန်းထည်လုပ်ငန်းက ပိုမို တိုးတက် လာမယ်လို့ယုံကြည်ထားတယ်လို့ဆိုတယ်။
ဒေသက မိရိုးဖလာရက်ကန်းစင်တွေ ပျောက်ပျက်မသွားအောင်အပြင် အမျိုးသမီးတွေ အိမ်မှာမိသားစုနဲ့ အတူနေထိုင်ရင်း ဝင် ငွေရှာဖွေနိုင်စေဖို့ ရည်ရွယ်ချက်တွေနဲ့လုပ်ဆောင်ခဲ့တဲ့ ရက်ကန်းလုပ်ငန်းကိုစတင်ချိန်ကတည်းက လက်ရှိအချိန်ထိ လိုအပ် ချက်တွေကို နားလည်ပေးပြီးကူညီပေးတဲ့ သူတွေရှိတဲ့အတွက်လည်းဒီအထိခရီးပေါက်ခဲ့တာလို့ ပြောပါတယ်။
ဒေသကသူတွေကလည်း ရက်ကန်းရက်တာကနေ ဝင်ငွေရလမ်းတစ်ခုဖြစ်လာတယ် ဆိုတာသိလာပြီး လိုက်ပါလုပ်ဆောင် လာ ကြတဲ့အတွက်လည်း ကြိုးစားရကြိုးနပ်သလို ဝယ်သူတွေကိုလည်း ကျေးဇူးတင်မိတယ်လို့ မခါကဆိုတယ်။
“ ဒေသအတွက်ကို ဦးစားပေးပြီးတော့လုပ်ခဲ့တာဖြစ်တဲ့အတွက် ပူးပေါင်းပါဝင်ပြီးရက်ကန်းအတွက် ဝင်ငွေတစ်ခုရ အောင် လုပ်နိုင်တာဝမ်းသာတယ် ။ အညာထည်တွေကို ဝယ်ယူအားပေးတာတွေကိုလည်း ကျေးဇူးတင်တယ်၊ ဝယ်သူတွေရဲ့ ယုံကြည် မှုကိုရလာလို့လည်း ဝမ်းသာတယ်။”လို့ မခါကပြောပါတယ်။
ရှေ့ဆက်ပြီးတော့ဝယ်သူတွေ စိတ်ကြိုက်ဖြစ်အောင်ဒီဇိုင်းထည်တွေကောင်းမွန်အောင်ကြိုးစားသွားမှာဖြစ်သလို ဒေသက အမျိုးသမီးတွေ၊ လူငယ်တွေကိုလည်း လက်တွဲခေါပြီး သူတို့ဒေသက ရက်ကန်းလုပ်ငန်းတိုးတက်အောင်၊ အမျိုးသမီးတွေ ဝင်ငွေပိုရအောင် ကြိုးစားလုပ်ဆောင်သွားချင်တယ်လို့ မခါက ဆိုပါတော့တယ်။