Home ဆောင်းပါး မသန်စွမ်းမှုကိုတွန်းလှန်ကာ လောကကိုအလှဆင်လိုသူ

မသန်စွမ်းမှုကိုတွန်းလှန်ကာ လောကကိုအလှဆင်လိုသူ

မေ

အခန်းတစ်ခုအလယ်မှာ အမျိုးသမီးငယ်တွေက တစ်စုံတစ်ခုကို  အာရုံစူးစိုက်စွာနဲ့ စိတ်ဝင်စားနေကြပါတယ်။

သူတို့စိတ်ဝင်တစားအာရုံစိုက်နေကြတာက အမျိုးသမီးတစ်ဦးကိုပါ။  အဲ့ဒီအမျိုးသမီးဟာ ဝှီးချဲပေါ်မှာထိုင်လျက်ရှိပြီး လူပုံစံ အရုပ်တွေရဲ့ဆံပင်တွေကို ကတ်ကြေးတစ်ချောင်းနဲ့ညှပ်ရင်း ‌ဘေးနားကကြည့်နေကြတဲ့ အမျိုးသမီးငယ်တွေကို စကားပြော လိုက်နဲ့ ရှင်းပြနေပါတယ်။ 

အဲ့ဒီအမျိုးသမီးကတော့ ဆံပင်၊ မိတ်ကပ်၊ အလှပြုပြင်ရေးတွေနဲ့ပတ်သက်ပြီး ကိုယ်ပိုင်ဆိုင်ဖွင့်ထားသလို သင်တန်းဆရာမ အဖြစ်လုပ်ကိုင်နေတဲ့ အသက်၃၉နှစ်အရွယ် မချိုချိုလေးပါ။ မချိုချိုလေးဟာ ကိုယ်အင်္ဂါမသန်စွမ်းအမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။

ဆံပင်၊ မိတ်ကပ်၊ အလှပြုပြင်ရေးနဲ့ပတ်သက်ပြီးငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့ပေမယ့် ဒီအလုပ်ကမတ်တပ်ရပ်ပြီး လုပ်ကိုင် ရတာဆိုတော့ မချိုချိုလေးအခြေအနေနဲ့မတ်တပ်ရပ်ဖို့ အဆင်မပြေတဲ့အတွက် ဒီအလုပ်ကိုမလုပ်ဖြစ်ခဲ့ပါဘူး။

ဒါကြောင့်တခြားအသက်မွေးဝမ်းကျောင်းအလုပ်တွေအဖြစ် ထိုင်ပြီးလုပ်ရတဲ့ ဈေးရောင်းတာ၊ စက်ချုပ်တာတွေလုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့်အဆင်မပြေခဲ့ဘူး။

အဆင်မပြေတဲ့အတွက် နဂိုဝါသနာပါတဲ့ အလုပ်ပဲလုပ်တော့မယ်လို့ဆုံးဖြတ်ပြီး ဆံပင်၊ မိတ်ကပ်၊ အလှပြုပြင်ရေးနဲ့ ပတ်သက်တဲ့သင်တန်းတွေ စတက်ခဲ့တယ်။

မချိုချိုလေးတစ်ယောက် သူ့အသက် ၂၃ နှစ်မှာ မိတ်ကပ်သင်တန်းစတက်ခဲ့တယ်။ ပထမဆုံးတက်တဲ့သင်တန်းက အဆင်မပြေ ခဲ့ပါဘူး။ ဒီလိုနဲ့ အသက် ၂၅နှစ်မှာ  နောက်ထပ်သင်တန်း ခြောက်လတက်ပြီးနောက်မှာတော့ ကိုယ်ပိုင်ဆိုင်လေးဖွင့်နိုင်ခဲ့တယ်။

မိတ်ကပ်၊ ဆံထုံးစတာတွေကို သင်ယူလေ့လာခဲ့ပြီး နောက်ပိုင်းမှာတော့ ဆံပင်ညှပ်၊ ဆံပင်ကောက်၊ ဖြောင့်၊ လျှော်စတာတွေကို ဆက်လက်သင်ယူခဲ့တယ်။

“ သင်တန်းစတတ်ကတည်းက အဆင်မပြေတဲ့သင်တန်းတွေအများကြီးကြုံခဲ့တယ်။ မတ်တပ်ရပ်ပြီးမကြည့်နိုင်လို့ ဘာသင်မှန်း မသိတာတွေ သန်စွမ်းသူတွေကြားထဲမှာ ကိုယ်တစ်ယောက်ထဲဆိုတော့ အဆင်မပြေတာတွေအများကြီးရှိခဲ့တယ်။” လို့ မချိုချို လေးက သူ့အတွေ့အကြုံကိုပြောပါတယ်။

မချိုချိုလေးဟာ နာမည်ကြီးသင်တန်းတွေဆရာ၊ဆရာမတွေဆီမှာ ပညာရပ်တွေကို တစိုက်မက်မက်လေ့လာခဲ့ပြီးနောက်မှာ တော့ ကိုယ်ပိုင်ဆိုင်လေးဖွင့်နိုင်ခဲ့တယ်။

မသန်စွမ်းမှုကိုတွန်းလှန်ကာ ဘ၀တူတွေအတွက် ကူညီနေသူ မချိုချိုလေး 

ဆိုင်စဖွင့်တော့လည်း ဆိုင်ထဲရောက်မှ မသန်စွမ်းမှုကိုကြည့်ပြီး မလုပ်နိုင်ဘူးထင်ကာ ပြန်သွားတဲ့ဧည်သည်တွေရှိသလို တစ်လလုံးနေမှ ဆံပင်ဆေးဆိုးတာတစ်ခါပဲ လုပ်ရတဲ့လတွေလည်း ရှိခဲ့တယ်။

အခုဆိုရင်တော့ မချိုချိုလေးနဲ့မိတ်ကပ်လိမ်းမယ်ဆိုရင် ရက်ချိန်းကြိုယူရတဲ့အခြေအနေအထိရောက်နေပါပြီ။

ဝန်ဆောင်မှုပေးတဲ့အခါမှာလည်း ခေါင်းလျှော်ရင်ထိုင်ပြီးလျှော်ပေးရတာ၊ မိတ်ကပ်လိမ်းရင်လည်း အရွေ့အပြောင်းတွေနဲ့ အဆင်မပြေခဲ့ဘူး။ ဝါသနာပါတဲ့အသက်မွေးဝမ်းကျောင်းအလုပ်ဖြစ်တဲ့အတွက် မချိုချိုလေးတစ်ယောက် အားမလျှော့ပဲဆက်လျှောက်ခဲ့တယ်။ အခုဆိုရင်မချိုချိုလေးဟာ ဆံပင်၊ မိတ်ကပ်၊ အလှပြုပြင်ရေးနဲ့ ပတ်သက်ပြီးလုပ်ကိုင်လာတာ ၁၅ နှစ်ဝန်းကျင် ရှိနေပါပြီ။

“ ဝါသနာပါတဲ့အလုပ်ကိုလုပ်ပြီးရလာတဲ့ဝင်ငွေဆိုတော့ နဂ္ဂရတနာပေါ့။ ကိုယ်ဟာ လူပိုလူလျှံမဟုတ်ဘူးဆိုတာကို သက်သေပြနိုင်ခဲ့ လို့ အရမ်းပျော်ခဲ့တယ်။” လို့ မချိုချိုလေးက ဝမ်းသာအားရဆိုတယ်။

ဒီအလုပ်ကိုစလုပ်တုန်းက မိသားစုကသိပ်အားမပေချင်ပေမယ့် နဂိုကတည်းကအလိုလိုက်ထားကြတာကြောင့် နောက်ပိုင်းဘာ မှမပြောတော့ဘဲ ဝိုင်းဝန်းကူညီပေးကြပါတယ်။

မချိုချိုလေးရဲ့ခင်ပွန်းဖြစ်သူကတော့ မချိုချိုလေးလိုအပ်သမျှကို ဖြည့်ဆည်းပေးပါတယ်။ သင်တန်းတွေလိုက်ပို့ပေးတာ၊ လှေကားတွေ မတက်နိုင်ရင် ကုန်းပိုးပြီးလိုက်ပို့ပေးကာ ပါရမီဖြည့်ခဲ့တယ်။ သမီးကြီးဖြစ်သူကလည်း မချိုချိုလေးအတွက် အားထားရာပါပဲ။

မိသားစုကအနီးကပ်စောင့်ရှောက်အားပေးပေမယ့် ပတ်ဝန်းကျင်ကလူတစ်ချို့ရဲ့ မသန်စွမ်းမှုအပေါ် ခွဲခြားဆက်ဆံမှုတွေကိုတော့ ကြုံတွေ့ရပါတယ်။

“ ဝှီးချဲလ်နဲ့နေတဲ့သူက အလှပြင်တဲ့အလုပ်ကိုလုပ်နေတော့ အထင်သေးတဲ့သူတွေ မျက်လုံးစိမ်းနဲ့ကြည့်တဲ့သူတွေ ရှိသလို အထင်ကြီးတဲ့သူတွေလည်းရှိတယ်။ ကိုယ့်အပေါ်မှာရှိနေတဲ့ မကောင်းတဲ့အမြင်တွေကို ပြောင်းလဲသွားအောင်လုပ်မယ်ဆိုတဲ့ စိတ်နဲ့အကောင်းဆုံးလုပ်ခဲ့တယ်။ မျက်ရည်ကျတဲ့နေ့တွေလည်းရှိခဲ့တယ်။ ဝှီးချဲလ်နဲ့နေတဲ့သူဆိုပေမယ့် လူသားတွေထဲက လူ သားပဲမို့ သူတို့လိုပဲဝင်ငွေရှာနိုင်တဲ့သူဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုကိုယ်အားပေးခဲ့တယ်။”လို့မချိုချိုလေးကဖွင့်ဟတယ်။

မချိုချိုလေးဟာ ဘဝတူမသန်စွမ်းတွေကို သူ့အလှည့်တုန်းကလို ခက်ခက်ခဲခဲပညာမရှာရအောင်၊ အမှီခိုကင်းစွာရပ်တည်နိုင်အောင် ကူညီပေးချင်တဲ့အတွက် ဆံပင်၊ မိတ်ကပ်ပညာရပ်တွေနဲ့ပတ်သက်ပြီး အခမဲ့သင်ကြားပေးဖို့စိတ်ကူးရခဲ့တယ်။

၂၀၁၄၊ ၂၀၁၅ ခုနှစ်လောက်ကစပြီး မသန်စွမ်းသူတွေအတွက်ပညာဒါနသင်တန်းကို  နီးစပ်ရာလက်လှမ်းသလောက် စိတ်ဝင်စားသူတွေကိုသင်ကြားပေးခဲ့တယ်။  အဲ့ဒီကာလတုန်းကဆိုရှယ်မီဒီယာမထွန်းကားသေးတော့ အသိမိတ်ဆွေတွေနဲ့ နီးစပ်ရာ မသန်စွမ်းသူတွေကိုသာ ဆက်သွယ်ခေါ်ယူကာသင်ပေးဖြစ်ခဲ့တယ်။ အခုတော့မချိုချိုလေးရဲ့ လူမှုကွန်ရက်ကနေ တစ်ဆင့်သင်တန်းဖွင့်တဲ့အကြောင်းကြေညာပါတယ်။

မချိုချိုလေးဖွင့်လှစ်တဲ့ ပညာဒါနသင်တန်းမှာ ဆံပင်နဲ့ပတ်သက်ပြီးအမျိုးသားဆံပင်ညှပ်၊ အမျိုးသမီးဆံပင်ညှပ်၊ ခေါင်းလျှော် ၊ ဆေးဆိုး၊ ဆံပင်ဖြောင့်၊ကောက်၊ treatment၊  မျက်နှာနဲ့ပတ်သက်ပြီး မျက်နှာcleaning၊ မျက်နှာပေါင်းတင်၊   အဆိပ်ထုတ်၊ BB glow၊  မျက်ခုံးတက်တူး၊ မျက်တောင်ဆက်၊ နှုတ်ခမ်းကာလာသွင်း၊ မျက်တောင်ကောက်၊ မိတ်ကပ်နဲ့ပတ်သက်ပြီး သတို့သမီး မိတ်ကပ်၊ ဆံထုံး၊ဘွဲ့မိတ်ကပ်၊ဆံထုံး၊ ပွဲတက်မိတ်ကပ်၊ ဆံထုံး၊မိတ်ကပ်အမျိုးမျိုးနဲ့ ဆံထုံး၊ ခြေသည်း၊လက်သည်းဆိုးတာ၊ ပုံဖော်တာ၊ Piercingလို့ခေါ်တဲ့ နှုတ်ခမ်း ၊နှာခေါင်း၊ချက်၊နားစတာတွေမှာ အပေါက်ဖောက်တာနဲ့ပတ်သတ်တဲ့ ပညာရပ်တွေကို သင်ကြားပေးပါတယ်။

ပညာဒါနသင်တန်းကို ဇန်နဝါရီလနေဧပြီလထိတစ်ကြိမ် သြဂုတ်လကနေဒီဇင်ဘာလတစ်ကြိမ် တစ်နှစ်နှစ်ကြိမ် သင်ကြားပေးပါတယ်။ သင်တန်းတစ်ကြိမ်ကို ၁၀ ယောက်သာလက်ခံပေမယ့် အယောက် ၂၀ နီးပါး ဖြစ်ဖြစ်သွားတယ်လို့  မချိုချိုလေးက ပြောပြတယ်။ 

သင်တန်းသားတွေကိုအဆောင်ငှားပေးပြီး သင်တန်းသူတွေကိုတော့ဆိုင်မှာနေစေပါတယ်။ လက်ရှိအချိန်အထိ မသန်စွမ်းသူအယောက် ၁၀၀ နီးပါးကို ဆံပင်၊ မိတ်ကပ်ပညာနဲ့ပတ်သက်ပြီး ပညာဒါနသင်ကြားပေးနိုင်ခဲ့ပါပြီ။ သင်တန်းဆင်းပြီးရင်လည်း သင်တန်းသား၊ သင်တန်းသူတွေ လိုအပ်သမျှကို လိုက်လံကူညီပေးပါသေးတယ်။

“ သန်စွမ်းသူတွေကို အခကြေးငွေနဲ့သင်ပါတယ်။ အဲ့ကရတဲ့ပိုက်ဆံတွေ၊ ဆိုင်ကိုလာပြီးအားပေးကြတဲ့ဧည့်သည်တွေရဲ့ ကျေးဇူးတွေကြောင့် ပညာဒါနသင်တန်းကိုဖွင့်နိုင်တာပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်။ ”လို့ မချိုချိုလေးက ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊မြစ်ကျိုးမြို့နယ်မှာ မွေးဖွားခဲ့တဲ့ မချိုချိုလေးဟာ အသက်ကိုးနှစ်အရွယ်မှာ ဆေးထိုးမှားလို့   ဘယ်ဘက်ခြေထောက်မသန်တော့ပဲ မသန်စွမ်းသူအဖြစ်ရောက်ခဲ့ရတာပါ။ ငယ်ငယ်က ရှေ့နေဖြစ်ချင်ခဲ့ပေမယ့် မသန်စွမ်းသူဖြစ်တော့ အိပ်မက်တွေပျောက်ခဲ့ရတယ်။

ဒါပေမယ့်ဘဝအားမလျော့ဘဲ ကြိုးစားခဲ့တဲ့အတွက် ကိုယ်တိုင်လည်းဝါသနာရာကို တစိုက်မက်မက်လုပ်နိုင်ခဲ့သလို ဘဝတူ မသန်စွမ်းတွေကိုပါ လက်တွဲခေါ်နိုင်တဲ့ မသန်စွမ်းအမျိုးသမီးတစ်ဦးအဖြစ်‌လောကအလယ်မှာ ရပ်တည်နိုင်ခဲ့ပါပြီ။

ရှေ့ဆက်ပြီးပညာတွေကိုဆက်လေ့လာသွားမယ့်အပြင် သင်တန်းကျောင်းသီးသန့်ဖွင့်ကာ သင်တန်းသူ၊ သင်တန်းသားတွေကို အကောင်းဆုံးကူညီထောက်ပံ့ပေးသွားဖို့ အစွမ်းကုန်ကြိုးစားနေတယ်လို့ မချိုချိုလေးကပြောပါတယ်။

မသန်စွမ်းသူတွေအနေနဲ့ဘဝကိုအားမလျော့ဘဲ ကြိုးစားကြဖို့အခုလိုအားပေးစကားပြောပါတယ်။

“ လူတိုင်းမှာကိုယ်ပိုင်အစွမ်းအစတွေရှိတယ်။ ကိုယ့်မှာရှိတဲ့ စွမ်းရည်တွေကိုအသုံးချပြီး စွမ်းအားအဖြစ်ပြောင်းနိုင်ရင် ဘဝမှာ အောင်မြင်မှုတွေရမှာပါ။ ဝါသနာပါရုံနဲ့မပြီးဘူး။ လုပ်ကြည့်ရမယ်၊ဇွဲရှိရှိနဲ့ကြိုးစားပြီး လုပ်ရင်အောင်မြင်မှာပါ။” လို့မချိုချိုလေး က ဆိုပါတော့တယ်။

Author:

Related Articles