ရှင်ငြိမ်း
ချင်းပြည်နယ် ဟားခါးနဲ့ဖလမ်းကြား လမ်းမကြီးပေါ်မှာ နေ့နေ့၊ညည ပစ်ခတ်သံတွေနဲ့ ဆူညံနေတာ ၁၀ ရက်နီးပါးရှိပါပြီ။ နှစ် ဖက်အပြန်အလှန်ပစ်ခတ်နေတာက ချင်းအမျိုးသားတပ်မတော်(CNA)နဲ့ အာဏာသိမ်းစစ်တပ်တို့ဖြစ်တယ်။
ခေါင်းပေါ်ဝဲနေတဲ့ ကျည်ဆန်တွေ၊ တဒုံးဒုံး တဒိုင်းဒိုင်းနဲ့ ကျရောက်ပေါက်ကွဲနေတဲ့ လက်နက်ကြီးတွေကြားမှာ အမျိုးသမီး တစ်ဦးကတော့ ထွက်ပြေးတိမ်းရှောင်တာမရှိဘဲ ဒဏ်ရာပြင်းထန်နေတဲ့ရဲဘော်တွေကို ဆေးကုပေးနေပါတယ်။
ဒီအမျိုးသမီးရဲ့အသက်ဘေးကို စိုးရိမ်တဲ့ရဲဘော်တွေက တိုက်ပွဲကြားကနေ ဝိုင်းဝန်းချီမ ဆွဲထုတ်ခဲ့ရတာဖြစ်တယ်။ သူကတော့ အသက် ၂၀ သာရှိသေးတဲ့ ချင်းအမျိုးသားတပ်မတော်(CNA)မှ အမျိုးသမီး Sniper တစ်ဦးလည်းဖြစ်သလို ဆေးတပ်ဖွဲ့ဝင် တစ် ဦးလည်းဖြစ်တဲ့ ရဲမေနီနီဆိုတဲ့ အမျိုးသမီးလေးပါ။
“ ဘယ်နေရာရောက်ရောက် ရဲဘော်တွေကို အထိအခိုက်နည်းနိုင်သမျှနည်းအောင် ကယ်ပေးချင်တာပဲ။ အဲ့ဒီအချိန်ဆို ဘေးမှာ ဘာဖြစ်နေနေ ကျမဘာမှမသိတော့ဘူး။”လို့ ရဲမေနီနီက ပေါ့ပေါ့ပါးပါးပြုံးရယ်ကာ ဆိုပါတယ်။
ရဲမေနီနီဟာ သာမာန်အမျိုးသားတချို့တောင် မလိုက်နိုင်တဲ့ ရှေ့တန်းစစ်မြေပြင်မှာ မကြောက်မရွံ့နဲ့ ဒဏ်ရာရလူနာရဲ့ အသက် ကို ကယ်တင်ပေးနေတာဖြစ်တယ်။ သူ့အနေနဲ့ဒါနဲ့ဆိုရင် ရှေ့တန်းလိုက်တာ သုံးကြိမ်သာရှိပေမယ့် သူကယ်တင်ပေးလိုက်တဲ့ ရဲဘော်တွေရဲ့အသက်ကတော့ မရေတွက်နိုင်ပေ။
ဒါပေမဲ့ ရဲမေနီနီဟာ ဆေးမှူးဆိုတာထက် အမျိုးသမီးစနိုက်ဘာတစ်ဦးအနေနဲ့ တော်လှန်ရေးမှာ တာဝန်ထမ်းချင်ပေမယ့် ကျရာ ကဏ္ဍမှာလည်း အသက်ကိုမငဲ့ဘဲ စွန့်စားလုပ်ကိုင်နေတဲ့အမျိုးသမီးတစ်ဦးဖြစ်တယ်။
“ ချင်းအသိုင်းအဝိုင်းမှာ အမျိုးသမီးတွေကို နေရာပေးမှုကသိပ်အားနည်းတယ်။” လို့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားတဲ့ ချင်းအမျိုးသမီးဆုန်က ထောက်ပြပါတယ်။
လက်နက်ကိုင်တော်လှန်ရေးဖြစ်လာပြီးနောက် များပြားလှတဲ့ ချင်းအမျိုးသမီးများစွာထဲမှာ တကယ့်ကို တော်လှန်ရေးထဲ ပါဝင် နေကြတဲ့ချင်းအမျိုးသမီးတွေဟာ လက်ချိုးရေတွက်ရလောက်အောင် ရှားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီချင်းအမျိုးသမီးတွေဟာ သူတို့ကိုရှေ့တန်းပေးမထွက်တာတောင် နောက်တန်းကနေ တတ်နိုင်တဲ့အနေအထားနဲ့ မခို မကပ်ဘဲ မိသားစုနဲ့ဝေးရာမှာ ဘဝကိုရှင်သန်ရုန်းကန်ပြီး တော်လှန်ရေးကို အချိန်ပေးနေကြတာဖြစ်တယ်။
ဟားခါးမြို့ဇာတိဖြစ်တဲ့ ရဲမေနီနီဆိုလည်း မွေးချင်းမောင်နှမ ခုနစ်ယောက်ရှိတဲ့အနက် သူက နံပါတ်သုံးဖြစ်ပြီး မိသားစုကိုစွန့်ခွာ ကာ တော်လှန်ရေးအတွက် အသက်ပေးတိုက်ပွဲဝင်နေသူပါ။ ဖခင်ကတော့ လက်သမားဆရာဖြစ်ပြီး မိခင်က အိမ်ဆိုင်ဖွင့်ကာ ဈေးရောင်းပါတယ်။
တကယ်တော့ ရဲမေနီနီဟာ အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်ပြီး ဝါသနာပါရာလမ်းကို လျှောက်ဖို့ စိတ်ကူးအိပ်မက်တွေနဲ့ ပျော်ရွင်နေတဲ့ကျောင်းသူတစ်ဦးဖြစ်တယ်။
ဒါပေမဲ့ မျှော်လင့်မထားဘဲ စစ်အာဏာသိမ်းလိုက်တော့ သူ့စိတ်ကူးတွေအားလုံးဟာ ရပ်တန့်ပျောက်ကွယ်ခဲ့ရပြီး ဘာဆက်လုပ် ရမှန်းမသိအောင်ဖြစ်ခဲ့ရတယ်လို့ ရဲမေနီနီက ပြောပါတယ်။
နိုင်ငံတဝှမ်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတာတွေရှိလာတော့ မိဘတွေက မလွှတ်တဲ့အတွက် ဆန္ဒပြခွင့်မရခဲ့သလို နီနီ ကိုယ်တိုင်ကလည်း အစပိုင်းမှာ နိုင်ငံရေးကို စိတ်မဝင်စားတာကြောင့် မပါဝင်ခဲ့ပါဘူး။
ဒါပေမဲ့ နေအိမ်မှာနေရင်း ဆန္ဒပြနေတဲ့နီနီသူငယ်ချင်းတွေကို စစ်တပ်က မတရားဖမ်းဆီး၊ ပစ်သတ်တဲ့သတင်းတွေ နေ့စဉ် နေ့တိုင်းလိုလိုကြားလာရတဲ့အခါမှာတော့ “သူငယ်ချင်းတွေအတွက် သွေးကြွေးပြန်ယူမယ်ဆိုပြီး လက်နက်ကိုင်ထဲဝင်လာ တာ။” လို့ ပြောပါတယ်။
နီနီက လက်ကိုင်ထဲဝင်ချင်ပေမယ့် မိဘတွေက အမျိုးသမီးဖြစ်နေတဲ့အတွက် အားမပေးပါဘူး။ သို့ပေမဲ့ သမီးဖြစ်သူက သူတို့နဲ့ ဝေးရာထွက်သွားမှာစိုးတာကြောင့် ဖခင်က နီနီကို ချင်းအမျိုးသားတပ်မတော်(CNA)ဝင်ဖို့အကြံပြုခဲ့တာဖြစ်တယ်။
၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ ၇ရက်မှာတော့ တိုက်ပွဲတွေမှာ ကိုယ်တိုင်ပါဝင်တိုက်မယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ ဝမ်းကွဲအကို တစ်ယောက် နဲ့ အတူ CNA မှာ စစ်သင်တန်း ခြောက်လတက်ခဲ့ပါတယ်။
စစ်သင်တန်းမှာ အများစုက အမျိုးသားတွေဖြစ်ပြီး အမျိုးသမီးက ခုနစ်ပုံတစ်ပုံသာရှိတာကြောင့် များစွာကြိုးစားအားထုတ်ခဲ့ရ တယ်လို့ ဆိုပါတယ်။
“ လေ့ကျင့်ရေးမှာ အမျိုးသားတွေနဲ့ တန်းတူလုပ်ရတော့ ကိုယ့်ကိုအထင်သေးမှာစိုးတယ်။ အဲ့တော့ သေအောင်လုပ်၊ သေ အောင်ပင်ပန်းတယ်။ ပင်ပန်းလွန်းလို့ မျက်ရည်ကျမိရင် သေသွားတဲ့သူငယ်ချင်းတွေရဲ့မျက်နှာကိုမြင်ပြီး နှစ်ဆပိုလုပ်ဖြစ် တယ်။” လို့ ရဲမေနီနီက ပြောပါတယ်။
သူက အခြေခံစစ်သင်တန်းပြီးတာနဲ့ အားမရသေးဘဲ တိုက်ပွဲတွေမှာ ကိုယ်တိုင်ပါဝင်တိုက်ခိုက်လိုတာကြောင့် အမျိုးသမီးဆိုလို့ သူတစ်ဦးသာရှိတဲ့ စနိုက်ဘာ(Sniper)သင်တန်းကို ဆက်တက်ခဲ့ပါတယ်။
အစပိုင်းမှာ စနိုက်ဘာသင်တန်းတက်မယ့် အမျိုးသမီးက နီနီအပါအဝင် နှစ်ယောက်ရှိပေမယ့် စနိုက်ဘာသင်တန်းကလည်း တက်ချင်တိုင်း တက်လို့ရတဲ့သင်တန်းတော့ မဟုတ်ပါ။
အရည်အချင်းစစ်စာမေးပွဲလိုမျိုး သင်တန်းဝင်ခွင့်အတွက် လေ့ကျင့်ရေးလုပ်ဆောင်ပြကြရတယ်။ ဒီထဲကမှ အောင်မြင်တဲ့ ၁၅ ဦးက တက်ရောက်ခွင့်ရတာပါ။ ရဲမေနီနီက အမျိုးသား ၁၄ ဦးကြားမှာ တစ်ဦးထဲသောအမျိုးသမီးအဖြစ် ရွေးချယ်ခံခဲ့ရတယ်။
“ အမျိုးသားတွေနဲ့တန်းတူ ကြမ်းတမ်းတဲ့လေ့ကျင့်ရေးတွေလုပ်ရတော့ အားနည်းချက်လည်းရှိတယ်။ လေ့ကျင့်ခန်းအားလုံးက ကြမ်းကြမ်းတမ်းတမ်းလုပ်ရတာတွေချည်းပဲ။ တစ်ခါလေ့ကျင့်ပြီးရင် တစ်ကိုယ်လုံးမှာမထိခိုက်တဲ့နေရာမရှိဘူး။ မလုပ်နိုင်ဘူး ဆိုတာမရှိအောင် အစွမ်းကုန်လိုက်လုပ်တယ်။”လို့ ရဲမေနီနီက ဆိုပါတယ်။
စနိုက်ဘာသင်တန်းက နှစ်လဆိုပေမယ့် တစ်လခွဲကျော်ကျော်လောက်မှာ ရဲမေနီနီဟာ အမျိုးသမီးရောဂါကြောင့် ဆေးရုံတက် ရတဲ့အတွက် သင်တန်းကနေ တစ်ပတ်ခန့်နားလိုက်ရပါတယ်။ ဒါပေမဲ့ ဆေးရုံကဆင်းတာနဲ့ စနိုက်ဘာသင်တန်းကို ပြီးဆုံး အောင် ပြန်တက်ခဲ့တယ်။
“ လေ့ကျင့်ရေးမှာ အမျိုးသားတွေနဲ့တန်းတူလုပ်ရတယ်။ အပြစ်ပေးခံရရင်လည်း တန်းတူအပြစ်ပေးခံရတယ်။ မိန်းကလေးမို့ ညှာတာတော့ တစ်ခါမှမရှိဘူး။ ကျမကမလုပ်နိုင်လို့ လဲကျသေကာမှသေရောပဲ။ ရအောင်ဆက်လုပ်တယ်။”လို့ ရဲမေနီနီက ပြော ပါတယ်။
အမျိုးသားနဲ့အမျိုးသမီးက ခန္ဓာဗေဒအရမတူတာကြောင့် သေနတ်ကိုင်၊ သေနတ်ထမ်းတာကအစ ပြေးခုန်တာအဆုံး လေ့ ကျင့်မှုအားလုံးမှာ အမျိုးသမီးတွေက နှစ်ဆမက ပိုမိုအားစိုက်ထုတ်လေ့ကျင့်ကြရတာဖြစ်တယ်။
အများစုသော အမျိုးသားတွေကြားမှာ အလုပ်လုပ်ရတဲ့အတွက် အခက်အခဲများစွာရှိပေမယ့် တော်လှန်ရေးအမြန်ပြီးဖို့အတွက် အခက်အခဲတွေကို မေ့ထားရတယ်လို့ ရဲမေနီနီက ဆိုပါတယ်။
ရှေ့တန်းမှာ ရက်ကြာတိုက်ပွဲတွေလိုက်တဲ့အခါ အမျိုးသားတွေကြားမှာ စမ်းချောင်းရေချိုးဖို့ဆိုတာ ဘယ်လိုမှ အဆင်မပြေနိုင် ပါဘူး။ ရှေ့တန်းညဘက်တွေ အေးခဲလွန်းတဲ့အချိန်တွေဆို စောင်အတူမျှခြုံဖို့က ရဲမေတွေအတွက် အခက်အခဲတစ်ခု ဖြစ်တယ်။
နောက် ရှေ့တန်းသွားရင်း ဓမ္မတာလာတဲ့အခါတွေမှာ အမျိုးသားတွေကြားနေထိုင်ရ ကျဉ်းကျပ်သလို အပေါ့အပါးကစ သွားဖို့ ခက်တယ်လို့ ရဲမေနီနီက ရှင်းပြပါတယ်။
ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)မှ တာဝန်ရှိအမျိုးသားတစ်ဦးကတော့ ချင်းဒေသကာကွယ်ရေးတပ်တွေမှာ တာဝန် ထမ်းသူအများစုက အမျိုးသားတွေများတာနဲ့ အမျိုးသမီးတွေအတွက် စိုးရိမ်ပူပန်ရတဲ့အလုပ်တစ်ခုပိုတာကြောင့် တိုက်ပွဲ မလွှတ်တာလို့ ပြောပါတယ်။
“ အမျိုးသမီးတစ်ယောက်ပါဆိုရင် သူလိုက်နိုင်ရဲ့လားလို့ နောက်လှည့်ကြည့်ရတယ်။ တိုက်ပွဲထဲလည်း သူ့ထိသွားမလားလို့ စိုး ရိမ်စိတ်နဲ့ ဂရုစိုက်ရတယ်။ သူတို့လည်းကိုယ့်မောင်နှမသွေးသားလိုဖြစ်နေတော့ စိုးရိမ်တာကြောင့်မလိုက်ခိုင်းတာပါ။” လို့ သူ က ရှင်းပြပါတယ်။
ကိုယ်တိုင်တိုက်ခိုက်ချင်တဲ့စိတ်ရှိပြီး စွန့်စားလုပ်ဆောင်ရတာကို ဝါသနာထုံတဲ့ ရဲမေမိုင်ဂလိုရီဆိုရင် ချင်းပြည်နယ်၊ ဒေသ ကာ ကွယ်ရေးတပ်တစ်ခုမှာ တာဝန်ထမ်းနေတာ နှစ်နှစ်ကျော်ရှိပါပြီ။ အခုထိ တိုက်ပွဲတစ်ခုမှမလိုက်ရသေးတဲ့သူဖြစ်တယ်။
အသက် ၂၀ သာရှိသေးတဲ့ ရဲမေဂလိုရီက “ရှေ့တန်းသွားချင်ပေမယ့် အန္တရာယ်များတယ်နေခဲ့တဲ့။ ရုံးပိုင်းအားမသန်တော့ မိုင်း ထုတ်တဲ့ဖက် သွားချင်တယ်ဆိုလို့ ဒီရောက်လာတာ။”လို့ ပြောပါတယ်။
လက်ရှိမှာ သူကအမျိုးသားတွေနဲ့တန်းတူ မိုင်းထုတ်လုပ်ရေးမှာ အသက်စွန့်လုပ်ကိုင်နေတဲ့အမျိုးသမီးတစ်ဦးပါ။ ဂလိုရီ ၁၀ တန်းအောင်တဲ့နှစ်မှာ အာဏာသိမ်းလိုက်တော့ တက္ကသိုလ်လည်း မတက်ခဲ့ရပါဘူး။ ဒါပေမဲ့ သူက အာဏာသိမ်းတာ ဆန့်ကျင် တဲ့ ဆန္ဒပြပွဲတွေမှာ အမြဲတမ်းလိုက်ပါခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်။
ဇူလိုင်လ ၈ ရက်မှာ ဆန္ဒပြနေတဲ့အချိန် စစ်တပ်က ရမ်းသမ်းပစ်လိုက်တဲ့ကျည်ဆန်က ဂလိုရီရဲ့သူငယ်ချင်းနှစ်ဦးကို ထိမှန်ကာ သူ့လက်ပေါ်မှာ သေဆုံးသွားခဲ့ရတယ်။ ဒီအခြေအနေတွေကြောင့် ဒေသကာကွယ်ရေးတပ်ထဲဝင်ဖို့ တွန်းအားတွေဖြစ်ခဲ့တာပါ။
“ လေ့ကျင့်ရေးမှာ အမျိုးသား၊ အမျိုးသမီးအားလုံးအတူတူလေ့ကျင့်ရတယ်။ ဒါပေမဲ့ရှေ့တန်းလွှတ်ရင် အမျိုးသားတွေပဲ လွှတ် တယ်။ အမျိုးသမီးတွေကျတော့ အန္တရာယ်များလို့ စိုးရိမ်လို့ဆိုပြီးမလွှတ်ဘူး။ အဲ့တော့ ကျမတို့ဘယ်လောက်လုပ်နိုင်လဲဆိုတာ သူတို့မသိတော့ဘူးလေ။” လို့ ရဲမေဂလိုရီက ပြောပါတယ်။
ရဲမေဂလိုရီတို့တပ်ရင်းမှာ အမျိုးသမီးပါဝင်မှုက ၁၀ ရာခိုင်နှုန်းလောက်သာရှိပြီး ရှေ့တန်းမလိုက်ရဘဲ အများစုက ရုံးပိုင်း၊ ချက် ပြုတ်ရေးနဲ့ ကွန်ပြူတာစတဲ့နေရာတွေသာ တာဝန်ထမ်းနေကြရတာဖြစ်တယ်။
သို့ပေမဲ့ သူလုပ်ရတဲ့အလုပ်ပေါ်မှာတော့ ဘယ်တော့မှစိတ်မပျက်အားမလျော့သလို ရှေ့တန်းလိုက်နိုင်ဖို့လည်း အမြဲတမ်း ပြင် ဆင်ရင်း မျှော်လင့်နေတယ်လို့ ရဲမေဂလိုရီက ပြောပါတယ်။
ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)မှ ရဲမေဇလပ်သွေးကလည်း ရှေ့တန်းမှာ တိုက်ခိုက်လိုစိတ်ရှိပေမယ့် နောက်တန်း ကနေ တော်လှန်ရေးအတွက် အားဖြည့်ပေးနေသူတစ်ယောက်ဖြစ်တယ်။
ဇလပ်သွေးရဲ့ဖခင်ဟာ ဇာတိဖြစ်တဲ့မင်းတပ်မြို့ရဲ့ဆန္ဒပြပွဲမှာ ဦးဆောင်ခဲ့သူဖြစ်သလို တူမီးသေနတ်နဲ့ စတင်တော်လှန်တော့ လည်း ရှေ့တန်းကပါဝင်ခဲ့တဲ့ အမျိုးသားတစ်ဦးပါ။
ဒါပေမဲ့ တိုက်ခိုက်ရေးလုပ်ချင်တဲ့ဇလပ်သွေးကို တပ်ထဲမဝင်ခိုင်းဘဲ ၁၀ တန်းအောင်ထားတဲ့သူ့မောင်အငယ်ကိုသာ တော်လှန် ရေးထဲ ခေါ်သွားခဲ့တာဖြစ်တယ်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်မှာတော့ သားအဖနှစ်ယောက်လုံးတိုက်ပွဲကျသွားခဲ့ပါတယ်။ ဒီဆုံးရှုံးမှုကို တော်လှန်ရေးမှာ ခွန် အားအဖြစ် အားယူခဲ့ပြီး ဇလပ်သွေးက CNDF ထဲဝင်လာခဲ့တာဖြစ်တယ်။
“ ခုထိ တိုက်ခိုက်ရေးထဲလိုက်ရပြီလားဆိုတော့ မလိုက်ရသေးပါဘူး။ နောက်တန်းကနေ ရဲဘော်တွေလိုအပ်တာကို ပံ့ပိုးပေးနေ ရတယ်။ တစ်ကြိမ်တစ်ခါတော့ တိုက်ခိုက်ဖို့အခွင့်အရေးရှိချင်တယ်။”လို့ ရဲမေဇလပ်သွေးက သူ့ဆန္ဒကို ဖွင့်ဟပါတယ်။
အသက် ၂၂ နှစ်သာရှိတဲ့ရဲမေ ဇလပ်သွေးဟာ မွေးချင်းမောင်နှမ ငါးယောက်ရှိတဲ့အနက် လေးယောက်မြောက်သမီးဖြစ်တယ်။ သူ့ အထက်က အမတွေက အိမ်ထောင်အသီးသီးကျသွားပြီး ဇလပ်သွေးနဲ့ မောင်ငယ်ဖြစ်သူသာ မိဘတွေနဲ့အတူနေတာပါ။
မိဘတွေက ရှေးရိုးစွဲတွေဖြစ်တာကြောင့် သမီးတွေကို ငါးတန်း၊ ခြောက်တန်းစာလောက်သာသင်ပေးခဲ့ပြီး မောင်ငယ်ကိုတော့ ၁၀ တန်းအောင်တဲ့အထိ ပညာသင်ပေးခဲ့တာဖြစ်တယ်။
အမျိုးသားတွေကို ဦးစားပေး ရှေ့တန်းတင်တတ်တဲ့ ထုံးတမ်းအစဉ်အလာကို ငယ်စဉ်ကတည်းက လက်မခံချင်ပေမယ့် မိဘ တွေကို မလွန်ဆန်နိုင်တာကြောင့် ခေါင်းငုံခံခဲ့ရတယ်လို့ ဇလပ်သွေးက ပြောပါတယ်။
ဒီအယူအဆတွေကြောင့် ဇလပ်သွေးအနေနဲ့ ဖြစ်ချင်တာတွေမဖြစ်ခဲ့ရဘဲ အိမ်ထောင်ရှင်မပီသဖို့ အတင်းအကျပ် ပုံသွင်းခံခဲ့ရ တယ်လို့ ဆိုပါတယ်။
ယခုလက်နက်ကိုင်တော်လှန်ရေးမှာလည်း အမျိုးသားအများစုက တိုက်ခိုက်ရေးမှာပါဝင်ရပြီး အမျိုးသမီးတွေကတော့ နောက် တန်းကနေ အားဖြည့်ပေးနေရဆဲဖြစ်တယ်။
ရဲမေဇလပ်သွေးတို့တပ်ရင်းလည်း အများစုက အမျိုးသားတွေဖြစ်ပြီး အမျိုးသမီးက အယောက် ၂၀ တောင် မပြည့်ဘူးလို့ ဆို ပါတယ်။
ဆေးတပ်ဖွဲ့မှာဆိုလည်း ရဲဘော်တွေသာခေါ်သွားပြီး ရဲမေတွေကိုတော့ တပ်ရဲ့ဆေးခန်းမှာထားရစ်ခဲ့တာဖြစ်တယ်။ တပ်ထဲမှာ ရဲမေတွေဟာ အလှူရှင်ရှာဖွေတာ၊ ဘဏ္ဍာရေးပိုင်း၊ ချက်ပြုတ်ရေးပိုင်း၊ အချုပ်အလုပ်စတဲ့အလုပ်တွေသာ လုပ်ကိုင်နေကြရ တာပါ။
ဒါ့ကြောင့် အမျိုးသမီးအရေးတက်ကြွလှုပ်ရှားတဲ့ ချင်းအမျိုးသမီးဆုန်က “ချင်းအသိုင်းအဝိုင်းဟာ အမျိုးသမီးတွေကို လူမြင် ကောင်းအောင် ဗန်းပြရုံလောက် အနေအထားကနေ တကယ့်လက်တွေ့မှာ ယုံကြည်မှုသိပ်မရှိကြသလို အခွင့်အရေးလည်း သိပ် မပေးလိုကြဘူး။”လို့ ထောက်ပြပါတယ်။
တကယ်ဆိုရင် ဘယ်သူ့တိုက်တွန်းချက်မှမပါဘဲ တောထဲမှာ အနေအစားဆင်းဆင်းရဲရဲနဲ့ တာဝန်ထမ်းနေတဲ့ ဒီချင်းအမျိုးသမီး တွေကို လေးစားဖို့လိုသလို တိုက်ခိုက်ရေးမှာ အမျိုးသမီးတွေပါဝင်နိုင်တဲ့ အနေအထားတစ်ခု ဖန်တီးပေးဖို့လိုကြောင်း သူက အကြံပြုထားပါတယ်။
အကယ်၍ တိုက်ခိုက်လိုတဲ့ချင်းအမျိုးသမီးလေးပါဝင်နိုင်ဖို့ နေရာတစ်ခုပေးလိုက်မယ်ဆိုရင် တော်လှန်ရေးအောင်ပွဲကလည်း နီးလာပါမယ်လို့ ဆုန်က ဆိုနေပါတော့တယ်။