Home ဆောင်းပါး အမျိုးသမီးဝတ် ထဘီနဲ့ပတ်သက်တဲ့အယူအဆတွေကို ခြေဖျက်တော်လှန်လိုက်တဲ့ အမျိုးသားတွေ

အမျိုးသမီးဝတ် ထဘီနဲ့ပတ်သက်တဲ့အယူအဆတွေကို ခြေဖျက်တော်လှန်လိုက်တဲ့ အမျိုးသားတွေ

Honest Information (HI)
“ ထဘီတွေကိုလမ်းထဲမှာ လိုက်အလှူခံတဲ့အခါမှာ၊ ထဘီတွေကိုအပေါ်ကပစ်ချလည်းရတယ်လို့ပြောတဲ့အခါ ပေးတဲ့ အမျိုးသမီးတွေရဲ့မျက်နှာက အပြုံးတွေကထူးခြားတယ် ” လို့ ကိုတင့်ဇော်ဟိန်းက သူ့အတွေ့အကြုံကို ပြောပြပါတယ်။

စစ်အာဏာရှင်ကိုတွန်းလှန်ရာမှာ တစ်စိတ်တစ်ပိုင်းအရေးပါလာတဲ့ အမျိုးသမီးဝတ်ထဘီတွေကို အလှူခံတဲ့ အတွေ့အကြုံ ကို ပြန်ပြောပြနေတာပါ။

“ ထဘီလေးတွေရှိရင်ကူကြပါဦး၊ ထဘီတန်းလေးတွေ အလံလေးတွေ ခေါင်းပေါင်းတွေလုပ်ချင်လို့ လို့ပြောပြီးအလှူခံတဲ့ အခါ အထည်(၅၀)လောက်ရတယ် လိုမှထပ်ယူမယ်ဆိုပြီးတောင်ပြောရတယ်” လို့ ကိုတင့်ဇော်ဟိန်းကပြောပြပါတယ်။

ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ အလွယ်တကူမရောက်ဖို့အတွက် အတားအဆီးအမျိုးမျိုးလုပ်ကြရာမှာ အမျိုး သမီးဝတ်ထဘီတွေကို ကြိုးတန်းအဖြစ်သွယ်တန်းတာကလည်း ထိရောက်တဲ့အဟန့်အတားတစ်ခု ဖြစ်လာခဲ့ပါတယ်။ သပိတ်စစ်ကြောင်းတွေကို ဖြိုခွင်းဖို့ လာတဲ့စစ်သားတွေနဲ့ ရဲတွေဟာ ထဘီတန်းတွေကို ဖြုတ်တာ၊မီးရှို့တာတွေ ပြုလုပ်တာ က ထဘီတန်းအောက်ဝင်ရင် ဘုန်းနိမ့်တယ်ဆိုတဲ့အယူအဆကို လက်ခံနေကြလို့ပဲဖြစ်ပါတယ်။

လူထုအနေနဲ့ကလည်း စစ်အာဏာရှင်ဆန့်ကျင်ဖို့အတွက် ရရာနည်းလမ်းကို အသုံးပြုတဲ့နေရာမှာ ထဘီတန်းတွေဟာ လည်း အရေးပါလာပါတော့တယ်။ စစ်အာဏာရှင်တွန်းလှန်တဲ့နေရာမှာ အစပြုလာတဲ့ ထဘီတန်းတွေကနေ သပိတ်စစ် ကြောင်းတွေမှာပါ ထဘီတွေကို အလံအဖြစ်အသုံးပြုလာကြပါတယ်။

စစ်အာဏာရှင်တိုက်ဖျက်ရေးမှာ ပါဝင်ချင်တာကြောင့်နဲ့ လူ့အဖွဲ့အစည်းမှာ အရိုးစွဲနေတဲ့ ထဘီတန်းအောက်ဝင်ရင် ဘုန်း နိမ့်တယ်၊ မိန်းကလေးတွေက တစ်ဆင့်နိမ့်တယ်ဆိုတဲ့အယူဝါဒကိုလက်မခံချင်တာကြောင့် ထဘီအလံတွေပါတဲ့ သပိတ်စစ် ကြောင်း မှာပါဝင်ဖြစ်တယ်လို့ ကိုတင့်ဇော်ဟိန်းကပြောပါတယ်။

ဒါ့အပြင် မတ်လ(၈)ရက်နေ့မှာပဲ ထဘီအောက်ဝင်ရင်ဘုန်းနိမ့်တယ်ဆိုတဲ့ အယူအဆကို ခြေဖျက်ဖို့အတွက် ထဘီ campaign တစ်ခုကို လူမှုကွန်ရက်ပေါ်မှာ ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီမှာအမျိုးသားတွေကိုယ်တိုင် ထဘီခေါင်းပေါင်းတာ၊ ထဘီခြုံတာတွေပြုလုပ်ပြီးတော့ လူမှုကွန်ရက်ပေါ်တင်တဲ့အခါ အမျိုးသမီးတွေတင်သာမက အမျိုးသားတွေ လည်းပါဝင်ခဲ့ ကြပါတယ်။

“ ဆန္ဒပြပွဲတွေမှာလည်းအမျိုးသမီးတွေကိုယ်တိုင်ရှေ့က ပါဝင်နေတာကို ဂုဏ်ပြုချင်တာလည်းပါတယ်။ ဒီအယူဝါဒတွေကို တိုက်ဖြတ်ချင်တာလည်းပါတယ်။ စစ်သားနဲ့ရဲသားတွေဘက်ကအယူသည်းတာကိုကျွန်တော်တို့ဘက်က ပြန်တိုက်ဖျက်ချင် တာလည်းပါပါတယ်” လို့ကန်ပိန်းမှာပါဝင်ခဲ့တဲ့ ကိုစောသူရဝင်းကဆိုပါတယ်။

နွေဦးတော်လှန်ရေးမှာကျဆုံးခဲ့တဲ့ အမျိုးသမီးအာဇာနည်တွေ၊ စစ်အာဏာရှင်ကို ဆက်လက်တော်လှန်နေတဲ့အမျိုးသမီး သူရဲကောင်းတွေ၊ကမ္ဘာတစ်ဝှမ်းလုံးကအမျိုးသမီးတွေကို အမျိုးသမီးများနေ့မှာ ဂုဏ်ပြုချင်တဲ့အပြင် အမျိုးသမီးတွေကို နိမ့်ကျတယ်ဆိုတဲ့အတွေးအခေါ်အမှားတွေ ထဘီနဲ့ပတ်သက်နဲ့ အယူအဆအမှားတွေကိုတိုက်ဖျက်ချင်တဲ့အတွက် ထဘီ ကန်ပိန်းမှာပါဝင်ဖြစ်ခဲ့တာလို့ ကိုဟိန်းထက်ရန်နောင်ကပြောပါတယ်။

“ ကျွန်တော်က အစတည်းက Gender Discrimination(ကျား-မခွဲခြားဆက်ဆံခြင်း) ကိုမကြိုက်တဲ့သူဆိုတော့ ဖိုဝါဒီ အရမ်းကြီးနေတဲ့မြန်မာနိုင်ငံမှာ Society (လူ့အဖွဲ့အစည်း) တစ်ခုလုံးရဲ့ မိန်းမထမီကနိမ့်ကျတယ်ဆိုတဲ့ အမြင်ကို ပြောင်းလဲ စေချင်လို့ ပါဝင်ဖြစ်ခဲ့တာပါ”လို့ ကိုညီမင်းထွန်းက ဆိုပါတယ်။

ထဘီတန်းအောက်ဝင်ရန် ဘုန်းနိမ့်တယ်ဆိုတဲ့ အယူအဆဟာ နှစ်ပေါင်းများစွာ အမြစ်တွယ်နေခဲ့ကြတာဖြစ်ပြီးတော့ ဒီ အယူအဆကို တွန်းလှန်ဖို့ တစ်ကြိမ်မျှ အခါအခွင့်မသင့်ခဲ့ပါဘူး။

မိသားစုအသိုင်းအဝိုင်းတွေကိုယ်တိုင်က ယောကျာ်းလေးအဝတ်အစားတွေကို အဝတ်လျှော်တဲ့အခါသပ်သပ်ခွဲလျှော်တာ၊ ထဘီတွေနဲ့အမျိုးသမီးအဝတ်အစားတွေကို အိမ်ရှေ့မှာလှမ်းဖို့တားမြစ်တာစတဲ့ ကန့်သတ်ချက်တွေ ရှိခဲ့တာပဲဖြစ်ပါတယ်။

“ ငယ်ငယ်ထဲကဒီအတွေးအမြင်ကိုလက်မခံပါဘူး။ ငယ်ငယ်ကဘောလုံးကန်တဲ့အခါ ဘောလုံးတွေလွှင့်သွားတယ်ဆိုရင် ထဘီတန်းအောက်ရောက်တယ်ဆိုရင် ကျွန်တော်အမြဲတန်းကောက်တယ်။ တခြားသူတွေမကောက်ရင်တောင်။ ယောကျာ်း လေးတွေရဲ့ ပုဆိုးကဘာမှမဖြစ်ဘူးဆိုရင် မိန်းကလေးတွေရဲ့ထဘီက ဘာမှဖြစ်စရာအကြောင်းမရှိပါဘူး။” လို့ ကိုဟိန်း ထက်ရန်နောင်က သူ့ခံယူချက်ကိုပြောပြပါတယ်။

ငယ်ငယ်ကကြီးပြင်းရတဲ့ မိသားစုအသိုင်းအဝိုင်းရဲ့အယူအဆတွေကြောင့် ထဘီတန်းအောက်အဝင်တာ၊ ထဘီက ဘုန်းနိမ့် တယ်ဆိုတာတွေကို ကြားခဲ့ရပေမယ့် အသက်အရွယ်ရလို့ တွေးခေါ်တတ်တဲ့အခါမှာတော့ ဒီအယူအဆကို လုံးဝလက်မခံ တော့ဘူးလို့ ထဘီကန်ပိန်းမှာပါဝင်တဲ့ အမျိုးသားတွေကဆိုပါတယ်။

“ ငယ်ငယ်တုန်းကတော့ အိမ်နောက်ဖေးမှာ ဘောလုံးကန်တိုင်း ယောင်္ကျားလေးတွေ ဘောလုံးအောက်သွားရင် သွား ကောက်ရဖို့ဝန်လေးခဲ့ရတဲ့ဒေါင့်တစ်နေရာရှိခဲ့ပါတယ်။ ထမီတန်းဒေါင့်ပါ။ ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ ကလေး ငယ်အရွယ်ကထဲက ဝါဒမှိုင်းမိထားတာလို့ ယူဆလို့ရပါတယ်။ ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ အမြင်ကျယ်လာလေ ဒီအတွေးအခေါ်ကြီးက အဓိပ္ပါယ်တစ်စက်လေးမှမရှိတာကို နားလည်လာပါတယ်”လို့ ကိုထွန်းလင်းဇော်ကပြောပါတယ်။

အမျိုးသားတွေက ထဘီကန်ပိန်းမှာပါဝင်တဲ့အခါ အားပေးတဲ့သူတွေရှိသလို ဝေဖန်တိုက်ခိုက်ကြတဲ့သူ တွေလည်း ရှိတယ် လို့ဆိုပါတယ်။

“ များသောအားဖြင့် အကောင်းပြောကြတာ များပါတယ်။ ကျွန်တော်ကိုလည်းလာပြီး ကန်ပိန်းမှာပါဝင်ချင်လို့လာမေးကြတဲ့ အမျိုးသားတွေလည်းရှိပါတယ်။ ကိုယ်တိုင်တော့ ဝေဖန်ခံခဲ့ရတာမရှိသော်လည်းအခြားပိုစ့်တွေမှာတော့ ဆဲတာ‌ပြုတာတွေ တော့တွေ့ပါတယ်။ ဂရုမပြုဖြစ်ပါဘူး” ကိုထွန်းလင်းဇော်ကပြောပါတယ်။

တစ်ဖက်မှာလည်း ထဘီတွေကိုအသုံးပြုပြီးဘုန်းနိမ့်အောင်လုပ်တာက ထဘီကဘုန်းနိမ့်စေတယ်ဆိုတဲ့အယူအဆကို အမှန် တကယ် ခိုင်မာအောင်လုပ်တယ်ဆိုတဲ့ ပြောဆိုဝေဖန်ချက်မျိုးတွေလည်းရှိနေပါတယ်။

“ စစ်သားတို့ရဲတို့ ကြောက်တဲ့အရာကိုကျွန်တော်တို့က နင်းပြီးအသုံးပြုတာပဲဖြစ်ပါတယ်၊ ထဘီတွေကို လက်နက်အဖြစ် သုံးတာက တကယ်ဘုန်းနိမ့်လို့သုံးရတာမျိုးမဟုတ်ပဲ သူတို့ကြောက်တတ်လို့ ခြောက်ရတာဖြစ်ပါတယ်”လို့ ကိုဟိန်းထက် ရန်နောင်ကဆိုပါတယ်။

ထဘီတန်းတွေကထိရောက်တဲ့လက်နက်အဖြစ်အသုံးပြုတာ၊ လူငယ်အမျိုးသားတွေအနေနဲ့ ထဘီကန်ပိန်းတွေမှာ ပါဝင် လာတာက တချို့လူကြီးတွေအတွက် သူတို့နှစ်ရှည်ယုံကြည်ထားတဲ့ အယူအဆတွေအပေါ် ပြန်သုံးသပ်ဖို့အတွက် အတွေး ဝင်သွားတာကိုလည်း တော်လှန်ရေးကာလမှာမြင်တွေ့ရပါတယ်။

ယခုတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ်အပြင် လူမျိုးကြီးဝါဒတွေ လိင်အရခွဲခြားဆက်ဆံမှုတွေမှားယွင်းတဲ့ ဘာသာရေး အယူအဆစွဲတွေကို တပါတည်းတိုက်ထုတ်သွားကြဖို့ မျှော်လင့်ချက်တွေရှိနေကြပါတယ်။

ဒါ့အပြင်ဒီတော်လှန်ရေးပြီးတဲ့အခါမှာ စစ်အာဏာရှင်တွန်းလှန်တဲ့နေရာမှာ တစိတ်တပိုင်းသုံးပြုခဲ့တဲ့ ထဘီတွေ လစဉ်သုံး ပစ္စည်းတွေက ယုတ်ညံ့တယ်ဆိုတဲ့အတွေးတွေပပျောက်သွားမယ်လို့ မျှော်လင့်တယ်လို့ ထဘီကန်ပိန်းမှာပါဝင်တဲ့ အမျိုး သား အချို့ကဆိုပါတယ်။

“ ဒီအတွေးတွေဆက်အရှိန်ရသွားဖို့က ဒီအရေးတော်ပုံအောင်ကိုအောင်မှရပါလိမ့်မယ်၊ တခြားအရေးတွေနဲ့ဆက်နွယ်နေတဲ့ အရေးတော်ပုံအောင်မြင်ရေးကိုဆက်လက်ကြိုးပမ်းရမှာဖြစ်တယ်” လို့ကိုဟိန်းထက်ရန်နောင်ကဆိုပါတယ်။

နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့တဲ့ ဘုန်းနိမ့်တယ်ဆိုတဲ့ အယူအဆတွေကို နွေဦးတော်လှန်ရေးနဲ့အတူ အမျိုးသားတွေ ကိုယ်တိုင်ဖြေဖျက်လိုက်ကြတာဖြစ်ပြီးတော့ အမျိုးသမီးတွေရဲ့ထဘီဟာလည်း တော်လှန်ရေးအလံအဖြစ် သမိုင်းဝင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Related Articles