Home ဆောင်းပါး စစ်အာဏာရှင်နဲ့အတူတိုက်ထုတ်ရမယ့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ

စစ်အာဏာရှင်နဲ့အတူတိုက်ထုတ်ရမယ့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ

HI

စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ ဖြစ်စဉ် တွေက ပဋိပက္ခဒေသအချို့မှာ ယခုနှစ်ပိုင်းထဲ ခပ်စိပ်စိပ်ကြားလာရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုအချို့ကို ထုတ်ဖော်ပြောဆိုလာကြပေမယ့် ဒီလိုထုတ်ဖော်ပြောဆိုမှုတွေက တော်လှန်ရေးမှာ စည်းလုံးမှုတွေယိမ်းယိုင်မလားဆိုတဲ့ အကြောင်းပြချက်နဲ့ မျက်ကွယ်ပြု ခံထားရပြီး ကျူးလွန်သူတွေက ပြစ်ဒဏ်ကင်းလွတ်နေဆဲဖြစ်တယ်လို့ အမျိုးသမီးခေါင်းဆောင်အချို့က ထောက်ပြကြတယ် ။  

” စစ်အာဏာရှင်ကို တိုက်နေတဲ့အချိန်မှာ အမျိုးသမီးတွေကိုအကြမ်းဖက်မှုတွေ လိင်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို မဖြေရှင်းဘူး ပပျောက်အောင်မလုပ်ဘူးဆိုရင် ကျွန်မတို့တော်လှန်ရေးကြီးကလည်းပြီးမှာမဟုတ်ဘူး။ စစ်အာဏာရှင် တိုက်ခိုက်တာကြီး ကလည်း ခရီးရောက်မှာမဟုတ်ဘူး။” လို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)WLB အထွေထွေအတွင်း‌ရေးမှူး နာင်းမို့မို့က  ပြောပါတယ်။

လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ

အမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရ (NUG)က အမျိုးသမီး၊ လူငယ်နှင့်ကလေးရေးရာဝန်ကြီးဌာနနှင့် အမျိုးသားစည်းလုံး ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ ကျားမရေးရာမူဝါဒ ပူးပေါင်းညှိနှိုင်းရေးကော်မတီက အာဏာသိမ်းမှု စတင်ချိန်မှစ၍ အမျိုး သမီး ၁၂၂ ဦးထက်မနည်း လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရကြောင်း မတ်လ ၈ ရက်နေ့ ပူးတွဲ ထုတ်ပြန်ထားပါတယ်။

ပဉ္စမမဏ္ဏိုင်ပြည်သူ့အကူအညီပေး‌ရေးအဖွဲ့ (PMCSG) အဖွဲ့ကလည်း ပြီးခဲ့တဲ့ဧပြီလက ထုတ်ပြန်ချက်မှာ စစ်ကိုင်းနဲ့မကွေးတိုင်း ခရိုင်ငါးခု အတွင်းက စစ်ရာဇဝတ်မှု၊လူ့အခွင့်အရေးချိုးဖောက်မှု၊ ရာဇဝတ်မှုနဲ့ပတ်သက်တဲ့ စစ်တမ်းတစ်ခုမှာလည်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာအမှု ၁၀ မှုခန့်ကို NUGရဲ့ဝန်ကြီးဌာနတွေကို တိုင်ကြားထားတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂက(BWU)က ဇွန်လလယ်မှာထုတ်ပြန်တဲ့”နိုင်ငံရေးမတည်ငြိမ်မှုနှင့်အတူ အမျိုးသမီးများရင်ဆိုင်နေရ တဲ့ လိင်အကြမ်းဖက်မှုများ ” သုံးသပ်ချက်စာတမ်းမှာလည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၃၆မှု၊ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ကာမ လိမ်လည်မှု ၂၃ မှု စုစုပေါင်း ၅၉ မှု ဖြစ်ပွားခဲ့ပြီး စစ်တပ်ကကျူးလွန်တာ၊ အခြားလက်နက်ကိုင်အဖွဲ့တွေက ကျူးလွန်တာ၊ အရပ်သားအချင်းချင်းကြား ကျူးလွန်တာတွေ ပါဝင်တယ်လို့ ဆိုထားပါတယ်။  

ဒါ့အပြင် သတင်းမီဒီယာတွေကနေ စုစည်းထားတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၅၄ မှုလည်း ရှိသေးတယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။ ယခုစာတမ်းကို  BWU က ၂၀၂၁ ကနေ ယနေ့အချိန်ထိ ဖြစ်ပွားခဲ့တာတွေကို စာရင်း ကောက်ယူထား တယ်လို့ဆိုပါတယ်။  

BWU ထုတ်ပြန်ချက်တွင်  ၅၉ မှုမှာ စစ်တပ်က ကျူးလွန်မှု ကိုးမှု ၊ တော်လှန်ရေးတပ်ဖွဲ့များမှ ကျူးလွန်မှု လေးမှု ၊ အရပ် သား အချင်းချင်းကျူးလွန်မှု ၄၆ မှုရှိတယ်လို့ ဆိုထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဟုဆိုရာမှာ သုံးမျိုးရှိပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (LDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ဆိုတာတွေပါ။ ပြည်သူ့ကာကွယ်ရေးတပ် (PDF)ဟာ အင်အားအများဆုံး ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အသိအမှတ်ပြုထားတဲ့တပ်ဖွဲ့ ဖြစ်ပါတယ်။ LDF တွေကတော့ NUG ရဲ့ အမိန့်ကွပ်ကဲ မှု ပြင်ပကနေ ပျောက်ကြားစနစ်နဲ့ ကိုယ်ထူကိုယ်ထ တော်လှန်နေကြပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်း (ပ.က.ဖ) တွေကတော့ မိမိနယ်မြေဒေသတွေကို ကာကွယ်ဖိုနဲ့ လုံခြုံရေးအတွက် နယ်မြေ အလိုက် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ယေဘူယျအားဖြင့် PDF တွေက တပ်ရင်းတပ်ဖွဲ့အနေနဲ့ တည်ရှိပြီး၊ LDF နဲ့ ပ.က.ဖ တွေက ဒေသအခြေပြု ကိုယ်ထူကိုယ်ထ ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ဖြစ်ကြပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကျူးလွန်မှုတွေ

BWU ထုတ်ပြန်ထားတဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေ ကျူးလွန်တဲ့ဖြစ်စဉ်လေးခုက စစ်ကိုင်းတိုင်းမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက အမျိုးသမီးတစ်ဦးကို မုဒိမ်းပြုကျင့်တာ ၊ စစ်တပ်သတင်းပေးဒလန် သုတ်သင်ရှင်းလင်းရာမှာ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက အမျိုးသမီးသုံးဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တာ၊ မကွေးတိုင်းကကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း တပ်ဖွဲ့ဝင်အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာကျူးလွန်တာ ၊ ကရင်နီပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အမျိုးသမီးတစ်ဦး ကို မုဒိမ်းပြုကျင့်တဲ့ ဖြစ်စဉ်တွေ ပါဝင်ပါတယ်။

အဆိုပါ ဖြစ်စဉ်လေးခုမှာ နှစ်ခုက တပ်ဖွဲ့ဝင်အချင်းချင်းကြား ကျူးလွန်မှုဖြစ်ပြီး ကျန်နှစ်မှုကတော့ အရပ်သူအပေါ် ကျူးလွန် တဲ့ ဖြစ်စဉ်ဖြစ်တာကြောင့် စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်တဲ့ အခြေအနေအောက်မှာ အမျိုးသမီးတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုထိပါးနှောင့်ယှက်မှုတွေကို ကြုံနေရတယ်ဆိုတာ ဖော်ပြနေတယ်လို့ အစီရင်ခံစာကဆိုပါတယ်။

စစ်ကိုင်းတိုင်းက လိင်ပိုင်းဆိုင်ရာကျူးလွန်မှုဖြစ်စဉ်ဆိုရင်ကျူးလွန်သူကို လက်နက်သိမ်းဆည်းလိုက်တာကလွဲပြီး ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုမတွေ့ရသလို မကွေးတိုင်းက ဖြစ်စဉ်မှာလည်း တာဝန်ရှိသူတွေက အဖွဲ့တည်ဆောက်ဆဲကာလဖြစ်တာ ကြောင့် ဥပဒေစည်းမျဉ်းစည်းကမ်းတွေ သေချာမချမှတ်ရသေးတဲ့ အကြောင်းပြချက်နဲ့ ခေတ္တစောင့်ဆိုင်းရန်ပြောဆိုပြီး ကျူးလွန်သူကို နှုတ်နဲ့သာ ပြန်လည်တောင်းပန်ခိုင်းခဲ့တယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ပြစ်မှုနှစ်ခုလုံးမှာ ကျူးလွန်သူတွေကို တိုင်ကြားခဲ့ပေမယ့် ထိရောက်တဲ့အပြစ်ပေးလုပ်ဆောင်မှုတွေမရှိဘဲ တရားမျှတမှုရဖို့ ကြိုးပမ်းနေရဆဲဖြစ်ကာ ကျူးလွန်ခံရသူများကိုလည်း ပြင်ပသို့ ဖော်ထုတ်ပြောဆိုခြင်းမပြုလုပ်ရန် သတိပေးတားမြစ်တာတွေ လည်းကြုံရတယ်လို့ အစီရင်ခံစာမှာ ဆိုထားပါတယ်။

ဒီအခြေအနေတွေကြောင့် ကျူးလွန်ခံရသူအချို့မှာလည်း ၄င်းတို့ရဲ့တပ်ဖွဲ့တွေကိုစွန့်ခွာသွားတာ၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ကုစားမှုတွေခံယူရတာတွေလည်း ကြုံတွေ့နေရပါတယ်လို့ ဆိုထားပါတယ်။

ထုတ်​ဖော်ပြောဆိုရန် ခက်ခဲ

အမျိုးသမီးတွေအပေါ်လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကို HI က မေးမြန်း ခဲ့ပေမယ့် ဖြေဆိုဖို့ငြင်းဆိုခဲ့ကြပြီး စစ်ကိုင်းတိုင်းက ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ ရာဇဝတ်မှုနဲ့ လိင်ပိုင်းဆိုင်ရာ ကျူး လွန်မှုတွေကို  ကာကွယ်ရေးအဖွဲ့အချို့ကျူးလွန်တာ ကြားသိရပေမယ့် ထုတ်ဖော်ပြောဆိုဖို့ ခက်ခဲတယ်လို့ ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ရဲ့ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အရေးယူမှုအခြေ အနေတွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနကိုမေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ ပါဘူး။ 

မြန်မာ့အမျိုးသမီးသမဂ္ဂက(BWU)က ထုတ်ပြန်တဲ့ ၅၉ မှုထဲပါဝင်တဲ့ အမှုတစ်ခုဆိုရင် ယခုအချိန်ထိ နောက်ဆက်တွဲ အရေး ယူမှုဖြစ်စဉ်ကို မသိရသေးပါဘူး။ ၂၀၂၂ သြဂုတ်လတုန်းက စစ်ကိုင်းတိုင်းဒေသကြီး ၊မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်က ကျေးရွာ တစ်ခုမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်း (ပကဖ) အဖွဲ့ဝင်လေးဦးက အသက်မပြည့်သေးတဲ့ ကလေးတွေအပါအဝင် အမျိုး သမီးလေးဦးကို မုဒိန်းကျင့်သတ်ဖြတ်တဲ့ ဖြစ်စဉ်ပါ။

အသတ်ခံရသူ ခုနစ်ဦးကို ကျေးရွာက လယ်ယာသုံးပစ္စည်းတွေ ခိုးယူတယ်လို့ စွပ်စွဲဖမ်းဆီးပြီး ရပ်/ကျေး ပကဖထံ အပ်နှံရာ ကနေ မုဒိမ်းမှုနဲ့သတ်ဖြတ်မှုကျူးလွန်ခဲ့တာပါ။ ယင်းဖြစ်စဉ်က ၂၀၂၂ကတည်းက ဖြစ်ပွားခဲ့ပေမယ့် ကျူးလွန်တဲ့ ပကဖအဖွဲ့ဝင် တွေကတော့ တစုံတရာအရေးယူမခံရသေးဘဲ သာမာန်ရဲဘော်တွေကဲ့သို့ သွားလာနေဆဲဖြစ်တာကြောင့် အရေးယူဖို့ ထုတ် ဖော်ပြောဆိုမှုတွေ ရှိလာပါတယ်။

ချောင်းဦးပကဖအဖွဲ့ရဲ့ အရပ်သားတွေအပေါ်မုဒိမ်းကျင့်၊သတ်ဖြတ်တဲ့ဖြစ်စဉ်က စစ်သည်တော်ကျင့်ဝတ်စည်းမျဉ်းနဲ့မညီတဲ့ အပြင် လူ့အခွင့်အရေး အမျိုးသမီးနဲ့ကလေးသူငယ်အခွင့်အရေးတွေ ချိုးဖောက်ရာရောက်တဲ့အတွက် စစ်ဘက်အရပ်ဘက် တရားစီရင်ရေးလမ်းကြောင်းကနေ အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက မေလ ၄ရက်က ထုတ်ပြန်ထားပါတယ်။

ကျင့်ဝတ်စည်းကမ်းများ ပြဌာန်းရန်လို

WLB အထွေထွေအတွင်း‌ရေးမှူးနာင်းမို့မို့က အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ထိပါးနှောင့်ယှက်တာတွေ နေရာပေါင်းစုံမှာ ဖြစ်ပွားနေပြီး အထူးသဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ မကြာခဏကြားနေရသလို အဖွဲ့ကိုလည်း လာရောက်ပြောကြားတာတွေရှိတယ်လို့ ပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေကို ဦးဆောင်ဦးရွက်ပြုတဲ့အဖွဲ့အစည်းတွေရှိကြသလို တာဝန်ခံပေးတဲ့ အစုအဖွဲ့မရှိတာတွေလည်း ရှိပြီး  ရာဝဇတ်မှုလိင်ပိုင်းဆိုင်ရာကျုးလွန်တဲ့အခါမှာ ကျူးလွန်သူတွေကို ထိထိရောက်ရောက် အပြစ်ပေးအရေးယူမှုတွေ မလုပ် နိုင်တဲ့အတွက် ပိုဆိုးလာတာလို့ သူကဆက်ပြောပါတယ်။

“ထိထိရောက်ရောက် အပြစ်ပေးအရေးယူတာတာတွေမလုပ်နိုင်တော့ ကျူးလွန်လိုက်လည်းဘာမှမဖြစ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ အဓိ က က အပြစ်ပေးအရေးယူတဲ့အပိုင်းမှာ အားနည်းတဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတယ်။”လို့ နာင်းမို့မို့က ပြောပါတယ်။

ကာကွယ်‌ရေးတပ်ဖွဲ့တွေမှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု မပြုရေး၊ အမျိုးသမီးတွေ အတွက် ငြိမ်းချမ်းရေး နဲ့လုံခြုံရေးပိုင်းဆိုင်ရာ ကျင့်ဝတ်နဲ့စည်းမျဉ်းစည်းကမ်းတွေ ပြဌာန်းထားတာမရှိခြင်းကြောင့်လည်း ဒီလိုကျူးလွန်မှုတွေဖြစ် လာ တာလို့ သူကဆက်ပြောပါတယ်။

မြိုင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းကလည်း ဒေသတစ်ချို့မှာကွပ်ကဲမှုအားနည်းတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ် ချို့ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတချို့ကိုကြားသိရပြီး အများစုကြားရတဲ့ပြသနာက ပြန်ပေးဆွဲ ငွေ တောင်းတာ၊ ဒလန်ဆိုပြီးဖမ်းဆီးတာနဲ့ အမျိုးသမီးတွေအပေါ် မဖွယ်မရာပြုလုပ်တဲ့ဖြစ်စဉ်တွေဖြစ်တယ်လို့ ပြောပါတယ်။  

ဒေသကာကွယ်ရေးတပ်ဖွဲ့တချို့က ခေတ်အခြေအနေလိုအပ်ချက်အရ ကိုယ့်ဒေသအစုအဖွဲ့အလိုက် အာဏာရှင်ကို တော်လှန် နေကြတာဖြစ်ပြီး တာဝန်ရှိသူတွေရဲ့ခေါင်းဆောင်မှု အောက်မှာရှိမနေတဲ့အခါ ဒီလိုရာဇဝတ်မှု ကျူးလွန်တဲ့ဖြစ်ရပ်တွေပေါ် ပေါက်လာတာလို့ သူကဆိုပါတယ်။

” ကျင့်ဝတ်တွေ စည်းကမ်းတွေ တပ်ရင်းတပ်ဖွဲ့တွေမှာရှိတဲ့သူတွေက ဘယ်လိုနေထိုင်ရမယ်ဆိုတာ သေသေချာချာနဲ့လိုက်နာ နိုင်တဲ့ ပုဂ္ဂိုလ်ကိုပဲလက်နက်တပ်ဆင်ပေးတာကောင်းတယ်။ နို့မို့ဆိုရင် အစကတည်းက အခံမကောင်းတဲ့သူတွေကတော့  ဘယ်အဖွဲ့အစည်းရောက်ရောက် ပရမ်းပတာဖြစ်လာနိုင်ပါတယ်။” လို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းကဆိုတယ်။ 

အမြန်အရေးယူရန် လိုအပ်နေ

စစ်အာဏာရှင်ကို တော်လှန်နေချိန်မှာ စစ်အာဏာရှင်ကို ဆန့်ကျင်နေသူတချို့ရဲ့ ရာဇဝတ်မှုတွေ လိင်ပိုင်းဆိုင်ရာကျူးလွန် တာတွေကို ထုတ်ဖော်ပြောဆိုတာတွေရှိကြပေမယ့် အာဏာရှင်ဆန့်ကျင်မှု လမ်းကြောင်းသွေဖီမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မျက်ကွယ်ပြုတာတွေရှိပြီး ထုတ်ဖော်ပြောဆိုသူတစ်ချို့ကိုလည်း ဝေဖန်တာတွေလည်းရှိခဲ့ပါတယ်။

ဒီလိုထုတ်ဖော်ပြောဆိုမှုတွေကို ရန်သူဘက်က အခွင့်ကောင်းယူ ပြန်လည်ဝါဒဖြန့်တာမျိုးတွေရှိတဲ့အတွက် ဒီလိုအချိန် ထုတ် ဖော်ပြောဆိုမှုတွေကမသင့်သေးဘူး။ တော်လှန်ရေးအတွက်ထိခိုက်တယ်လို့ ဝေဖန်တာတွေလည်းရှိပြီး စစ်အာဏာရှင်ရဲ့ ရက် စက်တဲ့ လုပ်ရပ်တွေကိုမကြိုက်တဲ့အတွက် တော်လှန်နေကြတာဖြစ်တဲ့အတွက် အရေးယူမှုပျက်ကွက်တဲ့အခါမှသာ တော်လှန် ရေးကိုထိခိုက်စေမှာလို့ ‌လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက တွဲဖက်အထွေထွေအတွင်းရေးမှူးဒေါ်နှင်းနှင်းမွှေးက မှတ်ချက် ပြုပါတယ်။

” သူတို့လို(စစ်အာဏာရှင်)လုပ်ရပ်မျိုးကို ကျူးလွန်မိပြီး အဲဒါကိုအရေးယူအပြစ်ပေးတာ မလုပ်တော့မှ ပြည်သူလူထုရဲ့ ယုံကြည်မှုကျဆင်းပြီး တော်လှန်ရေးကို တကယ်ထိခိုက်လိမ့်မယ်လို့ ကျွန်မကတော့ ယူဆပါတယ်။” လို့ ဆိုတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂက(BWU)က တွဲဘက်အတွင်းရေးမှုး ဇူးပဒုမ္မာကလည်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူး လွန်မှုတွေကို တားဆီးဖို့အတွက်ဆိုရင် ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူတဲ့ ယန္တရားတစ်ခုအဖွဲ့အစည်းအတွင်း ပီပီ ပြင်ပြင်ရှိဖို့လိုတဲ့အပြင် တစ်ဦးတစ်ယောက်ချင်းစီရဲ့ လူ့ဂုဏ်သိက္ခာ လေးစားတန်ဖိုးထားမှု တစ်ဖက်လူအပေါ် လေးစားအသိ အမှတ်ပြုဖို့ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ အသိပညာပေးမှုတွေလည်း လိုတယ်လို့ ပြောပါတယ်။

” အပြစ်ပေးအရေးယူတဲ့ ယန္တရားတွေဖြစ်လာအောင်မူဝါဒမှာ ထည့်သွင်းရေးဆွဲပြီးတော့ လက်တွေ့အကောင်အထည်ဖော် ကျင့်သုံးရတဲ့ဟာတွေ ဖြစ်လာမှပဲ နောက်ဆိုရင် ဒီပြစ်မှုတွေက လျော့နည်းလာပြီး ပပျောက်လာမယ့် ဟာမျိုးဖြစ်မယ်ပေါ့။ “လို့ ဇူးပဒုမ္မာကပြောပါတယ်။

အကြမ်းဖက်စစ်တပ်ကိုတော်လှန်ရာမှာ ဒေသအသီးသီးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပါဝင်မှုက အရေးကြီးတာ မှန်ပေမယ့် တဖက်မှာလည်း အမျိုးသမီးတွေကို လေးစားတန်ဖိုးထားပြီး ပြည်သူတွေကိုကာကွယ်တဲ့ စစ်သည်တွေဖြစ်အောင် လေ့ကျင့်သင်ကြားပေးမှုတွေကိုလည်း တပ်အတွင်း တာဝန်ရှိသူတွေက ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်လို့ သူက ဆက်ပြော ပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်တဲ့သူ မည်သူမဆို တရားမျှတတဲ့ ပြစ်ဒဏ်စီရင်မှုတွေ ရရှိ ခံစားဖို့ လုပ်ဆောင်ရမယ့်နည်းတူ တပြိုင်နက်တည်း မတရားမှုတွေကို ထုတ်ဖော်ပြောဆိုနေရမှာ ဖြစ်တယ်လို့ သူက ယခုလို ဆိုပါတယ်။

” အပြစ်ပေးအရေးယူချင်ရင်လည်း နောက်မှပြောဆိုတဲ့အမြင်တွေလည်း ရှိတယ်ပေါ့။ ကျွန်မတို့က အာဏာရှင်ကို တွန်းလှန်နေ တာဖြစ်တယ်။ ကျူးလွန်မှုတွေကို အချိန်နဲ့တပြေးညီထုတ်ဖော်ပြောဆိုရမှာဖြစ်တဲ့အတွက် အချိန်ကာလတစ်ခုကို စောင့်ဆိုင်း ဖို့ မလိုဘူးလို့မြင်တယ်။”

Author:

Related Articles