ဒေဝီ
ခေါင်းပေါ်ကနေ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ဖြတ်ပျံသန်းနေတဲ့ လေယာဉ်သံတွေ ဗုံးကြဲသံတွေကြောင့် ထိတ်လန့်နေပေ မယ့် ကြောက်ရွှံ့မနေအားဘဲ လက်ထဲကဒဏ်ရာနေတဲ့ လူနာဘေးကင်းရေးအတွက်သာ အာရုံစိုက်ကုသနေမိတယ်။
ကရင်နီဒေသကာကွယ်ရေးတပ်ပေါင်းစုရဲ့ ၁၁၁၁ (တစ်လေးလုံး) စစ်ဆင်ရေးက အရှိန်မြင့်လာတဲ့အလျောက် သူနဲ့သိကျွမ်းတဲ့ ရဲဘော်တွေရော မသိကျွမ်းတဲ့ရဲဘော်တွေရော ကုသနေရင်း လက်လွှတ်လိုက်ရသလို အသက်နဲ့ခန္ဓာမဲ့ပြီးမှ ရောက်လာတဲ့ ရဲ ဘော်တွေကိုရော မြင်ရတဲ့အခါ ဝမ်းနည်းစိတ်ထိခိုက်ရတယ် ။
ဒါပေမယ့်ဝမ်းနည်းတဲ့စိတ်ကို ကြာကြာမထားနိုင်ပါဘူး ။ လေယာဉ်တစ်ခါဝဲလာတိုင်း ရှေ့တန်းကနေတိုက်ခိုက်နေတဲ့ ရဲဘော် တွေ အထိအခိုက်နည်းပါစေဆိုပြီး ဆုတောင်းရသလို ထိခိုက်ဒဏ်ရာရလာတဲ့ လူနာရောက်လာရင် အဆင်သင့် ကုသနိုင်အောင် ဆေးပစ္စည်းတွေရော ကျန်းမာရေးဝန်ထမ်းတွေရော အသင့်အနေအထားနဲ့စောင့်နေရတယ် ။
“ လေယာဉ်တစ်ခါဝဲတိုင်း ဘာမီတွန်(လူနာ) ဘယ်နှစ်ယောက်ရောက်လာမလဲဆိုတာ ပစ္စည်းတွေအသင့်ပြင်ပြီးစောင့်တယ်။ လေယာဉ်မှမဟုတ်ဘူး။ လက်နက်ကြီးသံ၊ မစ်ရှင်ရှိတဲ့နေ့တိုင်းမှာပေါ့။ stand by အနေထားနဲ့စောင့်ရတယ်။ အဲ့ဒီအချိန် ပျော့ ညံ့နေလို့မရဘူး။ ရဲဘော်တွေက ဆေးအဖွဲ့အားကိုးနဲ့လုပ်ရတာဆိုတော့ ကိုယ်ကစပြီးပြိုလဲနေလို့မရဘူး။” လို့ Dr.Tracy က ပြောတယ်။
တစ်လေးလုံးစစ်ဆင်ရေးနေ့တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အောင်မြင်တာတွေများသလို အထိအခိုက်အကျအဆုံး လည်းများတဲ့နေ့တွေပါပဲ။ ဒီရက်တွေမှာ ရှေ့တန်းကရော နောက်တန်းကနေပါ ကျန်းမာရေးစောင့်ရှောက်မှုပေးနေရတဲ့သူတွေ အတွက်လည်း စိတ်ရောလူပါ ပင်ပန်းခက်ခဲရတဲ့နေ့တွေလို့ Dr. Tracy က 11.11 စစ်ဆင်ရေးမှာ ကရင်နီအမျိုးသားများ ကာ ကွယ်ရေးတပ်(KNDF) ရဲ့ရှေ့တန်းဆေးတပ်ဖွဲ့နဲ့အတူ ပါဝင်ရတဲ့ဖြစ်စဉ်တွေကို ပြန်ပြောင်းပြောပါတယ်။
အသက်၂၆နှစ်အရွယ် Dr. Tracy(ခ)မမေသင်းခိုင်က ဒီးမော့ဆိုမြို့နယ်က O-1 ဆေးရုံမှာ ကျန်းမာရေးစောင့်ရှောက်မှု လုပ် ဆောင်နေသူတစ်ဦးဖြစ်သလို KNDF ရဲ့ ရှေ့တန်းဆေးတပ်ဖွဲ့နဲ့အတူ ဒဏ်ရာရကာကွယ်ရေးတပ်ဖွဲ့တွေကို ဆေးကုသမှုပေးနေ သူတစ်ဦးလည်း ဖြစ်ပါတယ်။
Dr.Tracy က အာဏာမသိမ်းခင်ကာလတုန်းက ဆေးတက္ကသိုလ်-၁ (ရန်ကုန်)မှာ နောက်ဆုံးနှစ်အပိုင်း(က) အောင်မြင်ပြီး အပိုင်း(ခ)တက်ရောက်ရမှာဖြစ်ပေမယ့် ကိုဗစ်ကြောင့် ကျောင်းတွေရပ်နားတာနဲ့ကြုံခဲ့ရပြီး တစ်ဆက်တည်း အာဏာသိမ်းတာ ပါ ကြုံခဲ့ရတယ်။
ဆေးတက္ကသိုလ်(၁)ရန်ကုန်ရဲ့ ကျောင်းသားသမဂ္ဂရဲ့အထွေထွေအတွင်းရေးမှုးလည်းဖြစ်တဲ့ သူက အာဏာသိမ်းတာကို လက် မခံတဲ့အတွက် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တယ်။ ဒီလှုပ်ရှားမှုတွေကြောင့် မတ်လမှာ နေထိုင် ရာအိမ်ကို ဝင်ရောက်ရှာဖွေခံရပေမယ့် မိသားစုတွေကအစောပိုင်းကတည်းက ကြိုတင်ရှောင်ရှားနေထိုင်နေတာကြောင့် ဘေး ကင်းခဲ့တယ်။
ဧပြီလမှာတော့ ၅၀၅(က) နဲ့ ၅၀(ည) နဲ့ ဝရမ်းထုတ်ခြင်းခံရပါတယ်။ ရှောင်တိမ်းရင်းနဲ့ပဲ ပျောက်ကြားဆန္ဒပြလှုပ်ရှားမှုတွေမှာ နိုင်သလောက်ပူးပေါင်းပါဝင်ခဲ့တယ်။ ဒါပေမယ့် ဝရမ်းထုတ်ခံထားရတာကြောင့် တော်လှန်ရေးမှာ ပါဝင်ရတာထက် ပုန်းလျိုး ကွယ်လျိုးနေရတာကများလာတဲ့အခါ ဒီထက်ပိုလုပ်နိုင်မယ့်နည်းလမ်းကို စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ စဉ်းစားတိုင်ပင်ခဲ့ ကြတယ်။
အဲ့ဒီအချိန်ကာလမှာ လူငယ်အများစုက မြို့ပြမှာ ဆန္ဒပြဆန့်ကျင်လှုပ်ရှားတာထက် လက်နက်ကိုင်ပြီးတော်လှန်မယ့် နည်းလမ်း ကို ရွေးချယ်ကာ တိုင်းရင်းသားနယ်မြေကိုထွက်ခွာကြနေချိန်ပါ။ အများစုက လက်နက်ကိုင်တပ်ဖွဲ့တွေရှိတဲ့ ကရင်ပြည်နယ်၊ ကချင်ပြည်နယ် တို့ကိုသွားတာများနေချိန်သူနဲ့ ကျောင်းနေဘက်သူငယ်ချင်းနှစ်ဦးတို့က ကယားပြည်နယ် (ကရင်နီ)ကို သွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
“ အဲ့ဒီအချိန်ကတော့ ကရင်နီလို့တောင် မသိကြသေးတဲ့ ကယားပြည်နယ်ပေါ့။ လူငယ်တွေက ကရင်ဘက်ကို ထွက်တာများ တော့ Resource တွေ အများကြီး ပုံနေတာမျိုးလည်း မဖြစ်ချင်ဘူးဆိုတော့ ကယားကိုထွက်ခဲ့ကြတာ။” လို့ Dr.Tracy ကပြော ပါတယ်။
သူတို့သုံးဦးက ၂၀၂၁ မေလမှာ ကရင်နီကို ရောက်တဲ့အခါ ဆေးကျောင်းသားဘဝနဲ့ဖြစ်တော့ ဆေးကုဖို့ထက် လက်နက်ကိုင် တော်လှန်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဆိုပေမယ့် ဒေသမှာက အသိအကျွမ်းရယ်လို့လည်း များများစားစားမရှိသလို အဲ့ဒီအချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်း ဖွဲ့စည်းတာမရှိသေးတဲ့အတွက် ဒေသက လူငယ်တွေနဲ့အတူ ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပါဝင်ရင်း တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီးရင်းနှီးမှုယူရပါတယ်။
ဒါပေမယ့်သူတို့က ဆေးကျောင်းသားတွေဆိုတော့ လက်နက်ကိုင်တပ်ဖွဲ့ထဲ ဝင်တာထက်စာရင် ဆေးကုသတာက ပိုသင့်တော် တယ်လို့ ဒေသခံတွေက တိုက်တွန်းကြတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုကို စတင်ဆောင်ရွက်ခဲ့ပါတယ်။
အဲ့ဒီအတွက်ဒေသက ကျန်းမာရေးCDM ဝန်ထမ်းတွေနဲ့အတူ ဆေးခန်းလေးတွေဖွင့်ပြီး ဆေးကုသမှုပေးတာ ၊ ဆေးသင်တန်း ပေးတာတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။ သူတို့တတွေ ရန်ကုန်ကထွက်လာစဉ်က ငွေကြေးများများစားစား မရှိတာကြောင့် ရင်းနှီးရယုံကြည်ရတဲ့ မိတ်ဆွေအပေါင်းအသင်းအချို့ရဲ့ အကူအညီပံ့ပိုးမှုတွေနဲ့ လုပ်ဆောင်ခဲ့ရတယ် ။
တော်လှန်ရေး အထောက်အပံ့အတွက် ကရင်နီဒေသမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ရင်းမှာပဲ ဆရာဝန်အိမ်မက် အတွက် ဆက်လှမ်းဖို့ အခွင့်အလမ်းရခဲ့ပါတယ်။
Dr.Tracy တို့က ဆေးတက္ကသိုလ်နောက်ဆုံးနှစ်အပိုင်း(က)အောင်မြင်ပြီး အပိုင်း(ခ) တက်ရောက်ရမယ့်အချိန်မှာပဲ ကိုဗစ် ကြောင့် ကျောင်းတွေပိတ်ခဲ့ရပြီး အာဏာသိမ်းပြီးတဲ့အခါမှာလည်း CDM လုပ်ခဲ့တဲ့အတွက် ပညာရေးက ပြီးဆုံးခါနီးမှ ရပ်တန့် ခဲ့တာပါ။
ဒါပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့စီစဉ်မှုနဲ့ ကြားကာလတက္ကသိုလ်ကောင်စီ ဖွဲ့စည်းပြီး CDM ကျောင်းသားတွေကို ပညာဆက်လက်သင်ယူနိုင်ဖို့ လုပ်ဆောင်ခဲ့ရမှာ ဆေးတက္ကသိုလ်(၁) ရန်ကုန်ကလည်း ဆေးပညာ အတန်းတွေကို ၂၀၂၁ ဒီဇင်ဘာမှာ ပြန်လည်ဖွင့်လှစ်ခဲ့တယ်။
သူတို့လည်း ကျန်ရှိနေတဲ့ နောက်ဆုံးနှစ်အပိုင်း(ခ)အတန်းကို တိုက်ပွဲတွေကြားကနေ ဆက်လက်သင်ယူပြီး ၂၀၂၃ သြဂုတ်မှာ နောက်ဆုံးနှစ်အပိုင်း(ခ) ပြီးဆုံးပြီး ဒေါက်တာဘွဲ့ရခဲ့တယ်။
ဒီစာမေးပွဲကို အောင်မြင်ဖို့က သူ့တို့အတွက်တော့မလွယ်ကူခဲ့ပါဘူး။ ကျောင်းဖွင့်ကာလကနေ စာမေးပွဲဖြေဆိုချိန်အထိ အချိန် တွေက ကရင်နီပြည်နယ်မှာ တိုက်ပွဲပြင်းထန်တဲ့ကာလတွေပါ။ အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ထားချိန်ဖြစ်တဲ့ အပြင် မြေပြင်ကရော ဝေဟင်ကနေပါ နေ့စဉ်နဲ့အမျှ ပစ်ခတ်မှုတွေတိုက်ပွဲတွေကြား ဒဏ်ရာရလူနာတွေကို ကုသရင်း လက်နက်ကြီးဒဏ် ဗုံးဒဏ်တွေကနေ ပုန်းရှောင်ရင်း သင်ယူလေ့လာခဲ့ရတယ်။
စာမေးပွဲဖြေဆိုဖို့အတွက် သင်ခန်းစာတွေလေ့လာရတာကအစ အင်တာနက်အခက်အခဲအကြောင့် ဒေါင်းလုတ်ဆွဲယူဖို့ အခက် အခဲရှိတာ၊ ဖတ်ရှု့လေ့လာရမယ့်စာအုပ်တွေကိုလည်း လမ်းခရီးအစစ်အဆေးတွေကြောင့် သယ်ယူဖို့ အခက်အခဲရှိတာ၊ ဆေးရုံ မှာလည်း ပြည်သူတွေနဲ့ဒဏ်ရာရလူနာတွေကို ကုသနေရတာဖြစ်တဲ့အတွက် ပင်ပန်းပေမယ့် အနားမယူနိုင်ဘဲ ရတဲ့အချိန်မှာ စာ လေ့လာခဲ့ရတယ်။
“ မှန်မှန်စာကျက်ဖို့က တချို့အချိန်တွေမှာ စိတ်ကအဆင်မပြေဘူး။ တိုက်ပွဲသတင်းတွေ မြေပြင်သတင်းတွေနဲ့ဆို ဒီအချိန်ကြီး မှာ ငါကစာလုပ်နေရလားဆိုတဲ့စိတ်ကလည်း တခါတခါရှိတယ်။” လို့ Dr.Tracy က ပြောပါတယ်။
လပတ်စာမေးပွဲတွေမှာလည်း ဖြေဆိုရင်း အင်တာနက်လိုင်းပျက်သွားလို့ အင်တာနက်ရတဲ့နေရာဆီ ရောက်အောင်သွားပြီး ဖြေဆိုရတာ၊ ဖြေဆိုနေရင်း လက်နက်ကြီးကျလို့ ထွက်ပြေးရတာ တွေလည်းကြုံရပြီး၊ နောက်ဆုံးစာမေးပွဲ ဖြေဆိုရမယ့် ကာလ မှာလည်း ကရင်နီဒေသက လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ်ခံနေရတဲ့အတွက် စာမေးပွဲဖြေဆိုချိန်ကို ရွှေ့ဆိုင်းပေးခဲ့ရ တဲ့အထိ ဖြစ်ခဲ့တယ်။
အခြေအနေတွေအနည်းငယ်တည်ငြိမ်လို့ ဖိုင်နယ်စာမေးပွဲ ဖြေဆိုရတဲ့အခါမှာ အင်တာနက်လိုင်းမရလို့ ရတဲ့နေရာကို ရှာဖွေပြီး ဖြေဆိုရသလို၊ ဖြေနေရင်းနဲ့ လိုင်းပြတ်သွားလို့ တောင်ပေါ်ကနေ တောင်အောက်ပြေးဆင်းရတဲ့အထိ ခက်ခဲခဲ့တယ်လို့ သူက ပြောပါတယ်။
“ စာမေးပွဲ stress (ဖိအား) မြေပြင် stress တွေရောနဲ့ လေယာဉ်သံကြားတော့လည်း လူနာတွေကို ဗုံးခိုကျင်းထဲ ရွှေ့ရတာနဲ့ တော်တော်တော့ ရုန်းကန်ရတာ။” လို့ Dr.Tracy က ပြောပါတယ်။
ဒါပေမယ့်သူကတော်လှန်ရေးမှာပါဝင်မယ်လို့ ဆုံးဖြတ်ခဲ့ကတည်းက ဝါသနာတွေ အသက်မွေးဝမ်းကြောင်းတွေကို မေ့ထားခဲ့ ပြီး အခွင့်ရတဲ့အချိန်လေးမှာ ခက်ခဲတဲ့နေရာကနေ ဝါသနာပါရာ ဆေးပညာဘွဲ့ကို ဆည်းပူးနိုင်ခဲ့တဲ့အပေါ် ကျေနပ်မိပေမယ့် သူမျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေတော့ မပြည့်ဝသေးဘူးလို့ ဆိုတယ်။
“ တချို့တွေထက်စာရင် ကိုယ့်ပညာနဲ့နီးစပ်တာကို ဆက်လုပ်ခွင့်ရနေတယ်ပေါ့။ ကျန်းမာရေးစောင့်ရှောက်မှုတွေက ဆက်လုပ် နေတော့ ကိုယ့်ရည်မှန်းချက်အတိုင်းဆက်သွားနေတယ်လို့ ပြောရင်ရသလို ကိုယ့်ရဲ့တစ်ချို့ goal တွေအတွက် ရပ်နေတယ်လို့ ပြောရင်လည်းရတယ်။” လို့ Dr.Tracy က ပြောပါတယ်။
ဆေးကျောင်းသူတစ်ဦးကနေ တော်လှန်ရေးနယ်ပယ်ကိုရောက်လာတဲ့ သူအတွက်တစ်ကိုယ်ရည်ကြုံတွေ့ရတဲ့ အခက်အခဲ ရယ်လို့မရှိဘဲ မရင်းနှီးတဲ့နယ်မြေဖြစ်တဲ့အလျောက် အဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေနဲ့ ယုံကြည်မှုတည်ဆောက်ရတာ၊ တစ် နေရာနဲ့တစ်နေရာ အလှမ်းဝေးတဲ့အတွက် သွားရေးလာရေးခက်ခဲတာ ၊ အင်တာနက်ဖုန်းလိုင်းတွေပြတ်တောက်တာစတဲ့ ပုံမှန် ကြုံတွေ့နေကျ အခက်အခဲအချို့သာကြုံတွေ့ရတယ်လို့ Dr.Tracy ကပြောပါတယ် ။
“ အမျိုးသမီးတစ်ဦးအနေနဲ့ဆိုရင်တော့ အလုပ်ကိစ္စနဲ့ခရီးသွားလို့ရှိရင် အဖွဲ့မှာက မိန်းကလေးတယောက်ထဲဆိုတော့ အဖွဲ့နဲ့ ခွဲပြီး နေရတာတို့လောက်ပဲရှိတယ်။ ယောကျာ်းလေးဖြစ်စေမိန်းကလေးဖြစ်စေ တန်းတူလုပ်ရမှာလို့တွေးထားတဲ့အတွက် ပုံမှန် ကြုံနေကြအခက်အခဲတွေပဲ များပါတယ်။ မိန်းကလေးဖြစ်လို့ ဒါတွေပိုကြုံရတယ်လို့မရှိပါဘူး။” လို့ Dr.Tracyက ဆိုတယ်။
သူကလက်ရှိမှာ ကရင်ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က ပြည်သူ့ဆေးရုံတစ်ခုဖြစ်တဲ့ O-1ဆေးရုံမှာ ဒေသခံပြည်သူတွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသလို ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ ရှေ့တန်းအထိ ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိပါတယ်။
Dr. Tracyတို့ လုပ်ဆောင်နေတဲ့ O-1 ဆေးရုံကလည်း ဖီးနစ်ငှက်လို ရှင်သန်ခဲ့တဲ့ဆေးရုံတစ်ခုပါ။ O-1 ဆေးရုံကို ၂၀၂၁ မေလ ကတည်းက CDM ကျန်းမာရေးလုပ်သားတွေ၊ ဒေသခံ CDM ကျန်းမာရေးဝန်ထမ်း ၊ CDM ကျောင်းသားတွေနဲ့အတူ စတည် ထောင်ခဲ့တာပါ။
စတင်ချိန်ကစစ်ရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဆေးပေးခန်းအဖြစ် တည် ထောင်ခဲ့ကြပေမယ့် နယ်မြေလိုအပ်ချက်အရ ဒဏ်ရာရလူနာတွေကို ခွဲစိတ်ကုသတာ သားဖွားတာတွေ ဆောင်ရွက်နိုင်တဲ့အထိ တဖြည်းဖြည်းတိုးချဲ့လာခဲ့တယ်။
“ ခွဲရမယ့်ကိစ္စတွေဆိုရင်လည်း ကိုယ့်ဆေးရုံက ခွဲစိတ်ဆရာဝန်တွေနဲ့လုပ်ပေးနိုင်နေပြီ။ သားဖွားမီးယပ်နဲ့ ကလေးဆေးပညာ ကိစ္စတွေ ဆေးပညာပိုင်းအများစုမှာ ဆေးရုံမှာလုပ်ပေးလို့ရနေပြီဖြစ်လို့ ပြည်သူပဲဖြစ်ဖြစ် ရဲဘော်ပဲဖြစ်ဖြစ် သူတို့သည် တခြား ဝေးတဲ့နေရာတွေကို ပိုက်ဆံအကုန်အကျခံပြီး သွားရတဲ့ဒဏ်တွေလျော့သွားတယ်။” လို့ ဆက်ပြောတယ်။
ဒါပေမယ့်စစ်ကောင်စီက ကျန်းမာရေးနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ လုပ်ဆောင်လာတဲ့အခါ ဒီဒဏ်ကို O-1 ဆေးရုံလည်းခံခဲ့ရပါတယ်။ ဆေးရုံနဲ့အနီးဝန်းကျင်နေရာတွေကို လေကြောင်းကနေ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အတွက် ဆေးရုံလည်း ထိခိုက် ပျက်စီးခဲ့ရတယ်။
၂၀၂၃ နိုဝင်ဘာမှာ ဆေးရုံနဲ့အနီးဆုံးနေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် ဆေးရုံ ထိခိုက်ပျက်စီးတဲ့အတွက် အခြားနေရာကိုပြောင်းရွှေ့ပြီး ပြန်လည်ဖွင့်လှစ်မယ့်အချိန်မှာပဲ ဒီဇင်ဘာလလယ်မှာ နောက်တစ်ကြိမ် လေကြောင်းတိုက်ခိုက် တာကြောင့် ဆေးရုံအဆောက်အဦတွေ စက်ပစ္စည်းကိရိယာတွေ ထိခိုက်ခဲ့ရပါတယ်။
“ နိုဝင်ဘာမှာ လေယာဉ်နဲ့ဗုံးကြဲခံရလို့ နေရာအပြောင်းအလဲလုပ်မယ် ခနလောက်နားပြီး ပြန်ဖွင့်တော့မယ်ဆိုပြီး ကိုယ့်ဆရာမ တွေနဲ့စိတ်ဓာတ်ခွန်အားယူပြီး ပြန်ထမယ့်အချိန် ဒီဇင်ဘာ ၂၀ကျတော့ နောက်တကြိမ် ဆေးရုံနေရာနားကို လေယာဉ်လေးစီးနဲ့ ပတ်ကြဲတာခံခဲ့ရတယ်။” လို့ Dr.Tracy က ပြောပါတယ်။
ဒီလိုတွေကြုံရပေမယ့်အဖွဲ့ဝင်တွေက စိတ်ဓာတ်ကျအားလျှော့ဘဲ ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းခဲ့ပြီး ပြည်သူတွေရဲ့ ပံ့ပိုးမှုတွေကြောင့် မတ်လဆန်းမှာပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ် လို့ဆိုတယ် ။
“ ညီမတို့ Team memberတွေအကုန်လုံးက စိတ်ဓာတ်ကျတာ လက်လျှော့တာမရှိဘူး ။ ဒီနေရာ မရရင် နောက်တစ်နေရာလုပ် မယ်ဆိုတဲ့စိတ်နဲ့ပဲ နေရာပြောင်းရွေ့ပြီးဖွင့်လှစ်ဖို့ ကြိုးပမ်းနေကြတယ်။” လို့ ဆိုတယ် ။
အကြိမ်ကြိမ်ပြိုလဲခဲ့ရတဲ့ ဆေးရုံက အဆောက်အဦကနေ ကျန်းမာရေးဝန်ထမ်းဆေးဝါးနဲ့ စက်ပစ္စည်းကိရိယာအထိ လိုအပ်ချက် တွေရှိနေဆဲဖြစ်တဲ့အတွက်လည်း ပြည်သူတွေဆီက ထိရောက်တဲ့ပံ့ပိုးမှုတွေလည်း လိုအပ်တယ်လို့ဆိုတယ်။
ကရင်နီဒေသမှာက ဒုက္ခသည်သုံးသိန်းနီးပါး စစ်ဘေးရှောင်နေရပြီး အများစုမှာ ကလေးနဲ့အမျိုးသမီးတွေဖြစ်ပါတယ် ။စစ်ရှောင်အများစုက ထောက်ပံ့လှုဒါန်းမှုတွေနဲ့ ရပ်တည်နေရတာဖြစ်တဲ့အတွက် နေရေးထိုင်ရေးကအစ စားနပ်ရိက္ခာအစ လိုအပ် ချက်က အများအပြားပါ ။
“ စစ်ရှောင်ရတာတွေများလာတော့ လိုအပ်ချက်ကအတိုင်းအတာတစ်ခုထိများတာပေါ့။ သို့သော် တဖက်ကတွေးရင်လည်း စစ ချင်း သုညကနေစခဲ့ရတာ လိုအပ်ချက်များတယ်လို့ မတွေးတော့ဘဲ ကိုယ်ဘာဆက်လုပ်လို့ရမလဲ ၊ ဘယ်ဘက်ကို ဖြည့်ရမလဲ ဆိုတဲ့အတွေးနဲ ဆက်လုပ်နေတယ်။”လို့ Dr.Tracy က ပြောပါတယ်။
ကရင်နီဒေသမှာနေထိုင်ရင်း ကျန်းမာရေးစောင့်ရှောက်ရတဲ့သူ့အတွက် စိတ်ပင်ပန်းမှုတွေ စိတ်ဒဏ်ရာတွေကလည်း အများ ကြီး ကြုံရပါတယ်။ ကိုယ့်မျက်စိရှေ့မှာပဲ လေယာဉ်ဗုံးကြဲခံရတာ၊ ဆေးရုံဗုံးကြဲခံရတာ၊ လက်နက်ကြီးဒဏ်ခံရတာတွေအပြင် ဒဏ်ရာရနေတဲ့ ရဲဘော်တွေ ကိုယ့်လက်ထဲမှာပဲဆုံးရှုံးသွားတာ စသဖြင့် အများကြီးရင်ဆိုင်ခဲ့ရတယ်လို့ ဆက်ပြောတယ်။
“ ဒီဆေးရုံမှာလုပ်တဲ့အဖွဲ့ဝင်တွေလည်း စိတ်ဒဏ်ရာတွေပေါ့။ ထိခိုက်ဒဏ်ရာရတဲ့ရဲဘော်တွေကို နေ့တဒူဝထိတွေ့နေရတဲ့အခါ မှာ ရတဲ့စိတ်ဒဏ်ရာရှိပြီးသားကိုမှ လေယာဉ်သံကြားတဲ့အခါမှာ ရှိနေတာထက် နှစ်ဆတိုးစိတ်ဒဏ်ရာရကြတယ်။” လို့ Dr. Tracy က ပြောပါတယ်။
ဒီလိုကြုံရပေမယ့်လည်း ဒီလမ်းကို ရွေးချယ်တဲ့အတွက် မှားယွင်းတယ်ဆိုတဲ့ စိတ်မရှိဘဲ ကြုံရတဲ့အခြေအနေတွေမှာ စိတ်ဓာတ် မကျအောင်ကြိုးစားကျော်ဖြတ်ရင်း တော်လှန်ရေးအတွက် ဘယ်ကဏ္ဍမှာမဆိုနိုင်ရာဝန်ထမ်းဖို့ အသင့်ရှိနေတယ်လို့ ဆိုတယ်။
“ တစ်ခါမှတော့ ငါဒီလမ်းကိုရွေးလို့မှားပြီဆိုတာမျိုးတော့မရှိခဲ့ဘူး။ စိတ်အရမ်းပင်ပန်းလို့နားချင်တဲ့အခါမျိုးဆို နားလိုက်တယ်။” လို့ Dr. Tracy က ပြောပါတယ်။
သူဒီအချိန်ထိရောက်လာတာက မိခင်ဖြစ်သူရဲ့ အားပေးမှုတွေလည်းပါတယ်လို့ ဆိုတယ်။ ကြုံတွေ့ရတဲ့အခက်အခဲတွေ ပင်ပန်း မှုတွေကို ရင်ဖွင့်တဲ့အခါတိုင်း မိခင်ဖြစ်သူရဲ့ ယုံကြည်မှုအားပေးမှုတွေကြောင့် ကျော်ဖြတ်နိုင်ခဲ့တာပါ။
“ အဓိကအားအပေးဆုံးကအမေပဲ။ အရမ်းစိတ်ညစ်လာလို့ရှိရင် ကိုယ်ပြောပြလို့ရတဲ့အပိုင်းဆို အမေ့ကိုရင်ဖွင့်တယ်။ အဲ့ဒီလို ဆိုရင် အမေပြောတာရှင်းရှင်းလေး နင်ဘာလုပ်ချင်တာလဲ။ လုပ်ချင်တာကို ဖြစ်အောင်လုပ်နိုင်တယ်။ နင့်ကိုယုံတယ်ဆိုတာပဲ။” လို့ သူက ဆက်ပြောတယ်။
အဲ့ဒီအတွက်လည်း ခွန်အားတွေယုံကြည်မှုတွေနဲ့ ကိုယ်ဖြစ်ချင်တဲ့ လမ်းကြောင်းပေါ် ပြန်လည်ရုန်းထနိုင်ခဲ့ပြီး စစ်အာဏာရှင် အမြစ်ပြတ်စေမယ့် တော်လှန်ရေးလမ်းခရီးမှာ ကိုယ်ဘယ်အခန်းကဏ္ဍကနေ ပါဝင်အားဖြည့်ရမလဲဆိုတဲ့အတွေးတွေနဲ့ ဆက်လှမ်းနေဆဲဖြစ်တယ်လို့ ဆိုတယ်။
ဒါပေမယ့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းမှ ပြည်သူ့အောင်ပွဲရမှာဖြစ်တဲ့အတွက် တော်လှန်ရေးနဲ့ ဆက်နွှယ်တာတွေကို ဆက် လုပ်ဆောင်နေမှာဖြစ်ပြီး တော်လှန်ရေးပြီးတဲ့နောက်တော့ ဆရာဝန်တစ်ဦးအနေနဲ့ ဖြတ်သန်းကာ ကိုယ်ဝါသနာပါရာ လုပ် ဆောင်ရင်း မိသားစုနဲ့အချိန်ကုန်ဆုံးချင်တယ်လို့ သူကဖွင့်ဟတယ် ။
လက်ရှိမှာလည်း တော်လှန်ရေးခရီးက လမ်းတစ်ဝက်ရောက်နေပြီးဖြစ်တာကြောင့် အမြန်ဆုံးပြီးအောင် အဆုံးသတ်ဖို့က ပြည် သူတွေရဲ့ပါဝင်မှုတွေလိုတဲ့အတွက် ပြည်သူတစ်ဦးချင်းစီက ကိုယ်တက်နိုင်တဲ့နေရာကနေပါဝင်ဖို့ လိုတယ်လို့ ဆိုပါတယ်။
“ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ မညာတမ်း၊ မညှာတမ်းပါဝင်ပြီး အဆုံးသတ်ကြဖို့လိုတယ် ။အဲ့ဒါကြောင့် တတ်နိုင်တဲ့ဘက်က ပါဝင်ပေးဖို့ မပါရသေးရင်လည်း ခုကစပြီးပါဝင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။” က Dr. Tracy ကပြောပါတယ်။