Home ဆောင်းပါး အမျိုးသမီးတွေရဲ့အသံတွေကို အနုပညာနဲ့ကိုယ်စားပြုချင်သူ

အမျိုးသမီးတွေရဲ့အသံတွေကို အနုပညာနဲ့ကိုယ်စားပြုချင်သူ

မေ

“ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကိုခွဲခြားနှိမ့်ချတဲ့ အယူအဆတွေ အများကြီးရှိနေပါသေးတယ်။ ဒီအယူအဆတွေကိုလည်း တွန်းလှန်ချင်ပါတယ်။ ပန်းချီကနေပုံဖော်ချင်တဲ့စိတ်ကူးလည်းရှိပါတယ်။” လို့ စကားဆိုသူကတော့ ရတနာမြတ်ပန်းနွယ်လို့ ခေါ်တဲ့ အသက် ၃၄ နှစ်အရွယ် ပန်းချီဆရာမပါ။

ပန်းချီဆရာမ ရတနာမြတ်ပန်းနွယ်ဟာ အမျိုးသမီးတွေရဲ့ ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာတွေ အမျိုးသမီးတွေမှာရှိတဲ့ ဇာတ်လမ်းတွေ၊     အမျိုးသမီးတွေကို ကိုယ်စားပြုနိုင်တဲ့အရာတွေကို ပန်းချီကနေတစ်ဆင့် ရေးဆွဲဖော်ကျူးနေသူတစ်ဦး ဖြစ်တယ်။

ပန်းချီဆရာမ ရတနာမြတ်ပန်းနွယ်

ငယ်စဥ်ကတည်းက ပန်းချီနဲ့ပတ်သက်ပြီး စိတ်ဝင်စားခဲ့ကာ ခဲတံစကိုင်တတ်တဲ့ အရွယ်လေးကတည်းက ပုံတွေတောင်ခြစ် မြောက်ခြစ်စလုပ်ခဲ့တယ်။

အသက် ခြောက်နှစ်အရွယ်မှာ ရွှေသွေး၊မိုးသောက်ပန်း၊ တေဇ စတဲ့ ရုပ်ပြတွေမှာပါတဲ့ ပုံလေးတွေကို ပုံတူလိုက်ဆွဲရင်း ပန်းချီကို ဝါသနာထုံခဲ့တယ်။ ရှစ်တန်းနှစ်‌လောက်အထိ ပန်းချီဆက်တိုက်ဆွဲလာခဲ့ပြီးနောက်ပိုင်းမှာတော့ ပန်းချီနဲ့ခဏ အလှမ်းဝေးသွား ခဲ့တယ်။

အဲဒီနောက် ၂၀၁၉ခုနှစ်ကစပြီး ပန်းချီကို တစ်စိုက်မက်မက်ရေးဖြစ်ခဲ့တယ်။ ပန်းချီဆရာမ ရတနာမြတ်ပန်းနွယ်ဟာ ပန်းချီ ပညာနဲ့ပတ်သက်တဲ့ တက္ကသိုလ်ကနေ ဘွဲ့တွေမရခဲ့ပေမယ့် ပန်းချီနဲ့ပတ်သက်ပြီး အမြဲလေ့လာနေခဲ့ပါတယ်။ ရတနာမြတ်ပန်း နွယ်ရဲ့ မူလအလုပ်အကိုင်ကတော့ စာသင်တဲ့ဆရာမဖြစ်ပြီး ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတစ်ခုကို တည်ထောင်ထားသူလည်း ဖြစ်တယ်။

ပန်းချီဆရာမ ရတနာမြတ်ပန်းနွယ်ဟာ ပန်းချီအမျိုးအစားတွေထဲကမှ Abstract ပန်းချီအမျိုးအစားကိုရေးဆွဲလေ့ရှိတယ်။

Abstract ပန်းချီအမျိုးအစားကို တစိုက်မက်မက်ရေးဖြစ်တဲ့အကြောင်းကတော့ ဒီအမျိုးအစားက လွတ်လပ်ပြီး စိတ်ခံစားချက် ပေါ်မူတည်ကာ တိကျတဲ့အဓိပ္ပာယ်ကို ဖော်ဆောင်ပေးတဲ့အတွက် နှစ်သက်စွာ ရေးဆွဲရခြင်းဖြစ်တယ်လို့ ဆိုတယ်။

“ Abstract ပန်းချီကို ဖန်တီးတဲ့အခါ ဖန်တီးသူကလည်း သူ့ရဲ့စိတ်ခံစားချက် ရည်ရွယ်ရာရှိမှာပဲ။ ဒီပန်းချီကားတစ်ချပ်ကို ကြည့် ရှုတဲ့အခါမှာ ကြည့်ရှုသူ တစ်ဦးတစ်ယောက်ချင်းစီအလိုက် သူတို့ရဲ့စိတ်ခံစားချက် သူတို့ကြီးပြင်းလာတဲ့ background သူတို့ လက်ခံထားတဲ့ အယူအဆဝါဒတွေအပေါ် မူတည်ပြီးတော့ ဒီပန်းချီကားကနေ သူတို့ဘာမြင်လိုက်လဲ၊ဘာတွေ့လဲ၊ ဘာရလိုက် လဲ ဆိုတဲ့ တသီးပုဂ္ဂလိကဆန်တဲ့လွတ်လပ်မှုရှိတယ်။”လို့ ပန်းချီဆရာမရတနာမြတ်ပန်းနွယ်က ရှင်းပြတယ်။

ပန်းချီဆရာမရတနာမြတ်ပန်းနွယ်ဟာ သူနှစ်သက်တဲ့ Abstract ပန်းချီအမျိုးအစားနဲ့ အမျိုးသမီးတွေရဲ့ခံစားမှုတွေကို ပေါင်းစပ် ပုံဖော်နေတာလည်း ဖြစ်တယ်။

အစပိုင်းမှာတော့ ပန်းချီဆရာမရတနာမြတ်ပန်းနွယ်ဟာ အမျိုးသမီးတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို မ‌ရေးဆွဲဖြစ်ခဲ့ သေးပါဘူး။ နောက်ပိုင်းမှာတော့ အမျိုးသမီးတွေရဲ့အသံကို ကိုယ်စားပြုချင်တဲ့အတွက် အမျိုးသမီးတွေကိုကိုယ်စားပြုတဲ့ အနု ပညာလက်ရာတွေကို ဖန်တီးဖို့စိတ်ကူးရခဲ့တယ်။

မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာလည်း အမျိုးသမီးတွေကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေကို ဖော်ကျူးဖို့ စိတ်ကူးရခဲ့တယ်။

အမျိုးသမီးတွေရာသီလာတာနဲ့ပတ်သက်ပြီး နှိမ့်ချဆက်ဆံတဲ့အယူအဆတွေ၊အမျိုးသမီးဖြစ်လို့ လုပ်ငန်းခွင်မှာ နေရာမရတာ၊ ရာထူးမပေးတာ၊ တချို့နိုင်ငံတွေမှာ အမျိုးသမီးတွေရဲ့လိင်အဂါအစိတ်အပိုင်းတွေကို ဖြတ်တောက်တာ စတာတွေကို မြင်တွေ့ နေရတဲ့အတွက် အနုပညာနဲ့ဖော်ထုတ်ချင်ခဲ့တယ်။

“ စေ့ဆော်မှုနံပါတ်တစ်ကတော့ ကျွန်မကိုယ်တိုင်က အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက်၊ နံပတ်နှစ်ကတော့ ကျွန်မတို့ ပတ်ဝန်းကျင်မှာ လက်လှမ်းမှီရာပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်  global ပဲ ဖြစ်ဖြစ်ပေါ့နော်။ အင်တာနက်ခေတ်ဆိုတော့ အရာ အားလုံးမြင်နေရတဲ့အခါမှာ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့အခါ ဒီအမျိုးသမီးတွေခံစားရတဲ့အရာအားလုံး၊ ဒါတွေအားလုံးကို ရေးဖို့အတွက်စေ့ဆော်မှုကို ဖြစ်စေတာပါ။” လို့ မရတနာမြတ်ပန်းနွယ်က ပြောပါတယ်။

သူ့ရဲ့ပန်းချီကားတွေမှာ အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ ကာယဝေဒနာ၊စိတ္တဝေဒနာတွေကို ဖော်ကျူးထားပါတယ်။

“ ဒီကာယဝေဒနာလို့ပြောတဲ့အခါမှာ ကျွန်မတို့ရဲ့လစဉ်ကြုံရတဲ့ menstruation ပေါ့။ menstruation ကိုသက်တောင့်သက်သာ ဖြတ်သန်းရတဲ့ အမျိုးသမီးတွေရှိပါတယ်။ ဒါပေမယ့်အများစုက ဒီကာလကြီး(menstruation)ကို စိတ်ပိုင်းဆိုင်ရာအားဖြင့် ဖြစ် စေ၊ ရုပ်ပိုင်းဆိုင်ရာ အားဖြင့်ဖြစ်စေ၊ နာကျင်ခက်ခဲစွာဖြတ်သန်းရတယ်။ တကယ်နာကျင်ခံစားဖူးသူမှလည်း သိတယ်။ ဒီစိတ် ဒုက္ခနဲ့ကိုယ်ဒုက္ခကိုလေ ဒါကိုဖော်ကျူးထားပါတယ်။” လို့ ပန်းချီကားတွေနဲ့ပတ်သက်ပြီး ပြောပြတယ်။

ဒါ့အပြင်နေရာအသီးသီး၊အလွှာအသီးသီး ၊ကဏ္ဍအသီးသီးက အမျိုးသမီးတိုင်းမှာ ထုတ်ပြောလို့ရတဲ့စိတ်ဒဏ်ရာ၊ ဒါမှမဟုတ် ထုတ်ပြောလို့မရတဲ့ စိတ်ဒဏ်ရာ၊ အများကဂရုပြုမိပြီးတော့ ကိုယ်ချင်းစားခံရတဲ့အဖြစ်အပျက်၊ အများကလည်း ဘာသိဘာသာ ကျော်သွားပြီးတော့ ဘယ်သူ့ဆီကမှ ကိုယ်ချင်းစာဖေးမမှု မရလိုက်ရတဲ့ အဖြစ်အပျက်အစရှိတာတွေကို ပန်းချီကားတွေနဲ့ ဖော် ကျူးထားတယ်လို့ ဆိုပါတယ်။

“ ကျွန်မယုံကြည်တဲ့ Abstract art ကိုပဲအသုံးချပြီးတော့ ကျွန်မတို့အမျိုးသမီးတွေမှာရှိတဲ့ story တွေ အဲ့ဒီ storyထဲမှာ ခွဲခြား နှိမ့်ချခံရလို့ခံစားရတဲ့ စိတ်ဒုက္ခ၊ကိုယ်ကာယဒုက္ခအကုန်လုံးကိုပုံဖော်မှာပါ။” လို့ ပန်းချီဆရာမ ရတနာမြတ်ပန်းနွယ်က ဆိုပါ တယ်။

ရတနာမြတ်ပန်းနွယ်ရေးဆွဲထားသော ပန်းချီကား

ကိုယ်တိုင်လည်း အမျိုးသမီးပန်းချီဆရာမဖြစ်တဲ့အတွက် ခွဲခြားဆက်ဆံမှုတစ်ချို့ကြုံတွေ့ခဲ့ရပါတယ်။

ဥပမာအဖြစ်အပျက်အနေနဲ့ ပန်းချီဆရာမရတနာမြတ်ပန်းနွယ်ရဲ့ပန်းချီကားကို အမျိုးသားတစ်ယောက်က ချီးကျူးလိုက်တဲ့ အခါမှာ အဲ့ဒီအမျိုးသားရဲ့အပေါင်းအသင်းတွေနဲ့ တခြားပန်းချီဆရာတွေက ဒီလိုချီးကျူးတာဟာ ပန်းချီကားလက်ရာကြောင့် မဟုတ်ဘဲ အမျိုးသမီးတစ်ယောက်ဆွဲထားလို့  အဲဒီအမျိုးသားကချီးကျူးတာဆိုတဲ့ ပြောဆိုမှုတွေကြုံခဲ့ရဖူးတယ်လို့ ဖွင့်ဟ ပါတယ်။

“ အမျိုးသမီးပန်းချီဆရာမ တစ်ယောက်ပွဲမှာ အမျိုးသားပန်းချီဆရာတွေပဲဖြစ်ဖြစ် အမျိုးသားပရိတ်သတ်တွေပဲ ဖြစ်ဖြစ် အများ ကြီးလာတဲ့အခါ ပန်းချီဆရာမလေးကြောင့် ပန်းချီဆရာမငယ်လို့ ပန်းချီဆရာမကို နှာဘူးထလို့လာတာ အစရှိသဖြင့် ပြောလိုက် တာကလည်းလေ ဒါခွဲခြားဆက်ဆံမှုတစ်မျိုးပါပဲ။ အဲ့တော့ အမျိုးသမီးပန်းချီဆရာမမှာ အမျိုးသမီးပရိတ်သတ်ပဲ ရှိလို့ရတာ လား။ သူ့မှာလည်းစစ်မှန်တဲ့ အမျိုးသားပရိတ်သတ်ရှိခွင့်မရှိဘူးလား။သူ့ကိုအားပေးတဲ့အမျိုးသားတိုင်းကရော နှာဗူးလားပေါ့။” လို့ ပန်းချီဆရာမက သူ့အတွေ့အကြုံကို ပြောပါတယ်။

အနုပညာခရီးလမ်းကိုလျှောက်လှမ်းတဲ့အခါမှာ အမျိုးသမီးဖြစ်တဲ့အတွက် ခွဲခြားမှုတချို့ကြုံခဲ့ရသလို ဝါသနာပါရာကို လုပ်ကိုင် ဖို့အတွက် မိသားစုရဲ့ လက်ခံမှုရအောင်အချိန်ယူခဲ့ရတယ်။ ပတ်ဝန်းကျင်ကတော့ ဝေဖန်မှုတွေနဲ့ပဲစောင့်ကြည့်နေခဲ့တယ်။

“ ဘယ်လိုမျိုးတွေကြုံရလဲဆိုတော့ အရည်မရအဖက်မရတွေလုပ်နေပြန်ပြီ။ အဓိပ္ပာယ်မရှိတာတွေလုပ်နေပြန်ပြီ။ ဘယ်တော့ အောက်ပြုတ်ကျမလဲမသိဘူး။ ကျောင်းအလုပ်တော့ ဟစ်ဟင်းတော့မှာပဲ။ ပန်းချီပွဲဘာပန်းချီပွဲလဲ အစရှိသဖြင့် ပြောတာတွေ ရှိတယ်။” လို့ မရတနာမြတ်ပန်းနွယ်က ဖွင့်ဟပါတယ်။

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ဇာတိဖြစ်တဲ့  မရတနာမြတ်ပန်းနွယ်ဟာ မွေးချင်းမောင်နှမသုံးဦးမှာ အကြီးဆုံးဖြစ်တယ်။ မိဘတွေ ကတော့ စက်ရက်ကန်းလုပ်ကိုင်ကြတယ်။ ငယ်ဘဝမှာ စာသင်တိုင်းကစားတာ၊ အားလပ်ချိန်တွေမှာပုံဆွဲရင်း၊ စာဖတ်ရင်း ကုန် ဆုံးခဲ့တယ်။

မူလတန်းကနေအလယ်တန်းအထိ ဝမ်းတွင်းမှာတက်ခဲ့ပြီး အထက်တန်းကိုတော့ မန္တလေးမြို့မှာတက်ရောက်ခဲ့တယ်။

နိုင်ငံတကာပြည်ပတက္ကသိုလ်တွေကလည်း ဘွဲ့တွေရရှိထားသူဖြစ်တယ်။ ပန်းချီပညာနဲ့ပတ်သက်ပြီး MoMA (The Museum of Modern Art, USA)မှာ အွန်လိုင်းသင်တန်းတွေ တက်ရောက်သင်ကြားခဲ့ပါတယ်။

မရတနာမြတ်ပန်းနွယ်ဟာ သုံးတန်းနှစ်လောက်မှာ ပန်းချီပြပွဲလုပ်ကြတယ်ဆိုတဲ့အသိကို ကလေးအတွေးနဲ့ ဂျာနယ်တွေက တစ်ဆင့် နားလည်ခဲ့တယ်။

အဲ့အရွယ်မှာ သူ့ရဲ့ပုံဆွဲစာအုပ်ထဲကဆွဲထားတဲ့ ပန်းချီစာရွက်တွေကိုဖြုတ်ကာ အိမ်ရဲ့နံရံတွေမှာ တိပ်လေးတွေနဲ့ကပ်ပြီး ပန်းချီ ပြပွဲပုံစံအတုယူကာ ကျောင်းကသူငယ်ချင်းတွေကို ပန်းချီပြပွဲရှိတယ်လို့ဆိုကာ အိမ်ကိုအလည်လာဖို့ ဖိတ်ခဲ့တယ်။

“ သူငယ်ချင်းတွေ သုံးလေးယောက်၊ ရောက်လာတုန်းကမသိဘူး။ လေးငါးယောက်ကနေ ၁၀ ယောက်လောက် ဖြစ်လာတော့ ကျမှ ဘာဖြစ်လို့လဲဘာရှိလို့လဲဆိုတော့မှ သမီးပန်းချီပြပွဲလုပ်မလို့ သူငယ်ချင်းတွေကို ဘေးကလက်ဖက်ရည်ဆိုင်ကနေ မုန့်မှာ ကျွေးမယ်ပြောထားတော့မှ အိမ်ကလူတွေလည်း တအံ့တသြအထူးတဆန်းဖြစ်သွားကြတာ‌ပေါ့။ အဲ့ဒါလေးကတော့ ငယ်ဘဝ မှာ ပန်းချီနဲ့ပတ်သက်လို့မှတ်မှတ်ရရပါပဲ။” လို့ မရတနာမြတ်ပန်းနွယ်က ငယ်ဘဝအမှတ်တရကိုပြောပြပါတယ်။

လက်ရှိမှာတော့ မရတနာမြတ်ပန်းနွယ်ဟာ ငယ်ဘဝအိပ်မက်တွေကို ထုဆစ်နိုင်တဲ့အမျိုးသမီးတစ်ဦး ဖြစ်နေပါပြီ။

၂၀၁၉ခုနှစ်မှာ ပထမဆုံး အုပ်စုပန်းချီပြပွဲမှာ ဝင်ရောက်ပြသခဲ့ပြီး  စုစုပေါင်းအုပ်စုပြပွဲ ၁၀ပွဲခန့် ပြသဖူးပါတယ်။ ၂၀၁၉ ခုနှစ်က နေ ၂၀၂၂ ခုနှစ်အထိ ရန်ကုန်၊မန္တလေး၊ပြင်ဦးလွင်၊ပုံဂံစတဲ့နေရာတွေမှာ Soloအနေနဲ့ပြပွဲလေးပွဲ ၊ Dual Show သုံးပွဲပြသခဲ့ပါတယ်။

ပန်းချီရောင်းရတဲ့ ဝင်ငွေတွေနဲ့ပရဟိတလုပ်ငန်းတွေမှာကူညီဖြစ်ပြီး ရန်ပုံငွေပွဲတွေမှာလည်းပါဝင်ဖြစ်ခဲ့တယ်။

ကျောင်းနေရွယ်ကလေးတွေအတွက် ပန်းချီသင်တန်း တစ်နှစ်ကိုတစ်ကြိမ်၊ တစ်ခါဖွင့်ရင် သုံးလ အခမဲ့သင်ကြားပေးပါတယ်။ ဒီ သင်တန်းကိုတော့ ကိုယ်တိုင်သင်ပေးတာမဟုတ်ဘဲ ပန်းချီကိုအခြေခံကျကျကသင်ပေးနိုင်တဲ့ ဆရာ၊ဆရာမလေးတွေကို ငှား ရမ်းပြီး ပန်းချီဝါသနာပါတဲ့လူငယ်တွေအတွက်  မျှဝေပေးပါတယ်။

ရှေ့ဆက်ပြီးပန်းချီနဲ့ပတ်သက်ပြီးတော့ တစိုက်မက်မက်လုပ်သွားမယ့်အပြင် ယုံကြည်တဲ့ Abstract ကိုသေချာစွဲကိုင်ကာ ဖော်ပြ ချင်တဲ့အကြောင်းအရာတွေကို  ပိုပြီးတော့ထဲထဲဝင်ဝင် တစိုက်မက်မက်လုပ်သွားမယ်လို့ဆိုပါတယ်။

“ ကျွန်မတို့အမျိုးသမီးတွေမှာရှိတဲ့ ပျော်ရွင်ခြင်း၊ မလုံခြုံခြင်း ၊စိတ်သောကရောက်ခြင်းအစရှိသဖြင့်ပေါ့ ၊ စိတ်ခံစားမှုစုံ၊ သည်းခံ လိုက်ရတာ မြိုသိပ်လိုက်ရတာ လူမသိသူမသိ စတေးခံလိုက်ရတဲ့ ကိုယ့်ဘဝရဲ့ရည်မှန်းချက်တို့အစရှိသဖြင့် အကုန်လုံးကို ဒီပန်းချီကားထဲမှာပါဝင်တဲ့ ဆေးတစ်စက်ချင်း၊ ‌ကျောက်တစ်ပွင့်ခြင်း အဲ့ဒါလေးတွေအကုန်လုံးနဲ့ ကိုယ်စားပြုပြီးတော့ ဖော်ပြ ချင်တယ်။  ဒီလိုအ‌ကြောင်းအရာတွေကိုပဲ အနာဂတ်မှာဆက်ပြီးတော့ရေးမယ်လို့တွေးထားပါတယ်။” လို့ ပန်းချီဆရာမ ရတနာ မြတ်ပန်းနွယ်က ဆိုပါတော့တယ်။

Author:

Related Articles