ခင်ဘုန်းမို့
အပွင့်ရိုက်ချည်ထဘီနဲ့ အညိုဖျော့ရောင်အကျီဝတ်ထားကာ ဆံပင်တွေကို ကပိုကရိုထုံးထားတဲ့ အမျိုးသမီးကြီးတစ်ဦးဟာ ကားပြင်တဲ့ဂွတွေကိုင်ကာ ဂျစ်ကားတစ်စီးရဲ့ဘီးတစ်ခုကိုပြုပြင်ရင်း အလုပ်များနေပါတယ်။
အမျိုးသမီးကြီးပြုပြင်နေတဲ့ ဂျစ်ကားဘီးကြီးမှာတော့ ရွံ့တွေသဲတွေအပြည့်အပြင် မူလရှိတဲ့အပြာရောင်ကလည်း သဲဖုန်တွေ ကြောင့်အရောင်မှိန်မှိန်လေးသာရှိတယ်။
ဘေးမှာတော့ ရဲဘော်အမျိုးသားငယ်လေးတွေက တစ်ခုခုလိုရင်ကူညီဖို့ အသင့်ရှိနေ ပါတယ်။ ဂျစ်ကားကြီးကို ဂရုတစိုက် ပြုပြင်နေရတဲ့အကြောင်းအရင်းကတော့ ဒီဂျစ်ကားဟာတပ်ဖွဲ့ရဲ့ရိက္ခာထောက်ပို့ သယ်ယူတဲ့နေရာမှာ အရေးကြီးတဲ့အတွက် ကြောင့်ပါပဲ။
သူကတော့ ဘာမထီစိန်လို့ခေါ်တဲ့ အသက်(၅၀)အရွယ်ရှိတဲ့ အမျိုးသမီးကြီးတစ်ဦးပါ။ ဘာမထီစိန်ဟာ ဆိပ်ဖြူဘာမထီ ပြည်သူ့ ကာကွယ်ရေးတပ်ရဲ့ ရိက္ခာနဲ့ထောက်ပို့ပိုင်းကို တာဝန်ယူထားသူတစ်ဦးလည်း ဖြစ်တယ်။
စစ်အာဏာမသိမ်းခင်က မိသားစုနဲ့အတူဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းရင်း အစိုးရသစ်ထုတ်လုပ်ရေးမှာ သစ်တိုက်တဲ့ လုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းပြုခဲ့တယ်။
အာဏာသိမ်းတော့ပြည်သူတွေထဲက ပြည်သူဖြစ်တဲ့ဘာမထီစိန်လည်း ဆိပ်ဖြူမြို့သပိတ်တိုက်ပွဲတွေမှာ မနားမနေ ပါဝင်ခဲ့ တယ်။
“ ဆန္ဒပြတဲ့ပြည်သူတွေကိုလည်း ကြက်ဥပြုတ်ကျွေးပြီး အပြုတ်တိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အပြုတ်တိုက်ခဲ့ပါတယ်။” လို့ ဘာမထီစိန်က အာဏာသိမ်းကာလအစောပိုင်းတုန်းက အဖြစ်အပျက်ကို ပြောပြပါတယ်။
နောက်ပိုင်းစစ်ကောင်စီက အဖမ်းအဆီးတွေကြမ်းလာသလို ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပြည်သူတွေကို စစ်တပ်ကအကြမ်းဖက်သတ် ဖြတ်တာကို မကျေနပ်တာနဲ့ခင်ပွန်းဖြစ်သူနဲ့အတူ တောထဲသွားကာ လက်နက်ကိုင်တော်လှန်ရေးခရီးကိုစတင်ခဲ့တယ်။
တော်လှန်ရေးလုပ်ဖို့ငွေအရင်းအနှီးလိုတဲ့အခါ ရှိတဲ့(၁၀)ဘီးကားကိုရောင်းချပြီး ရတဲ့ငွေလေးနဲ့ တော်လှန်ရေးအတွက်ရင်းနှီး ခဲ့တယ်။ ၂၀၂၁ခုနှစ်မေလမှာ ဆိပ်ဖြူဘာမထီပြောက်ကျားတော်လှန်ရေးတပ်အနေနဲ့ တူမီးခြောက်လက်နဲ့စပြီး ထူထောင်ခဲ့ တယ်။
ကိုယ်ထူကိုယ်ထ တပ်ဖြစ်တော့ လက်နက်လည်းနည်းသလို ရဲဘော်အဖွဲ့ဝင်ကလည်းစစချင်းမှာ ၂၀ ဝန်းကျင်လောက်ပဲရှိခဲ့ တယ်။ တူမီးသေနတ်ကိုင်တာကအစ မိုင်းထောင်တာအထိ ခင်ပွန်းဖြစ်သူ ဘာမထီကပဲ သင်ပေးခဲ့တယ်။
“ နဂိုကတော့မိုင်းဆိုတာလည်း မသိဘူးပေါ့။ ယမ်းဆိုတာလည်း အဖြူတွေ၊အမဲတွေမသိဘူး။ ကိုယ်ကိုတိုင်စပြီး လုပ်ခဲ့ကာမှ ယမ်းဆိုတာလည်း အဖြူတွေဆိုပြီးသိခဲ့တယ်။”လို့ ဘာမထီစိန်ကသူ့အတွေ့အကြုံကိုပြောပြပါတယ်။
ခင်ပွန်းဖြစ်သူနဲ့အတူ မိုင်းထောင်သွား၊ နယ်မြေစည်းရုံးရေးဆင်းတာတွေကိုလည်း ပြောက်ကျားတပ်စတင်တဲ့အချိန် ကတည်း က အတူတူလုပ်ကိုင်ခဲ့တယ်။
တော်လှန်ရေးလုပ်ငန်းတွေမှာ ပါဝင်တဲ့အတွက် စစ်ကောင်စီတပ်တွေဟာ ဘာမထီစိန်တို့နေအိမ်က ရှိသမျှပစ္စည်းတွေကို သိမ်းယူခဲ့တယ်။
“ ကိုယ်နဲ့အပေါင်းအသင်းတွေကဆက်ဆံတော့လည်း ဖုန်းဆက်သွယ်ပြန်တော့လည်း သူတို့တော်လှန်ရေးလုပ်တာ ငါတို့ မခေါ်ရဲဘူး။ ဒီနေ့ခေါ်မနက်ဖြန်စက်ပိတ်တဲ့လူတွေအများကြီးပါ။” လို့ ဘာမထီစိန်က ပြောပြပါတယ်။
တော်လှန်ရေးလုပ်ငန်းမှာ ပါဝင်နေတဲ့အတွက် မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အဆက်ဖြတ်ခြင်းကိုလည်းခံခဲ့ရတယ်။
“ စကတည်းကလင်မယားနှစ်ယောက်တည်ထောင်ခဲ့တာ အဆုံးထိတိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီအခက်အခဲတွေကိုရင် ဆိုင်ပြီး အတူတူဖြတ်သန်းခဲ့ပါတယ်။”လို့ ဘာမထီစိန်က ဖွင့်ဟတယ်။
ပြောက်ကျားတပ်အနေနဲ့ရပ်တည်လာရင်း ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ တရားဝင်ပခုက္ကူခရိုင်အမှတ်(၁၉)တပ်ရင်းရဲ့တပ်ခွဲအဖြစ် တာဝန်ယူခဲ့ပါတယ်။
၂၀၂၃ခုနှစ်ဇန်နဝါရီလက ဆိပ်ဖြူမြို့အနောက်ပိုင်းဆောနယ်ဘက်ကို နယ်မြေအခြေအနေနဲ့ကင်းသွားလှည့်ဖို့ တပ်ဖွဲ့ဝင် ၂၂ ဦး သွားခဲ့ကြတယ်။ အဲဒီမှာစစ်ကောင်စီရဲ့ ခြုံခိုတက်ခိုက်ခြင်းကိုခံခဲ့ရပြီး ၁၀ ဦးကျဆုံးခဲ့ကာ နှစ်ဦးဖမ်းဆီးခံခဲ့ရတယ်။
ကျဆုံးသွားသူတွေထဲမှာ ဘာမထီစိန်ရဲ့ခင်ပွန်းဖြစ်သူ ဘာမထီလည်းပါဝင်ခဲ့တယ်။ စစ်ကောင်စီတပ်တွေဟာ ကျဆုံးရဲဘော် တွေရဲ့ အလောင်းတွေကိုနေရာမှာတင် မီးပုံရှို့ခဲ့တယ်။
အဲ့ဒီနေ့ကတော့ ဘာမထီစိန်ဘဝမှာ ဘယ်တော့မှ မေ့ပစ်လို့ရမှာမဟုတ်တဲ့ နေ့တစ်နေ့ဖြစ်ခဲ့တယ်။
ခင်ပွန်းဖြစ်သူကျဆုံးပြီးနောက်မှာတော့ ဘာမထီစိန်ဟာ နောက်တန်းကနေပဲရိက္ခာပိုင်း၊ ထောက်ပို့ပိုင်းတွေကို အဓိက တာဝန် ယူလုပ်ကိုင်နေတယ်။
ဘာထီစိန်ဟာ ခင်ပွန်းဖြစ်သူရှိစဉ်ကတည်းက (၁၀)ဘီးကားလည်းထောင်ထားတော့ ကားမောင်းကားပြင်လည်း ကိုယ်တိုင် လုပ်တတ်ခဲ့တယ်။ အခုတပ်ထဲမှာ ရိက္ခာကားပျက်တာဆိုရင်လည်း ဘာမထီစိန်တစ်ယောက် အသာထိုင်မနေထိုင်ဘဲ မပါမဖြစ် ဝင်ရောက်လုပ်ကိုင်တာပါပဲ။
ဘာမထီစိန်ဟာ ရဲဘော်တွေအပေါ် သားသမီးအရင်း၊တူ၊တူမအရင်းသဖွယ်စောင့်ရှောက်သူဖြစ်ပြီး ပြောစရာရှိရင်လည်း တည့် တိုးပြောတတ်သူတစ်ဦးဖြစ်တယ်လို့ ဆိပ်ဖြူဘာမထီပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ဘဏ္ဏာရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မယွန်းက ပြောပါတယ်။
မယွန်းတို့ရဲဘော်တွေကတော့ ဘာမထီစိန်ကိုချစ်စနိုးနဲ့ အမေထွားလို့ခေါ်ကြပါတယ်။
“ ဒီအဖွဲ့မှာဆိုလည်းသူမလုပ်နိုင်တဲ့အရာဆိုတာရှားတယ်။ ကားဆိုလည်းသူပြင်တတ်တယ်။ ဆိုင်ကယ်က အစပြင်တတ်တယ်။ ထမင်းဟင်းချက်တဲ့နေရာလည်းနိုင်တယ်။ ငွေရှာလည်းကျွမ်းတယ်။ သီးနှံတွေစိုက်တာ စိုက်ပျိုးရေးလုပ်တာလည်း အကုန်လုံး ပိုင်နိုင်တယ်။ ဒီမှာအမေထွားမလုပ်တက်တဲ့နေရာဆိုတာ တော်တော်ရှားတယ်။” လို့ မယွန်းက မှတ်ချက်ပေးပါတယ်။
ဘာမထီစိန်ဟာ သူတစ်ယောက်တည်း ကောင်းစားဖို့ကို ဘယ်တော့မှမကြည့်ဘဲ အများကောင်းစားဖို့ကိုသာ အမြဲရှေးရှုသူ တစ်ဦးလည်း ဖြစ်တယ်။
တော်လှန်ရေးအတွက် စိတ်ဓာတ်ပြင်းထန်သူတစ်ဦးဖြစ်ပြီး စိတ်ဓာတ်ကျတဲ့အချိန်မရှိသလောက်နည်းပါတယ်။
“ အမေထွားစိတ်ဓာတ်ကျတဲ့အချိန်ကရှားတယ်။ဒါပေမယ့် သူ့အမျိုးသားအပြင် ရဲဘော်ကိုးယောက်ကျသွားတုန်းက သူတော် တော်လေးစိတ်ဓာတ်ကျသွားတယ်။” လို့ မယွန်းက ဖွင့်ဟပါတယ်။
ဆိပ်ဖြူမြို့နယ်၊ သဖန်းနွယ်ရွာမှာ မွေးဖွားခဲ့တဲ့ဘာမထီစိန်ဟာ အပျိုဘဝတုန်းကတော့ စက်ချုပ်ဝါသနာပါခဲ့တယ်လို့ သူကိုယ် တိုင်ဖွင့်ဟတယ်။
နောက်ဘာမထီနဲ့အိမ်ထောင်ကျပြီးတော့ ကားမောင်း၊ကားပြင်တာတွေလည်းဝါသနာအရ ကိုယ်တိုင်လုပ်ကိုင်တတ်အောင် သင်ယူခဲ့တယ်။ ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်သက်တမ်းနှစ် ၂၀ကျော်ကြာ ဖြတ်သန်းပြီးတဲ့နောက်မှာတော့ ခွဲခွာခဲ့ရတယ်။
“စစ်အာဏာသာမသိမ်းရင် မိသားစုသုံးယောက်က အိမ်မှာအေးအေးချမ်းချမ်းနဲ့ အခုလို တောထဲတောင်ထဲရောက်လာမှာ မဟုတ်ပါဘူး။” လို့ ဘာမထီစိန်က ပြောပါတယ်။
အခုတော့ခင်ပွန်းဖြစ်သူမရှိတော့ပေမယ့် သမိုင်းပေးတာဝန်ကို ဆက်လက်ထမ်းဆောင်ရင်း အာဏာရှင်မပြုတ်မချင်း ဆက် လက်ကြိုးစားသွားမယ်လို့ ဘာမထီစိန်တစ်ယောက် ဆုံးဖြတ်ထားပါတယ်။ “တော်လှန်ရေးပြီးရင်ဘာဖြစ်ချင်လဲမေးရင် ကိုယ့်အိမ်ကိုယ် အေးအေးချမ်းချမ်းနေချင်တာပဲရှိပါတယ်။”လို့ ဘာမထီစိန်က ဆိုပါ