Home ဆောင်းပါး မိဘနှစ်ပါးတာဝန်ကို တကိုယ်တည်းယူထားသူ စွမ်းအားပြည့်မိခင်များ

မိဘနှစ်ပါးတာဝန်ကို တကိုယ်တည်းယူထားသူ စွမ်းအားပြည့်မိခင်များ

Photo: HI

 

နန်းဆိုင်နွမ်။          ။

“  ဖျက်မချလိုက်ပါနဲ့ ခဏလောက်ဖြစ်ဖြစ် ကမ္ဘာမြေပေါ်ရှင်သန်ခွင့်ပေး….မေမေလူဖြစ်ခွင့်ပေး….”

“ လူဖြစ်ခွင့်ပေးပါ ” ဆိုသည့် အဆိုတော်ဝေလ၏ သီချင်းစာသားကို ခံစားချက်အပြည့်ဖြင့် လူအများက လိုက်ဆို နေကြသော်လည်း လူဖြစ်ခွင့်ပေးသည့်မိခင် Single Mother များကိုတော့ ချိုးနှိမ်မှုများ ရှိနေကြောင်း နန်းတင်မိုး သူက ပြောဆိုလိုက်သည်။

နန်းတင်မိုးသူသည် Single Mother တယောက်ဖြစ်သလို Single Mother များကို စိတ်ဓာတ်မြှင့်တင်ပေးနေသူ လည်းဖြစ်သည်။

Single Mother ဆိုသည်မှာ အိမ်ထောင်ရေး အဆင်မပြေမှုကြောင့်  အိမ်ထောင်ကွဲသွားသူ ကလေးမိခင်များ၊ လင် ယောက်ျားသေဆုံးသွားပြီး တဦးတည်းမိသားစုတာဝန်ယူနေရသူမိခင်များ၊ ချစ်သူ၊ ရည်စား၊ ယောကျ်ားအဖော်က တာ ဝန်ယူခြင်းမခံရသဖြင့် ရရှိလာသည့်ကိုယ်ဝန်ကို ဖျက်မချဘဲ ရအောင်မွေးဖွားသူမိခင်များကို ခေါ်ဝေါ်ခြင်းဖြစ် သည်။

“ Single Mother တွေဟာ ဘယ်လိုလောကဓံ ခံရခံရ၊ ဘယ်လောက်ပဲ ဒုက္ခရောက်ရောက် ကလေးလက်ကို မြဲမြဲ ဆွဲပြီး ကိုယ့်သားသမီးကို လောကအလယ်မှာ လူလားမြောက်တဲ့အထိ ကျွေးမွေးစောင့်ရှောက်သူ၊ သူတို့ကို Single Mother လို့ သတ်မှတ်ကြတာဖြစ်တယ်” ဟု နန်းတင်မိုးသူက ရှင်းပြသည်။

လက်ရှိ သူမဖွဲ့စည်းထားသည့် Lady Grace Single Moms အဖွဲ့မှာ လူ(၁၅၀၀)ကျော်ပါဝင်လာပြီး၊  Single Mother အချင်းချင်းရင်ဖွင့်နိုင်ရန် အမျိုးသားများကို လုံးဝလက်မခံထားကြောင်းနှင့် အားငယ်နေသည့် Single Mother များ၊ စီးပွားရေးအဆင်မပြေသူမိခင်များအချင်းချင်း ပွင့်ပွင့်လင်းလင်းဆွေးနွေးဖလှယ်နိုင်ရန် ဖွဲ့ထားခြင်း ဖြစ်သည်။

“ ဒီအဖွဲ့လေးက အမျိုးသမီးတွေကို အိမ်ထောင်ကွဲဖို့ မြှောက်ပေးနေတာမဟုတ်ပါဘူး။ ဘဝကံအကြောင်းမလှလို့ အ ကြောင်းအမျိုးမျိုးနဲ့ Single Mother ဖြစ်ခဲ့ရတဲ့မိန်းကလေးတွေကို တတ်နိုင်တဲ့ဖက်က ကူညီဖေးမပေးနေတာပါ။ တချို့ဆို စိတ်ဓာတ်ခွန်အားပေးဖို့ လိုအပ်နေပါတယ်” ဟု နန်းတင်မိုးသူကဆိုသည်။

မြန်မာပြည်မှာ လူအများစုက Single Mother ဟုပြောလျှင် လင်ကောင်မပေါ်ဘဲ ကလေးမွေးဖွားသူအဖြစ် ယူဆ ကြပြီး “မိန်းကလေးတွေ အနေအထိုင် မဆင်ခြင်လို့ ကိုယ်ဝန်ရလာတယ်” ဟုသာ တရားသေမှတ်ယူထားကြ ကြောင်း သူမက ထောက်ပြသည်။

“ ကျမတို့က ဘာကိုကြောက်လဲဆိုတော့ Single Mother ဆိုတာ လင်ကောင်မပေါ်ဘဲ ကလေးမွေးတယ်ပေါ့။ တချို့မိန်းကလေးတွေက  ပတ်ဝန်းကျင်ရဲ့ပုတ်ခတ်မှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်နေတာရှိမယ်၊  တချို့က ကိုယ်ဝန်ဖျက်ချချင်တာတွေရှိမယ်။ ဘယ်လမ်းကိုရွေးရွေး သူတို့အတွက်က အန္တရာယ်ရှိတယ်။ မကောင်း ဘူး။ အဲဒါကို ကျမတို့က ကူညီဖြေရှင်းပေးချင်လို့ လုပ်နေတာ။ သူတို့ကို အားပေးနေတာ မဟုတ်ဘူး” ဟု နန်းတင် မိုးသူက ဆိုသည်။

Single Mother ဖြစ်ခြင်းကို လက်မခံနိုင်ကြောင်းနှင့် အမျိုးသမီးများသည် မိမိကိုယ်ကို တန်ဖိုးထားသင့်ကြောင်း၊ ပျော့ညံ့ပြီး အညှာလွယ်ခြင်းကြောင့် Single Mother ဖြစ်ရသည်ဟု အသက်(၅၈)နှစ်အရွယ် ဒေါ်ဥမ္မာစိုးက ပြော သည်။

“ ကံကိုပုံမချကြနဲ့။ ကိုယ့်ညံ့ဖျင်းမှုကြောင့် ကလေးမျက်နှာငယ်ရမယ်။ သူငယ်ချင်းတွေ အဖေခေါ်နေချိန် ဒီကလေး လည်း အဖေခေါ်ချင်မှာပဲ။ စင်ဂဲမားသားဖြစ်တဲ့ အမျိုးသမီးတွေကို အားပေးခြင်းထက် အဲဒီလို မဖြစ်အောင် ပညာ ပေးကာကွယ်ကြပါ” ဟု ဒေါ်ဥမ္မာစိုးက ဆိုသည်။

“အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမှင်ရည်စုတ်ထိုး” ထိုသုံးမျိုး ပြုပြင်ရခက်သည်ဟူသည့် ဆိုရိုးစကားအတိုင်း  အိမ် ထောင်ကွဲအမျိုးသမီးတဦးဖြစ်လာလျှင်  ပထမဦးဆုံး ပတ်ဝန်းကျင်၏ ပြစ်တင်ကဲ့ရဲ့မှုက အမျိုးသမီးတွေကို ဆီးကြို နေသည်။

နန်းတင်မိုးသူသည် အိမ်ထောင်မပြုမီ မိမိ၏အိမ်ထောင်ဘက်နှင့် (၆)နှစ်ကျော်ရည်စားဘဝတွင် ကိုယ့်ဘဝလက်တွဲ ဖော်အဖြစ် သေချာလေ့လာခဲ့ပြီးမှ လူကြီးမိဘရှေ့တွင်  နှစ်ဦးသဘောတူလက်ထပ်ခဲ့သူဖြစ်သည်။

သို့သော်အကြောင်းအမျိုးမျိုးကြောင့် သူမကိုယ်ဝန်(၉)လရှိလာစဉ်တွင် အိမ်ထောင်ဘက်နှင့် အဆင်မပြေမှုတွေ ဆက်တိုက်ဖြစ်လာပြီး အိမ်ထောင်ပြိုကွဲခဲ့ကြကြောင်း သူမက ပြောပြသည်။

အိမ်ထောင်မပြိုကွဲမှီ နန်းတင်မိုးသူက “ ကလေးမျက်နှာနဲ့ ညှိနှိုင်းခဲ့တယ်။ ကျမဖက်က အလျော့ပေးသည်းခံဖို့  ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဘယ်လိုမှ ဒီလောကငရဲကို မခံနိုင်လို့ လက်လွှတ်ခဲ့ရတယ်” ဟု  ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောသည်။

အမျိုးသမီးတိုင်းသည် Single Mother မဖြစ်ချင်ကြသလို  Single Mother ဖြစ်ခြင်းကြောင့်လည်း ဂုဏ်ယူဝံ့ကြွား မည့်သူ မရှိပေ။

“ဘယ်သူမှ တခုလပ်၊ မုဆိုးမ မဖြစ်ချင်ဘူး” ဟု နန်းတင်မိုးသူက ဆိုသည်။

နန်းတင်မိုးသူ တယောက် Single Mother စဖြစ်ချိန်တွင် အကြိမ်ကြိမ်စိတ်ဓာတ်ကျကာ၊ အချိန်တိုင်း ငိုကြွေးနေခဲ့ရ သည်။

Photo: https://www.utep.edu/

ထိုကြောင့် Single Mother တို့၏ဘဝများကို စာနာနားလည်သဖြင့် Single Mother ဖြစ်ပါက ကဲ့ရဲ့ရှုတ်ချသည့် ပတ်ဝန်းကျင်ကို ရင်ဆိုင်နိုင်ရန် လိုအပ်ကြောင်း၊ ရင်ဖွင့်တိုင်ပင်နိုင်သည့်ဝန်းကျင်ကောင်းရှိရန် လိုအပ်သဖြင့် Single Mother များ စုဆုံရာနေရာတခုကို သူမဖန်တီးခဲ့ခြင်းဖြစ်သည်။

Single Mother များသည် မိမိတို့သားသမီးများအတွက် မိခင်တာဝန်သာမက ဖခင်တာဝန်ကို တပြိုင်နက်တည်း ထမ်းဆောင်နေရသူ မိခင်များဖြစ်သည်။

အမျိုးသမီးတိုင်းသည် Single Mother မဖြစ်လိုကြောင်း၊ အမျိုးသားဖက်မှ တာဝန်မယူသည့် ကိုယ်ဝန်ရလာသည့် အခါ ပါတ်ဝန်းကျင်၏ဝေဖန်မှုများကို မခံနိုင်သည့်အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြသူများ လည်း ခေတ်အဆက်ဆက် မနည်းကြကြောင်း အသက်(၄၅)နှစ်အရွယ် Single Mother တဦးဖြစ်သည့် မယမင်း က ပြောသည်။

“ ကျမဆိုရင် ကိုယ့်ကိုကိုယ် Single Mother ဖြစ်လာမယ်လို့ တခါမှ မထင်ခဲ့ဘူး။ ကိုယ့်ချစ်တဲ့သူနဲ့ယူခဲ့တယ်။ သားလေး တယောက်ရလာတယ်။ အိမ်ထောင်ရေးအဆင်မပြေမှုတွေကြောင့်  မခွဲချင်ဘဲခွဲခဲ့ရတယ်” ဟု မယမင်း က ဆိုသည်။

Single Mother ဘဝတွေကို ပတ်ဝန်းကျင်က နားမလည်ပေးကြကြောင်း၊ “အိမ်ထောင်ကွဲရင် အမျိုးသမီးတွေကိုပဲ လက်ညှိုးထိုးတတ်တဲ့ ပတ်ဝန်းကျင်ကို အကြောက်ဆုံးပါပဲ”ဟု မယမင်းက ရင်ဖွင့်သည်။

ဆက်လက်ပြီး မယမင်းက “ မိဘတွေရဲ့အဆင်မပြေမှုတွေကို နေ့တိုင်းမြင်နေရတဲ့သားအတွက် စိတ်ဒဏ်ရာရလာ မှာ ကျမအကြောက်ဆုံးပဲ။ အဆင်မပြေဘဲ အတူတူဆက်နေရင် အချင်းချင်းသတ်ကြတဲ့အဆင့်အထိ ရောက်နိုင် တယ်။ ဘာပဲဖြစ်ဖြစ် Single Mother ဘဝနဲ့ သားလေးကို အကောင်းဆုံးဖြစ်အောင် ပြုစုသွားဖို့စိတ်ပိုင်းဖြတ်လိုက် တယ်”  ဟု သူမက ဆက်ပြောသည်။

အိမ်ထောင်ရေး အဆင်မပြေမှုကြောင့် အိမ်ထောင်ပြိုကွဲသည့်အခါ အဓိကခံစားရသူသည် အမျိုးသမီးများ ဖြစ် ကြောင်း၊ အိမ်ထောင်ရေး အဆင်မပြေမှုဖြစ်လာပြီး အမျိုးသား၏ နည်းမျိုးစုံနှိပ်စက်မှုကြောင့် မိမိကိုယ်ကို သတ် သေဖို့  ကြိုးစားကြသူမှာလည်း အမျိုးသမီးများသာဖြစ်ကြောင်း Single Mother များက ပြောဆိုကြသည်။

မြန်မာ့လူမူအသိုင်းအဝိုင်းမှာ  လင်ယောကျ်ားနှင့် သဘောထားမတိုက်ဆိုင်ပဲ လမ်းခွဲသည့်အမျိုးသမီးများကို “တခု လပ်”အဖြစ် နာမည်ဆိုးတပ်ထားပြီး စနောက်လှောင်ပြောင်ချင်ကြကြောင်း၊  တချို့မှာ  အထင်သေးပြီး သွေးတိုးစမ်း ခံရကြောင်း Single Mother တဦးဖြစ်သည့် မဝင့်ဝါကလည်း ပြောပြသည်။

“ လက်မထပ်သေးဘဲ ချစ်သူနဲ့အတူနေပြီး ကလေးရလာရင်လည်း အပြစ်တင်ရှုတ်ချတာတွေ၊ မေးငေါ့တာတွေ၊ လုပ်ပြန်ရော၊ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသမီးတွေဘဝက အပြောခံရတာ မလွှတ်ဘူး။ အမျိုးသမီးတွေကိုပဲ အပြစ် တင်ကြတယ်” ဟု မဝင့်ဝါက ဆိုသည်။

Single Mother တွေဟာ မိခင်တာဝန်ရော၊ ဖခင်တာဝန်ပါယူရသည့်အတွက် ကလေးများကို ပံ့ပိုးသည့်အခါ အခက်အခဲမျိုးစုံရှိကြောင်း၊ ကလေးများစိတ်အားမငယ်အောင်လည်း အားပေးမှုများ၊ အကာအကွယ်ပေးမှုများပါ တပြိုင်နက်တည်း လုပ်ရကြောင်း မဝင့်ဝါက သူမအတွေ့အကြုံများကို ပြောပြသည်။

“ကလေးစိတ်ထဲမှာ သူ့အဖေကို စိတ်နာတာမျိုး အနာတရလည်း မဖြစ်စေချင်ဘူး။ သူ့(ကလေး)စိတ်ထဲ အနာ တရဖြစ်သွားရင် သူ့အနာဂတ်အတွက် စိုးရိမ်တယ်။ သူ့ဘဝရှေ့ရေး၊ လူမှုရေးတွေ ရိုက်ခတ်မှာ ထိခိုက်မှာ ပူပင်ရ တယ်။ သူ့အဖေဟာ ကောင်းတဲ့သူဖြစ်ဖြစ် ဆိုးတဲ့သူဖြစ်ဖြစ်၊ သူ့မှာ အဖေရှိတယ်ဆိုတာကိုတော့ အမြဲတမ်း ပြောပြ ရတယ်” ဟု မဝင့်ဝါက  ဆိုသည်။

မြန်မာ့ယဉ်ကျေးမှု  ဓလေ့ထုံးတမ်းများနှင့် စကားပုံများအရ Single Mother များကို ခွဲခြားဆက်ဆံမှုများ၊ အထင် အမြင်သေးမှုများ ရှိကြောင်း၊ Single Mother ဆိုသည်မှာ အနှိမ်ခံလူတန်းစား မဟုတ်သကဲ့သို့  ခွဲခြားဆက်ဆံမှု လည်း မပြုလုပ်သင့်ကြောင်း၊ ဝေလ၏ “လူဖြစ်ခွင့်ပေး”သီချင်းကို ကြိုက်နှစ်သက်စွာ သီဆိုနေကြသူများအနေဖြင့် လူဖြစ်ခွင့်ပေးသည့်မိခင်များကို လေးစားရန် လိုအပ်ကြောင်း Single Mother အသိုင်းအဝန်းက ပြောဆိုလိုက် သည်။

Related Articles