ရှင်ငြိမ်း
နံနက်ခင်း လင်းအရုဏ် မရောက်ခင် တိတ်ဆိတ်နေတဲ့ ကန်ရေပြင်ကို သီချင်းသံသဲ့သဲ့လေး တစ်ခုက ဖြိုခွင်းလိုက်ပါတယ်။ ဒီသီချင်းသံဟာ ကန်ရေပြင်ပေါ်က ကျွန်းမျောစိုက်ခင်းတွေကြားက ထွက်လာတဲ့အသံပါ။
သီချင်းဆိုနေသူကတော့ အရောင်မှိုင်းမှိုင်း အင်္ကျီထူထူကို နှစ်ထပ် ဝတ်ဆင်ထားကာ ခပ်ကြီးကြီး ဦးထုတ်အဝိုင်းကို ဆောင်းထားပြီး ခရမ်းချဉ်သီးခူးနေတဲ့ စိမ်း ဖြစ်တယ်။
အသက် ၂၅ နှစ်အရွယ် စိမ်းဟာ LGBT (Lesbian, Gay, Bisexual, Transgender) လို့ခေါ်တဲ့ လိင်စိတ်ခံယူမှု မတူ ကွဲပြားသူဖြစ်ပြီး ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲ ဝတ်ဆင် ခံယူနေထိုင်တဲ့ Transgender woman တစ်ယောက်ပါ။
သူဟာ အိမ်မှာနေရင်ဖြစ်စေ အလုပ်နဲ့ လူမူရေးကိစ္စကြောင့် အပြင်သွားရရင်ဖြစ်ဖြစ် အမျိုးသမီးလို ဝတ်ဆင်ယင်မှုအပေါ် ကဲ့ရဲ့လှောင်ပြောင်တာကို ခံရရုံသာမက ခွဲခြားဆက်ဆံတာတွေနဲ့ ကြုံတွေ့နေရသူပါ။
ခရမ်းချဉ်သီး သွားရွေးရင်လည်း အမျိုးသားနဲ့ အမျိုးသမီးတန်းတူ အလုပ်လုပ်ရပေမယ့် အမျိုးသားတွေ တရက် လုပ်အားခ ၉,၀၀၀ ကျပ်ရရင် စိမ်းကတော့ အမျိုးသမီးလုပ်အားခ ၆,၀၀၀ ကျပ်သာ ရတတ်ပါတယ်။
အမျိုးသမီးတွေ ခရမ်းချဉ်သီးရွေးတာက အလွန်အားစိုက်ထုတ်ရတဲ့ အလုပ်မဟုတ်ဘူးလို့ ထင်မြင်ယူဆတာကြောင့် ခရမ်းချဉ်သီးပုံး ထမ်းရတဲ့ အမျိုးသားတွေကို ပိုပေးတာလို့ စိမ်းက သူ့ယူဆချက်ကို ပြောပါတယ်။
တကယ်တော့ ခရမ်းချဉ်သီးရွေးတယ်ဆိုတာက ထင်သလောက်တော့ မလွယ်လှပါဘူး။ နေပူပူအောက်မှာ ဟင်းသီးဟင်းရွက် ပုတ်တဲ့အနံ့တွေ အရည်တွေ နံစော်နေတဲ့ နေရာမှာ ခရမ်းချဉ်းသီး တစ်လုံးချင်းစီ ရွေးချယ်ပေးရတာ ဖြစ်တယ်။
“LGBT ဖြစ်တော့ သာမန်လူတွေထက် ပိုအလှောင်ခံရတယ်။ အလှသွားပြင်ရင် ကိုယ်ရှေ့မှာ အခြောက်မနဲ့ မပြင်စမ်းပါနဲ့ ဆိုပြီး အထင်သေးသလိုနဲ့ ငွေလည်း တန်ရာတန်ကြေး မပေးဘူး။ တချို့က LGBT ဆိုရင် ကူးစက်ရောဂါ ရနေတဲ့သူလို ကိုယ့်ကိုတွေ့တာနဲ့ နှာခေါင်း ရှုံ့တွန့်သွားတာ ရှိတယ်။”လို့ သူက ပြောပါတယ်။
ဒါတွေဟာ ရှေးအစဉ်အဆက် စွဲမြဲယူဆလာခဲ့တဲ့ အယူအဆစွဲတွေကြောင့် LGBT တွေဟာ လိင်ကိစ္စကလွဲလို့ ဘာမှ မလုပ်တတ်တဲ့ လူပိုတွေလို့ မြင်တဲ့အမြင်နဲ့ အခုလို လှောင်ပြောင် နှိမ့်ချခံရတာလို့ စိမ်းက ဆိုပါတယ်။
LGBT တွေအနေနဲ့ ဒီလိုခွဲခြား နှိမ့်ချခံရတယ်ဆိုတာကလည်း သူတို့နေထိုင်ရာ ပတ်ဝန်းကျင်နဲ့ အုပ်ထိန်းသူ မိဘ၊ ညီအစ်ကို မောင်နှမတွေကနေ စွဲလာခဲ့တဲ့ အယူအဆ မှားတွေကြောင့်လည်း ပါပါတယ်။ LGBT ဖြစ်တာ အတိတ် ဘဝက မကောင်းတာ လုပ်ခဲ့လို့ ဖြစ်ရတာဆိုပြီး မိသားစုနဲ့ ပတ်ဝန်းကျင်က အရှက်ရစရာအနေနဲ့ ထင်မြင် ယူဆတာကြောင့်ပါ။
ဒါ့ကြောင့် စိမ်းဆိုလည်း အမျိုးသမီးလို ဝတ်စားဆင်ယင်မှု ကြိုက်နှစ်သက်တဲ့ LGBT တစ်ယောက် ဖြစ်လာတော့ မိခင်၊ အစ်ကိုနဲ့ အစ်မတို့ရဲ့ ခွဲခြားဆက်ဆံမှု၊ ရိုက်နှက်မှုဒဏ်ကို အပြင်းအထန် ခံခဲ့ရပါတယ်။
ရိုက်နှက်မှုတွေကြား ကြီးပြင်းခဲ့ရသူ
“အမေလည်း အစက ယောကျာ်းလိုနေ၊ မိန်းကလေးလို မနေနဲ့။ ငါမွေးထားတာ သားယောကျာ်းလေးတဲ့။ အဲ့လို ပြောတယ်။ အစ်မကလည်း ရိုက်တယ်။ အစ်ကိုကတော့ လက်သီးနဲ့ထိုးတာ။ ခဏခဏ ပတ်ပြေးရတယ်။ အသေထိုးတာ။”လို့ စိမ်းက သူ့ငယ်စဉ်က အကြောင်းကို ပြောပြပါတယ်။
အစ်ကိုဖြစ်သူက စိမ်းကို ဘယ်လောက်ထိ ရိုက်နှက်ထိုးကြိတ်ခဲ့လဲဆိုရင် စိမ်းရဲ့ နဖူးတို့၊ လက်တို့မှာ ရရှိခဲ့တဲ့ အမာရွတ်တွေက သက်သေခံနေပါတယ်။
အမေနဲ့ အစ်မကတော့ သူရဲ့ဖြစ်တည်မှုကို သိရှိပြီးနောက်ပိုင်း ဆူပူကြိမ်းမောင်းတာ မလုပ်တော့ပေမယ့် အစ်ကိုကတော့ အခုထိ မကြိုက်တဲ့ အမူအရာနဲ့ ဆန့်ကျင်နေဆဲလို့ စိမ်းရဲ့ အစ်မက ရှင်းပြပါတယ်။
အဲ့ဒီလို အရိုက်ခံ၊ ထိုးနှက်ခံရတိုင်း “ငါ မိန်းကလေးလို ဝတ်တာက အပြစ်တစ်ခုလား။ ငါ ဘာမှားလို့လဲ”လို့ မကြာခဏ တွေးပြီး ဝမ်းနည်းခဲ့ရတယ်လို့ စိမ်းက ပြောပါတယ်။
“အရင်ကတော့ သူမိန်းကလေးလို ဝတ်တာ မကြိုက်ဘူး။ ဒါပေမဲ့ မိန်းကလေးလို ဝတ်တာက သူများကို ထိခိုက်နေတာမှ မဟုတ်ဘဲ။ ကျမအတွက်တော့ စိမ်းက ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ် လိမ္မာအားကိုးရတဲ့ ကလေးပါ။”လို့ စိမ်းရဲ့ မိခင်က ပြောပါတယ်။
စိမ်းတို့ မိသားစုတွေဟာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ကေလာကျေးရွာမှာ နေထိုင်ပြီး အင်းလေးကန် ကျွန်းမျောပေါ်မှာ ခရမ်းချဉ်သီးစိုက်ပျိုးရင်း အသက်မွေးဝမ်းကျောင်းပြုသူတွေပါ။
သူ ကိုးနှစ်အရွယ်လောက်မှာ သနပ်ခါးလိမ်းတာ၊ ပန်းပန်ရတာကို စတင်ကြိုက်နှစ်သက်လာပြီး ကိုယ့်ကိုယ်ကိုယ် အမျိုးသမီးလို ဝတ်ဆင်ရတာကို နှစ်သက်ကြောင်း သတိပြုမိခဲ့တယ်။ မိန်းကလေးလို ဝတ်ဆင်ရတာ ကြိုက်ပေမယ့် အစပိုင်းမှာ မိသားစုနဲ့ ပတ်ဝန်းကျင်ကို ကြောက်ရွံ့တာကြောင့် သနပ်ခါးလိမ်း၊ ပန်းပန်တာလောက်ပဲ လုပ်ခဲ့ရတယ်။
ကျောင်းကို ပထမဆုံး သနပ်ခါးလိမ်းသွားတော့ ဆရာမတွေက မဆူပေမယ့် အတန်းဖော် သူငယ်ချင်းတွေကတော့ အပေါင်းအသင်း မလုပ်တာ၊ အခြောက်မလို့ ခေါ်ပြီး စနောက်တာတွေ ကြုံခဲ့ရတယ်လို့ စိမ်းက ဆိုပါတယ်။
ဒါ့အပြင် အတန်းကြီး ယောကျာ်းလေးတချို့ရဲ့ အရှက်ခွဲ၊ အနိုင်ကျင့်တာတွေလည်း စိမ်းတစ်ယောက် ရင်ဆိုင်ခဲ့ရတယ်။
“နောက်ပိုင်း ကိုယ့်စိတ်က မိန်းကလေးလို ဝတ်ချင်စိတ် အရမ်းပြင်းပြနေတော့ ရိုက်မှာတွေ၊ ထိုးတာတွေလည်း သိပ်မကြောက်တော့ဘူး။ ဒါပေမဲ့ ယောကျာ်းလေးတွေ ဟိုကိုင်၊ ဒီကိုင်လုပ်မှာ ကြောက်တယ်။” လို့ စိမ်းက ပြောပါတယ်။
စိမ်း ကိုးနှစ်အရွယ်မှာ ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့လို့ သူတို့မောင်နှမကို မိခင်ဖြစ်သူက ခရမ်းချဉ်သီးစိုက်ပြီး ကျွေးမွေးခဲ့ ရတယ်။ နွမ်းပါးပြီး မိခင်ကလည်း နှလုံးရောဂါဖြစ်လာတော့ မိသားစုတာဝန်ကို သူတို့မောင်နှမတွေက ပုခုံးပြောင်း တာဝန် ယူခဲ့ရတယ်။
လောကဓံကြားက စိမ်း
အစ်ကိုနဲ့ အစ်မဖြစ်သူ အိမ်ထောင်ခွဲသွားတော့ မွေးချင်းမောင်နှမ သုံးယောက်ထဲမှာ အငယ်ဆုံးဖြစ်တဲ့ စိမ်းက ကိုးတန်းနဲ့ ကျောင်းထွက်ပြီး ကျန်းမာရေးမကောင်းတဲ့ မိခင်ကို ရှာဖွေကျွေးမွေးခဲ့ရတယ်။
အစ်ကိုနဲ့ အစ်မက အိမ်ထောင်ကိုယ်စီ ရှိပေမယ့် နွမ်းပါးတာကြောင့် ကျန်းမာရေး မကောင်းတဲ့ မိခင်ကို မထောက်ပံ့နိုင်တဲ့ အပြင် သူတို့ကလေး သုံးယောက်ကိုပါ စိမ်းက အလုပ်မျိုးစုံလုပ်ကိုင်ရင်း ရုန်းကန်ရှာကျွေးနေရတာပါ။
“စိမ်းက အရမ်းအလုပ်လုပ်တယ်။ တခု မလုပ်ရရင် ရတဲ့အလုပ် ရှာလုပ်တယ်။ သူပြန်လာရင် ပိုက်ဆံအမြဲပါတယ်။ ရတဲ့ငွေအကုန် အမေ့ကို အပ်တယ်။ သူဝယ်ချင်တာရှိမှ အမေ့ဆီက ပြန်တောင်းသုံးတယ်။”လို့ အစ်မဖြစ်သူက ပြောပါတယ်။
စိမ်းဟာ မနက်စောစော ၆ နာရီလောက် အိမ်ကနေ ထွက်ပြီး ကျွန်းမျောစိုက်ခင်းပေါ်မှာ ပျိုးနုတ်၊ ခရမ်းချဉ်သီးခူး စတဲ့ အလုပ်တွေကို တစ်နေကုန်လုပ်ကိုင်ပြီး ည ၇ နာရီလောက်ဆိုရင် ပုံမှန်အိမ်ပြန်ရောက်လေ့ ရှိတယ်။
အလုပ်က နေပူကျဲကျဲထဲလုပ်ရပြီး ရတဲ့ငွေကြေးနဲ့ လုပ်ရတဲ့အလုပ်က ပိုပင်ပန်းပေမယ့် နှလုံးရောဂါသည် မိခင် ဆေးဖိုးနဲ့ ဆေးခန်းပြလို့ရအောင် လုပ်ကိုင်နေရတာပါ။
စိမ်းရဲ့ ခရမ်းချဉ်သီးခြံက ၁၀ ရက်မှ တစ်ခါခူးရပြီး တစ်ခါခူးရင် အသီး အထွက်ကောင်းတဲ့အပေါ် မူတည်ပြီး အနည်းဆုံး အချိန် ၃၀ လောက် ရတတ်ပါတယ်။ အချိန် ၃၀ ရောင်းရမှ အများဆုံး ငါးသောင်း၊ အနည်းဆုံး နှစ်သောင်းခွဲလောက်သာ ရလေ့ ရှိတယ်။
ဒီဝင်ငွေနဲ့ မိသားစုမလုံလောက်တော့ စိမ်းက တခြားခြံတွေမှာ နေ့စားထွက်လုပ်ရပါတယ်။ အင်းလေးဒေသမှာ တခြား လုပ်ငန်းတွေ ရှိပေမယ့် LGBT ဖြစ်လို့၊ ပညာမတတ်လို့ဆိုပြီး အလုပ်မပေးချင်တာ များတယ်လို့ ရှင်းပြပါတယ်။
ဒါပေမဲ့ ဒီလိုခွဲခြားတာတွေ၊ နှိမ့်ချပြောဆိုတာတွေ၊ လှောင်ပြောင်သရော်တွေကို စိမ်းက ဂရုမစိုက်ဘဲ သူ့အလုပ်သူ ဆက်လုပ်နေခဲ့ပါတယ်။
“သူတို့ဘယ်လိုပြောပြော ကိုယ်အလုပ်လုပ်မှ ကိုယ်ဝင်ငွေရမှာလေ။ ရန်လည်းဖြစ်မနေပါဘူး။ LGBT ဆိုတာ အပြစ်သားမှ မဟုတ်တာလေ။”လို့ စိမ်းက ပြောပါတယ်။
နွေအကုန် မိုးရာသီအကူးမှာ ရေပေါ်စိုက်ခင်းတွေကြား အလုပ်လုပ်လို့ရပေမယ့် ဆောင်းရာသီဆိုရင်တော့ စိမ်းတို့ အနေနဲ့ ခရမ်းချဉ်သီး စိုက်လို့မရတော့ ဒီအချိန်တွေဆို စားဝတ်နေရေး အခက်အခဲ ဖြစ်ကြရတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့အတွက် စိမ်းဟာ သူဝါသနာပါတဲ့ မိတ်ကပ်ပညာကို သင်ယူပြီး ဝင်ငွေရှာပါတယ်။ သင်တယ် ဆိုတာကလည်း နာမည်ကြီး ပညာရှင်တွေနဲ့ စနစ်တကျ သင်ယူတာ မဟုတ်ဘဲ ရွာထဲမှာ လိမ်းနေတဲ့ မိတ်ကပ်ပညာရှင် တစ်ယောက်ရဲ့ နောက်ကနေ အကူအနေနဲ့ လိုက်ပြီး သင်ယူခဲ့ရတာပါ။
“ပြောရရင်တော့ ဒီအလုပ်ကို ကိုယ်က ဝါသနာပါတဲ့သူဆိုတော့ မြင်တာနဲ့ တတ်လွယ်တယ်။ နောက်ပိုင်းရွာထဲက အလှူ၊ မင်္ဂလာဆောင်တွေမှာ ခေါ်လိမ်းကြတော့ အခုဆို တော်တော်လိမ်းပေးနေရပြီ။”လို့ စိမ်းက ပြောပါတယ်။
ကေလာရွာနဲ့ အင်းလေးဒေသဝန်းကျင်မှာ လုပ်တဲ့ ရှင်ပြု၊ အလှူနဲ့ မင်္ဂလာပွဲတွေမှာ စိမ်းက မိတ်ကပ်၊ ဆံထုံးနဲ့ လက်ဝတ်လက်စားတွေပါ ငှားရမ်း ပြင်ဆင်ပေးတာပါ။
ဒါပေမဲ့ ဒီအလုပ်ကလည်း စိမ်းတို့ မိသားစု စားဝတ်နေရေးအတွက် အနည်းငယ်သာ အထောက်အကူ ဖြစ်ပါတယ်။ အလှူ့အမ တစ်ဦးပြင်ရင် ငွေ ငါးသောင်းကျပ် ရတယ်ဆိုပေမယ့် ဝယ်ထည့်ရတဲ့ မိတ်ကပ်ပစ္စည်းတွေနဲ့ စရိတ်တွေ နုတ်ရင် သူ့အတွက်က ဘာမှမကျန်ပါဘူး။
“ရတဲ့ငွေကို မိတ်ကပ်ပစ္စည်းတွေ ဝယ်ထည့်ရတယ်။ လမ်းစရိတ်၊ နေစားစရိတ်နဲ့ ကိုယ်အတွက် သိပ်မကျန်ဘူး။ ဒါပေမဲ့ စိမ်းပျော်ပါတယ်။ အမေကိုလည်း ဆေးခန်းပြနိုင်တယ်လေ။”လို့ ဆိုပါတယ်။
အမေ့ခံစိမ်း အိပ်မက်
စိမ်းရဲ့ အနာဂတ် အိပ်မက်ဟာ မိတ်ကပ်ပညာရှင် ဖြစ်ချင်တာပါ။ အခုကတော့ သူက လိမ်းတတ်တယ်ဆိုပေမယ့် ပညာရှင်အဆင့် မဟုတ်သေးပါဘူး။ ဒါ့ကြောင့် အခြေအနေပေးရင် မိတ်ကပ်ပညာကို ကျွမ်းကျင်အောင် သင်ယူချင်တာပါ။
ဒါပေမဲ့ အခုချိန်မှာတော့ မိခင်ဆေးကုဖို့နဲ့ တူလေးတွေ ကျောင်းစရိတ်အတွက် ရုန်းကန်နေရဆဲဖြစ်လို့ သူ့အိပ်မက်တွေကို ခဏ မေ့ထားနေရပါတယ်။ အလှပြင်တဲ့လုပ်ငန်းကလည်း သူဝါသနာလွန်းလို့သာ ဆက်လုပ်ကိုင်နေတာပါ။ စိန်ခေါ်ချက် အများကြီး ရှိနေပါတယ်။
“မင်္ဂလာဆောင်တွေဘာတွေသွားပြင်ရင် အမျိုးသားတွေကစချင်၊ နောက်ချင်ကြတယ်။ နောက်ကလေးတွေဆိုရင် ဟယ် .. အခြောက်မကြီးလာပြီဆိုပြီး ဝိုင်းအော်တော့ ကလေးဆိုတော့လည်း ပြောရခက်နော်။ အဲ့လိုတွေ ခဏခဏကြုံရတယ်။”လို့ စိမ်းက ရှင်းပြပါတယ်။
ဒါ့အပြင် LGBT ဆိုရင် သူခိုးလိုလို ကြမ်းပိုးလိုလို ထင်တတ်သူတွေကလည်း စိမ်းတွေ့တိုင်း “အခြောက်မ လာပြီ။ ပြေးပြေး။ ရည်စားစကားပြောလိုက်” ဆိုတာမျိုးတွေလည်း စနောက်ခံနေရတယ်လို့ ဆိုပါတယ်။
ဒါတွေကို သည်းခံစိတ်နဲ့ ရှောင်တိမ်းခဲ့ပြီး ကိုယ့်အလုပ်ကိုယ် အာရုံစိုက်လုပ်ကိုင်ကာ ဘယ်အမျိုးသားနဲ့မှ အရောဝင် စကားပြောတာမျိုး မလုပ်ခဲ့လို့လည်း အခုထိ အင်းလေးကန်တဝိုက်မှာတော့ စိမ်းက တည်ငြိမ်အေးဆေးသူအဖြစ် လူသိများပါတယ်။
စိမ်းအနေနဲ့ သူရဲ့ဖြစ်တည်မှုအပေါ်ခွဲခြားဆက်ဆံတာတွေကို လုံးဝ မကြိုက်နှစ်သက်သလို LGBT ဆိုတာ ခွဲခြား နှိမ့်ချရမယ့်လူ မဟုတ်ဘူးဆိုတာကို သူ့အလုပ်နဲ့ သက်သေပြနိုင်ဖို့ အစဉ်ကြိုးစားနေသူ ဖြစ်တယ်။
ဒီလို LGBTတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုတွေကတော့ အခုမှရှိတာ မဟုတ်သလို စိမ်းတစ်ယောက်တည်း ခွဲခြား ဆက်ဆံခံနေရတာလည်း မဟုတ်ပါ။ LGBT လို့ခေါ်တဲ့ လိင်စိတ်ခံယူမူ မတူကွဲပြားသူတွေကို အစဉ်အလာအနေနဲ့ မြန်မာ လူ့အသိုင်းအဝိုင်းက ခွဲခြားဆက်ဆံနေတာ ရှေးယခင်ကတည်းကပါ။
ဒါ့ကြောင့်လည်း မြန်မာနိုင်ငံမှာရှိတဲ့ LGBTတွေဟာ သူတို့အပေါ် ခွဲခြားဆက်ဆံမှုတွေ၊ နှိမ့်ချမှုတွေ၊ ကြောက်ရွံ့မုန်းတီးမှုတွေ မရှိစေရေးအတွက် အခမ်းအနားတွေ ကျင်းပပြီး အသိပညာပေးမှုတွေ ပြုလုပ်နေတာပါ။
မေလ ၁၇ ရက်ဟာ အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေးနေ့ (IDAHOT) နေ့ ဖြစ်ပါတယ်။ ဒီလိုနေ့တွေရောက်တိုင်း LGBT တွေဟာ သူတို့ရဲ့ဖြစ်တည်မှုကို ပွင့်လင်းစွာ ထုတ်ပြပြီး LGBT ဆိုတာ စိတ် ရောဂါတစ်မျိုး မဟုတ်ကြောင်း ပြဆိုခဲ့ကြတယ်။
၁၉၆၉ ခုနှစ်၊ ဇွန်လ ၂၈ ရက်မှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာရှိတဲ့ စတုန်းဝေါလ်အင်းဆိုတဲ့ ဂေးကလပ် တစ်ခုကို ရဲတပ်ဖွဲ့တွေက ရက်ရက်စက်စက် ဝင်ရောက်ဖြိုခွင်းရာကနေ LGBT တွေအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေးနေ့ ဖြစ်လာခဲ့တယ်။
နှစ်စဉ် ဇွန်လရောက်တိုင်း LGBT တွေအပေါ်ခွဲခြားဆက်ဆံတာတွေ မပြုလုပ်ကြဖို့ဆိုတဲ့ လှုပ်ရှားမှုတွေ၊ အသိ ပညာပေးမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လေ့ ရှိတယ်။
ဒီလိုရှေးရိုးစွဲ အယူအဆတွေ လက်ခံကျင့်သုံးနေဆဲဖြစ်တဲ့ မြန်မာ့လူမူအသိုင်းအဝိုင်းမှာတော့ စိမ်းတို့လို LGBTတွေ အနေနဲ့ ခွဲခြားနှိမ့်ချမှုတွေ ပပျောက်ဖို့ ဆက်လက် ရုန်းကန်နေကြရဦးမှာ မလွဲပါပဲ။ ။