Home ဆောင်းပါး ပြန်လမ်းမဲ့ဘဝများ

ပြန်လမ်းမဲ့ဘဝများ

နန်းဆိုင်နွမ်။ ။

“ကျမတို့ပြန်ဖို့ အိမ်ရှိ၊မရှိတော့ မသိဘူး။ အခုချိန်ထိ တိုက်ပွဲတွေက ဖြစ်နေသေးတယ်။ ကျမတို့အိမ်ကို ဘယ်လိုစိတ်နဲ့ပြန်ရမှာလဲ” လို့ အသက် ၃၆နှစ်အရွယ် မအဲဂနက် က စိတ်မကောင်းစွာနဲ့ ပြောပါတယ်။

မအဲဂနက်ဟာ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့ ကရင်နီ(ကယား)ပြည် ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့ကို ထွက်ပြေးတိမ်းရှောင် လာခဲ့သူ ဖြစ်ပါတယ်။

စစ်ရှောင်လာချိန် မအဲဂနက်မှာ အသက် (၇၀)ကျော် အဖိုး၊ အသက် ၁၃နှစ်အရွယ်၊ အသက်၁၁နှစ်အရွယ်နဲ့ အသက် ၇နှစ် အရွယ်ရှိ သမီး(၃)ဦးနဲ့အတူ ကားတလှည့် ခြေကျင်တလှည့်နဲ့ ကရင်နီ(ကယား)ပြည်နယ်ကနေပြီး မိုင်၅၀ လောက်ဝေးတဲ့ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ ထိရောက်အောင် အဆင့်ဆင့်တိမ်းရှောင်ခဲ့ရပါတယ်။

“ကျမတို့ မိသားစု ဒီနေရာလေးရောက်အောင် နေရာငါးနေရာ ပြောင်းလိုက်ရွှေ့လိုက်ပဲ။ ဆီဆိုင်ရောက်မှပဲ သေနတ်သံမကြားရ စိတ်သက်သာရတယ်။ ကလေးတွေလည်း ဒီမှာ ကျောင်းတက်နေရပြီလေ” လို့ မအဲဂနက် က ပြောပါတယ်။

သူမဟာ စစ်ဘေးရှောင်မလာခင် ဒီးမော့ဆိုမြို့ပေါ်မှာ ခေါက်ဆွဲ၊ အကင်တွေ ရောင်းတဲ့ အိမ်ဆိုင်ဖွင့်လှစ်ခဲ့ပြီး တရက်လျှင် ကျပ်ငွေ ၂သိန်းကျော် ဝင်ငွေရှိခဲ့ပါတယ်။ အဲဒီ ဝင်ငွေတွေနဲ့ မိသားစုဝင်တွေ စားဝတ်နေရေး အဆင်ပြေခဲ့ပါတယ်။

အခုတော့ မိသားစုဟာ ဆီဆိုင်မြို့ စစ်ဘေးရှောင်စခန်းမှာ နေလာတာ ၁၀လ သာရှိလာပြီး၊ သမီးငယ်တွေလည်း စစ်ရှောင်စခန်းမှာ နေနေရပြီး မိခင်ဖြစ်တဲ့ မအဲဂနက်လည်း ဆိုင်ရှင်ဘဝကနေ နေ့စားအဖြစ် သူများဆီမှာ သွားရောက်လုပ်ကိုင် နေရပါတယ်။

ပြေးရင်းလွှားရင်း ခက်ခက်ခဲခဲနဲ့ နောက်တကြိမ်ဘဝကို ပြန်လည်အခြေကျဖို့ ကြိုးစားနေချိန်မှာပဲ စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးက မအဲဂနက်တို့နေထိုင်တဲ့ စစ်ဘေးရှောင်စခန်းကို ဖျက်သိမ်းရန် လာရောက်ပြောဆိုခဲ့ပါတယ်။

အဲ့နောက်မှာ မအဲဂနက်ဟာ စောင့်တည်မရဖြစ်ပြီး နေရပ်ပြန်ရင်လည်း အန္တရာယ်ကြား ပဋိပက္ခစစ်ပွဲတွေကြား ဆက်ထွက်ပြေးလာရမှာကို တွေးပူနေပါတယ်။

“ ကျမတို့ဘက်မှာ တိုက်ပွဲက ဆက်ဖြစ်နေတော့ အိမ်ကိုလည်း ပြန်မကြည့်နိုင်ဘူး။ လက်နက်ကြီးထိလို့ ပျက်စီးသွားပြီလား ဘာမှမသိရဘူး။ ပြန်ဖို့က ကြောက်စိတ်ရှိတာပေါ့။ ပြန်ပြီး ပြန်ထွက်ပြေးလာနေရမှာလားဆိုတဲ့ စိုးရိမ်စိတ်ကရှိတာပေါ့” လို့ မအဲဂနက် က ပူပင်စွာ ပြောပြလာပါတယ်။ ဆီဆိုင်မြို့နယ်အတွင်းမှာ စစ်ဘေးရှောင် ၅၀၀၀ ကျော်ရှိပြီး အဲ့သူတွေကို အခုနှစ် အောက်တိုဘာလဆန်းပိုင်းမှာ ဆီဆိုင်မြို့နယ် အုပ်ချုပ်ရေးမှူးက ဆီဆိုင်စစ်ဘေးရှောင်ကော်မတီဝင်တွေကို ခေါ်ယူပြီး လကုန်ပါက စစ်ရှောင်စခန်းကို အပြီးဖျက်သိမ်းရန် လာရောက်ပြီးဖိအားပေးခဲ့ပါတယ်။

ဒါ့ပေမယ့် ဆီဆိုင်မြို့နယ် စစ်ရှောင်ကော်မတီတွေကတော့ အပြီးဖျက်သိမ်းဖို့ မဖြစ်နိုင်ကြောင်းပြောဆိုပြီး ညှိနှိုင်းခဲ့ရာမှာတော့ အုပ်ချုပ်ရေးမှူးက အခုနှစ်ကုန်ပိုင်း ဖျက်သိမ်းရန်ထပ်မံ ပြောဆိုဖိအားခဲ့ကြောင်း ဆီဆိုင် စစ်ဘေးရှောင် ကော်မတီဝင် ကိုကျော်က ပြောပါတယ်။

“အစကတော့ အောက်တိုဘာ လကုန်အပြီးဖျက်သိမ်းဖို့ပြောတယ်။ စစ်ရှောင်တွေပြန်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောတော့ ဒီနှစ်ကုန်ဆိုပြီး ပြန်ပြောလာတယ်။ ခုချိန်ထိ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတာ ဘယ်လိုမှ ပြန်လို့မရဘူး” လို့ စစ်ရှောင်ကော်မတီဝင် ကိုကျော် ကဆိုပါတယ်။

လက်ရှိအချိန်ထိ ကရင်နီပြည်မှာ စစ်ရေးပဋိပက္ခတွေဟာ ဆက်လက်ရှိနေသေးတဲ့အတွက် စစ်ဘေးရှောင်တွေ နေရပ်ပြန်ပါက လုံခြုံရေးအတွက် စိုးရိမ်ရပြီး၊ စစ်ဘေးရှောင် အများစုဟာ အမျိုးသမီး၊ကလေးငယ်နဲ့ အသက်ကြီးတဲ့သူတွေဖြစ်တဲ့အတွက် ပိုပြီးခက်ခဲနိုင်ကြောင်းလည်း ကိုကျော်က မှတ်ချက်ပြုလိုက်ပါတယ်။

“ တကယ်လို့ စစ်ရှောင်တွေ ပြန်မယ်ဆိုရင် အရေးပေါ်ဖြစ်ရင် ပြေးလွှားရခက်တယ်လေ။ ကလေးတွေ အမျိုးသမီးတွေ အသက်ကြီးသူတွေက ပြေးလွှားရတာ လွယ်တာမဟုတ်ဘူး။ သက်ဆိုင်ရာဌာနာတောင် သွားမနေရဲသေးတာ သူတို့ ဘယ်လိုပြန်ရမှာလဲ” လို့ ကိုကျော်က ဝေဖန်ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အောက်တိုဘာလကုန်ပိုင်းက ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည် ၁ ဒဿမ ၄ သန်းအထိ ရှိနေကြောင်း ဆိုပါတယ်။

အဆိုပါအရေအတွက်ထဲက ၁သန်းကျော်ဟာ အာဏာသိမ်းပြီးနောက် ဖြစ်လာခဲ့တဲ့ စစ်ဘေးဒုက္ခသည်တွေဖြစ်ပြီး ကျန်အရေအတွက်ကတော့ အာဏာမသိမ်းခင်ကတည်းက ထွက်ပြေးနေကြရသူတွေဖြစ်ပါတယ်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်ဘက်က စစ်ဘေးရှောင် စခန်းတွေကိုလည်း စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးက ဖျက်သိမ်းပြီး နေရပ်ပြန်ဖို့ ဖိအားပေးနေကြောင်းလည်း စစ်ဘေးရှောင်ကူညီနေတဲ့ သူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ က ကျောက်မဲမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ပြောနေချိန်မှာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)ဘက်ကတော့ နယ်မြေအခြေအနေ မတည်ငြိမ်သေးတဲ့အတွက် နေရပ်မပြန်ရန် လာရောက်ပြောဆိုခဲ့ကြောင်းလည်း ကျောက်မဲ စစ်ရှောင်အမျိုးသမီး ဖြစ်တဲ့ နန်းအောင် က ပြောပါတယ်။

“ ကျမတို့ ပြန်တော့မပြန်ချင်ဘူး။ အခုတော့ တိုက်ပွဲဖြစ်သံမကြားရဘူး။ ဒါ့ပေမယ့် ကျမတို့ မပြန်ချင်ဘူး။ ပလောင်တပ်ကလည်း မပြန်ခိုင်းသေးဘူးလေ။ ပြန်ရင်လည်း ဘယ်လို ပြန်စရမှာလဲမသိသေးဘူး.” လို့ နန်းအောင်က ဆိုပါတယ်။

နန်းအောင်တယောက်ဟာ အိမ်ပြန်ဖို့အရေးတွေဝေနေပြီး၊ တိုက်ပွဲဖြစ်ပွားချိန်တုန်းက ဒေသမှာ ထောင်ထားတဲ့ မြေမြုပ်မိုင်းတွေ မရှင်းလင်းသေးတဲ့အတွက် သူမက စိုးရိမ်စိတ်ရှိနေပါတယ်။

သူမဟာ ၂၀၂၁ခုနစ် အတွင်းက သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေးလာတဲ့သူဖြစ်ပါတယ်။

“ကျမတို့ ဒေသမှာ သူတို့ မြေမြုပ်မိုင်းတွေ အများအပြား ရှိထားတယ်။ တကယ်လို့ ကျမတို့ ပြန်သွားရင် လုံခြုံရေး အတွက် တာဝန်မယူပေးနိုင်ဘူးလို့ သူတို့က ပြောတယ်။ အခုတော့ ပြန်ရမလား၊ မပြန်ရဘူးလား ဖြစ်နေတယ် “ဟု စစ်ရှောင်တစ်ဦး ဖြစ်တဲ့ နန်းအောင်က ဆိုပါတယ်။

နန်းအောင်တယောက်ဟာ အိမ်ပြန်ဖို့အရေးတွေဝေနေပြီး၊ တိုက်ပွဲဖြစ်ပွားချိန်တုန်းက ဒေသမှာ ထောင်ထားတဲ့ မြေမြုပ်မိုင်းတွေ မရှင်းလင်းသေးတဲ့အတွက် သူမက စိုးရိမ်စိတ်ရှိနေပါတယ်။ ဒါ့ပြင် ကွတ်ခိုင်မြို့ပေါ်နဲ့ မြို့အနီးဝန်းကျင် ၁၀နှစ်နီးပါး စစ်ဘေးရှောင်လာတဲ့ ဒေါ်ရွယ်တယောက်လည်း အိမ်ပြန်ရန် ကျေးရွာ၊ နေအိမ်မရှိတဲ့အတွက် စိုးရိမ်သောကတွေနဲ့ ဖြစ်နေပါတယ်။

“ ကျမတို့ ဘယ်အိမ်ကိုပြန်ရမှာလဲ။ ပြန်စရာဆိုတာလည်းမရှိတော့ဘူး။ ရွာလည်းမရှိတော့ဘူးလေ” လို့ ဒေါ်ရွယ်တယောက် စိတ်မကောင်းစွာ ပြောပါတယ်။

ဒေါ်ရွယ်တယောက် ဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနစ်တုန်းက မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကွတ်ခိုင်မြို့အနီးရှိ စစ်ရှောင်စခန်းကို မိသားစုလိုက်ထွက်ပြေးလာခဲ့ကြသူပါ။

ဒေါ်ရွယ်တို့နေရပ်ဟာ လက်ရှိအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ နယ်မြေနဲ့နီးတဲ့နေရာဖြစ်တဲ့အတွက် စစ်ရှောင်စခန်းကို ရောက်လာတဲ့ ၁၀နှစ်ကျော်ကာလမှာတော့ သူမကတော့ တကြိမ်တခါမျှ မပြန်သွားပါဘူး။

“ ကျမတို့က အဲ့ဘက်ကို မသွားရဲတာက မိုင်းတွေရှိမှာ ကြောက်လို့။ နောက် လက်နက်ကိုင်တွေလည်းရှိတော့ တိုက်ပွဲက အချိန်မရွေးဖြစ်နိုင်တယ်လေ” လို့ ဒေါ်ရွယ်က ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကွတ်ခိုင်မြို့နယ် မှာ စစ်ရှောင် (၁၂)ခုရှိပြီး စစ်ရှောင် (၅)ခုဖြစ်တဲ့ ဇွပ်အောင်၊ ကာလိုင်မန်ဆာ၊ ပန်ကူ၊ မိုင်းယုလေး နဲ့ လွယ်မှုန်ဆာစစ်ရှောင်တွေကို ဖျက်သိမ်းဖို့ စစ်ကောင်စီ တွေက မကြာခဏ ဖိအားလာပေး နေကြောင်း လည်း စစ်ရှောင် ကူညီတဲ့သူတွေက ပြောဆိုလာပါတယ်။

သက်ဆိုင်ရာက မိုင်းရှင်းလင်းရေးကိစ္စတွေ ကျည်ထိမှတ်ထားတဲ့အိမ်တွေ ပျက်စီးသွားတဲ့အိမ်တွေကို ပြန်မဆောက်ရသေးဘဲ စစ်ဘေးရှောင်ကို ဖြစ်သလို နေရပ်ပြန်ခိုင်းတဲ့ လုပ်ရပ်ဟာ လူသားချင်းစာနာမှု မရှိတဲ့ လုပ်ရပ်ဖြစ်ကြောင်းလည်း စစ်ဘေးရှောင်ကူညီပေးနေသူတွေက ထောက်ပြပြောဆိုလိုက်ပါတယ်။

“ စစ်ရှောင်တွေကက ဒီမှာနေတာ ၁၀နှစ်ရှိပြီ။ ပြန်ရင်တော့ ဘယ်လို မှ မရဘူး။ ပြန်လည်ထူထောင်ဖို့က ခက်တယ်လေ။ သူတို့ကတော့ ပြန်လို့အဆင်မပြေဘူး။ အိမ်လည်းမရှိ ရွာလည်းပျက်နေပြီလေ။ သူတို့ နေရာပြန်ချပေးမှ ရမယ်။ နေရာပြန်ချထားရေး မလုပ်ပေးနိုင်ရင် ဘယ်လိုမှ ပြန်လို့မရဘူး” လို့ ကွတ်ခိုင် စစ်ရှောင်ကူညီပေးနေတဲ့ ဒေါ်ထန်ဒင်း က ထောက်ပြ ပြောဆိုပါတယ်။

လက်ရှိအခြေအနေအရ စစ်ရေး၊နိုင်ငံရေး ရှုပ်ထွေးနေပြီး စားဝတ်နေရေး ရှာဖွေစားသောက်ရန် ခက်ခဲနေချိန်မှာ အာဏာသိမ်းစစ်ကောင်စီက အခုလို စစ်ဘေးရှောင်တွေကို နေရပ်ပြန်ခိုင်းတာဟာ မလုပ်သင့်တဲ့လုပ်ရက်ဖြစ်ကြောင်းလည်း ဒေါ်ထန်ဒင်း က ဆိုပါတယ်။

နောက်ပြီး စစ်ဘေးရှောင်စခန်းတွေကို ဖျက်ခိုင်းတာဟာ တိုင်းပြည်ဟာ တိုက်ပွဲမရှိတော့တဲ့အကြောင်းကို နိုင်ငံတကာကိုချပြချင်တဲ့အနေအထားရှိသလို စစ်ဘေးရှောင်တွေကို ရိက္ခာမထောက်ပံ့ချင်တဲ့သဘောရှိကြောင်းလည်း စစ်ရှောင်ကူညီသူတွေက မှတ်ချက်ပြုလိုက်ပါတယ်။

တဖက်ကလည်း တိုက်ပွဲတွေ ပြင်းထန်နေချိန်၊ တဖက်ကလည်း နေရပ်ပြန်ဖို့ ဖိအားပေးမှုတွေကြောင့် တခါတလေမှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်စိတ်တွေဖြစ်လာပြီး၊ တခါတလေမှာ ရူးချင်စိတ်ပေါက်တယ်လို့ ကလေး ၃ယောက်မိခင် မအဲဂနက် က ဝမ်းနည်းစွာဖြင့် ရင်ဖွင့်လာပါတယ်။

“ ကျမကိုယ်တိုင်ပဲ တခါတလေမှာ ရုန်းထွက်လိုက်ချင်တယ်။ အိမ်မှာ ကလေးငယ်တွေရှိတော့ ထိန်းထားရတာ။ တခါတလေ ရူးချင်တာပေါ့။ စိတ်ဓာတ်တွေလည်း ကျနေကြပြီ။ ပြန်စရာမြေလည်းမရှိ ထပ်ပြေးဖို့နေရာလည်းမရှိ။ ကျမတို့ဘဝကို စာနာပါ” လို့ မအဲဂနက်က တုန်ရီတဲ့အသံနဲ့ပြောပါတယ်။

Author:

Related Articles