Home ဆောင်းပါး ဒုက္ခသည် ကူညီပေးသူများရဲ့ ဒုက္ခနဲ့ သူတို့ အမြင်

ဒုက္ခသည် ကူညီပေးသူများရဲ့ ဒုက္ခနဲ့ သူတို့ အမြင်

 

နန်းဆိုင်နွမ်။            ။

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ မြန်မာ့တပ်မတော် တို့  အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီထားခဲ့တာဟာ ၁၇ နှစ်ကြာပြီးနောက် ၂၀၁၁ ခုနှစ် ဇွန်လ ၉  ရက်နေ့က စလို့ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ် နဲ့ရှမ်းပြည်နယ်မြောက်ပိုင်း တွေမှာ စစ်ဘေးရှောင်တွေ  တစ်သိန်းကျော် အိုးအိမ်စွန့်ပြီး စစ်ရှောင်စခန်းတွေမှာ ခိုလှုံခဲ့ရပါတယ်။

စစ်ဘေးရှောင် ဒုက္ခသည်တွေကို အစောပိုင်းမှာ နိုင်ငံတကာက ကူညီမှုတွေ ပေးခဲ့ပေမယ့် ၂၀၁၆ ခုနစ် က စပြီး ဖြတ်ချလိုက်တဲ့ အခါ လက်ရှိ စစ်ဘေးရှောင်စခန်းတွေ မှာ နေထိုင်နေတဲ့ အမျိုးသမီးတွေ ရဲ့ အခက်အခဲ၊ နဲ့ စစ်ဘေးရှောင်စခန်းတွေ ကို သွားရောက်ကူညီပေးနေတဲ့ အမျိုးသမီးတွေ အနေနဲ့ ဘယ်လို ဘယ်လို စိန်ခေါ်မှုတွေ ရင်ဆိုင်နေရလဲ ဆိုတာကို သတင်းထောက် နန်းဆိုင်နွမ် က တင်ပြထားပါတယ်။

မိုင်းမိုင်

( ရှမ်းပြည်နယ် မြောက်ပိုင်း ကချင်စစ်ဘေးရှောင် စခန်းကို လိုက်လံကူညီပေးနေသည့် ကချင် အမျိုးသမီး)

စစ်ဘေးရှောင် အများစုက ကလေး၊ အမျိုးသမီးနဲ့ သက်ကြီး ရွယ်အို တွေများတယ်။ သူတို့ ပြောတဲ့ အနေအထားအရ ထောက်ပံ့တဲ့ ဆန်၊ ဆီ၊ ဆားတွေ က လောက်ငှတာ မရှိဘူးလေ။ အမျိုးသမီး အများအားဖြင့် ကတော့ အမျိုးသမီးရောဂါတွေ ခံစားနေရတယ်။ သန့်ရှင်းရေးကြောင့် ၊ တစုံတခု ကြောင့် ဖြစ်ဖြစ် အမျိုးသမီး ရောဂါတွေကို ခံစားနေရတယ်။ အမျိုးသမီးရောဂါ အတွက် ကုပေးဖို့ အတွက် မရှိဘူး။

နောက်ပြီး ကလေးတွေ ကျောင်းတက်ဖို့အတွက် အမျိုးသမီးမိခင်တွေ က ခေါင်းကိုက်ရတယ်။ အခုလို ကျောင်းဖွင့်ချိန်ကာလမှာ နီးစပ် အလုပ်တွေ လုပ်ပြီး ကလေးတွေ ကျောင်းတက်ဖို့ လုပ်နေရတယ်။  မိသားစုမှာလည်း အမျိုးသမီး တွေက ခေါင်းခံလုပ်နေရတယ်။

စစ်ဘေးရှောင် စခန်း မှာ မကျန်းမာတဲ့သက်ကြီးရွယ်အိုတွေ ကလေးတွေ ရှိရင် ပိုပြီး အခက်အခဲကြုံရပါတယ်။ သက်ကြီး ရွယ်အိုတွေ ကလေးတွေ ပြုစု ဖို့အတွက် အပိုငွေ မရှိဘူး သူများထက် ပိုပြီး ၂ဆကြိုးစားရတယ်။

နောက်တခု ကျမတို့ စစ်ဘေးရှောင် တွေကို ကူညီနေတာကလည်း သူများပေးတဲ့ အလှူငွေတွေကို စုပြီး လိုက်ကူညီနေရတယ်။ များသောအားဖြင့် ခရီးစရိတ်တွေ အရမ်းကုန်တယ်။ နောက်တခုက ပေးလိုက်တဲ့သူ လှူလိုက်တဲ့သူတွေက စားသောက်ဖို့ လှူပေးတဲ့အခါ တကယ့် စစ်ဘေးရှောင် ကိုရောက်တော့ အစားအသောက် ကိစ္စ ထက် တခြားလိုအပ်တာတွေ ရှိနေတာကို တွေ့ရပေမယ့် ကျမတို့ မကူညီနိုင်ခဲ့ဘူး။

အမျိုးသမီးတွေ ဖြစ်တဲ့အတွက် စစ်ဘေးရှောင်ကို သွားကူညီရင် ကျမတို့ အတွက် အချိန် အကန့်အသတ် ရှိတယ်။ သွားရလာရတာတွေ လုံခြုံစိတ်ချ မှု မရှိဘူး။ သွားလာ နေရင် တခုခု ဖြစ်သွားမှာကို အမြဲတမ်း စိုးရိမ် ကြောက်နေရတယ်။

စစ်ဘေးရှောင်တွေက အခန်းကျဉ်းထဲမှာ နေချင်လို့ နေကြတာ မဟုတ်ပါဘူး။ သူတို့ ပြန်ဖို့ ကြိုးစားကြည့်တယ်။ ရွာတွေ ပြန်ကြတယ် စစ်ပြန်ဖြစ်တော့ ပြန်ပေးလာကြတယ်။

စစ်ရှောင်တွေ အတွက် စားနပ်ရိကာ တွေ လျော့ကျလာတဲ့အတွက် စစ်ဘေးရှောင် စခန်းက အမျိုးသမီး က တရုတ်ပြည်မှာ  မှောင်ခို ပုံစံ သွားလုပ်တဲ့ အတွက် လုံခြုံ စိတ်ချ မှု မရှိကြဘူး။

ဒေါ်မေစံပယ်ဖြူ

( ကချင် ငြိမ်းချမ်းရေး ကွန်ရက် အဖွဲ့ ဝင် တဦး)

 

အသက်မွေးဝမ်းကျောင်းဆိုင်ရာ  အခွင့်အလမ်း မရှိတာ။ ဝင်ငွေရတဲ့ အလုပ်အကိုင် ဘာမှ မရှိပေမယ့် လူသားချင်းစာနာ ထောက်ထား အကူအညီ တွေက လုံးဝ မရတော့တဲ့အခါ အမျိုးသမီးတွေ  အန္တရာယ် ရှိမှန်း သိသိချည်းနဲ့ ပိုက်ဆံ ရဖို့ အတွက် အန္တရာယ် ရှိတဲ့ အလုပ်တွေ မဖြစ်မနေ လုပ်ဖို့ တွန်းအားဖြစ်စေပါတယ်။ တချို့စစ်ဘေးရှောင် စခန်းတွေဆိုရင် တရုတ်ပြည်နယ်စပ် နဲ့နီးတော့ ဝင်ငွေရဖို့ တရုတ်ပြည်မှာ အလုပ်သွားလုပ်ကြတယ်။

စားနိပ်ရိကာ လျော့ချ လိုက်တဲ့အတွက် အမျိုးသမီး စစ်ဘေးရှောင်တွေ ကို လူကုန်ကူးမှု မှု ဖြစ်လာနိုင်တဲ့ အလာအလာ ပိုများလာတယ်။

စစ်ဘေးရှောင် အမျိုးသမီး တွေ အတွက်ကတော့ မျိုးဆက်ပွားကျန်းမာရေး အခက်အခဲမှု များစွာ ကြုံနေရတယ်။ အဲ့နေရာနေထိုင်တဲ့အမျိုးသမီးတွေ အတွက် ဆေးရုံ ဆေးပေးခန်းက နီးစပ်မှု မရှိဘူး။ အဓိကတော့ ကိုယ်ဝန်ဆောင် မိခင်တွေ ကလေး မီးဖွားမှုတွေနဲ့ ပတ်သတ်တဲ့ အခက်အခဲတွေကြုံတွေ့နေရတယ်။

အမျိုးသမီးတွေ လစဉ်သုံးပစ္စည်းတွေ လုံလုံလောက်လောက် သုံးစွဲလို့ မရတဲ့အတွက် အဓိကတော့ မွေးလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ က ပိုဖြစ်ကြပါတယ်။

သူတို့ စခန်းမှာနေရတာလည်း ၆နှစ်ကျော်နေပါပြီ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အခမ်းအနားတွေ အစား သူတို့အတွက် ငြိမ်းချမ်းမယ့် လုံခြုံဖို့အတွက် ဖန်တီးပေးကြပါလို့ကျမပြောချင်ပါတယ်။

မွန်းနေလီ

(ကချင် အမျိုးသမီး အစည်းအရုံး (ထိုင်းနိုင်ငံ) မှ အထွေထွေ အတွင်းရေးမှူး)

 

အဓိကတော့ ကျမတို့ဒေသမှာ ထိုးစစ်တွေ ပိုပြီး ပြင်းထန်လာပြီး၊ အရပ်သားတွေ ထပ်ပြီးခံနေရတယ်။ တချို့ အမျိုးသမီးတွေ ပေါ်တာ ပါသွားတဲ့အပြင် လမ်းမှာ လိင်ဖျော်ဖြေတဲ့ အနေနဲ့ အသုံးပြုတာတွေလည်း ခံခဲ့ရတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အခါလည်း ရှိတယ်။နောက် ကိုယ့် အမျိုးသားတွေ ပေါ်တာ အနေနဲ့ပါသွားတဲ့အခါ၊ အမျိုးသားတွေ မတရားဖမ်းဆီး ရိုက်နှိပ်ခံရတဲ့အခါမှာဆိုရင် အမျိုးသမီးတွေကပဲကိုယ့်ရဲ့ အိမ်ထောင် ကိုယ့်မိသားစု စားဝတ်နေရေး အားလုံးကို ထမ်းဆောင်နေရတဲ့ အခြေအနေပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်လာတဲ့အခါ အမျိုးသမီးတွေက ဓားစာခံအနေနဲ့ခံနေရတာတွေ ရှိပါတယ်။  စစ်ပြေးရတဲ့ အခြေအနေရောက်ပြီဆိုရင် အမျိုးသမီးတွေရဲ့ အခြေအနေက တချို့ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဆိုရင်လည်း ကိုယ်ဝန်ကြီးနဲ့ထွက်ပြေးရတယ်။

စစ်ဘေးရှောင်စခန်းကို ရောက်လာတဲ့ အမျိုးသမီးတွေ က ကျန်းမာရေး မလုံလောက်မှု ဖြစ်နေတယ်။ ကလေးတွေရဲ့ အဟာရ နဲ့ပတ်သက်တဲ့ မလုံလောက်တဲ့ ကိစ္စတွေ ပြီးတော့ ပညာရေး ပိုင်း မှာလည်း မိခင်တွေက စိတ်ပူပန်ရတယ်။

စစ်ဘေးရှောင်တွေ အတွက် စားနပ်ရိက္ခာပြတ်တောက်တာတွေ ရှိတယ်။ အရင်တုန်းက အလုံအလောက် ရတဲ့ ကမ့်တွေမှာ အခု တဝက်လောက် ဖြတ်ခံရတာ ရှိတယ်။ တဖက်မှာ အစိုးရအနေနဲ့ဘာမှ ကြည့်ရှု့ တာမရှိဘူး။

ကျမတို့ အဖွဲ့အစည်းတွေ အနေနဲ့ကတော့ ကျန်းမာရေး ကူညီစောင့်ရှောက်နေတာကို တတ်နိုင်သလောက်ကူညီဆောင်ရွက်နေပါတယ်။ ပြီးတော့ လူကုန်ကူးမှု တွေကို ပညာပေးတယ်။ သူတို့အတွက် ခိုလှုံစရာ အရေးပေါ် ထောက်ပံမှု တွေလုပ်ဆောင်နေတာတွေရှိပါတယ်။

ကျမတို့ လုပ်ငန်းကို လုပ်ဆောင်နေချိန်မှာ တော့ အခက်အခဲတွေ အများကြီး ရှိပါတယ်။ အစိုးရဘက်မှာ လုပ်တဲ့ အချိန်မှာ ကျမတို့ အတွက်လုံခြုံရေးတွေ အများကြီး စိုးရိမ်စရာတွေ ရှိပါတယ်။ ကျမတို့ အဖွဲ့ထဲက ကျန်းမာရေး လှုပ်ရှားနေတဲ့ နယ်လှည့် ကျောပိုးအိတ် (backpack)တွေ စစ်ကြောင်းနဲ့တွေ့ရင် ကျန်းမာရေး လုပ်သားတွေ အတွက် လုံခြုံမှု မရှိဘူး။ တချိန်တည်း မှာပဲ ဆေးပစ္စည်းတွေ ကို စစ်ကြောင်းက ယူသွားတာတွေ အများကြီး ကြုံရတယ်။

ထောက်ပံ့အလှူတွေကလည်း ဖြတ်တောက်လာတဲ့အတွက် ကျမတို့ ကူညီနိုင်သလောက်  မကူညီနိုင်ခဲ့တဲ့အခြေအနေ အဓိကတော့ ငွေကြေး ရန်ပုံငွေ အခက်အခဲတွေ ဖြစ်လာတယ်။ များသောအားဖြင့် တရားဝင် ကူညီတဲ့အပိုင်းတွေ၊ မှတ်ပုံတင်ရှိမှ ကူညီ မှရမယ်။ ဒါမှ မဟုတ် အစိုးရ အဖွဲ့အစည်း တခုခုနဲ့ မှ ကူညီရမယ်ဆိုတော့ ကျမတို့ အတွက် အများကြီး အဟန့်အတားဖြစ်လာပါတယ်။

စစ်ဘေးရှောင် အတွက် ကူညီဖို့က အခက်အခဲတွေများကြီးဖြစ်လာတယ်။ နယ်စပ် ဘက်မှာ မတည်ငြိမ်မှု ဖြစ်နေတော့ ကြောက်အားလန့်အားနဲ့ပုန်းရှောင်ပြီး သွားလာနေရတယ်။ ၁၇-၁ ကလည်း ကျမတို့ အတွက် အဟန့်အတားဖြစ်နေပါတယ်။ စစ်ကြောင်းတွေမှာ စစ်ဆေးခံရတာတွေရှိပါတယ်။

မဖြူအိသိမ်း

(Sunflowers တည်ထောင်သူ၊ ကချင် စစ်ဘေးရှောင် ဒုက္ခသည် အမျိုးသမီး တွေရဲ့ အသက်မွေးဝမ်းကျောင်းတွေ ကို ကူညီ ထောက်ပံ့နေသည့်သူ တဦး)

 

သူတို့ အိမ်ယာ မှာ သူတို့ပြန်နေနိုင်ခွင့်မရသေးတာ က အကြီးမားဆုံး ဒုက္ခပါပဲ။

စားနပ် ရိက္ခာဖူလုံမှုမရှိဘူး။ ဧပြီး လဆန်း တုန်းက မန်ဝိန်းကြီးနဲ့နမ့်ခမ်းက စခန်းတွေ ကိုရောက်ခဲ့တယ်။ ထောက်ပံ့ မှု မရသလောက် ဖြစ်နေပြီ။ ခါတိုင်း ပေးနိုင်ခဲ့တဲ့ အသင်းတော် တွေအနေနဲ့လည်း နှစ်ကြာရှည် လာတော့ မတက်နိုင်ကြတော့ဘူး။

အရင် က ဆန် ၊ ဆီ၊ ဆား၊ အာလူး၊ ပဲစတာ တွေရ သေးတဲ့အပြင် ဟင် းစား တလကို တ ယောက် ၆၀၀၀ရ နေရာက နေ ဒီနှစ် မှာ ဘာမှမရ တော့ပဲ ငွေပဲ ပေးနိုင် တော့တယ် ။

ငွေကလည်း အလုပ် မလုပ် နိုင် တဲ့သူများတဲ့မိသားစုဆိုရင် ၁၃၀၀၀ရယ် အလုပ် လုပ် နိုင် တဲ့သူရှိရင် တော့ ၁၀၀၀၀ပဲရ တော့တယ် ။

အမျိုးသမီး တွေတင် မကဘူး စခန် းထဲမှာ နေရသူအားလုံးရဲ့  အားတွေ ချို့တဲ့ နေကြပြီ။

အနီးနားမှာ အလုပ် ရှာလုပ် ကြ တော့လ ဈေးနှိမ် ကြတယ် ။ နယ်စပ် မှာအလုပ် သွားလုပ် ကြတဲ့သူ တွေလည်း ရှိတယ် ။ လက်မှုသင်တန် း တွေ ပေး ပေမဲ့ တချို့က စိတ်မဝင် စားနိုင် ကြ ဘူး ဖြစ် နေ ကြတယ် ။ အနာဂတ် က ဘာမှမ ရေရာတဲ့ စိတ် ဓာတ် ကျ မှ ုမျိုး ပေါ့။

အသက်မွေးဝမ်းကျောင်း ပညာ တက်မြောက်ဖို့ အခွင့်အရေး အလုပ်အကိုင် အခွင့်အလမ်း တွေလိုအပ်တယ်။

၆နှစ်ကြာခဲ့ပြီ ဆိုတော့ တဦးချင်း တဖွဲ့ချင်း ဝိုင်းကူညီ နေလို့ မလွယ်ဘူး။

နိုင်ငံတော် စီမံကိန်း၊ စီမံချက်တွေ ချပြီး အပြည်ပြည် ဆိုင်ရာနဲ့ပြည်တွင်း အဖွဲ့အစည်းတွေ နဲ့ ပူးပေါင်း ဆောင်ရွက် မှ ရမှာပါ။

ကျမတို့ စစ်ရှောင် ဒုက္ခသည် စခန်းတွေ သွားတုန်းကဆိုရင် အမျိုးမျိုးစောင့်ကြည့် ခံရတယ်။ စာရင်းတွေ အကြိမ်ကြိမ် ပေးရတယ်။ နောက်ကနေ တောက်လျှောက်လိုက်တယ်။

ကျမ ဖြစ်စေချင်တာကတော့ အဲဒီ လူတွေ ကျမတို့ နောက် လိုက်တဲ့ အခါမှာ သူတို့တွေ အတွက်လည်း အကျိုးရှိစေချင်တယ်။ ကျမတို့ စာရင်းတွေ ကောက်မဲ့ အစား ကျမတို့ သိချင် သလို မျိုး ဘယ်စခန်း မှာ ဘာတွေ လိုနေတယ်၊ အခြေအနေ တွေ ဘယ်လို ရှိလဲ အသေးစိတ် ကို အထက် ကို ရီပို့ပြန်တင်စေချင်တယ်။

ကျမတို့အကြောင်းကြီး ပဲ တင်လို့ဘာလုပ်မလဲ။ သူတို့တာဝန်ကျ တဲ့ ဒေသတွင်း  က ပြည်သူတွေ နေထိုင်စားသောက်ရေး နဲ့ပညာရေး၊ လူမှုရေး၊ စီးပွားရေး တွေ အတွက် ဝိုင်းကူ ပေးကြရင် ပိုပြီး အဓိပ္ပါယ် ရှိမှာ။

ကျမတို့ကို စုံစမ်း စစ်ဆေး လုပ် နေတာ တွေကို စိတ် မဆိုးပါဘူး။

နောက်တခု က စစ်ဘေးရှောင်တွေ ရဲ့ ဘဝလုံခြုံ ရေးမရှိတာ တော့အမှန် ပဲ။

ဘယ်တော့ စစ်ဖြစ်ပြီး ဘယ်တော့ ထပ်ပြေး ရဦးမှာလဲ ဆိုတဲ့ ခံစားချက် တွေနဲ့ နေ့တိုင်း နေရမှတော့ ဘယ်လို လုပ်ပြီး စိတ်ချမ်းသာနိုင်ပါ့မလဲ။

ကျမတို့ အနေနဲ့လက်မှု သင်တန်းပေးပြီး ဝင်ငွေရှာပေး ပေမယ့် လည်း လူအများကြီး အတွက် မလုပ်ပေး နိုင်ပါဘူး။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အတွက် နိုင်ငံတကာ ရဲ့ ကူညီ ထားတဲ့ ငွေတွေ အများကြီးပါ။ အဲ့ဒီထဲ က နေ ပြည်သူတွေ နေရပ်ပြန်နိုင်ရေး အတွက် အရင်ဆုံး မိုင်းတွေ ရှင်းလင်း ပေးဖို့ မဖြစ်နိုင်ဘူးလား။ စားနပ် ရိက္ခာ ဖူလုံဖို့အတွက် တခုခုလုပ် မ ပေးနိုင် ဘူးလား။

အမျိုးသမီး တွေမှာ ကိုယ်ပိုင် အစွမ်းအစတွေ တဖြည်းဖြည်း ကျဆင်းလာရတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု တွေလည်း ကျဆင်းလာတယ်။

ငေးငိုင် တွေဝေပြီး အနာဂတ် ပျောက်နေသလို ခံစားနေရ သူတွေ ကပိုများတယ်။

သူတို့ တွေ အတွက် အိမ်တွင်း လက်မှု လုပ်ငန်းတွေ ထူးထောင်ပေးချင်ပေမယ့် လမ်းပန်း ဆက်သွယ်ရေး၊ လုံခြုံရေး၊ စရိတ်၊ ဦးဆောင်နိုင်မှုတွေ ကြောင့် ပုံမှန် လုပ်လို့ မရဘူး ဖြစ်နေတယ်။

စစ်ပွဲ တွေဖြစ်နေသ၍ ပြည်သူ တွေက ဓားစာခံ တွေပဲဖြစ် ရတယ် ။

စစ် ပွဲ တွေကြာရှည် နေသ၍ ဒီလူ တွေရဲ့ အနာဂတ် က ပျောက် ဆုံး နေမှာပါပဲ။

ဒေါ်မေရီတောင်

(ဝမ်ပေါင်နင်တွဲ အဖွဲ့ မှ ပြောရေး ဆိုခွင့်ရှိသူ)

 

၂၀၁၆ နဲ့ ၂၀၁၇  က စစ်ဘေးရှောင် ဒုကသည်တွေ အတွက် တော်တော်လေး ကို အကျပ်အတည်း ရောက်တဲ့ နှစ်လို့ပြောလို့ရပါတယ်။ အေအိုင်အေ ထိန်းချုပ်တဲ့နေရာ ဆိုရင် အဓိက ၂၀၁၅ ခုနစ် အကုန်ကနေ စပြီး နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ တော်တော်လေး လျော့နည်းသွားတယ်။

အခြေခံစားသောက်ကုန် လျော့ကျသွားတဲ့အတွက် အဓိက တာဝန်ရှိသူက မိခင်တွေ ဖြစ်တယ်။ အခုဆိုရင် အနီးစပ်ဆုံး တရုတ်ပြည်မှာ သွားပြီး အလုပ်လုပ်ကြတာမျိုး။ ကလေးတွေက လူငယ် လူရွယ် ဆယ်ကျော်သက်တွေ က ကျောင်းမတက်တော့ဘူး မိဘတွေကို ကူရမယ်ဆိုပြီး ကျောင်းထွက်တာများလာတယ်။

ပြီးတော့ တရုတ်ပြည်ကို သွားလုပ်တဲ့အခါ လုပ်အားခ ခေါင်းပုံဖြတ်ခံရတာတွေ ရှိတယ်။တချို့ မိန်းကလေးတွေ လူကုန်ကူးခံရတဲ့ အခြေအနေမျိုးတွေ ရှိလာတယ်။ စားနိပ်ရိကာ တခု ဖြတ်လိုက်တာနဲ့ နောက်ဆက်တွဲပြသာနာတွေ က အများကြီးပါပဲ။

လက်တလော မိုင်းခေါင် က စစ်ရှောင်စခန်းက ယောင်္ကျားလေး ၃ယောက်သတ်ခံရတယ်။ သတ်ခံရတဲ့ ၃ယောက်က ကလေး အဖေတွေ သူတို့မိသားစု ကျွေးဖို့အပြင်ထွက် အလုပ်လုပ်တဲ့အခါ သူတို့လုံခြုံရေး အတွက် ကာကွယ် စောင့်ရှောက်မှု မရဘူး။ နောက်ဆုံး သူတို့အသက်ပါသွားတယ်။

ကျမတို့ လူမှု အဖွဲ့အစည်းတွေမှာလည်း အခက်အခဲတွေ အများကြီးပါပဲ။

ဥပမာ ကျမတို့ စက်ချုပ်သင်ပေးလိုက်တယ်။ စက်ချုပ် တက်ပေမယ့် စစ်ရှောင်မှာ နေတဲ့ အတွက် သူတို့ကို ဘယ်သူက အခကြေးငွေနဲ့ လာပေးချုပ်ကြမှာလဲ။ ဒါကြောင့် ကျမတို့ သူတို့ အတွက် သင်တန်းပဲ ပေးလို့မရဘူး။ သူတို့ အတွက် ဈေးကွက်ပါ ရှာပေးရပါတယ်။
ကျမတို့ကလည်း ထောက်ပံ့ကြေးငွေနဲ့ ဆိုတော့ အမျိုးသမီး အားလုံးကို မလုပ်ပေးနိုင်ဘူး။ စစ်ရှောင် စခန်း မှာ အမျိုးသမီး တထောင်မှ လူ၁၀ ယောက်၊ အများဆုံး ၃၀လောက်ပဲ လုပ်ပေးနိုင်တယ်။

နောက်ပြီးတော့ ကျမတို့သင်တန်းပေးတဲ့သူတွေ အားလုံးက မိခင်တွေ ဖြစ်သလို လူငယ်လူရွယ်တွေဖြစ်တဲ့အတွက် တရုတ်ပြည်နဲ့ နီးတော့ တရုတ်ပြည်က ပေးတဲ့ ငွေကိုသူတို့ ပိုစိတ်ဝင်စားတယ်။

တရုတ်ပြည် မှာ သွားအလုပ်လုပ်ကြတဲ့ အခါမှာ အခက်အခဲက မှတ်ပုံတင်မရှိတဲ့အတွက် လုပ်အားခ ခေါင်းပုံ ဖြတ်ခံရတာမျိုးတွေလည်း ကြုံရပါတယ်။

၂၀၁၆ သြဂုတ် လမှာ ကျမတို့ ကြုံရတာတော့ စားနိပ်ရိက္ခာ ပို့တဲ့အခါမှာ ပို့ခွင့်မရတာတွေ၊ စစ်တပ် နဲ့ လမ်းမှာ တွေ့ရင် စစ်ကြောင်းက သိမ်းသွားတာတွေ ခံရပါတယ်။

ကျမတို့က တော့ တတ်နိုင်သမျှ လူမှုဝန်ထမ်း ဦးစီးဌာန နဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို အမြဲတမ်း သတင်းတွေ ပို့ပါတယ်။

နိုင်ငံတော် အနေနဲ့လည်း ထိထိရောက်ရောက် ကူညီပေးနိုင်ဖို့ အကာအကွယ် စောင့်ရှောက်မှု တွေ ကို ပေးဖို့အမြဲတမ်းတောင်းဆိုနေပါတယ်။

ကျမပြောချင်တာကတော့ ၆နှစ်ဆိုတဲ့ကာလ က လူတယောက်ရဲ့ ဘဝအတွက် အရေးပါတဲ့ ကာလ တခုဖြစ်တယ်။ ဒုက္ခရောက်နေတဲ့သူတွေက စစ်ရှောင်စခန်း( IDP) မှာ ၆နှစ်လုံးလုံး ဘယ်သူက နေချင်မှာလဲ။ နိုင်ငံတော် အစိုးရအနေနဲ့ အထူးတာဝန်ရှိတယ်။ စစ်ကို ဖြစ်ပွားစေတဲ့သူ စစ်တပ်လည်း တာဝန်ရှိတယ်။

ကျမကတော့ ကာကွယ်စောင့်ရှောက်တဲ့အပိုင်းကိုအဓိကပြောချင်တယ်။ တိုက်ပွဲတွေ စဖြစ်ရင် ပထမဆုံး ခံရတာက ကလေးသူငယ်နဲ့ အမျိုးသမီးတွေဖြစ်တယ်။

နိုင်ငံသားတွေလူသား ရင်းမြစ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ၆နှစ် အတွင်း နစ်နာ ဆုံးရှုံးမှုဖြစ်တဲ့ အခါမှာ စစ်ရှောင် ကလေးတွေရဲ့ ပညာရေးကို နိုင်ငံတော် အနေနဲ့ သက်နိုင်သမျှ ပညာသင်နိုင်အောင် အကောင်းဆုံး ဖော်ဆောင်ပေးဖို့လိုအပ်တယ်။

လူသားချင်း စာနာထောက်ထားမှု အနေနဲ့နိုင်ငံတော် က အကူအညီ မပေးနိုင်ရင် ပေးနိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ဒေသခံ အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး ထိရောက်ကူညီပေးနိုင်ဖို့ ၊ပိတ်ပင် တားဆီးတာမဟုတ်ဘဲ လမ်းကြောဖွင့်ကူညီပေးဖို့ အတွက် ကျမအနေနဲ့ တောင်းဆိုချင်ပါတယ်။

ဒုက္ခသည်စခန်း( IDP) မှာရှိတဲ့ လူတွေက ၆နှစ်လောက် အမေ့လျော့ခံဖြစ်နေပြီ၊ ကူညီစောင့်ရှောက် တဲ့သူအနေနဲ့ခံစားမိတယ်။ မိခင်တွေ အမျိုးသမီးတွေ အနေနဲ့ပြောချင်တာကတော့ ကိုယ့်သား၊သမီးတွေ ကျောင်းသွားဖို့ပြင်ဆင်ပေး နေချိန်မှာ စစ်ဘေးရှောင် စခန်းမှာနေတဲ့ ကလေးတွေက ဒီ ဆုံးရှုံးမှုတွေ နဲ့ ရင်ဆိုင်နေရပါတယ်။

 

Related Articles