Home ဆောင်းပါး စွဲချက်တင်ခံလိုက်ရတဲ့ စစ်ဆန့်ကျင်လှုပ်ရှားသူ လူထုခေါင်းဆောင် နန်ပူ

စွဲချက်တင်ခံလိုက်ရတဲ့ စစ်ဆန့်ကျင်လှုပ်ရှားသူ လူထုခေါင်းဆောင် နန်ပူ

ဓါတ်ပုံ – (ဒေါ်) နန်ပူ လူမှုကွန်ယက်စာမျက်နှာ

နန်းဆိုင်နွမ်။                   ။

လက်နက်ကိုင် ပဋိပက္ခဒေသအတွင်းက ဒုက္ခရောက်နေသူတွေ၊ တိုက်ပွဲအတွင်း ပိတ်မိနေသူတွေကို ကယ်ဆယ်ကူ ညီရေးအတွက်ဆိုရင် မမောမပမ်း၊ အမြဲတမ်းသွက်လက်ဖျတ်လတ်နေသူ….။အသားကဖြူဖြူ၊ လူပုံစံက သွယ်လျလျနဲ့ တိတိကျကျပြောရရင် မြန်မာနိုင်ငံမြောက်ဘက်ကုန်းမြင့်ဒေသက ကချင် တိုင်းရင်းသူ (ဒေါ်)နန်ပူဟာ အမျိုးသားတွေနဲ့ယှဉ်ပြီး စစ်ပွဲတွေထဲမှာ မကြောက်မရွံ ဦးဆောင်ဦးရွက်ပြုနေသူဖြစ် ပါတယ်။

သူမဟာ ယခုနှစ် ဧပြီလအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားကာ အရပ်သားများ ပိတ်ဆို့ခံခဲ့ရတဲ့အတွက် ဦးဆောင်ဆန္ဒပြတောင်းဆိုခဲ့သူလည်းဖြစ်ပါတယ်။

(ဒေါ်) နန်ပူဟာ သူ့ရဲ့လုပ်ဆောင်မှုတွေကြောင့် တပ်မတော်က တရားစွဲဆိုခြင်းကို ရင်ဆိုင်နေရပြီး စက်တင်ဘာ လ(၃)ရက်နေ့မှာတော့ တရားရုံးက သူမအမှုကို စွဲချက်တင်လိုက်ပါပြီ။ ကချင်စစ်ပွဲရပ်တန့်ရေးအတွက် မြစ်ကြီး နားမြို့က ဆန္ဒပြပွဲဦးဆောင်ခဲ့သူ(၃)ဦးကို အသရေဖျက်မှုနဲ့ စစ်တပ်ဖက်က တရားစွဲဆိုထားတဲ့ကိစ္စမှာ “ထွယ်” အမျိုးသမီးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့မှ (ဒေါ်) နန်ပူလည်း ပါဝင်ပါတယ်။

ကချင်စစ်ပြေးရှောင်အရေးတွေနဲ့ တရားမျှတမှုမရရှိတဲ့ ကချင်ပြည်သူအရေးတွေကို စွမ်းစွမ်းတမံ ဆောင်ရွက်နေ တာနဲ့ပတ်သက်လို့  သူ့ကိုဒီအလုပ်တွေလုပ်အောင် အဓိကလှုံ့ဆော်ပေးခဲ့တာကတော့ မွေးကင်းစအရွယ်ကတည်း က အကာအကွယ်မဲ့တဲ့ စစ်ပြေးတဦးဖြစ်ခဲ့ရလို့ဖြစ်တယ်လို့ (ဒေါ်)နန်ပူကဆိုပါတယ်

”ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ကျမအသက်ရှင်ခဲ့တာ” လို့ သူမက ပြောပါတယ်။

သူမရဲ့အမေပြန်ပြောပြလို့ သိခဲ့ရတာကတော့ (ဒေါ်)နန်ပူမွေးကင်းစအရွယ်လေးမှာ သူတို့ဒေသမှာ စစ်ပွဲဖြစ်လို့ အမေဟာ သူမကို ဖျာလိပ်နဲ့ပတ်ပြီး ချီပိုးထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

၁၉၇၂ ခုနှစ်၊ အောက်တိုဘာလတုန်းက ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ထဲမှာ တပ်မတော်နဲ့ ကေအိုင်အေတို့အ ကြားတိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့်  မိခင်ဖြစ်သူဟာ (၁)နှစ်နဲ့ (၆) လ အရွယ်သားတယောက်နဲ့ မွေးခါစရက်ပိုင်းသမီးလေးကို လုံခြုံစေရေးအတွက် ရည်ရွယ်ပြီး  ဖျာလိပ်ထဲထည့်ကာ ကတုတ်ကျင်းထဲ တက်သုတ်ရိုက်ပြေးလွှားဝင်ရောက်ခဲ့ရပါတယ်။

နှစ်ဖက်လက်နက်ကိုင်တပ်တွေဟာ မရပ်မနားပစ်ခတ်နေကြပြီး ဗုံးသံသေနတ်သံတွေက ကျယ်လောင်စွာ ဆူညံ ပေါက်ကွဲနေခဲ့ချိန်မှာ မိခင်ဖြစ်သူဟာ သူ့ရဲ့ရက်သားသမီးလေးကို ဖျာလိပ်ထဲမှာ လုံလုံခြုံခြုံအိပ်ပျော်နေမယ်လို့ ယူဆထားခဲ့တာပါ။ ပစ်ခတ်သံတွေဟာ လေးနာရီကျော်ကြာတဲ့အထိ မစဲနိုင်တဲ့အတွက် သမီးလေးကို နို့တိုက်ဖို့ ဖျာလိပ်ကို ဖွင့်ကြည့်လိုက်ချိန်မှာတော့ မိခင်ဖြစ်သူဟာ တုန်လှုပ်ခြောက်ခြားသွားခဲ့ပါတယ်။

သူထင်ထားသလို မွေးခါစသမီးငယ်လေးဟာ ဖျာလိပ်ထဲမှာမရှိဘဲ ပြေးလွှားရင်း ဘယ်နေရာမှာ ကျကျန်ခဲ့သလဲ ဆိုတာ မသိလို့ပါ။

ဓါတ်ပုံ – (ဒေါ်) နန်ပူ လူမှုကွန်ယက်စာမျက်နှာ

“ အဲဒါနဲ့ အမေက ကျမကို အမြဲပြောဆိုသတိပေးခဲ့ပါတယ်။ ဗုံးတွေ၊ ကျည်ဆံတွေကြားမှာ ဒဏ်ရာမရဘဲ အသက် ရှင်ခွင့်ရတာ ဘုရားကို ကျေးဇူးတယ်ဖို့၊ ဘုရားအလိုရှိတဲ့ မိမိလူမျိုးကို အကျိုးပြုတဲ့အလုပ်ကိုလုပ်ဖို့ အမြဲသွန်သင် ခဲ့တယ်” လို့ (ဒေါ်)နန်ပူက ဆိုပါတယ်။

တိုက်ပွဲရပ်တဲ့အချိန်မှာတော့ မိခင်က ကတုတ်ကျင်းကနေ အလျင်အမြန်ထွက်လာပြီး လာရာလမ်းအတိုင်း အပြေး အလွှား ပြန်ရှာချိန်မှာတော့မှာ အိမ်လှေခါးရင်းမှာ အကူအညီမဲ့စွာနဲ့ တစာစာအော်ငိုနေရှာတဲ့ သူ့သမီးလေးကို  ပြန် လည်တွေ့ မြင်ခဲ့ရတာလို့ဆိုပါတယ်။

(ဒေါ်)နန်ပူက ရက်သားအရွယ်မှာ စစ်ရှောင်ရင်း သေကံမပါခဲ့တဲ့အတွက် မိခင်မှာထားတဲ့အတိုင်း ကိုယ့်လူမျိုး အတွက် အကျိုးပြုတဲ့ အလုပ်တွေလုပ်ဖို့ ဆောင်ရွက်နေရခြင်းဖြစ်တယ်လို့ ပြန်ပြောပြပါတယ်။

(ဒေါ်)နန်ပူဟာ “ထွယ် “ အမျိုးသမီးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့မှာ မလုပ်ခင်က ဓမ္မဆရာမလည်း လုပ်ခဲ့ပါသေးတယ်။

တကယ်တော့ အမျိုးသားတွေချည်းသာ ခေါင်းဆောင်တဲ့အသင်းတော်တွေမှာ အမျိုးသမီးသင်းအုပ်ဆရာမ တယောက်ဖြစ်ဖို့ဆိုတာကလည်း အလွယ်တကူဖြစ်လာခဲ့တာမဟုတ်ပါဘူး။ အများကြီးတိုက်ပွဲဝင်ခဲ့ရတာပါ။

ဓမ္မဆရာမဖြစ်ခဲ့တဲ့အချိန်ကတည်းက မိမိတာဝန်ကျတဲ့မိုးကောင်းဒေသမှာ (၅)နှစ်အောက်ကလေး ဖျားနာသေဆုံးမှု တွေ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ သားဖွားခြင်းဆိုင်ရာပြဿနာတွေ၊ မိသားစုစီမံကိန်းပြဿနာတွေကြောင့် အမျိုးသမီး အရေးနဲ့ ဂျန်ဒါကိစ္စကို စတင်ဆောင်ရွက်ရင်း ဖြတ်သန်းလာခဲ့ပါတယ်။

“နန်ပူက အမြဲတမ်း strong (ခွန်အားရှိ) တဲ့ အမျိုးသမီးတယောက်ပါ။ အမျိုးသမီးကိစ္စ အမျိုးသမီးရေးရာကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူတယောက်ပါ” လို့  ကချင်ငြိမ်းချမ်းရေးကွန်ယက်က (ဒေါ်)ခွန်ဂျာက မှတ်ချက်ပြု ပါတယ်။

သူမဟာ ဓမ္မဆရာမလုပ်ရင်း ဂျန်ဒါ(ကျား၊မရေးရာ) ကို ၂၀၀၀ ခုနှစ်အစောပိုင်းကာလမှာ ခရစ်ယာန်ဂိုဏ်းပေါင်းစုံနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်

“ထွယ်အမျိုးသမီးနဲ့ဖွံံ့ဖြိုးရေးအဖွဲ့ဟာ ဘာသာရေးကနေ ဆင်းသက်လာခဲ့ပေမယ့် လက်ရှိမှာတော့ အဖွဲ့အစည်းတခု အဖြစ် ရပ်တည်ပြီး အားလုံးနဲ့ ပူးပေါင်းလုပ်ဆောင်ပါတယ်” လို့ (ဒေါ်)နန်ပူက ပြောပြပါတယ်။

ဂျန်ဒါ (ကျား၊မရေးရာ) အရေး လုပ်ဆောင်ခဲ့တာနဲ့ပတ်သက်ပြီး (ဒေါ်) နန်ပူက “ အခက်အခဲတွေ အများကြီးကြုံ ရတယ်။ တခြားတိုင်းရင်းသားတွေ ကြုံရတဲ့အခြေအနေနဲ့ ကျမတို့ကချင်မှာ ကြုံရတဲ့အခြေအနေ နှိုင်းယှဉ်ကြည့်ရင် ရိုးရာယဉ်ကျေးမှုအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း အများကြီးပါပဲ။ ပိုပြီးခက်ခဲတာ တွေ့ရ တယ်။ လုပ်စရာတွေ ပိုများနေတာလည်း တွေ့ရတယ်” လို့ ပြောဆိုပါတယ်။

အမျိုးသမီးတဦးဖြစ်တဲ့အလျောက် အမျိုးသားတွေရဲ့တိုက်ခိုက်မှုကိုလည်း ခံရသလို သူမကို အရှက်ရအောင်လည်း နည်းမျိုးစုံနဲ့ ပြုလုပ်ကြတယ်လို့ (ဒေါ်)နန်ပူက ဆိုပါတယ်။

ဓါတ်ပုံ – (ဒေါ်) နန်ပူ လူမှုကွန်ယက်စာမျက်နှာ

“ ကျမတို့ရဲ့အတိုက်အခံတွေက အမျိုးသားတွေဖြစ်တယ်။ ကချင်အမျိုးသားတွေရဲ့မုန်းတီးမှုကို အများကြီးခံရ တယ်။ အများယုံကြည်တဲ့ ဘာသာရေးခေါင်းဆောင်တွေက ကျမတို့ကို နားမလည်တဲ့အပိုင်းတွေပေါ့။ ခါးခါးသီးသီး ငြင်းဆန်တာတို့၊ လူရှေ့သူရှေ့အရှက်ခွဲတာတို့ ကျမတို့ကြုံရပါတယ်” လို့ (ဒေါ်)နန်ပူက သူမကြုံတွေ့ခဲ့ရတဲ့အခက် အခဲတွေကို ရင်ဖွင့်ပါတယ်။

တရားမျှတမှုအရေး၊ စစ်ရှောင်ဒုက္ခသည်တွေအရေး၊ လုပ်ဆောင်နေသူတယောက်အနေနဲ့ သူမအတွက်လုံခြုံမှုဆို တာ မရှိပါဘူးလို့ သူမက ဆိုပါတယ်။

“ လုံခြုံမှုမရှိဘူး။ တချို့လူတွေကတော့ ကိုယ့်ကို အမြဲတမ်းစိုးရိမ်ပေးတယ်။ ကျမတော့ ပုံမှန်ပဲသွားလာတယ်။ ကျမ အနေနဲ့ လုပ်စရာရှိတာလုပ်ရမယ်။ စိုးရိမ်နေလို့မရဘူး” လို့ သူမက ပြောပါတယ်။

အမျိုးသမီးတယောက်အနေနဲ့ ဦးဆောင်ပြီး လုပ်ဆောင်တဲ့အခါမှာ တချို့က ယုံကြည်မှုမရှိကြသလို တချို့ကျတော့ လည်း အသိအမှတ် မပြုလိုကြတာတွေကို တွေ့ရတယ်လို့ သူမက ဆိုပါတယ်။

“ တခါတလေ ကိုယ်က အမျိုးသမီးဖြစ်လို့လားမသိဘူး။ အိုင်ဒီယာတွေပေးရင် သိပ်လက်မခံချင်ကြဘူး။ အသိ အမှတ်ပြုဖို့ဆိုတာ ဂုဏ်ပြုတာ၊ ချီးမွမ်းတာ၊ ရာထူးပေးတာကို ပြောတာမဟုတ်ဘူး။ ကိုယ်လုပ်လိုက်တာကို ထောက်ခံပေးဖို့၊ အားပေးဖို့လောက်ပါပဲ” လို့ (ဒေါ်)နန်ပူက ပြောပါတယ်။

ဒါတွေအပြင် အမျိုးသမီးတယောက်အနေနဲ့ နိုင်ငံ့အရေးတွေ၊ အမျိုးသားရေး(ကိုယ့်လူမျိုးအရေး)တွေကို အမျိုး သားတွေနဲ့ ယှဉ်ပြိုင်လုပ်ဆောင်ရင်၊ ဦးဆောင်လုပ်ရင် အထင်သေးသလိုလို၊ ခနဲ့ကြသလိုလို၊ ပြောဆိုတတ်ကြတာ ကိုလည်း တွေ့မြင်ခဲ့ရတယ်လို့ (ဒေါ်)နန်ပူက ဆိုပါတယ်။

(ဒေါ်)နန်ပူဟာ အမျိုးသမီးတွေကို မရရတဲ့နည်းနဲ့ ဆွဲတင်တတ်ရှိပြီး သူမလို အမျိုးသမီးခေါင်းဆောင်တွေ ပေါ် ပေါက်လာအောင် လုပ်ဆောင်တယ်လို့ (ဒေါ်)ခွန်ဂျာက ပြောပါတယ်။

“သူက အလုပ်ကို ဦးစားပေးတော့ တခါတလေမှာ နန်ပူကို အမျိုးသမီးခေါင်းဆောင်ငယ်တွေက အမြင်စောင်း တာတွေ၊ သဘောမကျတာတွေလည်း ရှိတယ်။ အဓိကတော့ ဖိအားပေးတာမျိုး၊ မနိုင်ဝန်ထမ်းခိုင်းတာတွေ လုပ်တယ်လို့ သူတို့ခံစားကြတယ်”လို့လည်း (ဒေါ်)ခွန်ဂျာက ပြောပြပါတယ်။

ဓါတ်ပုံ – (ဒေါ်) နန်ပူ လူမှုကွန်ယက်စာမျက်နှာ

“ နန်ပူက ဒေသမှာ ဖြစ်နေတဲ့ အခြေအနေ၊  အမျိုးသမီးတွေရဲ့ပြဿနာတွေကို လူသိလာအောင် သူလုပ်ဆောင် ပေးတယ်။ အခုနောက်ပိုင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသမီးပါဝင်မှုကဏ္ဍ၊ တရားမျှတမှုကဏ္ဍတွေ ပိုပြီးလုပ်ဆောင်တာ တွေ့ရပါတယ်” လို့ (ဒေါ်)ခွန်ဂျာက ပြောပါတယ်။

သူမရဲ့အားနည်းချက်ကို ပြောရမယ်ဆိုရင်တော့ အလုပ်ကို လောဘကြီးပြီး အနားယူတဲ့အချိန်မရှိဘဲ လုပ်ဆောင် ခြင်းလို့  ပြောရမယ်လို့လည်း (ဒေါ်)ခွန်ဂျာက မှတ်ချက်ပြုလိုက်ပါတယ်။

ဆက်လက်ပြီး (ဒေါ်)ခွန်ဂျာက “ ကျမအနေနဲ့မြင်တာကတော့ သူကိုယ်တိုင်  စင်မြင့်ပေါ်တက်မယ်ဆိုရင် တက်လို့ရ ပေမယ့် သူကပန်းဥယျာဉ်မှူးပုံစံပါပဲ။ ဥယျာဉ်မှူးက သူ့ကိုယ်သူပြင်ဆင်တာမရှိပဲ သူ့ဥယျာဉ်လှပအောင် သူစိုက် ထားတဲ့ပန်းတွေလှပအောင်ပဲ သူလုပ်တယ်” လို့ ချီးမွမ်းပြောဆိုလိုက်ပါတယ်။

ကချင်ဝါရင့်နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာတူးဂျာကလည်း “ နန်ပူက ပါဆင်နယ် (ကိုယ်ရေးကိုယ် တာ) ကိစ္စတွေကို မေ့မေ့ပျောက်ပျောက်ပစ်ထားပြီး အမျိုးသမီးရေးရာမှာ တော်တော်လေးလုပ်တဲ့ အမျိုးသမီး ခေါင်းဆောင်ပါ။ သူက ရိုးသားဖြောင့်မတ်တယ်။ မှန်ကန်တယ်” လို့ပြောဆိုပါတယ်။

(ဒေါ်)နန်ပူလိုအမျိုးသမီးတယောက် နိုင်ငံရေးမှာ ပါဝင်လာတဲ့အတွက် ကြိုဆိုကြောင်း၊ လက်ရှိမှာလည်း အမျိုးသမီး တွေကို နေရာပေးရမယ်ဆိုတာ သဘောပေါက်လက်ခံလာကြကြောင်း၊ အမျိုးသမီးဦးဆောင်မှုကိုလည်း အမျိုးသား တိုင်းက အားတက်သရော ထောက်ခံဖို့ လိုအပ်ကြောင်း ဒေါက်တာတူးဂျာက ဆက်ပြောပါတယ်။

သူမဟာ အမျိုးသမီးအရေးသာမက စစ်ဘေးရှောင်ပြည်သူ့အရေး၊ ကချင်လူမျိုးတွေ တရားမျှတမှုရရှိရေးတွေကို အနစ်နာခံပြီး ဆောင်ရွက်သလို အမျိုးသမီးငယ်တွေကို ခေါင်းဆောင်ဖြစ်လာဖို့ မြေတောင်မြှောက်ပေးနေတဲ့ အမျိုး သမီးတဦးဖြစ်တယ်လို့ ဝါရင့်နိုင်ငံရေးခေါင်းဆောင် ဒေါက်တာတူးဂျာက ချီးမွမ်းပြောဆိုလိုက်ပါတယ်။

ပဋိပက္ခတွေ၊ စစ်ပွဲတွေမှာ၊ ဒုက္ခတွေ၊ အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရတာကလည်း အဓိကတော့ အမျိုးသမီး တွေ၊ ကလေးငယ်တွေနဲ့ အသက်အရွယ်ကြီးရင့်သူတွေပါ။ ခေါင်းဆောင်တွေဆိုတာကလည်း ပဋိပက္ခတွေ၊ တိုက်ပွဲ တွေကြားက မွေးဖွားပေါ်ပေါက်လာကြစမြဲပါ။ အခုတော့ ရှားရှားပါးပါး လူထုအခြေပြု လူမှုအဖွဲ့အစည်းထဲက ရဲရင့်တဲ့ အမျိုးသမီးခေါင်းဆောင်တဦးပေါ်ထွက်လာခဲ့ပြီဆိုတာ (ဒေါ်)နန်ပူရဲ့စကားတွေက သက်သေပြလို့နေ ပါတယ်။

“ကချင်ပြည်နယ်မှာ အမျိုးသမီးအရေး၊ တရားမျှတမှု ရရှိရေးတွေ လုပ်ဆောင်နေရတာဟာ အန္တရာယ်ကြားမှာ အသက်ရှင်နေရသလိုဖြစ်ပြီး ဘယ်အချိန်မှာ ဘာဖြစ်မလဲဆိုတာဘယ်သူမှ မပြောနိုင်ပါဘူး။ ဒါကို အစကတည်းက ကျမသိခဲ့ပါတယ်”လို့  (ဒေါ်)နန်ပူက ပြောဆိုလိုက်ပါတယ်။

Related Articles