ဒေဝီ။ ။
စစ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံမှာ သစ်ခိုးထုတ်မှုတွေ၊ သတ္တုနဲ့ သယံဇာတအလွန်အကျွံ ထုတ်ယူတာတွေရဲ့အကျိုးဆက်အန္တရာယ်ကို ရင်ဆိုင်နေရပြီး အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေက အလျင်အမြန်တိုးလာနေပါတယ်။
အရပ်သားအစိုးရလက်ထက်မှာ အရှိန်အဟုန်ကောင်းကောင်းနဲ့လုပ်ဆောင်နေတဲ့ ထိန်းသိမ်းရေးလုပ်ငန်းတွေက အာဏာသိမ်းကာလနောက်ပိုင်းမှာ ရပ်တန့်သလောက်ဖြစ်ခဲ့ပြီး အကျိုးဆက်အနေနဲ့ ပတ်ဝန်းကျင်ဂေဟနစ်က သိသိသာသာ ယိုယွင်း ပျက်စီးလာပါတယ်။
အဓိကအနေနဲ့ တရားဥပဒေစိုးမိုးရေးပျက်သုန်းပြီး လုံခြုံရေးအာမခံချက်မရှိတာနဲ့ နိုင်ငံတကာရန်ပုံငွေအချို့ကို ဖြတ်တောက် လိုက်တာကြောင့် ထိန်းသိမ်းရေးလုပ်ငန်းတွေက ဦးစားပေးအနေအထားမှာ မရှိတော့ပါဘူး။
အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်တွေအများအပြားရှိပြီး အရင်ကတည်းက ထိလွယ်ရှလွယ်ဒေသတွေမှာတော့ အာဏာသိမ်းမှုအလွန် လျော့ရဲလာတဲ့ တရားဥပဒေစိုးမိုးရေးအောက်မှာ ပိုလို့ထိခိုက်မှုတွေတိုးလာနေပြီး ယင်းဒေသက ထိန်းသိမ်းရေးလုပ်ဆောင်သူတွေမှာလည်း မလူးသာမလွန့်သာအခြေအနေပါ။
ဒါပေမယ့် ကျပ်တည်းခက်ခဲတဲ့အခြေအနေကာလမှာတောင် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေမပျက်စေဖို့ ရတဲ့နေရာကနေ နိုင်သလောက်လုပ်ဆောင်နေတဲ့ အမျိုးသမီးတွေလည်း ရှိနေကြပါတယ်။
” ထိန်းသိမ်းရေးလုပ်ငန်းတွေက ပုံစံပြောင်းပြီးလုပ်ရပါတယ်။ ရပ်သွားတာတော့မရှိပေမယ့်ရပ်ရွာထဲမှာတော့ ဆက်လက် ရပ်တည်နိုင်အောင်ကြိုးပမ်းနေပါတယ်။ ကိုယ့်ဒေသမှာပဲ ကမ်ပိန်းတွေလုပ်တယ်။ သင်တန်းတွေဆက်ပြီးတော့ ပေးနေတာ ရှိတယ်။” လို့ ရှမ်းပြည်နယ် အခြေစိုက်ထိန်းသိမ်းရေးအဖွဲ့အစည်းဖြစ်တဲ့ ကျွန်းတစ်ထောင်ဖောင်ဒေးရှင်း တည်ထောင်သူ နန်းဝါနုကပြောပါတယ်။
နန်းဝါနု ကအရင်အစိုးရလက်ထက်တွေမှာ မြစ်ချောင်းထိန်းသိမ်းရေး၊ မြစ်တွေပေါ် အကြီးစားရေကာတာ တည်ဆောက်တာ တွေ ရပ်တန့်ဖို့ လှုပ်ရှားဆောင်ရွက်သူဖြစ်ပါတယ်။ အဲ့ဒီကာလတုန်းက အစိုးရတာဝန်ရှိအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လို့ ဥပဒေတွေ မူဝါဒပြောင်းလဲရေးတွေကိုလုပ်ဆောင်ခဲ့ပေမယ့် လက်ရှိအနေအထားအရ လုပ်ဆောင်ဖို့ခက်ခဲတဲ့အတွက် သူတို့ အဖွဲ့ အပါအဝင်အရပ်ဘက်အဖွဲ့အစည်းအများစုက ရပ်ဆိုင်းထားရပါတယ်။
အရပ်သားအစိုးရလက်ထက်မှာ မြစ်ချောင်းတွေလွတ်လပ်စွာ စီးဆင်းစေရေးအတွက် မြစ်ချောင်းထိန်းသိမ်းရေးလုပ်ငန်းတွေ ရေကာတာစီမံကိန်းကြီးတွေ ရပ်ဆိုင်းရေးကမ်ပိန်းတွေကို ကိုယ့်ရပ်ရွာဒေသတင်မက တိုင်းဒေသကြီးတွေမှာ ကျယ်ကျယ် ပြန့်ပြန့်လုပ်နိုင်တဲ့အထိ ခရီးပေါက်ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ ခက်ခဲသွားပါတယ်။
ရှမ်းပြည်နယ်က အရင်အစိုးရလက်ထက်အဆက်ဆက်ကတည်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းပေါင်းစုံရှိတဲ့ နယ်မြေဖြစ်တဲ့အပြင် အာဏာသိမ်းပြီးချိန်မှာလည်း အခြားဒေသတွေလို တိုက်ပွဲကြီးတွေမပြင်းထန်သေးပေမယ့် ပဋိပက္ခ နယ်မြေဖြစ်တာကြောင့်ပြည်သူတွေမှာ စိတ်မလုံခြုံတော့တဲ့အတွက် ပူးပေါင်းပါဝင်ဖို့နည်းလာတာကြောင့် ထိန်းသိမ်းရေး လုပ်ဆောင်သူတွေမှာလည်း ခက်ခဲတဲ့အနေအထားလို့ သူကဆိုတယ်။
” အာဏာသိမ်းတာအပြင် သူတို့တွေက(EAO/ပြည်သူ့စစ်) ပြည်သူနဲ့ အနီးဆုံးနေရာတွေမှာဖြစ်နေတာ။ ပြည်သူတွေက ပိုပြီးတော့အသံမထွက်ရဲတော့ဘူး ဆိုတဲ့အပိုင်းပေါ့။ စိတ်မလုံခြုံတဲ့အပိုင်းလေး ဖြစ်ပေါ်လာတော့ အလုပ်လုပ်ရတာ တော်တော် လေးခက်ခဲပြီး အလုပ်လုပ်ရတာ ကြားညှပ်နေတယ်ပေါ့။”လို့ နန်းဝါနုကပြောပါတယ်။
အဲ့ဒီအတွက် ထိန်းသိမ်းရေးလုပ်ဆောင်သူတွေမှာ အခက်ခဲတွေကြားထဲကနေ ကိုယ့်ရပ်ရွာမှာပဲ သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဆိုင်ရာ သင်တန်းတွေပြုလုပ်တာ၊ သစ်ပင်စိုက်ပျိုးတာ၊ စိုက်ပျိုးပြီးသားအပင်ထိန်းသိမ်းတာ၊ မြစ်ချောင်းထိန်းသိမ်း ရေးဆိုင်ရာ ကမ်ပိန်းတွေကို အသိအမြင်ပေးအနေနဲ့ ပုံစံပြောင်းလုပ်ရတယ်လို့ ဆက်ပြောတယ်။
လတ်တလောမှာအာရုံစိုက်ရမယ့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စရပ်တွေထဲ သစ်တောပြုန်းတီးမှု ၊သတ္တု၊ သယံဇာတ တူးဖော်မှုတွေနဲ့ဆက်စပ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေပြီး ဒါတွေကိုလက်မခံဘဲ ကန့်ကွက်လုပ်ဆောင်သင့်ပြုပြင် ပြောင်းလဲသင့်ပေမယ့် တရားဥပဒေစိုးမိုးမှုက မရှိတဲ့အတွက် ခက်ခဲတဲ့အနေအထားဖြစ်နေတယ် လို့ဆက်ပြောတယ်။
” ဒီဟာနဲ့ဆက်စပ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ချက်ချင်းလုပ်ရမှာ အဲ့ဒါတွေလုပ်ရမယ်ဆိုတော့ တရားဥပဒေ စိုးမိုးရေးကမရှိပြန်ဘူး။ အကုန်လုံးကြောက်နေရတဲ့ခေတ်ဆိုတော့ ခပ်လျှိုလျိုနေရတဲ့ အပိုင်းဖြစ်နေတာပေါ့။” လို့ နန်းဝါနုက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှုကင်းလွတ်နေတဲ့အတွက် သစ်ခိုးထုတ်မှုတွေမြင့်တက်နေတာ၊ သတ္တုတူး ဖော် တာ၊ မြေယာအခွင့်အရေး ဌာနေတိုင်းရင်းသားအခွင့်အရေးဆုံးရှုံးနစ်နာမှု တွေရှိနေတာကြောင့် ပတ်ဝန်းကျင်ဂေဟစနစ် ယိုယွင်းတာ မြစ်ချောင်းတွေ ပျက်စီးတာတွေကြုံလာရပြီး ဒါတွေကို ထိန်းသိမ်းဖို့ မျက်ကွယ်ပြုခံနေရပါတယ်။
ဒီလိုပျက်စီးယိုယွင်းမှုတွေကို ထိန်းသိမ်းဖို့နဲ့ ထောက်ပြပြောဆိုတာတွေလုပ်ဆောင်ရင် လုပ်ဆောင်သူတွေကို ပစ်မှတ်ထား အရေးယူလာနိုင်တာကြောင့် ထိန်းသိမ်းရေးလုပ်ဆောင်သူတွေမှာလည်း နှုတ်ဆိတ်နေရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုက အကြောင်းအမျိုးမျိုးနဲ့ဒေသအသီးသီးမှာ တိုးလာနေပြီး ဒါတွေကို အချိန်မှီပြုပြင်ဖို့လိုအပ်ပေမယ့် အခုချိန်မှာတော့ဘယ်လိုမှ ပြောဆိုလို့မရ ထိန်းသိမ်းလို့မရတဲ့အနေအထား တစ်ခု ကို ရင်ဆိုင်နေရတာလို့ မြစ်ချောင်းနဲ့သစ်တောထိန်းသိမ်းရေးလုပ်ဆောင်သူတစ်ဦးဖြစ်တဲ့ မယုယ(အမည်လွှဲ)က ပြောပါတယ်။
အထူးသဖြင့် မြေရှားအပါအဝင် သတ္တုတူးဖော်တာ၊ ရွှေနဲ့ကျောက်စိမ်းတူးဖော်တာတွေနဲ့ သစ်ခိုးထုတ်မှုတွေက အဆိုးဆုံး ဖြစ်နေပြီး ဒီအကျိုးဆက်တွေကြောင့် မြစ်ချောင်းတွေညစ်ညမ်းတာ၊တိမ်ကောလာတာနဲ့ ရေကြီး ရေလျှံတာတွေ ကြုံနေရ တယ်လို့ဆိုတယ်။
“မြန်မာနိုင်ငံအထက်ကနေအောက်ကို ကြည့်လိုက်မလား ထိခိုက်ပျက်စီးတာတွေကအများကြီးပဲ။ အပေါ်ဘက်မှာ သတ္တုတူး၊ ရွှေတူးလို့အောက်က မြစ်ကြောင်းတလျှောက်ထိခိုက်နေတာ ၊ဒီလိုပျက်စီးတာတွေမြင်နေပေမယ့်လည်း လုပ်ခွင့်မရဘဲ ကျွန်မတို့က ထိုင်ကြည့်နေရတဲ့သဘောပဲ။”လို့ မယုယကပြောပါတယ်။
အထူးသဖြင့် အာဏာသိမ်းပြီးနောက်မှာ စစ်တပ်ရဲ့ဖမ်းဆီးမှုကိုခံရသူတွေထဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြေယာနဲ့ လူ့အခွင့် အရေးလုပ်ဆောင်နေသူအချို့ပါဝင်တဲ့အတွက်လည်း လုံခြုံရေးအခြေအနေတွေကြောင့် ထိန်းသိမ်းရေးလုပ်ငန်းတွေလည်း ရပ်တန့်ပြီး ထိန်းသိမ်းရေးလုပ်ဆောင်သူတွေမှာလည်း နေရာရွှေ့ပြောင်းနေထိုင်တာတွေလုပ်ဆောင်ရတယ်လို့ ဆိုတယ်။
” ဖမ်းဆီးခံရသူတွေက ဒါလုပ်လို့ (ပတ်ဝန်းကျင်ထိန်းသိမ်းရေး) ဖမ်းခံရတာတော့မဟုတ်ပေမယ့် အခုချိန်မှာ ရွှေတူးဖော်ရေး လုပ်ငန်းတွေကြောင့်ဧရာဝတီမြစ်ကြီး ပျက်ပါပြီ။ ဥရုချောင်းပျက်စီးနေပါပြီလို့ ထောက်ပြကြည့် ဒါက သူတို့အကျိုးစီးပွား ထိခိုက်လာနိုင်တဲ့အတွက် ပြောတဲ့သူကို ပစ်မှတ်ထားလာနိုင်မှာပဲ။”လို့ မယုယကပြောပါတယ်။
အဲ့ဒီအတွက်လည်း အရင်ကလို ထိထိရောက်ရောက်ထောက်ပြပြောဆိုတာ၊ အစိုးတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး ပြောဆိုဆွေး နွေးတာတွေ၊ ကျေးရွာဒေသအထိ သွားရောက်ပြီး ထိန်းသိမ်းတာတွေလုပ်ဖို့အခွင့်မသာတော့တာကြောင့် ကိုယ့်ဒေသမှာပဲ အသိပညာဖလှယ်တာ၊ အထိမ်းအမှတ်နေ့တွေမှာ သစ်ပင်စိုက်ပျိုးတာ၊ အမှိုက်ကောက်တာ၊ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိ ပညာပေးတာတွေကိုပဲ လုပ်ဆောင်နိုင်တယ်လို့ ဆက်ပြောတယ်။
” အခုကတော့ ဆိုးတာကိုကြည့်ရင်း ကောင်းတာလေးတွေလည်း ရသလောက်လုပ်နေရတဲ့သဘောပေါ့။ ဒါတွေကိုလည်း အရင်လိုလူသိထင်ရှားနဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်တာတော့မဟုတ်ဘူးပေါ့။” လို့ မယုယကဆိုတယ်။
ဒါပေမယ့်လည်း နေရာတိုင်းမှာ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတွေက အလျင်အမြန်တိုးနေတဲ့အတွက် ဘယ်လိုမှ မတတ်နိုင် ခင်မှာ ပတ်ဝန်းကျင်အခြေအနေကြီးက ပိုလို့ထိခိုက်လာမှာကို စိတ်ပူတယ်လို့ ဆက်ပြောတယ်။
” ဒီထက်မဆိုးလာခင် အချိန်မှီထိန်းသိမ်းဖို့တော့မျှော်လင့်နေရတာပဲ။ ဒါကလည်း တိုင်းပြည်အေးချမ်းမှလုပ်ခွင့်ရမယ့် အနေ အထားဆိုတော့လေ။” လို့ မယုယက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၂ခုနှစ် သြဂုတ်မှာထုတ်ပြန်တဲ့ Global Witness ရဲ့ အစီရင်ခံစာအရ ကချင်ပြည်နယ်မှာ မြေရှားတူးဖော်မှု၊ ကျောက်စိမ်းတူးဖော်မှုတွေအပြင် တရုတ်တစ်လျှူးငှက်ပျောစိုက်ပျိုးတာနဲ့ သစ်တောခုတ်ယူမှုစတဲ့ သဘောဝပတ်ဝန်းကျင် ဖျက်ဆီးမှုတွေက အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုများလာတယ်လို့ ဖော်ပြထားပါတယ်။
Global Witnessရဲ့ ဂြိုလ်တုကနေလေ့လာမှုအရ ၂၀၂၂ခုနှစ် မတ်လမှာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ မြေရှားသတ္တုတူးဖော် ရေး လုပ်ကွက်ပေါင်း ၂,၇၀၀ ကျော်တို့ကိုတွေ့မြင်ရပြီး ဒီပမာဏက စင်္ကာပူနိုင်ငံရဲ့ အရွယ်အစားခန့်ရှိတယ်လို့ ဖော်ပြထားတယ်။
ဒီဖော်ပြချက်တွေက စစ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့အကျိုးတူစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လက်ဝါးကြီးအုပ်စိုး လုပ်ကိုင်မှုကြောင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကို မီးမှောင်ထိုးပြနေတာလို့ ထိန်းသိမ်းရေးလုပ်ဆောင်သူတွေကဆိုတယ်။
အရင်အစိုးရလက်ထက်မှာ ထိန်းသိမ်းနိုင်ခဲ့တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပြသနာတွေကလည်း အာဏာသိမ်းပြီးနောက်မှာ မထိန်းနိုင်တော့တဲ့အပြင် ပိုမိုဆိုးရွားစွာ အဆင်ခြင်မဲ့လုပ်ဆောင်လာကြသလို ပြည်သူတွေမှာရှိခဲ့တဲ့ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးအသိစိတ်ဓာတ်တွေကလည်း လျော့ကျလာတာတွေ့ရတယ်လို့ ထိန်းသိမ်းရေးလုပ်ဆောင်သူတွေက ဆိုပါတယ်။
ထိန်းသိမ်းရေးဆောင်ရွက်သူတွေမှာလည်း ခက်ခဲတဲ့အခြေအနေကြား အခွင့်အရေးရသလောက် လုပ်ဆောင်နေရပေမယ့် နိုင်ငံရေးအခြေအနေ၊ စီးပွားရေးနဲ့စားဝတ်နေရေး အကျပ်အတည်းတွေကြောင့် ပြည်သူတွေလိုက်ပါမလာနိုင်တာလည်း ကြုံတွေ့ရတယ်လို့ Eco-Warrior အဖွဲ့တည်ထောင်သူ ညောင်ရွှေမြို့ဒေသခံ မပူဆူးကပြောပါတယ်။
Eco-Warrior တည်ထောင်သူ မရီရီမင်း(ခ)မပူဆူးက ညောင်ရွှေမြို့ဝန်းကျင်မှာ အမှိုက်ကောက်လှုပ်ရှားမှုတွေ ၊ ပလတ် စတစ်အိတ် သုံးစွဲမှုလျော့ကျရေးတွေကို လုပ်ဆောင်နေသူတစ်ဦးဖြစ်ပါတယ်။
မပူဆူးရဲ့ Eco-Warrior အဖွဲ့ဝင်ကလေးတွေက အင်းလေးဒေသမှာ အမှိုက်ကောက်တာ၊ သစ်ပင်စိုက်တာ ၊ပလတ်စတစ် အစားထိုးစက္ကူအိတ်တွေ ပြုလုပ်တာစတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာပေးအစီအစဉ်တွေကို လွန်ခဲ့တဲ့၁၀နှစ် ဝန်းကျင်ကတည်းကပြုလုပ်ခဲ့တာပါ။
“ ကလေးတွေက ပုံမှန်လေး၊ စနစ်တကျလေးလုပ်နေတော့ ကလေးတွေကို အသိအမှတ်ပြုရင်း လူတွေလည်း ဆင်ခြင်လာတယ်ပေါ့။ တစ်ခုပဲ တချို့စည်းကမ်းမလိုက်နာတဲ့သူတွေက အမှိုက်မီးရှို့နေတုန်း ၊ကလေးတွေကလည်း မီးရှို့ရင်သွားပြောတာ မီးမရှို့ဘဲ အမှိုက်ကိုစနစ်တကျလေးပစ်ပေးဖို့ကို။” လို့ မပူဆူးကပြောပါတယ်။
ကလေးတွေကပုံမှန် အမှိုက်ကောက်တာကြောင့် ညောင်ရွှေမြို့လေးက အမှိုက်ကင်းစင်ပြီး ရပ်ကွက်အချို့နဲ့လမ်းတွေမှာ အမှိုက်တွေ လုံးဝမရှိတော့တဲ့အထိဖြစ်လာသလို ရပ်ကွက်နေပြည်သူအချို့ကလည်း အမှိုက်ကိုစနစ်တကျစွန့်ပစ်လာကြ တယ်လို့ မပူဆူးကပြောပါတယ်။
ဒါပေမယ့် ဒီဘက်နောက်ပိုင်းကာလမှာ ပြည်သူတွေကို အသိပညာပေးစည်းရုံးရတာခက်ခဲလာပြီး အရင်လို တက်တက် ကြွကြွနဲ့ ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပူးပေါင်းလုပ်ဆောင်ဖို့ အခက်ခဲတွေကြုံလာရတယ်လို့ဆက်ပြောတယ်။
” အမတို့ဆို ဒီနှစ်တွေမှာ အမှိုက်ဘယ်လောက်ပဲ ကောက်ကောက် ပိုပိုဆိုးလာတယ်။ အထိမ်းအမှတ်နေ့တွေမှာ အမှိုက်ပုံ အကြီးကို Challenge လုပ်ပြီး ငွေကုန် လူပင်ပန်းခံပြီးကလေးတွေနဲ့ နှစ်ရက်သုံးရက်လောက် ရှင်းပေးပြီးလည်း နောက်ရက် ကြအဲ့ဒီနေရာမှာ အမှိုက်တွေနဲ့ ထပ်ဖြစ်တယ်။”လို့ မပူဆူးကပြောပါတယ်။
ပြည်သူတွေက ခေတ်ကာလကျပ်တည်းတဲ့အချိန်ကာလမှာစီးပွားရေးကျပ်တည်းပြီး စားဝတ်နေရေး လုံးပန်းနေရတဲ့အတွက် ထိန်းသိမ်းရေးလုပ်ငန်းတွေကိုလည်း အာရုံမစိုက်နိုင်ကြတော့ဘဲ အရင်ကရှိခဲ့တဲ့ ထိန်းသိမ်းရေးအမူအကျင့်ကောင်းတွေကို အလွယ်တကူ ချိုးဖောက်တာတာတွေ့ရတယ်လို့ ဆက်ပြောတယ်။
” အခုက Awareness(အသိပညာပေး) ပေးလို့သိပ်မလွယ်တော့ဘူး လူတွေကစားဝတ်နေရေးပဲဂရုစိုက်တယ်။ ဒေါသတွေ စိတ်တွေကြီးကြတယ်။ ဆရာလုပ်တာတွေမကြိုက်ကြတော့ဘူး။ အမှိုက်ဒီနေရာမှာ မပစ်နဲ့လို့ရေးရင်တောင်မှ ကွယ်ရာမှာ ခိုးပစ်လိုက်မယ် ဆိုတဲ့ စိတ်ရှိကြတယ်။”လို့ မပူဆူးကပြောပါတယ်။
သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုပြသနာတွေက ယင်းဒေသမှာမှီတင်းနေထိုင်တဲ့လူမှုဘဝတွေရဲ့ ရှင်သန်ရပ်တည်ရေး ကို ခြိမ်းခြောက်နေတဲ့ပြသနာပဲဖြစ်ပါတယ်။ ဒီလိုထိခိုက်မှုဆိုးကျိုးတွေကို အများဆုံးရင်ဆိုင်နေကြရတာကလည်း အမျိုးသမီးတွေပါ။
ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတွေရဲ့ အကျိုးဆက်တွေဖြစ်တဲ့ သစ်တောပြုန်းတီးမှု၊ သန့်ရှင်းတဲ့သောက်သုံးရေမရှိမှု၊ အစာ ရေစာရှားပါးမှု၊ စွမ်းအင်လိုအပ်ချက် စတဲ့ပြသနာတွေက နေအိမ်ရဲ့စားဝတ်နေရေး တာဝန်ယူထားရတဲ့ အမျိုးသမီးတွေ အတွက် အခက်အခဲတစ်ခုပါ။
အမျိုးသမီးတွေက သဘာဝကြားထဲမှာနေထိုင်ပြီး သဘာဝတောထွက်ပစ္စည်းတွေကို သုံးစွဲရတဲ့အခါမှာ သဘာဝပတ်ဝန်း ကျင် ထိခိုက်ပျက်စီးရင် စားဝတ်နေရေးထိခိုက်မှာဖြစ်ပါတယ်။ စားဝတ်နေရေး ထိခိုက်ရင် ကလေးနဲ့အမျိုးသမီးတွေလည်း ထိခိုက်မှာဖြစ်တယ်လို့ နန်းဝါနုကပြောတယ်။
” ပြောရရင် တကယ်အရေးကြီးဆုံး စားဝတ်နေရေးထိသွားတဲ့အတွက် ကလေးနဲ့အမျိုးသမီးအတွက် တော်တော်လေးအရေး ကြီးတဲ့ အပိုင်းဖြစ်သွားတယ်” လို့ နန်းဝါနုကပြောပါတယ်။
ဒီအတွက်လည်း သဘာဝပတ်ဝန်းကျင်ကိုအလျင်အမြန်ထိန်းဖို့လိုအပ်သလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အမျိုး သမီးတွေကိုယ်တိုင် သိရှိလိုက်နာပြီး ထောက်ပြပြောဆိုဖို့လည်း အရေးကြီးတယ်လို့ ထိန်းသိမ်းရေးလုပ်ဆောင်သူတွေက ပြောပါတယ်။
လတ်တလောမှာ အခက်အခဲတွေရှိပေမယ့်လည်း မပူဆူးနဲ့ အဖွဲ့ဝင်တွေကတော့ နေထိုင်တဲ့ ညောင်ရွှေကမြို့ဝန်းကျင် အမှိုက်ကင်းစင်ပြီး နေထိုင်ရာ ကမ္ဘာမြေကြီးစိမ်းလန်းသာယာဖို့က အရေးကြီးဆုံးလို့ခံယူထားတဲ့အတွက် ဘယ်လိုအခက် အခဲ ကြုံတွေ့ပါစေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆက်ပြောပါတယ်။
သူတည်ထောင်ထားတဲ့ Eco-Warrior အဖွဲ့က ကလေးတွေအတွက် ပညာရေးထောက်ပံ့မှုအစီအစဉ်တွေနဲ့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး ကိုယ်တိုင်လည်း သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ် နိုးသူဖြစ်တာကြောင့် တတ်နိုင်သမျှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆက်လုပ်ဆောင်သွားမယ်လို့ မပူဆူးက ဆိုတယ်။
ဒါ့အပြင် နိုင်ငံရေးအခြေအနေနဲ့စီးပွားရေး ခက်ခဲတဲ့ကာလမှာ ထိန်းသိမ်းရေးလုပ်ငန်းတွေကိုရသလောက် လုပ်ဆောင်နေ သူတွေကလည်း ကောင်းမွန်တဲ့လုပ်ရပ်ကို လုပ်ဆောင်သူတွေဖြစ်တာကြောင့် အားမလျှော့ဘဲ ယုံကြည်ရာကို လုပ်ဆောင်ဖို့ အားပေးချင်တယ်လို့မပူဆူးက တိုက်တွန်းလိုက်ပါတယ်။