Home ဆောင်းပါး အိမ်ထောင်ရေးရဲ့ သားကောင်မဟုတ်

အိမ်ထောင်ရေးရဲ့ သားကောင်မဟုတ်

မေငြိမ်း။ ။

“သူအိမ်ပြန်နောက်ကျနေတာ မဆန်းတော့ပါဘူးဟာ.. ငါလည်း ဘာမှမေးမနေတော့ဘူး.. သူ့မှာ အဖြေ ပေးစရာ တစ်ခုခု အမြဲ ရှိပြီးသားလေ..ငါလည်း ဘာမှမှ မတတ်နိုင်တာ။ သူ ပြန်လာတော့လည်း .. သြ.. သူပြန်လာသေးသားပဲ လို့ တွေးရတာပဲ။ အိမ်ထောင်သက်လည်း ကြာပြီဆိုတော့ သူ ငြီးငွေ့ပြီ ထင်ပါရဲ့”

“အိမ်ထောင်သက် ကြာလို့မို့ သူငြီးငွေ့ပြီဆိုတော့ .. နင်တို့ ငါတို့ ကရော မငြီးငွေ့တတ် ဘူးလား.. အဓိကက .. အိမ်ထောင်ရေးတစ်ခုမှာ ငြီးငွေ့နိုင်တယ်.. ဒါပေမဲ့ အဲဒီငြီးငွေ့မှုကို လင်မယား နှစ်ယောက် ဘယ်လို ကုစား မလဲဆိုတာကသာ အရေးကြီးတာပါ။ သူစိမ်းနှစ်ယောက်အတူတူနေကြတာမှာ ပြဿနာရှိကြရင် နှစ်ယောက် စလုံးမှာ ချို့ယွင်းချက်ရှိတာပဲ.. ဒါတွေကို ဘယ်လို ရင်ဆိုင်ပြီး.. ဖြေရှင်းပြီး အတူ နေသွား နိုင်သလဲဆိုတာက အိမ်ထောင်ရေးဘဝပဲ မဟုတ်ဘူးလား”

“ငါ သူ့ကို အဲလို စကားအေးဆေးပြောဖို့ ကြိုးစားတယ်.. ဒါပေမဲ့ မအောင်မြင်ဘူး.. အော်ကြ ဟစ်ကြ ရန်ဖြစ်ကြ တာနဲ့ပဲ အဆုံးသတ်တယ်”

“ အဲဒါ အဓိကပဲပေါ့.. နင်တို့က အဖြေရှာချင်တာလား.. ဒေါသချင်းပြိုင်ရန်ဖြစ်ချင်တာလား ဆိုတာတော့ ကိုယ့် ဘာသာပဲ စဉ်းစားကြရမှာ”

“သူက ငါ့ကို စကားများတယ်လို့ ပြောတယ်.. သူအနေအထိုင်တွေမဟုတ်တော့လို့ ငါက ပြောနေရတာ”

“ဒါဆို နင်သူ့ကို အဲဒီအတိုင်း ပြောလေ..။ စကားပြောလို့ အဆင်မပြေကြသေးရင် သူမကျေနပ်တာတွေ ချရေး.. နင်မကျေနပ်တာတွေ ချရေးပြီး အပြန်အလှန် ဖတ်ကြ.. ပြီးရင် သူလိုအပ်တာနဲ့ နင်လိုအပ်တာတွေ တစ်ယောက် နဲ့ တစ်ယောက် အပြန်အလှန်လိုက်လျောနိုင်လား.. ညှိကြပေါ့။ မလိုက်လျောနိုင်ရင်လည်း ဘာကြောင့်ဆိုတာကို သေချာပြောပြ.. ဒါကို နှစ်ဘက်လုံး လက်ခံနိုင်တဲ့အထိ ညှိကြရမှာပဲ.. အတူတူနေလာကြတာပဲ ကြာလှပြီဟာ”

“မရပါဘူးဟာ.. ငါ အမျိုးမျိုး ကြိုးစားပြီးပြီ.. သူ ငါ့အပေါ်မှာကို ဘာခံစားချက်မှ မရှိတော့တာ”

“နင်ကရော.. သူ့အပေါ်ခံစားချက်ရှိသေးလား.. ပြောပါဦး”

“ ငါလည်း စိတ်ကုန်နေပြီ.. ဒီဘဝမှာ မပျော်တော့တာ ကြာပြီ”

“သေချာလား.. ဒါဆိုလည်း ကွဲလိုက်ကြပေါ့ဟာ.. မကျန်းမာတဲ့ အိမ်ထောင်ရေးထဲ နေတာထက်.. တစ်ယောက်တည်းနေရတာက အေးချမ်းသေးတယ်”

“ငါက ကွဲနိုင်တယ်.. ကလေးတွေ မျက်နှာကြောင့် သည်းခံနေရတာ”

“ဒါဖြင့် ကလေးတွေကရော နင်တို့ကြောင့် ကျေနပ် စိတ်ချမ်းသာနေရလားဆိုတာတော့ နင်တို့နှစ်ယောက်လုံး စဉ်းစားရလိမ့်မယ်”

“သူက အပြင်မှာ ဘယ်လိုနေနေ သားသမီးကိုတော့ ဂရုစိုက်ပါတယ်”

“ဒါဆိုရင်တော့ နင်ဘာမှ မခံစားနဲ့တော့.. ဒါ နင်ရွေးတဲ့လမ်းပဲ။ အပြင်မှာ သာယာပြီး ကိုယ့်အပေါ်မသာယာတဲ့ အိမ်ထောင်ဖက်နဲ့ ပတ်သက်ပြီး နင့်မှာ တွဲရေးကိုပဲ ရွေးဖို့လမ်းရှိတယ်ဆိုရင် ဒီလမ်းကိုသာ အားတင်းလျှောက် ဖို့ပဲ စဉ်းစားတော့။ နင့်ကို ပြတ်ပြတ်သားသားမထားခဲ့ပါစေနဲ့လို့ပဲ ဆုတောင်းနေပေါ့ဟာ”

+++++

ခုခေတ်မှာတော့ ဒီလို အိမ်ထောင်ရေးတွေ အများကြီး ရှိလာပါပြီ။ ခင်ပွန်းသည်တွေက မိန်းမ.. အရက် နဲ့ မူးယစ်ဆေးကို ရွေးလို့ သားသမီးတွေနဲ့အတူ လည်စင်းခံနေရတဲ့ အိမ်ထောင်ရှင်မတွေ အများကြီးပါ။ တချို့ ယောက်ျားတွေဆို သူတို့ဇနီးမယားကို သူတို့ပိုင်ပစ္စည်းလို နှိပ်စက် ရိုက်နှက်တာတွေ ဆဲဆိုကြိမ်းမောင်း ခြိမ်းချောက်နေတာတွေတောင်ရှိတာပါ။ အမျိုးသားနဲ့ အမျိုးသမီး နှစ်ဘက်စလုံးမှာ ချို့ယွင်းချက် ရှိကြတာချင်း တူရင်တောင်မှ အစဉ်အလာတွေအရ အခွင့်အရေးက မတူတာမို့ ဒီ မကျန်းမာတဲ့ အိမ်ထောင်ရေးထဲမှာ အမျိုးသမီးတွေအတွက် ထွက်ပေါက် မရှိသလောက်ပါပဲ။ ဒါပေမဲ့ မိန်းမတွေကတော့ ဒီခင်ပွန်းသည်ကို ငွေကြေးအရ အားကိုးဖို့ နဲ့ သားသမီးတွေရဲ့ ဖခင်အဖြစ်ရှိနေဖို့ဆိုတာတွေ နဲ့ သူတို့ရဲ့ နာကျင်စရာဘဝတွေကို ညည်းတွားရင်းနဲ့ပဲ ရှေ့ဆက် နေကြပါတယ်။ နောက်တကြောင်းကတော့ တစ်ခုလပ် အိမ်ထောင်ပျက်ဆိုတဲ့ နာမ ကို ရင်မဆိုင်ရဲကြတာပါပဲ။

ကျမအမြင်မှာတော့ အဲဒီ အိမ်ထောင်ရှင်မ တွေဟာ သူတို့ရဲ့ အဲဒီ ခြောက်ချားစရာ ဘဝ ထဲမှာ သက်သာစရာ ထောင့်လေး (Comfort Zone) တစ်ခုခု ရှိနေလို့သာ မြဲနေကြတာလို့ ထင်တာပါပဲ။ ဒီနေရာမှာ ကျမဆိုလိုတဲ့ သက်သာရာ ထောင့်လေးဆိုတာကတော့ မိသားစုရဲ့ လိုအပ်ချက်တစ်ခုခုကို ဒီလင်ယောကျ်ားက ပေးနေလို့၊ ဒါမှမဟုတ်လည်း ဇနီးမယားကို မကြင်နာသော်လည်း သားသမီးကိုတော့ ဂရုစိုက်လို့၊ ဒါမှမဟုတ်.. ကိုယ့်မိသားစုဘဝ ရှင်သန်ရပ်တည်ရေးအတွက် အားကိုးနေရလို့ဆိုတဲ့ မျှော်လင့်ချက်မျိုးရှိနေတာကို ဆိုလို တာပါ။ နောက်ထပ် အံ့သြစရာကောင်းတဲ့ သက်သာရာတစ်ခုကတော့ အမျိုးသမီးတွေမှာသာ အများဆုံးရှိတဲ့ ဗီဇစိတ်တစ်ခုဖြစ်တဲ့ မေတ္တာတရားကြောင့်ပါပဲ။ အလွှာအမျိုးမျိုးက အိမ်ထောင်ရှင်အမျိုးသမီးတွေဟာ ဒီ မေတ္တာတရားနဲ့ပဲ ဒုက္ခအမျိုးမျိုးကို ရင်ဆိုင် ကျော်လွှားနိုင် ကြတာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ လင် ယောကျ်ားတွေကတော့ အဲဒီ အားနည်းချက်ကိုပဲ အခွင့်အရေးယူပြီး အနိုင်ကျင့်ကြတော့တာလို့ ကျမ ကောက်ချက်ချချင်ပါတယ်။

+++++

မြန်မာ့ အစဉ်အလာထဲမှာ အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး .. ဤသုံးမျိုးချက်မပိုင်လျှင် နောင်ပြင်ရန်ခက်လိမ့်မျိုး လို့ ပြောလေ့ရှိနေကြတာ ကြားဖူးကြမှာပါ။ အလွယ်တကူ ပြင်ဖို့ ဖျက်ဖို့မလွယ်တဲ့ သဘောပေါ့။ ဟုတ်ပါတယ်.. အိမ်ထောင်ရေးဘဝတစ်ခုကို အကြောင်းကြောင်းကြောင့် ဖျက်မယ်ဆိုရင် အနည်းနဲ့အများတော့ ထိခိုက် နာကျင်ကြရတာ ငြင်းမရပါဘူး။ ဒါပေမဲ့လည်း ပြင်မှ ဖျက်မှ ဖြစ်တော့မယ့် အခြေအနေမျိုး ဆိုရင်တော့လည်း ပြင်ကြ ဖျက်ကြရတာပါပဲ။ ဒီနေရာမှာ ထိခိုက်ကြရတာ အမျိုးသားရော အမျိုးသမီးရော နှစ်ဘက်စလုံးပါ။

ဒါပေမဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို အများဆုံးခံစားကြရတာကတော့ အမျိုးသမီးတွေပါပဲ။ အကြောင်းရင်း ရေရေရာရာ မသိခင်မှာကိုပဲ အိမ်ထောင်ကွဲမှုမှာ အပြစ်ရှိသူဟာ အမျိုးသမီးသာဖြစ်တယ်လို့ ပတ်ဝန်းကျင်က သတ်မှတ်ပြီးသား ဖြစ်နေပါပြီ။ အမျိုးသမီးက အိမ်ထောင်ထိန်းညံ့လို့ .. တစ်ခုခု ချို့ယွင်းလို့.. စသဖြင့်….။ အမျိုးသားတွေအတွက်မှာတော့ တစ်ခုလပ်ရယ်လို့ သတ်မှတ်ခံလိုက်ရလို့ သိပ်ထွေထွေထူးထူးနစ်နာသွားတာ မရှိပါဘူး။ တချို့အမျိုးသားတွေဆို လွတ်လပ်သွားပြီရယ်လို့တောင် ကြွေးကျော်ကြတာပါ။ အမျိုးသမီးတွေ ခမျာ မှာတော့ အဲဒီလို အိမ်ထောင်ပျက်သွားပြီးနောက်ဟာ ပိုလို့ မလွတ်လပ်တော့တာပါ။ မလွတ်လပ်ခြင်းရဲ့ အခက်အခဲတွေ သောကတွေကို ပိုတောင် လက်ခံကြရတော့တာပါ။ အထူးသဖြင့် မြန်မာနိုင်ငံမှာတော့ ပတ်ဝန်းကျင်ရဲ့ ပယောဂကြောင့် အိမ်ထောင်ကွဲအမျိုးသမီးတွေရဲ့ဘဝက ပိုနာကျင်စရာဖြစ်နေတာမို့ အမျိုးသမီး အများစုဟာ အိမ်ထောင်ကွဲကြရမှာကို ကြောက်ကြပါတယ်။ အဲဒီအခါ အမျိုးသမီးတွေဟာ အိမ်ထောင်ရေးဘဝထဲမှာ သားကောင်တွေလိုပဲ အရာရာကို လည်စင်းခံလိုက်ကြရတော့တာပါပဲ။
+++++

တကယ်တော့ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ… ဘယ်သူမှ အခြေအနေတစ်ခုရဲ့ သားကောင် မဖြစ် သင့်ပါဘူး။ အိမ်ထောင်ရေးဆိုတာဟာ လူသားနှစ်ယောက်.. အခြေအနေတစ်ခု.. အချိန်အခါ တစ်ခုထဲမှာ အတူတူနေဖို့ ဆုံးဖြတ်ပြီး နေလိုက်ကြတာပါပဲ။ ဒီနေရာမှာ နှစ်ယောက်စလုံး ကိုယ့်တာဝန်ကိုယ်ယူရင်း.. တစ်ယောက်နဲ့တစ်ယောက် လိုတာဖြည့်.. ပိုတာမျှရင်း နေသွားကြမယ်လို့ ဆုံးဖြတ်လိုက်တာပါပဲ။

ဒါပေမဲ့ အမျိုးသားအများစုကတော့ အိမ်ထောင်ရေးပြဿနာတွေကို ပြေပြေလည်လည် ဖြေရှင်းယူဖို့ထက် အပြင်ထွက်ပြီး သာယာသလို နေဖို့ဆိုတာကို ပိုရွေးချယ်ကြပါတယ်။ သူတို့အတွက် အခြေနေကလည်း ပေးသလို အခွင့်အလမ်းကလည်း သိပ်များတာကိုး။ အလုပ်လို့ အကြောင်းပြရင် ညနက်မှ အိမ်ပြန်လည်း ရ.. အလုပ်ကိစ္စလို့ပြပြီး ခရီးတွေသွားလည်းရ..။ တကယ်တမ်း သူတို့ အဲလို လိမ်ပြောနေရင်တောင်သူတို့ရဲ့ ဇနီးမယားကို တန်ဖိုးထားမှုတော့ ရှိသေးလို့တောင် ကျေးဇူးတင်ရမလို ဖြစ်နေတဲ့ အခြေအနေပါ။ သူတို့ ဘာမှ မပြောဘဲ သွားနေကြလည်း ကျန်ခဲ့ကြရတဲ့ အမျိုးသမီးတွေအတွက် အဖြေက ကိုယ့်ကိုယ်ကိုယ် ဘယ်လို ရင်ဆိုင်မလဲ လို့ ကြိုးစားကြရုံသာပါပဲ။ ကျားသနားမှ နွားချမ်းသာ.. ဆိုသလို။

နောက်အခြေအနေတစ်ခုကတော့ အိမ်ထောင်သည်အများစုဟာ အချင်းချင်း မပွင့်လင်းကြတာပါ။ ကိုယ့် အိမ်ထောင်ဖက် ကြောင့် ကိုယ်ဝမ်းနည်းတယ်.. စိတ်ထိခိုက်တယ်ဆိုတာကို ဝန်မခံဘဲ စိတ်ဆိုးတယ် .. ဒေါသဖြစ်တယ်လို့သာ ဖော်ပြတဲ့အခါ…၊ သူကိုယ့်အနားမရှိချိန်မှာ သူ့ကို လွမ်းနေတာ.. သတိရနေတာ.. စိတ်ပူနေတာကို ဝန်မခံဘဲ မကျေနပ်တာ.. မယုံတာကိုပဲ ပြောဖြစ်တဲ့အခါ…၊ အဲလို အခြေအနေတွေမှာ စဉ်းစားမိဖို့က ကိုယ့်ခံစားချက်အမှန်ကဘာလဲ .. ဘာလို့ အမှန်ကို ဝန်မခံချင်တာလဲ ဆိုတာတွေပါပဲ။ ရှက်လို့လား.. မာနကြောင့်လား.. တကယ်ပဲ မချစ်လို့လား..။ ဒီနေရာမှာ ပြဿနာဖြစ်ကြတဲ့အခါ ကိုယ်ကသာမှန်တယ်လို့ချည်း စဉ်းစားတတ် ကြ တာကိုလည်း သတိထားမိဖို့ လိုပါတယ်။

ကျမကတော့ အိမ်ထောင်သည်တွေကို အားပေးချင်တာရှိပါတယ်။ ကိုယ်ချစ်လို့ အတူနေနေတဲ့ လင်ယောကျ်ား ကို ဇနီးမယား ကို မကျေနပ်ကြောင်း.. စိတ်ဆိုးကြောင်းတွေ ပြောကြသလို .. ကိုယ့်စိတ်ထဲ ရှိတဲ့အတိုင်း ချစ်ကြောင်း.. လွမ်းကြောင်း.. အားကိုးကြောင်း .. ကျေးဇူးတင်ကြောင်းတွေ ပြောကြခြင်းဟာလည်း သာယာတဲ့ အိမ်ထောင်ရေးတစ်ခု ဖြစ်စေတဲ့အချက်တွေဖြစ်တာမို့ အလေ့အကျင့် ဖြစ်စေချင်တာပါပဲ။
+++++

ဂီတစာဆို မြို့မငြိမ်းရဲ့ မင်္ဂလာမောင်မယ် သီချင်းထဲက စာသားတစ်ပိုဒ် နဲ့ အဆုံးသတ်ချင်ပါတယ်။

“မောင် ရှေ့ကိုတည့်တည့် လျှောက်မယ်လေ.. မယ်လည်း တည့်တည့်လိုက်ကာ လျှောက်တယ်မောင်ရေ.. ဟောဟိုအရာ အဖြူပါပေ မြင်သလားမေ.. ဘော်သာခွာညို ပုလဲဖြူ မြင်သားပေါ့သက်ဝေ.. ဘုရားသွား ကျောင်းတက် စိတ်တူကိုယ်တူ ကြည်ဖြူမောင်မယ်တွေ .. မယ်ကား လယ်မြေ ၊ မောင်ကား မိုးကောင်းရေ လောကီအမြုတေ.. သီးပွင့်ဖြိုးဝေ ရာသက်တိုင်လုံး ရွှင်ပျော်နေ”

သိပ်ကို အနှစ်သာရ ရှိတဲ့ စာသားတွေကို တွေ့ကြပါလိမ့်မယ်။

အမျိုးသားတွေက သဘာဝအရ ခွန်အားအရာ အားသာလို့မို့ ရှေ့က လျှောက်တဲ့အခါ အမျိုးသမီးက အတူ လိုက်ပါလို့ရပါတယ်။ ဒါပေမဲ့ မောင်ကလည်း တည့်တည့်မတ်မတ်တော့ လျှောက်ရပါလိမ့်မယ်။ အဲဒီအခါ နှစ်ဦးအတူသွားတဲ့ လမ်းက ဖြောင့်ဖြူးလို့မို့ မောင် နဲ့ မယ် သဘောမမျှစရာ မရှိလှပါဘူးတဲ့။ ကျမအနှစ်သက်ဆုံး ကတော့ “မယ်ကား လယ်မြေ ၊ မောင်ကား မိုးကောင်းရေ” ဆိုတဲ့ ဥပမာပေးလေးပါပဲ။ ဇနီးမယားက တန်ဖိုးကြီး လှတဲ့ လယ်မြေဆိုရင် လင်ယောကျ်ားက အနှစ်အသားပါတဲ့ မိုးရေ ပါတဲ့.. ဒီနှစ်ခုရဲ့ ပေါင်းစည်းမှုနဲ့သာ လောကရဲ့ အသီးအပွင့်အနှစ်အမြုတေတွေ ထွန်းကားဝေဆာပြီး နှစ်တစ်ရာတိုင် ပျော်ရွှင်ကြရမှာပါတဲ့။

Author:

Related Articles