မေ။ ။
နေအလင်းရောင်ဖြာကျနေတဲ့ ပြတင်းပေါက်ဘေးမှာ ပုံတူပန်းချီကားတစ်ချပ်ကို အမျိုးသမီးငယ်တစ်ဦးက စိတ်ရှည်ရှည်နဲ့ ပုံဖော် ရေးဆွဲနေပါတယ်။
ပန်းချီဆွဲနေတယ်ဆိုပေမယ့် အမျိုးသမီးငယ်ရဲ့ဘေးမှာ ဆေးရောင်စုံတွေ ၊ စုတ်တံတွေကိုတော့မတွေ့ရပါဘူး။
အမျိုးသမီးငယ်ရေးဆွဲနေတာက ခဲပန်းချီကားတစ်ချပ်ပါ။ လက်ရာသေသပ်လှတဲ့ ပုံတူခဲပန်းချီတွေကို ရေးဆွဲနေတာကတော့ အသက် ၂၄ နှစ်အရွယ်မသွန်းရွှေရည်ဌေးပါ။
မွေးရာပါ အမြင်အာရုံအားနည်းတဲ့အပြင် အရောင်တွေကိုမခွဲခြားနိုင်တဲ့ Colorblind ဖြစ်နေတဲ့ မသွန်းရွှေရည်ဌေးအတွက် ပန်းချီဆွဲဖို့ဆိုတာကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့တယ်။
ပန်းချီနဲ့ပတ်သက်ပြီး ငယ်ငယ်ကတည်းက ဝါသနာပါခဲ့ပေမယ့် ပန်းချီဆွဲဖို့ဆိုရင်အရောင်တွေပါမှဆွဲနိုင်မယ်လို့ ထင်ခဲ့ပြီး အရောင်တွေမခွဲခြားနိုင်တဲ့အတွက် ပန်းချီပညာကိုသေချာသင်ဖို့အခွင့်အရေးမရှိခဲ့ပါဘူး။
ကိုဗစ်ရောဂါတွေဖြစ်တော့ အိမ်တွင်းအောင်နေရတဲ့အချိန်မှာ တစ်ခုခုလုပ်ရင်ကောင်းမယ်ဆိုပြီးစဉ်းစားတော့ အရောင်တွေကို သိစရာမလိုတဲ့ ခဲပန်းချီကိုစဉ်းစားမိခဲ့တယ်။ အဲ့ဒီကနေတစ်ဆင့် သင်တန်းတွေတက်ရင်းလေ့လာခဲ့တယ်။
သင်တန်းတွေစတက်ကတည်းက နေ့တိုင်းပုံဆွဲလေ့ကျင့်ခဲ့တယ်။ မသွန်းရွှေရည်ဌေးဟာ အစပိုင်းမှာ ဝါသနာရှင်အဆင့် အပျော် သဘောနဲ့ သဘောကျတဲ့မင်းသား၊ မင်းသမီးပုံတူတွေဆွဲရင်း လူမှုကွန်ရက်မှာ တင်ခဲ့တယ်။ နောက်ပိုင်းမှာတော့ မသွန်းရွှေရည် ဌေးလက်ရာကို သဘောကျပြီး ပုံတူလာအပ်ကြရင်းနဲ့ အခကြေးငွေနဲ့ရေးဆွဲပေးဖြစ်ခဲ့တယ်။
ပုံတူတွေကို အနည်းဆုံးနှစ်ရက်၊ သုံးရက်ကနေ တစ်ပတ်လောက်အထိ အချိန်ယူကာရေးဆွဲပေးဖြစ်ပါတယ်။ ပုံအပေါ်မူတည် ကာ အချိန်အနည်းအများကွာနိုင်ပါတယ်။
“ ပုံတူခဲပန်းချီကရတဲ့ လက်ရှိဝင်ငွေကတော့ ဆွဲရတဲ့ပုံအရေအတွက်ကမမှန်တဲ့အတွက်ကြောင့်မို့လို့ အတိအကျတော့ မပြော တတ်ပါဘူး။ ပုံတွေကတော့ အနည်းဆုံး ၂,၀၀၀၀(ကျပ်) ကစပြီးလက်ခံပါတယ်။” လို့ သူက ပြောပြပါတယ်။
မသွန်းရွှေရည်ဌေးကိုယ်တိုင်လည်း အမြင်အာရုံအားနည်သူဖြစ်တာကြောင့် အချိန်အကြာကြီးအာရုံမစိုက်နိုင်တဲ့အတွက် နားနားနေနေရေးဆွဲရတယ်။
“ ကိုယ်ဆွဲပေးလိုက်တဲ့ပုံလေးတွေကို သဘောကျတယ်ဆိုရင်အရမ်းပျော်ရပါတယ်။ အမြင်အာရုံအားနည်းသူဖြစ်တဲ့အတွက် တခြားသူတွေထက် အများကြီးပိုပြီးကြိုးစားရဦးမှာပါ။ ကြိုးစားနေဆဲပါ။” လို့ မသွန်းရွှေရည်ဌေးက ဆိုပါတယ်။
အမြင်အာရုံအားနည်းတာက အနီးရောအဝေးရောကောင်းကောင်းမြင်ရတာမျိုးမဟုတ်ပေမယ့် တစ်ယောက်ထဲ သွားလာ လုပ် ကိုင်နိုင်တဲ့အနေအထားရှိပြီး အလင်းရောင်စူးတဲ့နေရောင်မျိုးကိုတော့ မကြည့်နိုင်ဘူးလို့ မသွန်းရွှေရည်ဌေးကဆိုပါတယ်။
ငယ်ဘဝမှာလည်းအမြင်အာရုံအားနည်းတဲ့အတွက် အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့တယ်။ မသွန်းရွှေရည်ဌေးအနေနဲ့ အမြင်အာရုံလုံးဝဆုံးရှုံးတာမဟုတ်တဲ့အတွက် မျက်မမြင်ကျောင်းလိုကျောင်းမျိုးမဟုတ်ဘဲ ရိုးရိုးအခြေခံပညာကျောင်းမှာ တက် ခဲ့တယ်။
ကျောင်းစတက်ကတည်းက ရှေ့ဆုံးတန်းမှာထိုင်ခဲ့ရပေမယ့် ကျောက်သင်ပုန်း၊ Whiteboard ကစာကိုမမြင်ရတာကြောင့် ဘေး နားကသူငယ်ချင်းဖတ်ပြတာကိုပဲလိုက်ရေးခဲ့ရတယ်။ လပတ်စာမေးပွဲဖြေရတဲ့အချိန်ဆို မေးခွန်းစာရွက်ကိုကြည့်ပြီး ဖြေရ တာမျိုးမဟုတ်ဘဲ ကျောက်သင်ပုန်းမှာမေးခွန်းကို ကြည့်ပြီးဖြေရတဲ့အခါ ဘေးနားကလူကိုလည်း အကူအညီတောင်းလို့မရ။
ဆရာမကမေးခွန်းတွေကို ကျောက်သင်ပုန်းမှာရေးပြီးတော့မှ အဲ့ဒီမေးခွန်းစာရွက်ကို မသွန်းရွှေရည်ဌေးကိုပေးတာကြောင့် တခြားသူတွေထက် အချိန်နောက်ကျမှဖြေရတာ စတဲ့အခက်အခဲတွေရှိခဲ့တယ်။
“ သူများတွေထက်နောက်ကျမှဖြေရတော့မပြီးမှာဆိုးလို့ ရင်တထိတ်ထိတ်နဲ့အမြန်ဖြေခဲ့ရတယ်။ ဆရာမတွေကတော့ အချိန် ပိုပေးပေမယ့် ကိုယ်ကသူများနဲ့အတူတူပဲပြီးချင်တော့ အမြန်ဖြေရတာပါ။ အဲ့အချိန်စာမေ့သွားရင်ပိုပြီး စိတ်လှုပ်ရှားရတယ်။ စိတ်လှုပ်ရှားပြီး စာမရ၊ ပိုစဉ်းစားမရဖြစ်နဲ့ တော်တော်တိုင်ပတ်ခဲ့ရတဲ့အခိုက်အတန့်တွေပါ။” လို့ ငယ်ဘဝအခက်အခဲ ကိုပြော ပါတယ်။
အားနည်းချက်ရှိခဲ့ပေမယ့်လည်း မသွန်းရွှေရည်ဌေးဟာပညာရေးလမ်းကြောင်းမှာတော့ ထူးချွန်တဲ့လူငယ်အမျိုးသမီးတစ် ယောက် အဖြစ်လျှောက်လှမ်းနိုင်ခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အမှတ် ၄၀၀ ကျော်နဲ့ အောင်မြင်ခဲ့ပြီး ကွန်ပျူ တက္ကသိုလ် တက်ရောက်နိုင်ခဲ့တယ်။
“ ကွန်ပျူတာတက္ကသိုလ်ကို ဝါသနာပါလို့တက်ခဲ့ပေမယ့် မျက်လုံးနဲ့သိပ်အဆင်မပြေတော့ တခြားသူငယ်ချင်းတွေလိုမျိုး လုပ်ငန်းခွင်မဝင်နိုင်ခဲ့ပါဘူး။ အလုပ်မရခင်အချိန်တွေနဲ့ ပန်းချီစမသင်ခင်အချိန်တွေကတော့ အဆိုးဆုံးဖြစ်ခဲ့တယ်။” လို့မသွန်း ရွှေရည်ဌေးကဖွင့်ဟပါတယ်။
မသွန်းရွှေရည်ဌေးရဲ့ မိသားစုကတော့ သာမာန်ဝန်ထမ်းတွေဖြစ်ပြီး ဖခင်ဖြစ်သူကမရှိတော့ဘဲ ကျောင်းဆရာမဖြစ်သူမိခင်နဲ့ အကိုတစ်ယောက်ရှိပါတယ်။
“ မိသားစုကတော့ ဘာပဲလုပ်လုပ် ကန့်ကွက်တာမျိုးတွေသိပ်မရှိပေမယ့် ပန်းချီဆွဲတာကျတော့ မျက်လုံးအာရုံ အရမ်းစိုက် ရတာဖြစ်တဲ့အတွက် မျက်လုံးပိုပြီးထိခိုက်မှာဆိုးလို့ အစပိုင်းတော့ မဆွဲစေချင်ပါဘူး။ ဒါပေမယ့်ဝါသနာအရမ်းပါတာမို့လို့ နားနား နေနေပဲလုပ်ဖို့ပြောပါတယ်။ တခြားလဲ အထူးတလည်ပံ့ပိုးပေးစရာမရှိတဲ့အတွက် စိတ်ပိုင်းဆိုင်ရာပဲအပြည့်အဝ ပံ့ပိုး ပေးမှုရတယ်။” လို့ မသွန်းရွှေရည်ဌေးက ဆိုပါတယ်။
အမြင်အာရုံအားနည်းသူဖြစ်တဲ့အတွက် သူများတွေနဲ့တန်းတူမလုပ်နိုင်တဲ့အရာတွေအတွက် စိတ်အားငယ်တဲ့အချိန်တွေ ရှိပေ မယ့်လည်းကိုယ့်ဘာလုပ်လို့ရမလဲ၊ ကိုယ်ဘာလုပ်နိုင်မလဲဆိုတာအမြဲစဉ်းစားပြီး လုပ်နိုင်တဲ့အရာတစ်ခုမဟုတ် တစ်ခုကိုလုပ်ပြီး စိတ်ခွန်အားမွေးလေ့ရှိတယ်လို့ဆိုပါတယ်။
“ ကိုယ့်လိုပဲ အားနည်းချက်တစ်ခုခုရှိပေမယ့် ကိုယ်ပိုင်အရည်အချင်းတစ်ခုခုနဲ့ အောင်မြင်နေတဲ့သူတွေ ၊ ကိုယ်ပိုင်အရည် အချင်းနဲ့ပဲ အသက်မွေးနိုင်တဲ့သူတွေကိုအားကျပြီး သူတို့ဆီကပဲခွန်အားတွေရပါတယ်။” လို့မသွန်းရွှေရည်ဌေးက သူ့ခံယူချက် ကို ပြောပါတယ်။
မသွန်းရွှေရည်ဌေးအနေနဲ့ လက်ရှိမှာပုံတူခဲပန်းချီလေးတွေဆွဲတာအပြင် Living Dignity for the blind ဆိုတဲ့အဖွဲ့ အစည်းကနေ အမြင်အာရုံမသန်စွမ်းသူတွေအတွက် ဖွင့်လှစ်ပေးထားတဲ့ (ဂုဏ်စွမ်းရည်) ကွန်ပျူတာ online သင်တန်းမှာ Training instructor (သင်တန်းမှူး) အနေနဲ့လုပ်ကိုင်နေပါတယ်။
Living Dignity for the Blind က အမြင်အာရုံမသန်စွမ်းသူတွေ အများနဲ့တန်းတူ လုပ်ငန်းခွင်ဝင်နိုင်ဖို့ လိုအပ်တဲ့ စွမ်းရည် တစ်ခုဖြစ်တဲ့ အသံနဲ့ကွန်ပျူတာအသုံးပြုနိုင်မှုစွမ်းရည် တိုးတက်စေရန်ရည်ရွယ်ပြီး ကွန်ပျူတာသင်တန်းတွေကို အသုံးပြုပုံ အခြေခံကစပြီး ၊ web browsing နဲ့ programming ဘာသာရပ်တွေအထိ ဖွင့်လှစ်သင်ကြားပေးနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။
အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝါသနာပါရာမှာ ထူးချွန်ပြီးအမြင့်ရောက်ဖို့ကြိုးစားရင်းနဲ့ လမ်းခုလတ်မှာ အားလျှော့သွားတတ် တာမျိုး၊ ကိုယ်မျှော်မှန်းထားသလိုမဖြစ်လာတဲ့အခါ စိတ်ဓာတ်ကျတာမျိုး စတာတွေကိုအားတင်းပြီးကျော်ဖြတ်ကြဖို့လို့ မသွန်း ရွှေရည်ဌေးက အားပေးစကားဆိုပါတယ်။
ရှေ့ဆက်ပြီးဝါသနာပါတဲ့ ခဲပန်းချီနဲ့ပတ်သက်ပြီး အာရုံစိုက်ကြိုးစားသွားမှာက မသွန်းရွှေရည်ဌေးရဲ့ တစ်ခုတည်းသော စိတ်ဆန္ဒ ဖြစ်ပြီး ဘဝကိုတစ်ယောက်ထဲ ရပ်တည်နိုင်ချင်တာက သူ့ရဲ့ရည်မှန်းချက်ပါပဲ။
အကြောင်းအမျိုးမျိုးကြောင့်တစုံတရာအားနည်းချက်ရှိပေမယ့် ဝါသနာပါရာကိုထူးချွန်းအောင်ဆောင်ရွက်ဖို့ စိတ်အားထက် သန်နေတဲ့ အမျိုးသမီးတွေကိုလည်းအခုလိုအကြံပြုပါတယ်။
“ ကိုယ်တိုင်လဲ ကြိုးစားနေဆဲသူမို့လို့ ဘယ်လိုအခတ်အခဲတွေပဲရှိရှိ စိတ်ဓာတ်မကျပဲ အားလျော့မသွားပဲနဲ့ ဝါသနာပါရာကို လမ်းလွဲမသွားပဲနဲ့ ဖြည်းဖြည်းချင်းလျှောက်လှမ်းဖို့အကြံပြုချင်ပါတယ်။” လို့ မသွန်းရွှေရည်ဌေးက ဆိုပါတော့တယ်။