Home ဆောင်းပါး ရခိုင်ရိုးရာမြေထည်လုပ်ငန်းကို ထိန်းသိမ်းနေသော အမျိုးသမီးများ

ရခိုင်ရိုးရာမြေထည်လုပ်ငန်းကို ထိန်းသိမ်းနေသော အမျိုးသမီးများ

ရက္ခ။ ။

မိုးထဲလေထဲမှ မြေထည်အိုးများကို သယ်ပိုးရွှေ့ပြောင်းရင်း တစ်ကိုယ်လုံး ရွှဲရွှဲစိုနေရှာသော သမီးငယ် ကိုကြည့်ကာ ဒေါ်စန်းစန်းဦးတစ်ယောက် နေမထိထိုင်မသာ ဖြစ်နေမိသည်။ သူကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်ပါ မည်ဟုဆိုသော်လည်း “ အမေက အသက်ကြီးပြီ…. မိုးစိုရင် နေမကောင်းဖြစ်လိမ့်မယ်” ဟုဆိုကာ သမီးက ငြင်း ဆန်သည်။ မိုးစဲသည့်အချိန်တွင်မှ ရွှေ့ပြောင်းရန်ပြောဆိုသော်လည်း “မိုးရေထဲမှာ မြေထည်အိုးတွေ ပျက်စီးကုန် လိမ့်မယ် အမေ” ဟု သမီးက စိုးရိမ်စကား ဆိုပြန်သည်။ ခေါင်းမာလွန်းသော မခင်ခင်သန်း ကို ကြည့်ရင်း ဒေါ်စန်းစန်းဦးတစ်ယောက် သက်ပြင်းတစ်ချက်သာ ချရတော့၏။ အမှန်စင်စစ် သည်လိုအလုပ်မျိုးက ယောကျ်ားသားအားနှင့်သာ ပိုမိုကိုက်ညီသောအလုပ်ဖြစ်သော်လည်း ဒေါ်စန်းစန်းဦးတို့ မိသားစုတွင်တော့ ကြုံလာသမျှအလုပ်ကို ရွေးချယ်ခွင့်မရှိပဲ လုပ်ကိုင်ကြရသည်။

မိုးကျလာပြီဆိုသည်နှင့် နွေရာသီကရောင်းမစွံခဲ့သောမြေထည်အိုးများကို အမိုးအကာအောက်သို့သယ် ပိုးရွှေ့ပြောင်းရခြင်းမှာ သည်ဖက်နှစ်များအတွင်း၌ အလုပ်တစ်ခုဖြစ်လာခဲ့သည်။ ကုန်လွန်ခဲ့သောနှစ်များအတွင်း က ရခိုင်ပြည်နယ်နေရာအနှံ့အပြားတွင် မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်တော်(AA) တို့ တိုက်ပွဲများ အပြင်းအ ထန်ဖြစ်ပွားနေခဲ့ကြသဖြင့် ဒေါ်စန်းစန်းဦးတို့ကဲ့သို့ မြေထည်အိုးဖုတ်လုပ်ငန်းလုပ်ကိုင်သူများအတွက် မြေထည် ပစ္စည်းများကို လှည့်လည်ရောင်းချနိုင်ရန် အခက်အခဲတစ်ခုဖြစ်လာခဲ့သည်။ တနွေလုံးမျှ ပင်ပင်ပန်းပန်းလုပ်ကိုင် ခဲ့ရသောမြေထည်ပစ္စည်းများကို ရောင်းချနိုင်ခြင်းမရှိပဲ သည်အတိုင်းသာ သိုသိပ် သိမ်းဆည်းထားခဲ့ကြရသည်။

၂၀၂၀ ခုနှစ်နှောင်းပိုင်းအချိန်တွင် ရခိုင်ပြည်နယ်ထဲ၌ တိုက်ပွဲများ ရုတ်တရက်ရပ်တံ့သွားခဲ့သဖြင့် မြေ ထည်အိုးဖုတ်လုပ်ငန်းကို အဆင်ပြေစွာလုပ်ကိုင်နိုင်တော့မည်ဟု ဒေါ်စန်းစန်းဦးတစ်ယောက် တွေးထင်ခဲ့မိ၏။ သို့သော် ၂၀၂၁ ဖေဖော်ဝါရီ-၁ ရက်နေ့၌ပင် တပ်မတော်မှ နိုင်ငံတော်အာဏာကိုသိမ်းယူလိုက်ပြန်ရာ နိုင်ငံအ ဝှမ်း စီးပွားရေးကျပ်တည်းမှုတချို့ကို ဖြစ်ပေါ်လာစေခဲ့သည်။ တပိုင်တနိုင် မြေထည်အိုးဖုတ်လုပ်ငန်းကလေးဖြင့် မိသားစုဝမ်းရေးကိုရုန်းကန်နေရသော ဒေါ်စန်းစန်းဦးတစ်ယောက် နိုင်ငံရေးအကျပ်အတည်းများကြားထဲတွင် ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာဟုပင်ငြီးညူမိတော့၏။

ဒေါ်စန်းစန်းဦးသည် အသက်-၅၀ ကျော်အရွယ် မုဆိုးမတစ်ဦးဖြစ်၏။ အသက် ၃၀-ခန့်အရွယ်သမီးကြီး တစ်ဦးနှင့် တက္ကသိုလ်ဘွဲ့ရပြီးခါစသမီးငယ်တစ်ဦးရှိသည်။ သမီးကြီးမှာစိတ်ဝေဒနာရောဂါသည်တစ်ဦးဖြစ် သဖြင့် ဒေါ်စန်းစန်းဦးအနေဖြင့် သမီးငယ် မခင်ခင်သန်းနှင့်အတူ ကြုံလာသမျှ မိသားစုအရေးကိစ္စတို့ကို ဖြေရှင်းလုပ်ကိုင်ရ၏။

ဒေါ်စန်းစန်းဦး သည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ တဘက်ကျေးရွာအုပ်စု၊ အုန်းပုတ်ကျေးရွာထဲ တွင် နေထိုင်၏။ ကျောက်ဖြူမြို့ပေါ်နှင့် ကုန်းလမ်းမိုင်-၂၄ မိုင်ခန့်မျှသာ ကွာဝေးသော်လည်း အုန်းပုတ်ကျေးရွာကလေးသည် ဖွံ့ဖြိုးတိုးတက်မှုအားနည်းကာ ကျေးလက်ဆန်လွန်းလှသည်။

တဘက်ကျေးရွာအုတ်စုထဲမှ ကျေးရွာအများစုသည် ရခိုင်ရိုးရာ မြေထည်အိုးဖုတ်လုပ်ငန်းကို မျိုးရိုးစဉ် ဆက်လုပ်ကိုင်လာခဲ့ကြသော ကျေးရွာများပင် ဖြစ်သည်။ ရှေးယခင်အချိန်များက မြေထည်လုပ်ငန်းလုပ်ကိုင်ကြ သူများသည် နွေရာသီတလျှောက်လုံး၌ လုပ်ကိုင်ထုတ်လုပ်ခဲ့ကြသော မြေထည်အိုးများကို လောင်းလှေကြီးများ ဖြင့်တင်ဆောင်ကာ ရခိုင်ပြည်နယ်အနှံ့သို့ သွားရောက်ရောင်းချလေ့ရှိကြပြီး တစ်ကြိမ်ခရီးထွက်လျှင် လနှင့် ချီ၍ အချိန်ကြာမြင့်တတ်၏။

မြေထည်အိုးများကို ရခိုင်ပြည်နယ်အနှံ့သို့ လှည့်လည်ရောင်းချသည်ဟုဆိုသော်လည်း ငွေသားသီး သန့်ဖြင့်သာ ရောင်းချကြခြင်းမျိုးမဟုတ်ချေ။ ရောက်ရှိရာအရပ်မှ ဒေသွက်ကုန်ပစ္စည်းများနှင့် မြေထည်ပစ္စည်း များကို အလှဲအလှယ်ပြုလုပ်ကြခြင်းမျိုးလည်းရှိ၏။ ထို့ကြောင့် မြေထည်အိုးဖုတ်ကုန်သည်များအိမ်ပြန်လာချိန် မျိုးတွင် လောင်းလှေကြီးများထဲများ၌ သူတို့ရောက်ရှိခဲ့ရာအရပ်မှ ဒေသထွက်ကုန်ပစ္စည်းများ အပြည့်ပါလာ တတ်ကြသည်။ ထိုအချိန်အခါက မြေထည်အိုးဖုတ်ကုန်သည်များသည် ထုတ်လုပ်လိုက်သမျှမြေထည်ပစ္စည်းများ ကို တစ်ရာသီတည်းနှင့်ကုန် စင်အောင်ဖြုန်းတီးနိုင်ခဲ့ကြ၏။ သို့သော် သည်ဘက်ခေတ်များတွင်မူ မြေထည်လုပ် ငန်းလုပ်ကိုင်နေကြသူများအတွက် ဈေးကွက်စိန်ခေါ်မှုများကို ရင်ဆိုင်လာကြရသည်။

“ ဟိုအရင်တုန်းကဆိုရင်တော့ ကျွန်မတို့ ထုတ်လုပ်လိုက်သမျှ မြေထည်ပစ္စည်းတွေကို မိုးမကျခင် ကုန် အောင် ရောင်းချနိုင်ခဲ့တာပေါ့…. အခု ဒီဖက်နှစ်တွေမှာတော့ ကျွန်မတို့ထုတ်လုပ်လိုက်တဲ့ မြေထည်ပစ္စည်းတွေကို ခါတိုင်းလို ရခိုင်ပြည်နယ်အနှံ့ကို လှည့်လည်ရောင်းချဖို့ အခြေအနေမပေးခဲ့ဘူး… ဒီတော့ ပစ္စည်းတွေ တင်ကျန် နေတာ တွေရှိပါတယ်… ကျွန်မတို့လို တပိုင်တနိုင်လုပ်နေကြတဲ့ မြေထည်အိုးဖုတ်လုပ်ငန်းလုပ်ကိုင်သူတွေအ တွက်ကတော့ တစ်နှစ်ထက်တစ်နှစ် စိန်ခေါ်မှု ကြီးမားလာပါတယ်….” ဟု ဒေါ်စန်းစန်းဦးက ဆိုသည်။

လက်ရှိအချိန်၌ ရခိုင်ရိုးရာမြေထည်ပစ္စည်းများနေရာတွင် ပလပ်စတစ်၊ ဖိုက်ဘာ၊ ဒန်နှင့် စတီးစသော လူအသုံးအဆောင်ပစ္စည်းများ ဝင်ရောက်နေရာယူလာခဲ့ကြသဖြင့် အစဉ်အဆက်မြေထည် အိုးဖုတ်လုပ်ငန်းလုပ်ကိုင်လာခဲ့ကြသူများမှာ ဈေးကွက်အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်။ သည်ကြားထဲ ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပေါ်ပြောင်းလဲနေခဲ့သော နိုင်ငံရေးအချိုးအကွေ့များကလည်း မြေထည်အိုးဖုတ်လုပ်ငန်းလုပ်ကိုင်သူများအပေါ်တွင် သက်ရောက်မှုရှိလာခဲ့ပြန်သည်။

လက်ရှိအချိန်မျိုးတွင် လူတိုင်း စီးပွားရေးကျပ်တည်းနေကြချိန်ဖြစ်သဖြင့် ထုတ်လုပ်လိုက်သမျှ မြေည်အိုးများကို ရောင်းစွံနိုင်ရေးမှာ စိန်ခေါ်မှုတစ်ရပ်ထပ်ဖြစ်နေပြန်သည်။

ဆောင်းဦးရာသီ သို့မဟုတ် ဒီဇင်ဘာလသို့ရောက်ပြီဆိုသည်နှင့် ဒေါ်စန်းစန်းဦးတို့ မိသားစု သုံး ယောက်သည် မြေထည်အိုးဖုတ်လုပ်ငန်းကိုလုပ်ကိုင်ရန် စတင်ပြင်ဆင်ရတော့၏။ ပထမဦးဆုံး ရွာအပြင်ဖက် ကွင်းပြင်ထဲတွင် မြေကျင်းများတူး၍ ရွှံ့စေးမြေ (ရခိုင်အခေါ်-တမန်းမြေ) ရရှိအောင် လုပ်ဆောင်ကြရသည်။ သဲနှင့် ကျောက်မပါသော ရွှံ့စေးမြေကောင်းကောင်းကိုရရှိစေရန်အတွက် မြေမာမာကို လူတစ်ရပ်ခန့်မျှအထိ နက်အောင်တူး၍ ထုတ်ယူကြရခြင်း ဖြစ်သည်။ တူးဆွရာတွင် တူးရွင်း၊ ဂေါ်ပြားနှင့် ပေါက်တူးစသည်တို့ကိုအ သုံးပြုကာ တူးကြရခြင်းဖြစ်သဖြင့် အမျိုးသမီးအားအင်က မမျှတတော်ရုံနှင့်အလုပ်မတွင် ဖြစ်ကြရသည်။

ယောကျ်ားသားလုပ်ဆောင်သော အိုးဖိုများတွင်မူ မြေကျင်းတူးခြင်းနှင့် မြေမှုန့်ဖြစ်အောင်ထုရိုက်ခြင်းတို့ကို ယောကျာ်းသားများကသာပြုလုပ်ကြခြင်းကြောင့်ဖြစ်သည်။ သို့သော် ဒေါ်စန်းစန်းဦးတို့တွင်မူ မြေကျင်းတူး၍ ရွှံ့ စေးမြေရယူခြင်းမှစတင်ကာ အိုးဖုတ်ပြီးသည်အထိ မိန်းမသားများချည်း သီးသန့်ဖြင့် လုပ်ကိုင်ကြရသည်။

“ ကျွန်မတို့မှာက မိန်းမသားတွေချည်းပဲဆိုတော့ လုပ်ကိုင်ရတာက အခက်အခဲရှိတာပေါ့…. မြေကျင်း တူးရတဲ့အလုပ်မျိုးဆိုရင် ယောကျ်ားသားတွေက အင်အားသုံးပြီးတော့ လုပ်ရတဲ့ အလုပ်မျိုးတွေပါ… ဒါပေမယ့် ကျွန်မတို့မှာ ယောကျ်ားသားမရှိတော့ ဒီလိုပဲ မိန်းမသားနဲ့ လုပ်ကြရပါတယ်…. အငှားသားငှားမယ်ဆိုရင် ရနိုင် ပေမယ့် ကျွန်မတို့က ငွေကြေးမတတ်နိုင်တော့ ကိုယ့်မိသားစုပဲ အစအဆုံး ဝိုင်းလုပ်ကြတာပါ…” ဟု ဒေါ်စန်းစန်း ဦးက သူ၏ အခက်အခဲများကို ပြောပြသည်။

မြေထည်အိုးတစ်လုံး သို့မဟုတ် မြေထည်ပစ္စည်းတစ်ခုရရှိလာရန်အတွက် အဆင့် -၅ ဆင့်ခန့်ကို လုပ် ကိုင်ကြရသည်။ ပထမဦးဆုံးအဆင့်တွင် ရွှံ့စေးမြေများကိုတူးဖော်ရသည်။ ရရှိလာသော ရွှံ့စေးမြေများကို လက် သီးဆုပ်ခန့်မျှအခဲကလေးများပြုလုပ်၍ခြောက်သွေ့သွားအောင် နေလှမ်းထားရသည်။ ထိုရွှံ့စေးမြေခဲ (တမန်း သားအခဲ) များခြောက်သွားသောအခါ သစ်သားလက်ရိုက်တုတ်ချောင်းနှင့်ရိုက်နှက်၍ အမှုံ့ခြွေရပြန်၏။ သည် နောက်တွင်တော့ ရရှိလာသောရွှံ့စေးအမှုန့်ကို သဲမှုန့်ကလေးများနှင့်နှစ်ဆ-တစ်ဆ သို့မဟုတ် သုံးဆ-တစ်ဆ ရောစပ်ကာ ရေနှင့်ပျစ်ပျစ်နယ်ရသည်။ ရရှိလာသော ရွှံ့စေးမြေကို တစ်ညခန့် သိပ်ထားရသေး၏။ ဒေါ်စန်းစန်း ဦးတို့၏ အုန်းပုတ်ကျေးရွာအနီးအနားတွင် အိုးဖုတ်ရန်အတွက် ရွှံ့စေးမြေကို နေရာတိုင်း၌ ရရှိနိုင်သော်လည်း သဲပွင့်ကလေးများကိုမူ ရမ်းဗြဲမြို့နယ်ဖက်မှ င/စမြစ် သို့မဟုတ် ထန်းပြင်ချောင်းထဲသို့ လှေဖြင့်သွားကာ ရှာ ဖွေယူကြရသည်။

အိုးတစ်လုံးပြုလုပ်ရန်အတွက် ရွှံ့စေးကို မိမိပြုလုပ်မည့် အိုးတစ်လုံးစာ အရွယ်ကိုမှန်းဆ၍ အလုံးလိုက် လုံးထားရသည်။ ထို့နောက်တွင်မှ အိုး၏အတွင်းပိုင်းကို အခေါင်းဖောက်၍ အစာထုတ်ယူရသည်။ သည်နောက် တွင် လက်ရိုက်ဖြင့် ပုတ်ခတ်ပုံဖော်ခြင်းနှင့် ပန်းရစ်များ ထည့်သွင်းခြင်းတို့ကို ပြုလုပ်ရ၏။ အိုးတစ်လုံးအဆင့်သို့ ရောက်ရှိသွားခဲ့ပြီဆိုပါက နေပူ ၃-နေခန့် လှန်းရထားသည်။ အိုး၏အတွင်းအပြင်ခြောက်သွားပြီဆိုလျှင် မြေနီ မှုန့်တစ်မျိုးကို အရည်ဖျော်၍ အရောင်တင်ရ၏။ သည်နောက်တွင်မှ ရရှိလာသော မြေထည်အိုးများကို ကောက် ရိုး၊ ထင်းနှင့် နွားချေးတို့ကိုအသုံးပြုကာမီးဖုတ်ရသည်။ မြေအိုးဖိုတစ်ဖိုကိုမီးဖုတ်လျှင် ဖိုအကြီးဆိုပါက မြေထည် အိုးအရေအတွက် ၈၀၀ မှ ၁၀၀၀ အထိ ဝင်ဆန့်၍ ဖိုအသေးဆိုပါက ၂၀၀ မှ ၅၀၀ အထိ ရှိတတ်သည်။

မြေထည်အိုးဖိုတစ်ဖိုထုတ်လုပ်နိုင်ရန်အတွက် လူလုပ်အားအပြင် ရင်းနှီးရငွေ တစ်သိန်းခွဲ ခန့်မျှအထိ ကုန်ကျကြောင်း သိရသည်။ သို့သော် သည်ဖက်နှစ်များအတွင်း၌ ရင်းနှီးငွေများ လက်ထဲသို့ပြန် ရောက်လာခြင်းမျိုးမရှိပဲ ဆုံးရှုံးနေရသည်။ ဒေါ်စန်းစန်းဦးသည် သူ၏ မြေထည် လုပ်ငန်းမှ ရေအိုးအရွယ်အစားမျိုးစုံ၊ ဟင်းအိုး အရွယ်အစားမျိုးစုံ၊ ဘုရားသောက်တော်ရေအိုး၊ ညောင်ရေအိုးနှင့် အတာအိုးများကိုထုတ်လုပ်ကာ မာန်အောင်၊ ကျောက်ဖြူနှင့် ရမ်းဗြဲမြို့များသို့ ဖြန့်ဖျူးရောင်းချလျှက်ရှိ၏။

ဒေါ်စန်းစန်းဦး၏ သမီးငယ် မခင်ခင်သန်း သည် မြန်မာ စာဘွဲ့ရလူငယ်တစ်ဦး ဖြစ်သည်။ သူသည် ခေတ်ပညာတတ်တစ်ဦးပင်ဖြစ်သော်လည်း မိဘလက်ငုတ်ဖြစ်သော ရခိုင်ရိုးရာမြေထည်လုပ်ငန်းကို မပျောက်မပျက်သွားစေရန် ထိမ်းသိမ်းလုပ်ကိုင်နေသူတစ်ဦး ဖြစ်၏။

“ ကျွန်မတို့ရဲ့ ဒီမြေထည်လုပ်ငန်းက မိဘရိုးရာ လက်မှုအတတ်ပညာတစ်ခုပါ၊ မိဘဘိုးဘွားတွေကနေ ပြီးတော့ သားစဉ်မြေးဆက် ဒီပညာကို လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြတာပါ၊ အိုးတစ်လုံးလုပ်ဖို့အတွက် အစကနေ အဆုံးအထိ စက်ပစ္စည်းအကူအညီ ဘာတစ်ခုမှ မပါပါဘူး။ လူလုပ်အားချည်း သီးသန့်နဲ့ လုပ်ရတာ မျိုးဆိုတော့ ပင်ပန်းတာပေါ့။ အခုနောက်ပိုင်းဆိုရင် ခေတ်စနစ်အရရော၊ စီးပွားရေးအရပါ တွက်ခြေမကိုက်ကြ တော့လို့ ဒီလုပ်ငန်းကို လုပ်ကိုင်သူ ရှားပါးလာပါပြီ။ သင်ယူတတ်မြောက်သူတွေလည်း မရှိသလောက်ပါပဲ။ ကျွန်မကတော့ ဒီပညာရပ်ကို ဆက်လက်ထိမ်းသိမ်းရမယ်ဆိုတဲ့အသိနဲ့ အမေ့ဆီက သင်ယူပြီးတော့ ဆက်လက် လုပ်ကိုင်နေတာပါ”

ရခိုင်ရိုးရာ မြေထည်အိုးဖုတ်လုပ်ငန်းကို ခေတ်စနစ်နှင့် ကိုက်ညီသောလုပ်ငန်းတစ်ခုအဖြစ် သို့မဟုတ် လက်မှုလုပ်ငန်းမှ အသေးစားစက်မှုလုပ်ငန်းအဆင့်သို့ ကူးပြောင်းနိုင်မည်ဆိုပါက လုပ်ကိုင်သူ ပြန်လည်များပြားလာနိုင်ပြီး ရိုးရာလုပ်ငန်းကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်လိမ့်မည်ဖြစ်ကြောင်း မခင်ခင်သန်းက ဆိုသည်။ ငွေကြေးနှင့် နည်းပညာတတ်နိုင်သူများကလည်း ရခိုင်ရိုးရာမြေထည်လုပ်ငန်းကို ခေတ်စနစ်နှင့်ကိုက်ညီသော ရိုးရာလုပ်ငန်း တစ်ုဖြစ်အောင် ကြံဆ၍ အဆင့်မြှင့်တင်ပေးကြစေလိုကြောင်း မခင်ခင်သန်းက အကြံပြုသည်။

မည်သို့ပင်ဖြစ်စေ ဒေါ်စန်းစန်းဦး နှင့် သမီးငယ် မခင်ခင်သန်းတို့ နှစ်ဦးကတော့ ခါးသီးလှသော စား ဝတ်နေရေးအခက်အခဲများကိုအံတုရင်း ရခိုင်ရိုးရာမြေထည်အိုးဖုတ်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေဦးမည် ဖြစ်၏။

Related Articles