မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းတိုင်းရင်းသား ဒေသတွေမှာ စစ်ကောင်စီနဲ့ ပူပေါင်းနေတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုဟာ နယ်မြေလုံခြုံရေးဆိုတဲ့အကြောင်းပြချက်နဲ့ စစ်သား စုဆောင်းခြင်း၊ ပြည်သူ့စစ်အတွက် ကားဝယ်ရန်နဲ့ ရေဖိုးများ ကောက်ခံသည့်အပြင် မိုင်းရှင်းခ၊ သေနတ်ဝယ်ခ၊ ကျည်ဆံခ စတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ အနိမ့်ဆုံး ကျပ်ငါးသောင်းကနေ တစ်သိန်းထိ တစ်လ တစ်ကြိမ် ကောက်ခံနေတာကြောင့် ဒေသခံ ပြည်သူများ စိတ်ပူပင် သောက ဒုက္ခရောက် နေကြရပါတယ်။
အဆိုပါ လက်နက်ကိုင်အဖွဲ့ဟာ ၁၉၉၁ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူပြီးနောက် ပအိုဝ်းဒေသအတွက် လူမျိုးရေး၊ ငြိမ်းချမ်းရေး၊ ဖွံဖြိုးတိုးတက်ရေးတွေကို အထူးတလည် တက်ကြွစွာ ပါဝင်လုပ်ဆောင်ခဲ့ကြပါတယ်။
ဒါပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်မှာတော့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပအိုဝ်းဒေသတွေမှာ ဆက်ကြေး ကောက်ခံခြင်းနဲ့ စစ်သားများ စုဆောင်းရေးတွေကို တွင်တွင်ကျယ်ကျယ် ပြုလုပ်လာပါတယ်။
စစ်သားတွေ အတင်းအဓမ္မစုဆောင်း ကောက်ခံတာကြောင့် သားရှိတဲ့ မိခင်များက ပိုပြီးစိတ်ပူပင်သောက ရောက်နေကြရသလို စားဝတ်နေရေးအတွက် အဆင်မပြေမှုတွေအောက်မှာ နေ့တဓူဝရုန်းကန် ရတာကတစ်ဘက်၊ ဒီခေါင်းစဉ်အမျိုးမျိုးနဲ့ပေးရတဲ့ဆက်ကြေးတွေကိုလည်း အချိန်မှီပေးဆောင်နိုင်ဖို့ ဘယ်လိုကြံ့ကြံ့ခံရင်ဆိုင်နေရသလဲဆိုတာကို သူတို့ရဲ့ ရင်တွင်း ကဖော်ထုတ်ပြောဆိုလာတဲ့စကားလုံးတွေကိုကောက်နှုတ်ဖော်ပြလိုက်ရပါတယ်။
ဒေါ်မြစိန် (အသက် ၃၀ )
ပိုက်ဆံ ကောက်တာတော့ (၂) ခါရှိပြီ။ ပထမ တစ်ခါက အရင် ၂၀၂၂ ခုနှစ်လောက်မှာ ကျမတို့ ရွာက တစ်အိမ် သုံးသောင်း ပေးရတယ်။ အဲတုန်းက အသက်အရွယ်မှန်တဲ့ ယောင်္ကျားလေးဆိုရင် တစ်အိမ် တစ်ယောက်နှုန်းနဲ့ သိုင်းသင်ရတယ်။
အရွယ်မှန် ယောင်္ကျားလေးတွေ သိုင်းသင်ရမယ် ပြည်သူ့စစ်ထဲဝင်ရမယ်လို့ကြားတော့ သားမျက်နှာကို အရင်ပြေးမြင်တာပေါ့။
သူတို့ သုံးသောင်းကောက်တဲ့ အချိန်မှာ ကျမဆီမှာ ပိုက်ဆံမရှိဘူး။ ပြီးတော့ ကျမ စိုက်ပျိုးရေး လုပ်တော့ အရင်းအနှီးထုတ်ရတဲ့ အချိန်ဖြစ်တော့ လက်ထဲမှာ ပိုက်ဆံ မရှိဘူးပေါ့။ သူတို့က ဘယ်ရက်ကျရင် နောက်ဆုံးထားပြီး ပေးရမယ်လို့ အဲ့လို သတ်မှတ်တော့ ကျမလည်း မရှိတော့တဲ့ အဆုံးမှာ ပန်းတွေလိုက်ခူးပြီးရောင်းရတယ်။ သုံးသောင်းပြည့်တာနဲ့ ချက်ချင်း သွားထည့်ရတယ်။
ဒီနှစ်ထဲမှာတော့ နှစ်အစလောက်မှာ တစ်အိမ် ငါးသောင်းနှုန်းနဲ့ ပြန်လာကောက်တယ်။ ကျမတို့ ရွာက အိမ်ခြေ သုံးရာတောင် ရှိတယ်။ ငါးသောင်းထည့်ရတာပါပဲ။ သေနတ်ဝယ်ဖို့နဲ့ ရှေ့တန်းတက်တဲ့ ပြည်သူ့စစ်တွေကို ထောက်ပံ့တာရယ် ပြီးတော့ သေသွားတဲ့ ရဲဘော်တွေရဲ့ မိန်းမတွေကို ထောက်ပံ့ဖို့ဆိုပြီး ကောက်တာပေါ့။
မရှိလည်းထည့် ရှိလည်းထည့် အကုန်ထည့်ရတာပဲ။ မရှိရင် သူများနား ချေးဌားပြီး ထည့်ရတာမျိုးလည်း ရှိတာပေါ့။
မွိုးအွန်း (အသက် ၄၀ ကျော်)
သူတို့က လူမပေးရင်တော့ ပစ္စည်းပေးရမယ်ဆိုပြီး ပြောတာမျိုးပေါ့။
ကျမတို့ ရွာက တော်တော်များများ လူငယ်ပိုင်းကတော့ စစ်ထဲ ဝင်ရမှာ ကြောက်တာ တစ်ဖက် နိုင်ငံရေး အခြေအနေ မကောင်းတော့ ကုန်ဈေးနှုန်း အဆမတန် ထိုးတက်လာတော့ နိုင်ငံခြားကို ထွက်သွားကြတယ်။
သူတို့ပိုက်ဆံလာကောက်တာကလည်း နည်းတဲ့ဟာလည်းမဟုတ်ဘူး။ ပြီးတော့နိုင်ငံရေး အခြေအနေကြောင့် ကုန်ဈေးနှုန်းတွေ တက်ပြီး ကျမတို့ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်တွေကျတော့ ဈေးနှုန်း မရှိဘူးလေ။ ဝင်ငွေလည်း မရှိ စားဝတ်နေရေးအတွက်က တစ်ဖက် သူတို့ကို ပေးနေရတာက တစ်ဖက်နဲ့ဆိုတော့။ အဆင်မပြေဘူးလေ။ ရှိတဲ့ဟာလေးနဲ့ ရောင်းပြီး ပေးနေရတာပဲ။
သူများတွေက ထည့်ကြတော့ ကျမတို့က ကွက်ပြီး မထည့်ပြန်လည်း နင်တို့က ဘာလို့ မထည့်တာလဲ၊ PDF နဲ့ ပူးပေါင်းတာလား။ သူလျှိုတွေလား အဲလိုတွေ ပြောကြတော့ အများနဲ့ နေရတော့ အဆင်မပြေလည်း ရှာကြံပြီး ထည့်ရတောပေါ့။
မိုင်းရှင်းခဆို သူတို့က တစ်ရွာကို သိန်း(၁၀၀) လားဆိုပြီး သတ်မှတ်တယ်လို့တော့ ကြားတယ်။ အိမ်ခြေများတဲ့ သူကတော့ တစ်အိမ် သုံးသောင်း၊ တချို့ရွာက အိမ်ခြေနည်းတော့ တစ်အိမ်ကို ခြောက်သောင်းထည့်ရတယ်။
၂၀၂၂ နှစ်တုန်းကတော့ သိပ်တော့ မကောက်ဘူး။ ဒီနှစ်မှာ ပိုကောက်တာ။ အခုချိန်ထိ သုံးသောင်း ထည့်နေရသေးတယ်။ အမျိုးမျိုး ကောက်နေတာပါပဲ။ အထိနာတာကတော့ ကျမတို့ပဲပေါ့။
မွိုးသန်း (အသက် ၄၀ ကျော်)
သူတို့ပြောတာတော့ လက်နက်ဝယ်ဖို့ကိစ္စက တစ်အိမ်ကို ကိုးသောင်းထည့်ရတယ်။ ကျမတို့ ရွာမှာက အိမ်ခြေ ၃၀ ရှိတယ်။ ကျမကော ရွာကလူတွေကော ၉ သောင်းကို တခါထဲထည့်ရင်တော့ အဆင်မပြေဘူးပေါ့နော်။ အဲ့ဒါကြောင့် ရွာသူကြီးတွေနဲ့ ညှိပြီး သုံးရစ်ပုံစံမျိုးနဲ့ ကောက်တယ်။ တခါကောက်ရင် ၂သောင်းခွဲ ကောက်တာတွေလည်း ရှိတယ်။
အရင်က တအိမ်ကို ၃သောင်းခွဲကောက်ပြီး ထည့်ရတာတွေလည်းရှိတယ်။ အရင်က ကောက်တာလည်း လက်နက်ဝယ်ဖို့လို့ပြောတာပဲ။ အခုလည်း တလကို တအိမ် ၃သောင်းထည့်ပေးနေရတယ်။ အိမ်ခြေအပေါ်မှာမူတည်ပြီးတော့ သုံးရစ်ပဲပြန်ကောက်ပါတယ်။ အခုက ၂ရစ်ပဲ ထည့်ပြီးသေးတယ်။ ၂ရစ် ကျန်သေးတယ်။
သူတို့အဲ့လို ခဏ ခဏ ကောက်တာက အဆင်မပြေဘူး။ ငွေက တရက် ၁ထောင် မဝင်ဘူး။ ထွက်ငွေကတော့ အများကြီးပဲ။