Samuel (ကျောင်းဆရာမ)
မဲဆောက်ဘက်ကို ပြောင်းလာတာ တနှစ်လောက်ရှိပြီ။
ရွာထဲမှာကလဲ ကျမတယောက်ထဲ CDMလုပ်ထားတော့ လုံခြုံမှုလည်း မရှိတာကြောင့်လည်း မဲဆောက်ကို ပြောင်းလာခဲ့ပါတယ်။ မဲဆောက်ရောက်တော့လည်း
ကျမတို့ မိသားစုရပ်တည်ဖို့ တော်တော်လေး ခက်ခဲခဲ့ပါတယ်။ စားဝတ်နေရေးနဲ့ အလုပ်အကိုင်ရရှိဖို့ လိုအပ်တယ်။ ထိုင်းနိုင်ငံမှာ အထောက်အထားမရှိပဲ နေထိုင်ရတဲ့အတွက် လုံခြုံမှုလည်း မရှိပါဘူး။
NUGရဲ့ CDMအတွက် တလတခါ အခြေခံ စားသောက်ကုန် ဆန်၊ ဆီ၊ ဆား ထောက်ပံ့မှုလေး ပဲရပါတယ်။
မိသားစုအတွက် လုံလောက်မှု မရှိပါဘူး။ စိတ်ဓာတ်ကျတာတွေ အခါခါရှိပါတယ်။ ဘာမှ မလုပ်ချင် မကိုင်ချင်တော့တဲ့ အထိပါပဲ။
အသက်စွန့်တိုက်ပွဲဝင်နေတဲ့ ကလေးတွေတောင်ရှိနေတာပဲလို့ အားတင်းပြီး နေထိုင်နေပါတယ်။ CDM လှုပ်ရှားမှုကိုလည်း အဆုံးထိဆက်သွားမှာပါ တော်လှန်ရေးမပြီးမချင်းပါ။
မခိုင် (အစိုးရ ဝန်ထမ်း)
CDM လုပ်လာတာကတော့ အာဏာသိမ်းစကတည်းကပါ။ မဲဆောက်ကိုပြောင်းလာတာက မကြာသေးဘူး။
ဘယ်မှမသွားရဲ မလာရဲ အခုဆို ဖမ်းမိခဲ့ရင် မြန်မာပြည်ပြန်ပို့မယ် ဆိုတာတွေလည်း ကြားရတော့ အနေထိုင်ဆင်ခြင်ရတယ်။ အလုပ်မရှိတဲ့အခါ ဝမ်းစာတွက်လည်းခက်ခဲပါတယ်။ ခက်ခက်ခဲခဲနဲ့ပဲ ရပ်တည်နေရ ပါတယ်။ ကိုယ်က ကျေကျေနပ်နပ်နဲ ရွေးချယ်တဲ့ လမ်းမို့ အခက်ခဲပေါင်းစုံကို ရင်ဆိုင်ရပ်တည်နေဆဲပါ။
အရမ်းစိတ်ဓါတ်ကျရတဲ့ အချိန်တွေလည်းရှိတာပေါ့နော်။
ကိုယ့်ရဲ့ ခက်ခဲမှုတွေ မလုံခြုံမှုတွေဟာ စစ်အာဏာရှင် ဗုံးကျဲလို့ သေခဲ့ရသူတွေ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ တောတောင်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေရသူတွေနဲ့ စာရင် မပြောပလောက်တဲ့ အခြေနေ ဒီလိုလူတွေရဲ့ ပေးဆပ်ခြင်းတွေနဲ့တန်အောင် ကိုယ့်စိတ်ကို အမြဲစိတ်ဓါတ်မကျပဲ ရင်ဆိုင်နိုင်အောင် အားတင်းထားတယ်။
မချောစု(အစိုးရဝန်ထမ်း)
အာဏာသိမ်းပြီးတဲ့နောက် CDM ပြုလုပ်ခဲ့ပါတယ်။ မဲဆောက်ကို ပြောင်းလာတာက တနှစ်နီးပါးရှိ ပါပြီ။
စားဖို့အတွက် ရိက္ခာခြောက် လှူတဲ့အဖွဲ့တွေရှိပေမဲ့ လုံလောက်မှုတော့ မရှိပါဘူး။ အဓိက နေဖို့ရန်နဲ့ နေထိုင်ခွင့်အတွက် အရမ်းခက်ခဲပါတယ်။အိမ်လခ ရေဖိုး မီးဖိုးနဲ့ ရဲကဒ် ဖိုး အမြဲပေးဆောင် ရပါတယ်။ ရဲကဒ်ပြုလုပ်ထားပေမဲ့ အပြင်မှာ လွပ်လပ်စွာနေထိုင်ခွင့် မရှိပါဘူး။
ထိုင်းနိုင်ငံရဲ့ တရားဥပဒေအတိုင်း နေထိုင်လိုက်နာပေမဲ့ မေးမြန်းစစ်ဆေးခံရခြင်း/ ဒဏ်ငွေရိုက်ခြင်းတို့ကို ကျမတို့ မြန်မာတွေ မကြာခဏ ခံရပါတယ်။ ပန်းရောင်ကဒ် လုပ်နိုင်ခြင်း မရှိခြင်းတို့အတွက် အလုပ်အကိုင်ရှားပါးမှုကိုလည်း တွေကြုံနေရပါတယ်။
စိတ်ကို ဘယ်လိုအားတင်းပြီးနေရသလဲဆိုတော့ တော်လှန်ရေးမှာ မိသားစု မစုံတော့တဲ့ သူတွေရယ်၊ ကိုယ်လက်အင်္ဂါ မရှိတော့တဲ့ သူတွေရယ်၊ ကိုယ့်သားအရွယ် သမီးအရွယ်လေးတွေ တောထဲ၀င်ပြီး အသက်စွန့်ပြီး တိုက်ပွဲ၀င်နေတဲ့ သူတွေရယ်နဲ့ စာရင် ကျမတို့ ဒုက္ခဆိုတာ ဘာမှ မဟုတ်ပါဘူး။