မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသ(ကယားပြည်နယ်)မှာ ပြည်သူ့ကာကွယ်ရေးနဲ့ စစ်ကောင်စီတပ် တို့ အပြန်အလှန် ပစ်ခတ်မှုကြောင့် ဒေသခံအများစုဟာ နေအိမ်ကိုစွန့်ခွာပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် နီးစပ်ရာ မြို့တွေကို ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။
တော၊ တောင်ထဲမှာ မိုးကာနဲ့ တဲလေးထိုးပြီး အဆင်ပြေသလို နေထိုင်တဲ့ လူတွေလည်း ရှိသလို အလှူရှင်တွေ လာလှူထားတဲ့ ငွေကြေးအနည်းငယ်ကို စုဆောင်းထားကြပြီး နေထိုင်ဖို့ သွပ်ပြား အပါးတွေဝယ်ပြီးအဆင်ပြေတဲ့နေရာတွေမှာ တဲထိုး နေထိုင်ကြတဲ့ သူတွေလည်း ရှိပါတယ်။
စစ်ရှောင်တွေဟာ လက်နက်တွေကြားထဲက အသက်လုပြီး ထွက်ပြေးလာကြပေမယ့် စစ်ဘေးလွတ်ရာကိုရောက်တော့လည်း မိသားစု စားဝတ်နေရေးသောကရောက်ရတဲ့အပြင် လတ်တလောမှာ ဆိုရင် ရာသီဥတု ဖောက်ပြန်ပြီး လေပြင်းတိုက်ခိုက်တာ၊ မိုးသီးကြွေစတဲ့ သဘာဝရဲ့ ဒဏ်ကြောင့် သောကရောက်နေကြရပြန်တယ်။ ဒီလိုရာသီဥတုဒဏ်ခံရတာလည်း တစ်ကြိမ်မကတော့ဘူးလို့ဆိုပါတယ်။
ဒေါ်မာကရက် (ဆီဆိုင်မြို့)
ဒီအမိုးပွင့်နေတဲ့ တဲက ကျမတို့ နေတဲ့ တဲပဲ။ ၁၇ ရက်နေ့ ညက လေပြင်းတိုက်၊ မိုးသီးကျတော့ အမိုးတစ်ခုလုံးနီးပါး လေထဲ ပါသွားတာ။ မိုးသီးက ဇီးသီးလောက်ကြီးတယ်။ မိုးသီးက ကြီးတော့ သွပ်တွေလည်း ပါးတော့ အကုန်ပေါက်သွားတာ။
အသံလည်း အရမ်းကျယ်တော့ လန့်တောင် လန့်တယ်။ ဒုန်း….ဒိုင်းပဲ။ ကြောက်လို့ ကလေးတွေက လန့်ပြီး ငိုကြတာ။ ညတွင်းကြီး စောင်၊ အထုပ်ပိုက်ပြီး ကလေးတွေကော၊ ကျမတို့ကောအကုန် ဘုန်းကြီးကျောင်း ဇရပ်ကို ပြေးသွားကြတာ။
ကျမတို့က ကိုယ့်အိမ်မှာ နေတုန်းကလည်း သေနတ်တွေ၊ လက်နက်ကြီးတွေကြောင့် ညနေလား၊ ညလား မသိ အသက်ရှင်ဖို့ ထွက်ပြေးလာကြတယ်။ ဒီရောက်တော့လည်း ရာသီဥတု ဖောက်ပြန်ပြီး မိုးသီးတွေကျတော့ ထပ်ပြေးပြန်ရတယ်။ ဘဝကလည်း မလွယ်လိုက်တာ။
တခါ တလေ စိတ်ဓာတ်က အဆုံးထိ ကျတယ်။ အရမ်းမွန်းကြပ်တယ်။ ဘယ်လို ဝဠ်ကြွေးမှန်းလည်း မသိတော့ဘူး။ ညဖက် အိပ်နေရင် မနက်ဖြန် ဘာဖြစ်လာမယ်ဆိုတာလည်း မသိဘူး။ ဒီနေ့ နေ့စားအလုပ်ရရင် မနက်ဖြန် ဘယ်သူနားမှာ နေ့စားလိုက်ရမှာလဲ။ ဘာလုပ်မှာလဲဆိုတာ အမြဲစဥ်းစားဖြစ်တယ်။ အတွေးပေါင်း ခြောက်ထောင် ခေါင်းထဲရောက်လာတယ်။
အဲမိုးရွာတဲ့ ညကလည်း ဆက်အိပ်လို့ မရတော့ဘူး။ မိုးသီးတွေက အရမ်းကြီးတော့ သစ်ပင်ပေါ်မှာ အိပ်တဲ့ ငှက်တွေတောင် သေတယ်။
အရင်က ကျမတို့ ဘုန်းကြီးကျောင်းက ဇရပ်တွေမှာ စုပြီး နေကြတာ။ အကုန်တူတူ ရောပြီး ချက်စားကြတယ်။ နောက်ပိုင်းတော့ အလှူရှင်တွေလည်း ရှားလာတယ်။ အကုန်တူတူ ရောချက်ရင် ကုန်ကျစရိတ် ပိုများတာ တစ်ဖက် ဘုန်းကြီးကျောင်းဆိုတော့ ဘုန်းကြီးလည်း လိုတော့ ကျမတို့ တဲလေးထိုးပြီး နေကြလိုက်တယ်။
အိမ်က အကုန် ဝါးနဲ့ပဲ လုပ်တယ်။ သွပ်ပြားကိုလည်း သံနဲ့ မရိုက်ရဘူး။ သွပ်ကြိုးပဲ ချီထားတော့ သိပ်မခိုင်လို့ နေမယ်။ မိုးရာသီလည်း မဟုတ်တော့ ဒီလောက်ထိ ဆိုးမယ်လည်း မထင်ထားဘူး။ မိုးရာသီရောက်ရင် ကိုယ်ရွာ ကိုယ့်မြေမှာ ပြန်ရလိမ့်မယ်လို့ မျှော်လင့်ထားတယ်။
ဒီမိုးမှာတော့ ပြန်ရပါစေလို့ ဆုတောင်းတယ်။ ကိုယ့်မြေ ကိုယ့်ယာနဲ့ စိုက်ပျိုးပြီး နေချင်ပြီ။ အခု စားရေး သောက်ရေးတွက် နေ့စားလိုက်တယ်။ ယောင်္ကျားလေးလည်း ပန်းရံလိုက်တယ်။ နွေရာသီဆိုတော့ စိုက်ပျိုးချိန်လည်း မဟုတ်တော့ အလုပ်လည်း ရှားတယ်။
မိုးတွင်းရောက်ရင် စိုက်ပျိုးရာသီဆိုတော့ အလုပ်နည်းနည်းပေါလာမယ်ထင်တယ်။ လောလောဆယ်တော့ ရရာ အလုပ်ကို လုပ်နေတာပါပဲ။ ကိုယ့် အိမ်နဲ့ ကိုယ့် ယာနဲ့ဆိုရင် ရှာစားရ အဲလောက် မခက်ဘူးလေ။ အခုက ကိုယ့်နယ်မြေလည်း မဟုတ်တော့ ဘယ်နေရာမှာ ဘာရှိလဲဆိုတာလည်း မသိဘူး။
ဒေါ်မာမာချို
အဲညက မိုးက အရမ်းကြီးတာ။ အစက ရိုးရိုးပဲ ရွာမယ်ထင်ပြီး မိုးရေလေး ရမှာလားဆိုပြီး ရေထွက်ခံသေးတယ်။ မကြာဘူး ဒိုင်း..ဒိုင်း..နဲ့ ထွက်ကြည့်တော့ မိုးသီးတွေပါ ပါလာတာ။ လေတွေကော မိုးသီးတွေကော ဘာမှမကြားတော့တဲ့ အထိပဲ။
ကျမတို့ မိသားစု အပြန်လှန်စကားပြောတာတောင် ဒီလောက်နီးတာတောင် မကြားရတော့ဘူး။ မကြာဘူး လေက အရမ်းတိုက်တော့ ကျမတို့ အမိုးကြီး လှန်သွားတော့တာပဲ။ ကျမနဲ့ ကလေးက ဘုရားစင်အောက်မှာ ဘာမှလည်း မလုပ်နိုင်ဘူး။
ဘဝကလည်း မလွယ်ပါဘူးကွယ်။ အရင်ဘဝက သူများကို မကောင်းတာ ပြုလုပ်မိလို့လား မသိဘူး။ တခါ တလေ ကလေးမျက်နှာတွေကို ကြည့်ပြီး ငိုနေမိတယ်။ အိပ်မပျော်တဲ့ ရက်တွေလည်း များလှနေပြီ။ စစ်ကတစ်ဖက် ရာသီဥတုဒဏ်က တမျိုးနဲ့ ခက်ခဲ ဒုက္ခတွေက ကျမတို့ အပေါ်ကိုပဲ ရွေးချယ်ပြီး ကျလာသလားလို့တောင် ထင်ရတယ်။
အဲညမှာလည်း ပါးစပ်မှာတော့ ဘုရား ဘုရား စောင့်ရှောက် တော်မှုပါဆိုပြီး ရေရွတ်နေတာ။ ကြောက်လိုက်တာ။ လူလည်း လွင့်ထွက် မတတ်ပါပဲ။ ကျမက ကလေးတွေကို ဖက်ပြီး ဘုရားစင်အောက်ကနေ လုံးဝ မခွာရဲဘူး။ ကလေးတွေလည်း ကြောက်တော့။ မသိရင် လက်နက်ကြီး စပစ်တုန်းက ဗုံးခိုကျင်းထဲမှာ သွားပြေးနေရတဲ့ ခံစားချက်နဲ့တောင် သွားတူနေတာ။
ဆိုးနေပြီဆိုပေမယ့် အဆိုးထဲက အကောင်းလို့ တွေးရမှာပဲ။ အိမ်ကလည်း ကျမတို့ ဝါးနဲ့ သွပ်ကလည်းအပါးဆုံးထဲကပဲ ဆိုတော့ မိုးဒဏ် လေဒဏ် သိပ်မခံနိုင်ဘူး။ မိုးသီးကျ၊ လေတိုက်တော့ အိမ်အမိုးလှန်တာ ဒါနဲ့ဆို နှစ်ခါရှိပြီ။ ဒီလထဲမှာ ၂ ခါ။ ပထမ တစ်ခါက သင်္ကြန်မတိုင်ခင် ရှေ့ရက်မှာ လေပြင်းတိုက် မိုးရွာတော့ လှန်ပြီးပြီ တစ်ခါ။
အဲ့တာနဲ့ သွပ်အသစ်ပြန်ဝယ်ဖို့လည်း ပိုက်ဆံလည်း မရှိဘူးလေ။ တစ်နေ့လုပ်မှ တစ်နေ့စားတော့ မဝယ်နိုင်ဘူး။ သွပ်ဖာတဲ့ တိတ်လိုမျိုးပဲ ဝယ်ပြီး ပေါက်ပြဲ သွားတဲ့ နေရာတိုင်းကို တစ်ချပ်စီ လိုက်ဖာတယ်။ ပြီးမှ ဝါးအဟောင်းတွေနဲ့ပဲ လုပ်တယ်။ သွပ်ကြိုးနဲ့ပဲ ပြန်ချီပြီး ပြန်လုပ်ထားတာ။
အခုလည်း ပြန်ဖြစ်နေတယ်။ အခုတော့ ပြန်မလုပ်ရသေးဘူး။ ခနခနလုပ်နေရတော့ အဆင်မပြေတော့ ဒီထက် ခိုင် ခံ့ အောင် ဘယ်လို လုပ်ရင် ကောင်းမလဲ စဥ်းစားထားတယ်။ လောဆယ်တော့ ဇရပ်မှာပဲ နေနေသေးတယ်။ အိမ်နည်းနည်းပြန်ပြင်ပြီးမှ နေလို့ ရမယ်။
ဆင်းရဲသည် ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ဘာမှမရှိခဲ့ရင်တောင် ကိုယ့်အိမ် ကိုယ့်မြေနဲ့ နေရတာက အကောင်းဆုံး၊ အပျော်ဆုံးပါ။ နောက်ဆုံး အိမ်မှာ ဘာမှမရှိရင်တော့ မိသားစု စုံစုံလေးနဲ့ ထမင်းစားရတာ စကားပြောရတာတွေက အနွေးထွေးဆုံး အလုံခြုံဆုံးပါ။
မွိုးစိန်
ဒီအိမ်က မိသားစု (၂) စုနေတယ်။ ကျမတို့က မိသားစု များတော့ (၆) ယောက်လောက် တူတူနေရတယ်။ ယောင်္ကျားလေး၊ မိန်းခလေး မခွဲဘူး။ ဒီတိုင်း အတူတူနေရတာပေါ့။ ခွဲလို့လည်း မရဘူးလေ နေရာက ဒါပဲရှိတာ။ အိမ်ပေါ်မှာက အိပ်တာပေါ့. ထမင်းချက်တာနဲ့ ထမင်းစားတာတို့ကတော့ မြေကြီးပေါ်မှာပဲ ချက်တယ် စားကြတယ်။
ထရံက မိုးကာနဲ့ လုပ်တော့ တအားပူတယ်။ ပြတင်းပေါက်လည်း မဖောက်ရတော့။ လေဝင် လေထွက်ပေါက် မရှိဘူးလေ။ နေ့ခင်းဖက်ဆို အိမ်ပေါ်မှာ နေလို့ မရဘူး။ အိမ်အောက်မှာပဲ ထိုင်ကြတယ်။ မြေကြီးပေါ်မှာ ဖျာလေးခင်းပြီး အိပ်ကြတယ်။ ညဖက်ကျတော့ အောက်မှာ အိပ်လို့ မရဘူး။ ခြင်အရမ်းကိုက်တယ်။
အခုအိမ်လုပ်ထားတဲ့ မြေယာကလည်း ဘုန်းကြီးမြေ။ နောက်နှစ်ဆို ဘုန်းကြီးက သူမြေပေါ်မှာ နေကြတော့ စိုက်ပျိုးလို့ မရတော့ဘူးလေ။ ဘုန်းကြီးက သူမြေမှာ နေထိုင်တဲ့ သူကို တစ်အိမ် ဘယ်လောက်ဆိုပြီး ပေးရမယ်လို့ ပြောတယ်။ လောဆယ်တော့ ဘယ်လောက်ဆိုတာတော့ မပြောသေးဘူး။
တောင်းရင်လည်း နေ့စားလိုက်ပြီး ရှာပြီး ပေးရမှာပေါ့။ အခုတော့ အလုပ်မရှိတော့ မရှက်တတ် ပြောရမယ်ဆို ပိုက်ဆံတောင် မရှိဘူး။ နွေရာသီကတော့ ဟင်းသီး ဟင်းရွက်လည်း ရှားတယ်။
ကျမတို့က ငွေလည်း မများကြီးလည်း မရှိတော့ တောထဲသွားပြီး စွယ်တော်ရွက်တွေ၊ ညောင်ဖူးချဥ်ရွက်တွေ လိုက်ခူးတယ်။ တွေ့သမျှ အရွက်တွေ လိုက်ရှာစားနေရတာပေါ့။ ခက်တော့ ခက်တာပေါ့ ကိုယ့်နယ်မြေလည်း မဟုတ်တော့လေ။
ပြီးတော့ အခုနေတဲ့ အိမ်က တောင် စောင်းပေါ်မှာရှိတော့ ဟိုညက မိုးသီးကလည်း ကျ လေပြင်းကလည်း တိုက်တော့ အိမ်တစ်လုံး လွင့်ထွက်မတတ်ပဲ။ အမေဆို ဘုရား၊ တရားဆိုပြီး ရေရွတ်နေတာ။ အိမ်ပါသွားရင် ဘယ်ထပ်ဆောက်နိုင်မှာလဲ။
အိမ်အောက်မှာ မိုးရေတွေ စီး။ ဗွက်တွေလည်း အပြည့်ပဲ။ ထမင်းဟင်းချက်တာ အိမ်အောက်ဆိုတော့ မြေကြီးက စို၊ ထင်းကလည်း စိုဆိုတော့ မချက်ရဘူး။ ကျမတို့ နေနေတဲ့ အခုနေရာလည်း လွိုက်ကော်ဖက် နီးတော့ ညညဆို သေနတ်သံတွေ၊ လက်နက်ကြီးသံတွေ ကြားနေရသေးတယ်။
နောက် မိုးရာသီရောက်ရင် အိမ်ပြန်လို့ ရနိုင်မယ်ထင်တယ်။ ပြန်ရမယ်လို့လည်း မျှော်လင့်ထားတယ်။ တကယ်လည်း ပြန်ချင်နေပြီ။