Home ဆောင်းပါး တရားမျှတမှုနောက်ကွယ်က ရုန်းကန်နေရတဲ့ဘဝတွေ

တရားမျှတမှုနောက်ကွယ်က ရုန်းကန်နေရတဲ့ဘဝတွေ

ရှင်ငြိမ်း ။ ။

သုံးနှစ်ကြာ တရားရေးလုပ်ငန်းတွေ ပြီးဆုံးခဲ့ပြီးတဲ့နောက် ရုပ်ရှင်သရုပ်ဆောင် မင်းရာဇာကို ရန်ကုန် သင်္ဃန်းကျွန်းခရိုင် တရားရုံးကနေ ကလေးသူငယ်မုဒိမ်းမှုနဲ့ ဧပြီ ၂၀ ရက်ကထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။ မင်းရာဇာအပေါ် လွန်ခဲ့တဲ့လကလည်း တရားရုံးက အပြင်းအထန်နာကျင်စေမှုနဲ့ ထောင် ၅ နှစ် ချမှတ်ထားတဲ့အတွက် သူဟာ စုစုပေါင်း ထောင် ၂၅ နှစ် ချခံထားရပါတယ်။ ဒါ့အပြင် မင်းရာဇာရဲ့ ဇနီးနဲ့ မန်နေဂျာတို့ဟာလည်း အပြင်းအထန်နာကျင်စေမှုနဲ့ ထောင် ၅ နှစ် ချမှတ်ခံရတဲ့အထဲမှာ ပါပါတယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ အမျိုးသမီးငယ်လေးကို “ ဂရေ့စ်” လို့ အမည်ဝှက် သုံးကြတဲ့ အဲ့ဒိအမှုမှာ ကလေးမလေးရဲ့ မိခင်ဖြစ်သူက တရားလိုလုပ်ပြီး မင်းရာဇာ၊ သူ့ဇနီး၊ ယောက္ခမနဲ့ မန်နေဂျာ တို့ကို တရားစွဲဆိုခဲ့တာပါ။မင်းရာဇာရဲ့ ယောက္ခမဟာ ကိုဗစ်ကာလမှာဆုံးပါးသွားခဲ့လို့ ကျန်သူတွေက တရားရင်ဆိုင်ရတာပါ။

မင်းရာဇာအပေါ် စွဲဆိုထားတဲ့သက်ငယ်မုဒိမ်းမှုနဲ့ အပြင်းအထန်ထိခိုက်နာကျင်စေမှုတွေဟာ ၂၀၂၀ ခုနှစ်ကတည်းက ရင်ဆိုင်လာရတဲ့အမှုတွေဖြစ်တယ်။ ကိုဗစ်နဲ့ အာဏာသိမ်းမှုကြောင့် ၁ နှစ်ခွဲကျော်ကြာအောင် အမှုရပ်နားထားခဲ့ရသလို အာဏာသိမ်းပြီးနောက် ပိတ်သိမ်းခံရ တဲ့အမှုတွေထဲမှာ မင်းရာဇာအပေါ်စွဲဆိုထားတဲ့အမှုလည်း ပါဝင်သွားခဲ့တယ်။

တရားလိုနဲ့ ဒေါ်နော်အုန်းလှဦးဆောင်တဲ့အမျိုးသမီးအဖွဲ့က ပိတ်သိမ်းမှုအပေါ်ကန့်ကွက်ခဲ့တာကြောင့် တရားရုံးက ပြန် လည်လက်ခံကာ စစ်ဆေးခဲ့လို့ အခုလိုအမိန့်ချနိုင်ခဲ့တာဖြစ်တယ်။

မင်းရာဇာကတော့ သူကို စွဲဆို ထားတဲ့အမှုအားလုံးကို ရုံးချိန်းတိုင်းမှာ ငြင်းဆိုခဲ့တယ်လို့ “ ဂရေ့စ်” ဘက်က လိုက်ပါကူညီပေးသူ ဒေါ်နော်အုန်းလှက ပြောပါတယ်။

အမှုတွေကို အမိန့်ချနိုင်ပေမယ့် တရားလိုဖြစ်တဲ့ “ ဂရေ့စ်” ရဲ့မိခင်ကတော့ ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်ကနေ ရန်ကုန်မြို့က တရားရုံးကို အမှုနှစ်ခုအတွက် တစ်လကို အနည်းဆုံးနှစ်ကြိမ်လောက် အခက်အခဲတွေကြားကနေ ရုံးချိန်းလာနေရတာပါ။

အမှုရင်ဆိုင်နေရတဲ့အိမ်အကူမိန်းကလေး ဂရေ့စ်ဆိုလည်း စိတ်၊ ခန္ဓာဒဏ်ရာတွေနဲ့ အခုချိန်ထိ ဘဝကို ခက်ခက်ခဲခဲ ရပ်တည်ကာ အမှုရင်ဆိုင်နေရတာဖြစ်တယ်။

အိမ်အကူမိန်းကလေးရဲ့ဂုဏ်သိက္ခာကိုငဲ့ကွက်ပြီး နာမည်အရင်းကို ဖျောက်ထားကာ ဂရေ့စ်ဆိုတဲ့နာမည်ကိုအစားထိုးထား တာဖြစ်တယ်။

ဂရေ့စ်ဟာ မောင်နှမ ၅ ယောက်ထဲမှာ အကြီးဆုံးသမီးဖြစ်ပြီး မိဘနှစ်ပါးကတော့ ငါးဒိုင်မှာအလုပ်လုပ်တဲ့ နေ့စားအလုပ် သမားတွေဖြစ်တယ်။ ဂရေ့စ်အထက်မှာ အကိုတစ်ယောက်ရှိပေမယ့် နယ်မှာပန်းရံအလုပ် သွားလုပ်နေတာဖြစ်တယ်။

ဂရေ့စ်မိဘတွေဟာ နွမ်းပါးလွန်းတာကြောင့် သားသမီးတွေကို အတန်းပညာ ၁ တန်း၊ ၂ တန်းလောက်သာထားနိုင်ခဲ့တယ်။ ဂရေ့စ်ဆိုလည်း အသက် ၁၀ ကျော်အရွယ်နဲ့ မင်းရာဇာအိမ်မှာ တစ်လကို ငွေကျပ် ၃၀၀၀၀ နဲ့ အိမ်အကူလုပ်ခဲ့ရတာပါ။ အဲ့ဒီအိမ်မှာ မနက် ၆ နာရီမှ ည ၁ နာရီလောက်ထိ တောက်လျောက်အလုပ်လုပ်ပေးနေပေမယ့် မင်းရာဇာအမျိုးသမီးက စိတ်မထင်တိုင်း ဂရေ့စ်ကို ရိုက်လေ့ရှိတယ်လို့ မိခင်က ပြောပါတယ်။

မင်းရာဇာကလည်း အချိန်မတော်ညဘက်ပြန်လာပြီး နှိပ်ခိုင်းကာ ဂရေ့စ်ကိုအဓမ္မပြုကျင့်သလို ရုပ်ရှင်ရိုက်ကွင်းက ဟိုတည်မှာလည်း အဓမ္မပြုကျင့်တာတွေရှိခဲ့တယ်လို့ ဂရေ့စ်က သတင်းမီဒီယာတွေကို ထုတ်ပြောထားပြီးဖြစ်တယ်။

ဂရေ့စ်ပြောပြတာက မင်းရာဇာက သူ့ယောက္ခမနေအိမ်ရေချိုးခန်းမှာ ဂရေ့စ်ရဲ့မိန်းမကိုယ်ကို အက်စစ်နဲ့ ၂ ကြိမ်ခန့် ဖြန်းခဲ့သလို အမြန်လမ်းပေါ်မှာလည်း ရခိုင်လေးက ချုပ်ကာ မင်းရာဇာက ဓါးနဲ့မွှန်းပြီး ရခိုင်လေးက အက်စစ်နဲ့ထပ်မံဖြန်းခဲ့တာပါ။

ဒဏ်ရာတွေက သွေးထွက်လွန်ကာ မူးမေ့တာမျိုးဖြစ်လာတဲ့အတွက် ညလုံးပေါက်ဆေးခန်းသွားပြခဲ့ပေမယ့် အနာက ပြင်းထန်လွန်းပြီး မူခင်းဖြစ်နေတာကြောင့် ဆေးခန်းတွေက လက်ခံကုသမပေးခဲ့ဘူးလို့ ဂရေ့စ်ပြောတာတွေကို မိခင်က ပြန် ပြောပြပါတယ်။ဒါ့အပြင် မင်းရာဇာယောက္ခမဖြစ်တဲ့ ဦးမောင်မောင်အေးက ဂရေ့စ်ကို တူလက်ကိုင်ရိုးနဲ့ ခေါင်းကိုထုရိုက်ခဲ့ပါတယ်။

ထားဝယ်မြို့၊ ထီးခီးမှာပန်းရံအလုပ်သွားလုပ်နေတဲ့မိဘတွေက သမီးကိုပြန်ခေါ်ဖို့လာတဲ့အချိန်မှာ ဒီဒဏ်ရာတွေနဲ့ တွေ့ လိုက်ရတာဖြစ်တယ်။

“ဘာဖြစ်တယ်ဆိုတာ သူ(ဂရေ့စ်)က မပြောဘူး။ ရဲစခန်းမှာ အမှုဖွင့်တော့မှပြလို့သိတာ။ ရင်ခေါင်းကနေ မိန်းမကိုယ်ထိ ခွဲထားတဲ့ဒဏ်ရာက လူကြီးလက်သန်းလုံးလောက်ရှိတယ်”လို့ ဂရေ့စ် မိခင်က ရှင်းပြပါတယ်။

ဆေးရုံရောက်ချိန်မှာ အနာက အပုတ်နံထွက်နေပြီး လူလည်း ဖြူဖျော့နေလို့ ဆေးရုံအရောက်စောလို့သာ အသက်မသေ ခဲ့တာလို့ သူက ပြောပါတယ်။

ဒီအနာတွေကို မိခင်ဖြစ်သူမြင်တွေ့ရချိန်က ဂရေ့စ်အခုလိုဖြစ်တာက သူ့အပြစ်ရှိတယ်လို့ယူဆတဲ့အတွက် သတ်သေဖို့ အထိစဉ်းစားခဲ့ဖူးကြောင်း ဂရေ့စ် မိခင်က ဆိုပါတယ်။

ဂရေ့စ်ဟာ နှစ်ချီကြာ နှိပ်စက်ခံရတာတွေ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတာတွေကြောင့် ဆေးရုံပေါ် တစ်လနီးပါးကြာ ဆေးကုသမှုခံယူခဲ့ရပြီး စိတ်နဲ့ ခန္ဓာဒဏ်ရာရသွားခဲ့တဲ့သူပါ။ ဆေးရုံကဆင်းပြီး ရွာကို ပြန်လာတဲ့ဂရေ့စ်တို့မိသားစုကို ပတ်ဝန်းကျင်က ဖေးမ၊ ကူညီမှုမပေးတဲ့အပြင် ပြစ်တင်ဝေဖန်တာ နဲ့ပါ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

“မကောင်းတဲ့သူတွေကြောင့် ရွာနာတယ်။ ရွာပြင်ထုတ်တဲ့။ အဲလိုတွေထိ။ အတော်လေးစိတ်နာဖို့ကောင်းတယ်”လို့ မိခင် က ပြောပါတယ်။

ဒီလိုစကားတွေကြောင့် ဂရေ့စ်တို့မိသားစုဟာ ဇာတိဖြစ်တဲ့ဧရာဝတီတိုင်းကနေ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ကို မိသားစုတစ်ခုလုံး ပြောင်းပြေးခဲ့ရပါတယ်။

လှိုင်သာယာမြို့နယ်ထဲက ကျူးကျော်ရပ်ကွက်တစ်ခုမှာ ငှားနေရင်း မိသားစုစားဝတ်နေရေးအတွက် ဂရေ့စ် မိခင်က ပဲရွေး၊ ကွမ်းရွေး၊ သန့်ရှင်းရေးလုပ် စတဲ့နေ့စားအလုပ်မျိုးစုံလုပ်ပြီး အမှုရုံးချိန်းတွေသွားနေရတာဖြစ်တယ်။

အမျိုးသားဖြစ်သူကလည်း ဘုရင့်နောင်ပွဲရုံမှာ ကုန်ထမ်းဝင်လုပ်ပြီး မိသားစုကို ရှာဖွေကျွေးမွေးခဲ့ပါတယ်။ အဲ့ဒီမှာ ၄ လ လောက်နေပြီး ကိုဗစ်တွေဖြစ်လာတော့ အလုပ်လည်းမရှိ၊ အမှုလည်းနားထားတဲ့အတွက် ရွာပြန်လာခဲ့ကြတယ်။

ရွာပြန်ရောက်တာနဲ့ ဂရေ့စ်တို့မိသားစုဟာ အလှူရှင်တွေရဲ့ထောက်ပံ့ငွေနဲ့ အိမ်လေးဆောက်နေခဲ့ကြတယ်။ သူတို့တွေ ရွာပြန်ရောက်တာနဲ့ ပတ်ဝန်ကျင်ရဲ့ရိုက်ခတ်မှုက ပြန်ဖြစ်လာပါတယ်။

“မင်းရာဇာနဲ့ဖြစ်တာသူပေါ့ဆိုပြီး အမျိုးစုံပြောတော့တာပဲ။ မြင်တာနဲ့ အတင်းပြောခံရတယ်။ သမီးကိုမြင်တာနဲ့ သူတို့ကံဆိုးတော့မယ့် လူတွေလို ဖတ်၊ ဖတ်ဆိုပြီး လုပ်သွားတယ်”လို့ ဂရေ့စ်က ပြောပါတယ်။

တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုးနဲ့ ပတ်ဝန်းကျင်ရဲ့ ပုတ်ခတ်ပြောဆိုတာတွေကို ကြိမ်ဖန်များစွာကြားရတဲ့အခါ သူ့ကိုယ်သူ သတ်သေချင်တဲ့အထိစိတ်ဓါတ်ကျလာခဲ့တယ်လို့ ဆိုပါတယ်။

သမီးဖြစ်သူကို အခုလိုပြောဆိုတာတွေကြောင့် ဂရေ့စ် မိခင်နဲ့ ပတ်ဝန်းကျင်လည်း မကြာခဏ စကားများ ရန်ဖြစ်ရပါတယ်။

“အဲ့လိုပြောလို့ ရပ်ကွက်ရုံးရောက်ပြီး သူတို့တွေက ခံဝန်ထိုးလိုက်ရတယ်။ နောက်မပြောဖို့ပေါ့။ ဒါလည်းခဏပဲ။ ဒါတွေ ကြားရတိုင်း ကျမလည်းစိတ်ဆင်းရဲရတယ်။ တခါတလေ မျက်ရည်တောင် ကျမိတယ်”လို့ ဂရေ့စ် မိခင်က ပြောပါတယ်။

ကိုဗစ်ကာလမှာ အလုပ်အကိုင်တွေမရှိ၊ ဝင်ငွေမရှိတဲ့အတွက် စားဝတ်နေရေးကို သူများဆီက ငွေချေးယူပြီး ဖြေရင်းခဲ့တယ်။ ငွေယူထားတာ နှစ်ချီကြာသွားတော့ အတိုးအရင်းများလာလို့ ဂရေ့စ် မိခင် စိတ်သောကရောက်ခဲ့ရတယ်။

တချိန်ထဲမှာ ဂရေ့စ်ရဲ့စိတ်အခြေအနေက လူအများကြားသွားဖို့မပြောနဲ့ အိမ်ထဲက အိမ်အပြင်မထွက်တော့ ဒါကိုလည်း စိတ်ပူလာတာကြောင့် နောက်ဆုံးမှာ အိမ်ရောင်းအကြွေးဆပ်ပြီး တခြားရွာမှာပြောင်းနေခဲ့ပါတော့တယ်။

“အကြွေးဆပ်ပြီး ကျန်တာအရင်းလုပ်ပြီး အထည်ရောင်းသေးတယ်။ အကြွေးကျပြီးအရှုံးသွားတယ်”လို့ ဂရေ့စ် မိခင်က ဆိုပါတယ်။

ပြောင်းသွားတဲ့ရွာမှာတော့ အလုပ်ကပေးထားတဲ့ လယ်ကွင်းထဲမှာ ဝါးတဲလေးထိုးပြီး သက်ကယ်မိုးထားတဲ့အိမ်လေးမှာ မိသားစု ၇ ယောက်နေခဲ့တယ်။ အလုပ်က ငရုတ်သီးချွေရပြီး တပတ်မှာ ၂ ရက်၊ ၃ ရက်လောက်သာလုပ်ကြရတယ်။

ဒီအလုပ်တွေကို ဂရေ့စ်တို့ညီအစ်မနှစ်ယောက်နဲ့ မိဘနှစ်ပါးလုပ်ကြတာဖြစ်တယ်။ တစ်ယောက်အတွက် တစ်နေ့လုပ်ခက ငွေကျပ် ၆၀၀၀ ရတဲ့အတွက် လူ ၄ ယောက်လုပ်ရင် ၂၄၀၀၀ ကျပ်ရပါတယ်။

ငရုတ်ချွေတဲ့အလုပ်နဲ့ ရပ်တည်ဖို့မလုံလောက်တော့ ပြောင်းချိုး၊ ထင်းပေါက်စတဲ့ကြုံရာကျဘန်းအလုပ်တွေ လိုက်လုပ် ပေမယ့် စားသောက်နေထိုင်ရုံသာရလို့ ငွေမလည်ပတ်နိုင်ဘူးလို့ ဂရေ့စ် မိခင်က ရှင်းပြပါတယ်။

ဒီအခြေအနေကြားမှာ ဂရေ့စ် မိခင်ဟာ ဂရေ့စ်အမှုကို လူသိရှင်ကြားဖြစ်ခဲ့တဲ့ ဗစ်တိုးရီးယားကလေးငယ်အမှုလို ဖြစ်သွားမှာလည်း စိုးရိမ်ပူပန်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒေါ်နော်အုန်းလှနဲ့ ရှေ့နေတွေရဲ့ စွမ်းဆောင်ချက်ကြောင့် ၁ နှစ်ခွဲကြာအောင် ပိတ်ထားတဲ့ ဂရေ့စ်အမှုဟာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလလောက်မှာ အမှုကိုပြန်စစ်ဆေးနိုင်ခဲ့တယ်။ ဒီအတွက် ဂရေ့စ် မိခင်ဟာ စားဖို့မရှိတဲ့ကြားက ဝါးခယ်မ ကနေ ရန်ကုန်ကို ရုံးချိန်းလာတက်နေရတာဖြစ်တယ်။

သူတို့ရွာလေးကနေ မနက် ၆ နာရီထွက်လာကာ ကားလမ်း၊ ရေလမ်း၊ ဆိုင်ကယ်၊ ခြေလျင်စတာတွေ စီးသွားရပြီး နေ့လည် ၁၂ နာရီ ဝန်းကျင်လောက်မှ ရန်ကုန်ကို ရောက်ပါတယ်။

ရန်ကုန်ရောက်ရင်လည်း နေစားဖို့အပြင် တရားရုံးသွားလာခ စတဲ့ကုန်ကျစရိတ်တွေက သူတို့အတွက်တော့ ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်နေပါတယ်။ ရုံးချိန်းတစ်ခေါက်လာရင် အနည်းဆုံးငွေကျပ် ၆၀၀၀၀ လောက်ကုန်ကျစရိတ်ရှိနေတာပါ။

“ပိုက်ဆံမရှိတော့ လာဖို့ခက်တယ်။ တခါတလေ လမ်းစရိတ်မရှိလို့ သူများဆီက နေ့ပြန်တိုးနဲ့လာရတယ်။ ဒီလာတဲ့အချိန်ဆို ကျမအတွက် လုပ်အားခမရဘူး။ ရုံးချိန်းတခေါက်လာဖို့က စရိတ်ရှာရတာမသက်သာဘူး”လို့ ဂရေ့စ် မိခင်က ပြောပါတယ်။

ကိုဗစ်မတိုင်မီကလည်း ငွေကြေးအခြေအနေကြောင့် ရုံးချိန်းပုံမှန်မတက်နိုင်တဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။

တခါက လမ်းမှာပိုက်ဆံပြတ်သွားလို့ လှိုင်သာယာအဝေးပြေးကနေ တရားရုံးရှိတဲ့ ၈ မိုင်အထိ လမ်းလျှောက်လာခဲ့ရတယ်လို့ သူက ပြန်ပြောပြပါတယ်။

ဒေါ်နော်အုန်းလှကတော့ “ရုံးချိန်းတိုင်း သူ့မတက်ခိုင်းဘူး။ အရေးကြီးမှ ခေါ်တယ်။ သူကလည်း ကျမခေါ်ရင်မရှိတဲ့ကြား၊ နေမကောင်းတဲ့ကြားက ဖြစ်အောင် ကြိုးစားလာတယ်”လို့ ဆိုပါတယ်။

ယခင်ကတော့ ဂရေ့စ်အပေါ်စာနာပေးတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အလှူရှင်တွေနဲ့ အမျိုးသမီးအဖွဲ့တွေရဲ့ဝိုင်းဝန်းကူညီမှုနဲ့ ရပ်တည်လို့ရခဲ့ပေမယ့် ဒီကာလမှာ လူတိုင်းခက်ခဲနေတာဖြစ်လို့ ငွေကြေးအတွက်ပိုရုန်းရတယ်လို့ ဂရေ့စ် မိခင်က ပြောပါတယ်။

ကိုဗစ်နဲ့ အာဏာသိမ်းမှုကြောင့် လုပ်ငန်းတချို့ပိတ်သိမ်းရပ်နားတာနဲ့ ကုန်ဈေးနှုန်းအဆမတန် မြင့်တက်လာတာကြောင့် အလှူရှင်တွေလည်း ယခင်လို မပေးလှူနိုင်ကြတော့တာပါ။ အမျိုးသမီးအဖွဲ့တွေဆိုလည်း စစ်တပ်ရဲ့ဖမ်းဆီးမှုကို တိမ်း ရှောင်နေရလို့ အကူအညီမပေးနိုင်တော့ပါဘူး။

ယခင်ကတော့ ဘုန်းကြီးကျောင်းမှာနေလို့၊ စားလို့ရပေမယ့် လက်ရှိကာလမှာ ဧည့်စာရင်းကိစ္စနဲ့ တရားရုံးသွားလာစရိတ်တွေ ထပ်ကုန်မှာစိုးတာကြောင့် ဒေါ်နော်အုန်းလှက နွမ်းပါးတဲ့ဂရေ့စ်မိခင် တရားရုံးတက်နိုင်ဖို့ လူအင်အား၊ ငွေအင်အားနဲ့ တတ်နိုင်သလောက် ကူညီပေးနေတာဖြစ်တယ်။

“အမှုလည်းအမြန်ပြီးစေချင်ပါပြီ။ ဆရာမ(ဒေါ်နော်အုန်းလှ)တွေကို မကန်တော့နိုင်တဲ့အပြင် သူတို့ဆီက လမ်းစရိတ်ပြန်ယူနေရလို့ မျက်နှာပူတယ်”လို့ ဂရေ့စ် မိခင်က ပြောပါတယ်။

အမှုလိုက်ပေးတဲ့ရှေ့နေဆိုလည်း အခမဲ့လိုက်ပါဆောင်ရွက်ပေးရုံသာမက စာရွက်စာတမ်းမိတ္တူတွေကစ ကိုယ်တိုင်အကုန် ကျခံဆောင်ရွက်ပေးနေတာဖြစ်လို့ အင်အားဖြစ်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ဂရေ့စ်ဟာ နှစ်ရှည်လများ နှိပ်စက်ခံခဲ့ရတဲ့ဒဏ်ရာဟောင်းတွေက ကိုက်ခဲတာ၊ ခေါင်းမူးတာတွေပြန်ခံစားနေရတာ ဖြစ်တယ်။ နွမ်းပါးတဲ့မိဘတွေက ဆေးခန်းပြန်ပြဖို့မတတ်နိုင်သေးတဲ့အတွက် အနာအတွက် သောက်ဆေးဝယ်သောက်နေ ရတာပါ။

ဒေါ်နော်အုန်းလှကတော့“ အက်စစ်ထိတဲ့ဒဏ်ရာက ရေထိရင်၊ ညှော်မိရင်ပြန်ဖြစ်တတ်တယ်။ ဘယ်တော့မှ မပျောက်ဘူး။ သူ့(ဂရေ့စ်)က ဆေးခန်းပြန်ပြဖို့လိုတာ။ အမှုတွေပြီးရင်တော့ ဆေးခန်းပြန်ပြဖို့စီစဉ်ပေးမှာပါ”လို့ ပြောပါတယ်။

ပတ်ဝန်းကျင်ကြောင့်ရတဲ့စိတ်ဒဏ်ရာတွေနဲ့ စားဝတ်နေရေးပြေလည်စေဖို့အတွက် ဂရေ့စ်ကို စက်ချုပ်သင်ပေးဖို့လည်း ဒေါ်နော်အုန်းလှက ရည်ရွယ်ထားပါတယ်လို့ ဆိုပါတယ်။

၂၀၂၀ ခုနှစ်က စတင်ခဲ့တဲ့ဒီမင်းရာဇာအမှုဟာ တိုင်းသိပြည်သိအမှုတစ်ခုဖြစ်ခဲ့ပေမယ့် နွမ်းပါးတဲ့ဂရေ့စ်တို့မိသားစုကတော့ အမှုရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ဝန်နဲ့မမျှခံစားနေရတာဖြစ်တယ်။

လက်ရှိမှာ မင်းရာဇာကို စွဲဆိုထားတဲ့သက်ငယ်မုဒိမ်းအတွက် ထောင်ဒဏ်နှစ် ၂၀ ချမှတ်တာကို အမြင့်ဆုံးပြစ်ဒဏ်ဖြစ်လို့ ဂရေ့စ် မိခင် ကျေနပ်မှုရှိပေမယ့် အပြင်းအထန်နာကျင်စေမှုအတွက် ထောင်ဒဏ် ၅ နှစ်ချမှတ်တဲ့အပေါ်မှာတော့ ထပ်တိုး ပြစ်ဒဏ်ချနိုင်ဖို့ တရားရုံးထပ်တက်သွားဖို့ရှိနေတယ်လို့ ဒေါ်နော်အုန်းလှက ပြောပါတယ်။

ဒါပေမဲ့ မိခင်ဖြစ်သူဂရေ့စ် မိခင်ကတော့ ဂရေ့စ် ရဲ့ဖြတ်သန်းရမယ့် နောင်ရေးအတွက်လည်း စိတ်ပူနေပုံရပါတယ်။

“အမှုနိုင်သွားတယ်ဘဲ ထား သူ့(ဂရေ့စ်)က ဘာမှအရင်လိုပြန်မဖြစ်တော့ဘူးလေ”လို့ ဆိုပါတယ်။

ဒါတွေကြောင့် အမှုတွေပြီးပြတ်သွားရင် ဂရေ့စ်အတွက်စဉ်းစားပြီး လူသူမသိတဲ့ပတ်ဝန်းကျင်တစ်ခုမှာ သွားရောက်နေထိုင် ဖို့ ဂရေ့စ် မိခင်မှာ ဆန္ဒတွေရှိနေတာဖြစ်တယ်။

အခုလို ၃ နှစ်ကြာအောင် တရားရင်ဆိုင်နိုင်ဖို့ ဂရေ့စ် မိခင်အတွက် တွန်းအားဖြစ်စေခဲ့တဲ့အချက်ကတော့ တိုက်တန်တဲ့ ပြစ်ဒဏ်ရစေချင်တဲ့ဆန္ဒကြောင့်ပါပဲလို့ ဖွင့်ဟဆိုနေပါတော့တယ်။

Author:

Related Articles