ရှင်ငြိမ်း။ ။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် မဲမှောင်နေပြီး နှင်းမိုးသံမှတပါး အခြား ဘာအသံမှ မကြားရပါ။ အချိန်အားဖြင့် မနက် ၃ နာရီသာ ရှိသေးလို့ ဒီအချိန်ဟာ အများသူငှာအတွက် အိပ်စက်လို့ အကောင်းဆုံး အချိန်ပါ။
တောတောင်ထူထပ်တဲ့ နေရာဖြစ်သလို ဒေသရဲ့ ရာသီဥတု အပူချိန်က မနက်အစောနဲ့ ညနေပိုင်းတွေမှာ ၇ ဒီဂရီ ဖာရင်ဟိုက် ဝန်းကျင်ပဲ ရှိပါတယ်။ ဒါကြောင့် တောတွင်းမှာ အအေးဓာတ် ကဲနေပြီး ဆီးနှင်းမိုးတွေကလည်း တပေါက်ပေါက် ကျနေပါတယ်။
ဒီလို အေးခဲနေတဲ့ ရာသီဥတု မနက်အစော တိတ်ဆိတ်နေတဲ့အချိန် တာလပတ် မိုးထားတဲ့ တဲအိမ်လေး အောက်မှာတော့ လသား ကလေးငယ်ကို အဝတ်နဲ့ ချီပိုးထားတဲ့ အမျိုးသမီးငယ် တစ်ယောက်က တစ်နေရာသွားဖို့ ပြင်ဆင်နေပါတယ်။
“ကလေးအမေဖြစ်လို့ မလုပ်နိုင်ဘူး၊ စစ်မတိုက်ရဘူးလို့ မဖြစ်ချင်ဘူး။ အဲ့တော့ သူများထက် ပိုဝိရိယ စိုက်ရတယ်။ ဒါပေမဲ့ ကလေးအမေတွေက ပိုပြီး အခက်အခဲ ကြုံရတယ်”လို့ ထူးလေးက ပြောရင်း မနက် အရုဏ်အစော တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပါတယ်။
အသက် ၂၁ နှစ်သာရှိသေးတဲ့ ထူးလေးဆိုတဲ့ ဒီအမျိုးသမီးငယ်ဟာ ကရင်ပြည်နယ်၊ မြိုင်ကြီးငူအထူးဒေသမှာ စစ်ရှောင်နေ ရာကနေ အာဏာသိမ်း စစ်တပ်ကို တော်လှန်ဖို့ ဒေသကာကွယ်ရေးတပ် (PDF) ထဲ ဝင်ရောက်ခဲ့သူပါ။
ထူးလေးက ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသခံတွေရဲ့ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ PDF တပ်ဖွဲ့ဝင်တွေ လိုက်ပါ စောင့်ရှောက်ပေးဖို့ တာဝန်ကျတာကြောင့် အခုလို သွားဖို့ ပြင်ဆင်နေတာပါ။
အသက်ငယ်ငယ်နဲ့ လသားမိခင် တစ်ယောက်ဖြစ်တဲ့ ထူးလေးအနေနဲ့ PDF ထဲ ဝင်ဖို့၊ အခြေခံစစ်သင်တန်း တက်နိုင်ဖို့ ဆိုတာ သိပ်တော့ မလွယ်လှပါဘူး။ ဒီလို တပါးသူလုပ်ဖို့ မလွယ်တဲ့ အလုပ်ကို လုပ်နေရတဲ့ တွန်းအားတွေလည်း သူ့မှာ ရှိနေနိုင်ပါတယ်။
စစ်ပဋိပက္ခကြားမှာ မွေးဖွားလာတဲ့ ထူးလေးဟာ တိုက်ပွဲတွေကြောင့် အကြိမ်ကြိမ် စစ်ရှောင်ခဲ့ရပြီး စစ်ရှောင်ဘဝနဲ့လည်း ၉ နှစ်ကျော်လောက် ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရသူပါ။
ဒါ့အပြင် ထူးလေး ငယ်စဉ်ကလည်း တိုက်ပွဲတွေကြောင့် အတန်းပညာ ကောင်းကောင်း မသင်ခဲ့ရသလို အသက် ၁၈ နှစ်အရွယ်မှာ မိဘသဘောတူသူနဲ့ အိမ်ထောင်ပြုခဲ့ရပြီး၊ ဘဝရည်မှန်းချက် ဆိုတာ ဘာမှန်းတောင် မသိခဲ့ရပါဘူး။
အချိန် တနှစ်လောက်သာ တည်ဆောက်ခဲ့ရတဲ့ အိမ်ထောင်ကလည်း သူကိုယ်ဝန် ၇ လရတဲ့အချိန်မှာ ကွာရှင်းခဲ့ရလို့ အသက်ငယ်ငယ်နဲ့ တစ်ခုလပ် ဖြစ်ခဲ့ရပါတယ်။
ဒါ့အပြင် ပြည်တွင်းစစ်ကြောင့် စစ်ရှောင်ဖြစ်လာရတဲ့ ထူးလေးဟာ အာဏာသိမ်းမှု ဖြစ်တော့လည်း တိုက်ပွဲကြားမှာ ဖခင်နဲ့ အစ်ကိုဖြစ်သူရဲ့ အသက်တွေ ဆုံးရှုံးခဲ့ရပြီး မိခင်လည်း မိုင်းထိကာ ခြေတစ်ဖက် ဆုံးရှုံးခဲ့ရပြန်ပါတယ်။
ဒီနာကျင်မှုတွေကြောင့် ပြိုလဲလုလုဖြစ်နေတဲ့ ထူးလေးရဲ့ စိတ်ဓာတ်တွေကို လက်နက်ကိုင်ပြီး အာဏာရှင်ကို တော်လှန်တိုက် ခိုက်ရင်း ချေဖျက် အနိုင်ယူခဲ့တာပါ။
“လူဖြစ်ရင်တော့ တစ်နေ့ သေရမှာ သိပေမယ့် စစ်ပွဲကြောင့် သေရတာကိုတော့ ရွံ့မုန်းလာတယ်။ ဒါနဲ့ စစ်ကြီး အမြန်ပြီးပါစေဆိုတဲ့ ဆန္ဒနဲ့ လက်နက်ကိုင်ထဲ ဝင်ခဲ့တာ”လို့ ထူးလေးက ပြောရင်း သူ့ဘဝအကြောင်းကို အစချီပါတယ်။
ထူးလေးမှာ နာမည်အရင်းရှိပေမယ့် အရပ်က ၅ ပေကျော်ကျော်၊ အသားဖြူဖြူ၊ မျက်လုံးဝိုင်းဝိုင်းနဲ့ ကရင်တိုင်းရင်းသူလေး ဖြစ်လို့ အများက သူ့ကို ချစ်စနိုးနဲ့ ထူးလေးလို့ ခေါ်ကြတာပါ။
မောင်နှမ ၅ ယောက်ရှိတဲ့ထဲ သူ့အစ်ကိုပြီးရင် ဒုတိယမြောက် သမီးဖြစ်တဲ့ ထူးလေးတို့ မိသားစုတွေဟာ ၂၀၁၁ ခုနှစ်ကတည်းက ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ကြား တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေ ဖြစ်လာခဲ့ကြသူတွေပါ။
ထူးလေးတို့ မိသားဟုဟာ ကရင်ပြည်နယ်၊ မြိုင်ကြီးငူအထူးဒေသမှာ ရှိတဲ့ စစ်ရှောင်စခန်းမှာ ၉ နှစ်လုံးလုံး ခက်ခက်ခဲခဲ ရုန်းကန် နေထိုင်ခဲ့ရပါတယ်။ စခန်းက သူတို့ကို နေစရာအိမ် ပေးထားပြီး တစ်နေ့ကို နှစ်ကြိမ် ထမင်းတစ်မျိုးတည်းကို စားခွင့်ရလို့ မပူပန်ရပါဘူး။
ဒါပေမဲ့ ဟင်းချက်ဖို့ ဆား၊ ငရုတ်အပြင် အဝတ်လျှော်ဆပ်ပြာကအစ လိုအပ်တဲ့ အသေးသုံးစရိတ်တွေကိုတော့ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ရှာဖွေကြရတာပါ။အလှူရှင်ရှိရင်တော့ အသား၊ ငါး စားရပြီး ငပိ၊ ငရုတ်သီးစတဲ့ သီးနှံတွေလည်း ရတတ်လို့ အနည်းငယ် အဆင်ပြေကြရပါတယ်။
မိသားစု ၇ ယောက်ရှိတဲ့ ထူးလေးတို့ မိသားစုအဖို့ အလှူကို မျှော်ကိုးစားနေလို့ မဖြစ်နိုင်၊ ရတဲ့အိမ်မှာလည်း စိုက်ပျိုးရေး လုပ်ဖို့ မြေ မရှိတော့ ဖခင်၊ အစ်ကိုနဲ့ ထူးလေးတို့ဟာ နေ့စားအလုပ်တွေ ထွက်လုပ်ကြရတယ်။
ဖခင်ဖြစ်သူနဲ့ အစ်ကိုကတော့ မြို့ပေါ်မှာ ပန်းရံ၊ အထမ်း စတဲ့ အလုပ်မျိုးစုံရှိပေမယ့် အဲဒီအချိန်တုန်းက အသက် ၁၀ နှစ်ကျော် အရွယ်သာ ရှိသေးတဲ့ ထူးလေးအတွက် နေ့စားအလုပ် ရှားပါးလွန်းလှပါတယ်။ ဒါ့ကြောင့် ဖခင်နဲ့ မလိုက်တော့ဘဲ မြိုင်ကြီးငူဆရာတော် ဘုရားတည်တဲ့ လုပ်ငန်းမှာ တစ်လကို ဆန်တစ်အိတ်သာ ရတဲ့ ကျောက်သယ်တဲ့ အလုပ်ကို ထူးလေး သွားလုပ်ခဲ့ရတယ်။
သူတို့သားအဖ သုံးယောက်ရှာတဲ့ ငွေတွေကို မိခင်ဖြစ်သူက စီမံပြီး မိသားစုဝမ်းရေးကို ဖြေရှင်းခဲ့ကြရတာပါ။
“ကိုယ့်အိမ်ကိုတော့ ဘယ်အချိန်ဖြစ်ဖြစ် ပြန်ချင်တာပဲ။ ကျမတို့လည်း တစ်နေ့ပြန်ရနိုး၊ ပြန်ရနိုးနဲ့ ၉ နှစ်လောက်ဖြစ်သွား တယ်။ တိုက်ပွဲက မရှိတော့ပါဘူး။ မိုင်းတွေကြောက်ပြီး မပြန်ဖြစ်တာ”လို့ ထူးလေးက ဆိုပါတယ်။
ထူးလေးရဲ့ မိခင်ဆိုရင် ချက်ပြုတ်ဖို့အတွက် ထင်းသွားရှာရင်း မိုင်းထိပြီး ခြေတစ်ဖက် ဆုံးရှုံးခဲ့ရတာပါ။
ဒီလိုနဲ့ စခန်းမှာနေတာ ၈ နှစ်လောက် ရှိလာတော့ အသက် ၁၈ ပြည့်သွားတဲ့ ထူးလေးကို သူ့မိဘတွေက စခန်းထဲက အမျိုးသားတစ်ဦးနဲ့ အိမ်ထောင်ချပေးခဲ့တယ်။ အိမ်ထောင်ကျပြီး ၁ နှစ်အကြာမှာ အာဏာသိမ်းမှု ဖြစ်လာပါတယ်။
“ကရင်တပ်ထဲ ဝင်ချင်လို့ မိဘတွေပြောတော့ ဝင်သွားမှာစိုးလို့ အိမ်ထောင် ချပေးတာပေါ့။ အာဏာသိမ်းပြီးတော့ ယောကျာ်းနဲ့ ကွဲတယ်။ ဒါနဲ့ပဲ ကျမ လက်နက်ကိုင်ဖို့ အခွင့်အရေး ပိုရသွားတယ်”လို့ ထူးလေးက ပြောပါတယ်။
ဒါပေမဲ့ ကိုယ်ဝန်လွယ်ထားရချိန်ဖြစ်သလို ငဲ့ညှာရမယ့် မိသားစုကလည်း ရှိနေတဲ့အတွက် သူ့ဆန္ဒကို မြိုသိပ်ထားခဲ့ရတယ်။ ဒီလိုနဲ့ မြိုင်ကြီးငူအထူးဒေသမှာ တိုက်ပွဲတွေပြင်းထန်လာတော့ စစ်ရှောင်တချို့နဲ့အတူ ပြေးရင်း သံတောင်ကြီးဒေသကို ရောက်သွားခဲ့တယ်။
တကယ်တော့ သံတောင်ကြီးမြို့ဟာ KNU တပ်မဟာ ၅ နဲ့ တပ်မဟာ ၂ တို့ရဲ့ အခြေစိုက်စခန်းတွေ ရှိပေမယ့် တပ်မြို့လို့ ခေါ်ရလောက်အောင် စစ်တပ် စိုးမိုးခံထားရတဲ့ဒေသ ဖြစ်တယ်။ ဒါ့ကြောင့် စစ်တပ်က နီးစပ်ရာ ရွာသားတွေကို ပေါ်တာ သဘောနဲ့ အဓမ္မ ခေါ်ခိုင်းတာ၊ ရွာက အမျိုးသမီးတချို့လည်း မုဒိမ်းကျင့်ခဲ့တဲ့ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။
ဒီလို အနိုင်ကျင့်ခံရမှုတွေကြောင့် ဒေသခံရွာသားတွေဟာ စစ်တပ်အပေါ်မှာ အရင်ကတည်းက မုန်းတီး နာကျည်းစိတ်တွေ ရှိနေခဲ့ကြတယ်။ ဒီလိုနဲ့ပဲ အာဏာသိမ်းမှု ဆန့်ကျင်ရေး အားကောင်းတဲ့ သံတောင်ကြီးမှာ တိုက်ပွဲတွေ ဖြစ်လာခဲ့တယ်။
တိုက်ပွဲတွေကြားမှာပြေးရင်း ထူးလေးရှေ့မှာပဲ အဖေနဲ့ အစ်ကိုဟာ လက်နက်ကြီးစ ထိမှန်ကာ နေရာမှာပဲ အသက် ဆုံးရှုံးခဲ့ရလို့ အလောင်းတောင် ပြန်မကောက်နိုင်ခဲ့ပါဘူး။ ခြေဦးတည့်ရာစစ်ပြေးရင်း လူစုကွဲသွားကြတော့ သူတို့ မိသားစုနဲ့ အတူ သားအမိ သုံးဦးလည်း ပါလာခဲ့တယ်။
အဖေနဲ့ အစ်ကို ဆုံးသွားတော့ ဒီအုပ်စုရဲ့ တာဝန်ကို ထူးလေးက ယူရပါတယ်။ နေ့စဉ် စားဖို့ တောထဲမှာ ရှာဖွေပြီး ရှိတာနဲ့ ဝေမျှ စားကြရတယ်။ ဒါပေမဲ့ နေ့တိုင်း ဒီသစ်ပင်၊ ဒီတောပဲ မြင်နေရပြီး ဘာအလုပ်မှ မရှိဘဲ နေရတာ ကြာလာတော့ စိတ်ဓာတ်တွေ ကျလာခဲ့တယ်လို့ ထူးလေးက အခုလို ပြောပါတယ်။
“တနေ့တနေ့ အစ်ကိုနဲ့ အဖေ သေသွားတာတွေ၊ တိုက်ပွဲကြား ပြေးခဲ့ရတာတွေ၊ လေယာဉ်သံတွေ အဲ့ဒါတွေပဲ ပြန်တွေးနေမိတော့ စိတ်ထဲမှာဝမ်းနည်းတာလိုလို၊ ကြောက်တာလိုလို ကိုယ့်ကိုယ်ကိုယ် မကျေနပ်တဲ့ စိတ်တွေလည်း ဖြစ်လာတယ်”
ဒါပေမဲ့ ကံကောင်းချင်တော့ သူတို့အနား စစ်ကြောင်းဖြတ်သွားတဲ့ ဒေသကာကွယ်ရေးတပ် (PDF) နဲ့ တွေ့ပြီး သူတို့ ဒုက္ခရောက်နေတဲ့အကြောင်းပြောပြပြီး ခေါ်သွားဖို့ တောင်းဆိုရာကနေ လက်နက်ကိုင်ထဲဝင်ဖို့ ဖြစ်လာခဲ့တယ်။
“ပထမတော့ သူတို့က ငြင်းတယ်။ ဘာမှ မပြည့်စုံလို့ပေါ့။ ဒါပေမဲ့ ထားခဲ့ရမှာလည်း မိန်းမသားတွေ ဖြစ်တယ်။ သားအမိ သုံးယောက်ထဲက သမီးတွေကလည်း စစ်သင်တန်း တက်ချင်တယ်ဆိုတာနဲ့ သနားပြီးခေါ်လာတာ”လို့ ထူးလေးက ဆိုပါတယ်။
တပ်စခန်းရောက်တာနဲ့ ထူးလေးက ဆေးခန်းမှာ ပညာသင်ရင်း ဝင်ကူပေးပါတယ်။ သူတို့နဲ့အတူ ပါလာတဲ့ မိန်းကလေး နှစ်ယောက်က စစ်သင်တန်း တက်ကြတဲ့အတွက် မိခင်နှစ်ယောက်နဲ့ သူ့မောင်နှမတွေလည်း စားရေး မခက်တော့ပေ။
ထူးလေးအနေနဲ့ စစ်တိုက်လိုစိတ် ဘယ်လောက်အထိ ပြင်းပြနေလဲဆိုရင် ကလေးမွေးပြီး ခြောက်လအတွင်းမှာ အလကား မနေဘဲ စစ်သင်တန်းနဲ့ ပတ်သက်တဲ့ စာတွေ သိရှိမှတ်မိဖို့ အမျိုးသမီးရဲဘော်တွေထံကနေ နုတ်တိုက် သင်ယူခဲ့တယ်။
စခန်းလူကြီးတွေက ကလေးနဲ့ အနည်းဆုံး ၆ လလောက်အတူနေပြီးမှ သင်တန်းတက်ရမယ်ဆိုပေမယ့် သူကတော့ ကလေးကို ချီပိုးရင်း စစ်သင်တန်းပေးတာကို အဝေးကနေ လေ့လာသင်ယူနေခဲ့ပါတယ်။
ဒီလို လေ့လာသင်ယူမှု အားကောင်းတာကြောင့် သူသင်တန်း မတက်ရခင်မှာ သင်ခန်းစာ တဝက်လောက်ကို တတ်မြောက်နေခဲ့ပါတယ်။ ဒါ့ကြောင့် သင်တန်းတက်တဲ့အချိန်မှာ ထူးလေးဟ အကောင်းဆုံး သင်တန်းသူ တစ်ဦး ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ စခန်းမှာ အမျိုးသမီးရဲဘော်တွေဟာ ရှေ့တန်းလိုက်ရတာ နည်းပါတယ်။ အများအားဖြင့် ရိက္ခာသယ်တာ၊ ရုံးပိုင်းကူ တာ၊ ဒဏ်ရာရ စစ်သားတွေကို ပြုစုစောင့်ရှောက်ရတာနဲ့ ရှေ့တန်းထွက်မယ့် ရဲဘော်တွေအတွက် လိုအပ်တာ စီစဉ်ပေးရတဲ့ နေရာတွေမှာ ဝင်လုပ်ကြရတယ်။
တစ်ရက်မှာတော့ ထူးလေးရဲ့ဆန္ဒတွေ ပြည့်ဝမယ့်အချိန် ရောက်လာပါတယ်။ အဲ့ဒါကတော့ သံတောင်ကြီး ဒေသခံတွေရဲ့ အာဏာရှင်တော်လှန်ရေး ဆန္ဒပြပွဲမှာ ထူးလေးတို့တွေလိုက်ပါ လုံခြုံရေးယူပေးဖို့ပါ။
ဒီအာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲဟာ အဆင်ပြေပြေနဲ့ ပြီးသွားလို့ ထူးလေးတို့လည်း တပ်စခန်းရှိရာကို ကားနဲ့ ပြန်တဲ့သူပြန်ပြီး အဖွဲ့ နှစ်ခုကတော့ ခြေလျင်ပြန်ကြတယ်။ ပြန်ကြတဲ့အချိန်က နေ့လည် ၁ နာရီ ဝန်းကျင် ရှိပါပြီ။
၁ နာရီနီးပါးလောက် သူတို့လျှောက်လာတဲ့လမ်းမှာ စစ်အင်အား ၂၀ ကျော်လောက်ရှိတဲ့ စစ်တပ်နဲ့ တွေ့ပါတယ်။ ရှေ့ ဆုံးက သွားတဲ့အဖွဲ့နဲ့ မတွေ့ဘဲ နောက်မှာကျန်တဲ့ ထူးလေးအဖွဲ့နဲ့ ထိပ်တိုက်တွေ့တာ ဖြစ်တယ်။
ထူးလေးတို့အဖွဲ့မှာ အမျိုးသားရဲဘော် ၆ ယောက်က လက်နက်ကျည်ဆန် အပြည့်ပါပေမယ့် ရဲမေ သုံးယောက်ကတော့ လက်နက် မပါပါဘူး။ ဒါပေမဲ့ သူတို့အဖွဲ့ခေါင်းဆောင်က အင်အား မမျှတဲ့အတွက် စစ်ပရိယာယ်သုံးပြီး စစ်တပ် နောက်ကျောကနေ ဗုံးပစ်ကူပေးဖို့ ရဲဘော် သုံးယောက်ကို တာဝန်ပေးပါတယ်။
ဒီအချိန်မှာ ထူးလေးက သူလည်း လက်နက်ကိုင် တိုက်လိုကြောင်း ပြောတော့ ခေါင်းဆောင်က သူ့သေနတ်ကို ထုတ်ပေးပါတယ်။ ဒါဟာ ထူးလေးအတွက် ပထမဆုံးသေနတ်အစစ် ကိုင်တာဖြစ်တဲ့အတွက် ထင်သလောက်တော့ မလွယ်ကူခဲ့ပါ။
“ပထမ စပစ်တော့ သေနတ်ပြန်ကန်အားကို မထိန်းနိုင်ဘူး။ ပစ်လိုက်တာနဲ့ လူက နောက်ပြန်လဲတယ်။ နောက်တော့မှ သတိ ထားပစ်တော့ အဆင်ပြေသွားတယ်။ သင်တန်းမှာက သေနတ်အတုဆိုတော့ ပစ်နည်းပဲ သိတာ”လို့ ပြောပါတယ်။
အဲ့လိုနှစ်ဖက် အပြန်အလှန် ပစ်ခတ်၊ ဗုံးတွေနဲ့ ထုတဲ့သူကလည်းထုနဲ့ နာရီဝက်ကျော်ကျော်လောက် ကြာသွားတော့ ထူးလေးတို့ဘက်ကို စစ်ကူတွေ ရောက်လာပြီး တိုက်ပေးတော့ စစ်တပ်က ပြန်ဆုတ်သွားပါတယ်။ ဒီတိုက်ပွဲမှာ ထူးလေးတို့ဘက်က အကျအဆုံး မရှိပေမယ့် စစ်သား ၁၀ ယောက် သေဆုံးပြီး ပြန်ဆုတ်သွားသူတွေထဲမှာ ဒဏ်ရာရသူတွေလည်း ပါဝင်ခဲ့တယ်။
ဒါပေမဲ့ ညပိုင်းမှာတော့ စစ်တပ်က သူတို့ စခန်းဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ လေယာဉ်တွေနဲ့ ပစ်ကူလာတဲ့အတွက် ထူးလေးတို့စခန်း တစ်ခုလုံး တောထဲမှာ ၁၀ ရက်နီးပါး ပုန်းခိုခဲ့ကြရတယ်။
ဒီလို ကလေးနဲ့တစ်ဖက်နဲ့ စစ်တိုက်ထွက်နိုင်ဖို့၊ အသက်ကို စွန့်စားနိုင်ဖို့ဆိုတာ အတော်လေး မလွယ်လှပါဘူး။ သာမန်မိခင်တွေ အလုပ်လာတဲ့အခါတွေမှာ ကျန်ရစ်တဲ့ သားသမီးတွေ များစွာ ပူပန်ကြရတာပါ။
ထူးလေးကတော့ သူ့ရည်မှန်းချက်အတိုင်း အသက်စွန့်တိုက်ပွဲဝင်ဖို့ ဘယ်သောအခါမှ ဝန်မလေးခဲ့ပါဘူး။ သူရဲ့သတ္တိနဲ့ စွန့် စားရဲမှုက အတော်ကို လေးစားစရာပါပဲ။
သူ့လို မိခင်တွေ နွေဦးတော်လှန်ရေးမှာ အမြောက်အများ ရှိကောင်းရှိနိုင်ပါတယ်။ ဒီအားတွေနဲ့ အတူ စုရုံးစည်းလုံး တိုက်ခိုက် မယ်ဆိုရင်တော့ အောင်မြင်မှုဟာ မဝေးတော့ပါဘူး။
အခုဆိုရင် စစ်တပ်က အာဏာသိမ်းထားတာဟာ ၂ နှစ်ပြည့်သွားပြီဖြစ်ပေမယ့် အာဏာရှင်တော်လှန်ရေးကတော့ နည်းမျိုးစုံနဲ့ တိုက်ခိုက် တော်လှန်နေဆဲပါ။ ဒီထဲမှာ အမျိုးသမီးတွေကလည်း ကဏ္ဍပေါင်းစုံ၊ နေရာမျိုးစုံကနေ ပါဝင် တော်လှန်နေကြပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) နဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်း ပြုစုချက်အရ အာဏာသိမ်းထားတဲ့ ၂ နှစ်တာကာလမှာ အသက်ပေးသွားရတဲ့ အမျိုးသမီး စုစုပေါင်းက ၄၁၄ ဦးရှိပြီး၊ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အမျိုးသမီးပေါင်းက ၂,၇၇၁ ဦးရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဒီ့အတွက် တော်လှန်ရေး ရဲမေ ထူးလေးက“ဒီပေးဆပ်မှုကြီးတဲ့ တော်လှန်ရေးကြီး အောင်မြင်ဖို့ဆိုရင် မောင်းတင် လက်ကွေးပစ်ဖို့ ဝန်မလေးတော့ဘူး”လို့ ရဲရဲတောက်စကား ပြောဆိုလိုက်ပါတော့တယ်။