Home ဆောင်းပါး စွန့်လွှတ်စွန့်စား အမျိုးသမီးကွန်မန်ဒိုများ

စွန့်လွှတ်စွန့်စား အမျိုးသမီးကွန်မန်ဒိုများ

ဒေဝီ။ ။

စစ်အာဏာသိမ်းမှုပြီးနောက် အာဏာရှင်ကိုဆန့်ကျင်တဲ့ CDMလှုပ်ရှားမှုတွေ၊ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေမှာ အမျိုးသမီးတွေ က ဦးဆောင်ပြီး ပါဝင်ခဲ့ကြသလို လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်မှာလည်း တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်။

အာဏာရှင်ကိုတော်လှန်ဖို့အတွက် သက်တောင့်သက်သာနေရတဲ့ မိဘရင်ခွင်ကနေခွဲခွာလို့ ဘာမှမပြည့်စုံတဲ့ လွတ်မြောက် နယ်မြေကို လာရောက်ကာ အနေအစားဆင်းရဲမှုတွေ၊ ခက်ခဲကြမ်းတမ်းတဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ရင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့အဖြစ် စစ်ပညာသင်ယူရင်းနေထိုင်ကြတယ်။

အမျိုးသမီးတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အဖြစ် လေ့ကျင့်နေသော်ငြားလည်း လက်နက်အင်အားမပြည့်စုံတာ၊ ခန္ဓာ ကိုယ်ကြံ့ခိုင်မှု အားနည်းတာတွေကြောင့် နောက်တန်းလို့ခေါ်တဲ့ ရုံးပိုင်းတာဝန်၊ စခန်းပိုင်းတာဝန်၊ ဆေးတပ်သားတာဝန်၊ ထောက်ပို့စတဲ့နေရာတွေမှာသာ အားဖြည့်ရပြီး လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးဆိုတာ အရေအတွက် နည်းပါး ပါတယ်။

အဲ့ဒီထဲမှာ ပိုကြမ်းတမ်းတဲ့လေ့ကျင့်မှုတွေနဲ့ အထူးစစ်ဆင်ရေးတွေမှာ ပါဝင်ရမယ့် အမျိုးသမီးကွန်မန်ဒိုတွေက ပိုနည်းပါး ပါတယ်။

ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှာ စစ်ပညာသင်ကြားခဲ့သူတွေစုစည်းပြီး ဖွဲ့စည်းထား တဲ့ စစ်ကိုင်းတိုင်းဒေသကြီးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Myanmar Defense Force (MDF-Special Force)က ယင်းတို့တပ်ဖွဲ့မှာ အမျိုးသမီးကွန်မန်ဒိုတွေလည်း ပါဝင်လာခဲ့ပြီလို့ပြီးခဲ့တဲ့ရက်ပိုင်းက ကြေငြာခဲ့ပါတယ်။

စစ်ကောင်စီကို ဘက်ပေါင်းစုံက တော်လှန်တိုက်ခိုက်နေတဲ့ MDF-Special Forceက Local PDFတွေကို စစ်ပညာသင် ကြားပေးတာ၊ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့တာ၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်းကျင်တစ်လျှောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို အခြားသော မဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး တိုက်ခိုက်နေတဲ့အဖွဲ့ပါ။

” ညီမတို့ MDF က စစ်ကိုင်းတိုင်းဝန်းကျင်က တိုက်ပွဲတွေမှန်သမျှမှာတော်တော်များများပါဝင်ဖြစ်တယ်။ အမျိုးသမီး ကွန်မန်ဒိုကတော့ ထူးချွန်ရင်ထူးချွန်သလို ရွေးပြီးတော့ ကွန်မန်ဒိုဖွဲ့ဖြစ်တာ” လို့ Myanmar Defense Force က အမျိုး သမီးကွန်မန်ဒိုတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ မြတ်ပန်းကပြောပါတယ်။

PDF တပ်သားနဲ့ ကွန်မန်ဒိုတပ်သားရယ်လို့ဆိုပေမယ့် အာဏာရှင်ကို ဆန့်ကျင်တော်လှန်ချင်တဲ့စိတ်က အတူတူပဲလို့ဆိုပြီး ကွာခြားတာက အပင်ပန်းခံနိုင်စေဖို့၊ကိုယ်ခန္ဓာကြံ့ခိုင်စေဖို့ လေ့ကျင့်မှုပိုတာရယ်၊ တိုက်ပွဲတွေ အထူးစစ်ဆင်ရေးတွေမှာ ဦးစားပေးပြီး ပါဝင်စေဖို့ရယ်လို့ မြတ်ပန်းကဆိုပါတယ်။

MDF – Special Forceက အမျိုးသမီးကွန်မန်ဒိုတစ်ဦးဖြစ်တဲ့ မြတ်ပန်းက အာဏာသိမ်းပြီးနောက် ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပါတယ်။ ဆန္ဒပြသပိတ်တွေကို ဖြိုခွင်းခံရပြီနောက်ပိုင်းအခြားသော ဆန္ဒပြသူတွေနဲ့အတူ လက်နက်ကိုင် တော်လှန် ရေးမှာ ပါဝင်ဖို့ KNU-တပ်မဟာ ၆မှာ စစ်သင်တန်းတက်ရောက်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

Photo Credit: MDF

တပ်မဟာ၆မှာ သင်တန်းတက်ခဲ့ပြီးနောက် မြေအောက်လှုပ်ရှားမှုတွေမှာပါဝင်ရင်း ဖမ်းဆီးမှုတွေရှိလာတဲ့အခါ စစ်အာဏာ ရှင်ကို တော်လှန်နေတဲ့ MDF အဖွဲ့ရှိရာ စစ်ကိုင်းတိုင်းထဲကိုပြန်ရောက်လာခဲ့တယ်။

MDFနဲ့အတူ လွတ်မြောက်နယ်မြေမှာ လေ့ကျင့်ရေးတွေလုပ်ဆောင်တာ စစ်အာဏာရှင်ကိုတော်လှန်လိုတဲ့ ဒေသခံအချို့ကို တိုက်ခိုက်ရေးပိုင်းတွေ၊ ဖောက်ခွဲရေးပိုင်းတွေကိုသင်ကြားပေးရင်း လိုအပ်တဲ့နေရာတွေမှာ အားဖြည့်ပေးခဲ့တယ်။

ဒီလိုလုပ်ဆောင်နေရင်း MDF ရဲ့ အမျိုးသမီးကွန်မန်ဒိုအဖွဲ့စတင်ဖွဲ့စည်းချိန်မှာပါဝင်ဖြစ်ခဲ့တယ်။ အဖွဲ့ထဲက အမျိုးသမီး ၁၁ ယောက်ကို အထူးလေ့ကျင့်ရေးတွေ တစ်လကျော်ပြုလုပ်ပြီး အမျိုးသမီးကွန်မန်ဒိုအဖြစ်ဖွဲ့စည်းခဲ့တာပါ။

ကွန်မန်ဒိုအဖြစ်လေ့ကျင့်ဖို့ မြတ်ပန်းတို့ မနက်လေးနာရီခွဲဆို ထရပါတယ်။ ငါးနာရီဆိုလေ့ကျင့်မှုတွေစပါပြီ။ သက်လုံ ကောင်းစေဖို့ပြေးတာ၊ ဒိုက်ထိုးရတာ၊ သစ်လုံးထမ်းတာ၊ ကြိုးဆွဲရတာ၊ မိချောင်းသွားရတာစတဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု လေ့ ကျင့်ခန်းတွေလုပ်ရပါတယ်။

ဒါ့အပြင် ကျည်အစစ်တွေနဲ့လေ့ကျင့်တာ မိုင်းအစစ်ခွဲပြီးလေ့ကျင့်တာစတဲ့ စစ်ရေးလေ့ကျင့်မှုတွေလည်း လုပ်ရတယ်လို့ ဆိုတယ်။

စစ်ပညာသင်ကြားဖို့ ရောက်လာတဲ့အချိန်ကတည်းက ပင်ပန်းတယ်ဆိုပေမယ့် ကွန်မန်ဒိုအဖြစ်လေ့ကျင့်မှုတွေက ပိုခက်ခဲ ပြီး ပင်ပန်းတယ်လို့ဆိုတယ်။ ပင်ပန်းမှုတွေကြောင့် တခါတရံလက်လျော့လိုက်ချင်တဲ့ စိတ်ဖြစ်ပေါ်ပေမယ့် အာဏာရှင် အမြစ်ပြတ်ပြီး တော်လှန်ရေးအမြန်ပြီးဆုံးချင်တဲ့စိတ်နဲ့ ပြန်အားတင်းရတယ်လို့ ဆိုပါတယ်။

မြတ်ပန်းတို့က အမျိုးသမီးကွန်မန်ဒိုအဖြစ် လေ့ကျင့်မှုတွေ လုပ်ပြီးပေမယ့်လည်း စစ်ကောင်စီနဲ့ ရင်ဆိုင်တိုက်ခိုက်ရတဲ့ တိုက်ပွဲတွေမှာတော့ ပါဝင်ရခြင်းမရှိသေးဘူးလို့ဆိုတယ်။

အဓိက အခက်အခဲက လက်နက်အင်အားမပြည့်စုံမှုကြောင့်ပါ။ အခြားသော အမျိုးသားတပ်ဖွဲ့ဝင်တွေက တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေပေမယ် လက်နက်ခဲယမ်းတွေကို အဖွဲ့ဝင်ယောကျာ်းလေးတွေကို ဦးစားပေး ကိုင်ဆောင်ကာတိုက်ပွဲမှာ တိုက်ခိုက်နေတဲ့အတွက် အမျိုးသမီးတွေကတော့ လက်တွေ့တိုက်ပွဲတွေမှာ မပါဝင်ရသေးဘူးလို့ မြတ်ပန်းကပြောပါတယ်။

” တကယ်ကျတော့ ယောကျာ်းလေးတွေကို ဦးစားပေးရတာများပါတယ်။ လက်နက်အခက်အခဲကြောင့်ပါ။ တကယ် ပိုသန် တာကတော့ ယောကျာ်းလေးတွေပါပဲ။ ညီမတို့ကျတော့ ကွန်မန်ဒိုလို့ဆိုပေမယ့် သူတို့လောက်တော့ လုပ်နိုင်စွမ်း သိပ်မရှိ သေးဘူးပေါ့။” လို့မြတ်ပန်းကပြောပါတယ်။

တောထဲမှာအနေအစားဆင်းရဲတာတွေကြုံရတာ၊ လေ့ကျင့်ရေးလုပ်ချိန် မိန်းကလေးသဘာ၀ ရာသီကာလတွေနဲ့ တိုက်ဆိုင် ရင် လူပင်ပန်း စိတ်ပင်ပန်းတာတွေရှိပေမယ့် အဆင်ပြေသလိုကြိုးစား ဖြတ်သန်းနိုင်ပြီး၊ လက်နက်အင်အားသာ ပြည့်စုံမယ် ဆိုရင် တိုက်ပွဲဝင်ဖို့လည်း အဆင်သင့်ရှိတယ် လို့မြတ်ပန်းကဆိုပါတယ်။

အဲ့ဒီအတွက်ကြောင့်လည်း ပြည်သူတွေက တော်လှန်ရေးအတွက် ပိုပြီးထောက်ပံ့စေချင်တယ်လို့ ဆိုတယ်။

” တခါတလေကျတော့ လက်နက်မလောက်လို့ မလိုက်ရတဲ့ အချိန်ဆိုပိုဆိုးပါတယ်။ ကိုယ်လည်းလိုက်ချင်တယ်။ ဒီတိုင်းပဲ လေ့ကျင့်ရမှာလားပေါ့။အခုထိမတိုက်ရသေးတော့လေ။တခါတလေတော့ စိတ်ပျက်မိတယ်။” လို့ မြတ်ပန်းက ဆိုတယ်။

မြတ်ပန်းလိုပဲ အာဏာရှင်ကိုတော်လှန်ချင်တဲ့စိတ်နဲ့ အမျိုးသမီးကွန်မန်ဒိုဘဝကိုရွေးချယ်ဖြစ်သူကတော့ People Guard Force က လက်ထောက်တပ်ရင်းမှူးဖြစ်သူ Lဆလိုင်းရီပါ။

” တပ်မဟာ ၅ မှာ သင်တန်းတက်ပြီး ဖောက်ခွဲရေးဘက်ကို စိတ်အားထက်သန်တော့သင်ရင်း ကွန်မန်ဒိုအဖွဲ့မှာ လုပ်ချင် လားစမေးတဲ့အချိန်မှာ ညီမလည်းမြို့ပေါ်ပြန်ဖို့ အစီအစဉ်မရှိတဲ့အတွက် လုပ်ချင်တယ်ဆိုရင်း ကွန်မန်ဒိုအဖြစ် ပါဝင် ဖြစ်တာ” လို့ L ဆလိုင်းရီ ကပြောတယ်။

Lဆလိုင်းရီက မြို့ပြလှုပ်ရှားမှုတွေ လုပ်ဆောင်ရင်း လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းတက်ရောက်ဖို့ ရောက်လာခဲ့ သူပါ။ တပ်မဟာ ၅မှာ စစ်သင်တန်းတက်ခဲ့ပြီး ကွန်မန်ဒိုအဖြစ်အခြားသော ယောကျာ်းလေးသင်တန်းသားတွေနဲ့အတူ လေ့ကျင့်တက်ရောက်ခဲ့တယ်။

KNU-တပ်မဟာ၅မှာ ကွန်မန်ဒိုအဖြစ် လေ့ကျင့်မှုတွေ စလုပ်တဲ့အချိန်က သင်တန်းသား ၃၈ယောက်ပါဝင်ခဲ့ပြီး မိန်းကလေး ဆိုလို့ Lဆလိုင်းရီ တစ်ဦးတည်းပါ။

မိန်းကလေးဖြစ်လို့ ညှာတာတာ၊ လျှော့လုပ်ရတာမျိုးမရှိဘဲ ယောကျာ်းလေးတွေနဲ့တန်းတူ လေ့ကျင့်ရေးတွေ လုပ်ဆောင် ရတယ်လို့ဆက်ပြောပါတယ်။

Photo Credit: People Guard Force

” ယောကျာ်းလေးတွေ ဒါလုပ်ရင် ကိုယ်လည်းလုပ်ရတယ်။ ခက်ခဲတာတော့ခက်ခဲတယ်။ တခါတလေကျရင်ထိုင်ငိုရတာ။ မလုပ်နိုင်တော့အထိ။ဒါပေမယ့် ကိုယ့်ကိုယ် မိန်းကလေးတန်မဲ့ လုပ်နိုင်တယ်ဆိုပြီးဂုဏ်ယူရတာပေါ့။” လို့ Lဆလိုင်းရီက ပြောပါတယ်။

အမျိုးသမီးကွန်မန်ဒိုအဖြစ် လေ့ကျင့်မှုတွေကလည်း မလွယ်ကူဘူးလို့ဆိုတယ်။ ပြည်သူ့ကာကွယ်ရေးတပ်သားတွေထက် လေ့ကျင့်ရေးတွေပိုလုပ်ရတာ၊ နေထိုင်တာကအစ နိုးနိုးကြားကြားနဲ့ သတိဝရိယအပြည့်နဲ့နေထိုင်ရတာ၊ ခန္ဓာကိုယ်ရော စိတ်ဓာတ်ပါ ကြံ့ခိုင်အောင်နေထိုင်ရတာ၊ ဘယ်လိုအခြေအနေမျိုးနဲ့ ကြုံတွေ့ပါစေ ကျော်လွှားဖို့ လေ့ကျင့်ရတာလို့ဆိုတယ်။

” ဘယ်လိုမျိုးအခြေအနေဖြစ်ပါစေ၊ အိမ်သာကရေကိုသောက်ရမလား၊ ကျွဲသောက်ထားတဲ့ရေကိုသောက်ရမလား၊ ဘယ် နေရာမှာဖြစ်ဖြစ်အိပ်နိုင်ရတယ်၊ ညီမတို့ဆို ကိုင်းတောတွေ မြက်တောတွေ ရေထဲတွေမှာအိပ်ရတယ်။ ထမင်းဆိုလည်း သုံးလေးရက်မစားရတာမျိုးတွေ၊ ရေဆိုလည်း နောက်ကျိနေတဲ့ ရေကအစသောက်ရတာပေါ့ အဲ့လိုလေ့ကျင့်ရတာ” လို့Lဆလိုင်းရီက ပြောပါတယ်။

ကွန်မန်ဒိုအဖြစ်လေ့ကျင့်မှုတွေက အရမ်းပင်ပန်းတဲ့အတွက် မိန်းကလေးသဘာ၀ ရာသီကိစ္စရပ်တွေ ကြုံတဲ့အခါနဲ့တိုက်တဲ့ အချိန်ကလူရောစိတ်ရော ပင်ပန်းတဲ့အချိန်ပဲလို့ဆိုတယ်။

မြို့ပြမှာနေတဲ့သူ့အဖို့ လွတ်မြောက်နယ်မြေကိုရောက်စ လေ့ကျင့်ရေးတွေလုပ်တဲ့အချိန်မှာ ပင်ပန်းမှုတွေနဲ့ စိတ်ဓာတ် ကျပေမယ့် အခုခါမှာတော့ တဖြည်းဖြည်းအသားကျလာပြီး ခက်ခဲတဲ့လေ့ကျင့်မှုတွေ လည်းခံနိုင်ရည်ရှိလာခဲ့တယ် လို့ဆိုတယ်။

” မိန်းကလေးဆိုတော့ ကြမ်းကြမ်းတမ်းတမ်းတွေ မလုပ်ဖူးဘူး။ အများကြီးပဲ၊ မနက်အစောကြီးထရတာတွေ၊ ထရတော့ အိပ်ရေးမဝ၊ခေါင်းတွေမူး၊သွေးအားနည်း၊ ခြေထောက်တွေဘာတွေ ဒဏ်ရာတွေရပေါ့နော်။ အနာရွတ်တွေအများကြီးကျန်ခဲ့ တာပေါ့။” လို့ L ဆလိုင်းရီ ကပြောတယ်။

လေ့ကျင့်မှုတွေပြီးတဲ့နောက် ကရင်ပြည်နယ်က လွတ်မြောက်နယ်မြေတစ်ခုမှာ အခြားသော သင်တန်းသားတချို့နဲ့အတူ People Guard Force အမည်နဲ့ Local PDF တစ်ခုတည်ထောင်ပြီး၊ လက်ထောက် တပ်ရင်းမှုးအဖြစ်တာဝန်ယူကာ စစ်ပညာမျှဝေတာ၊ တိုက်ခိုက်ရေးမှာပါဝင်တာ၊ အသေးစားစစ်ဆင်ရေးတွေမှာ ပါဝင်တာစတဲ့ လှုပ်ရှားမှုတွေလုပ်ဆောင် လျက် ရှိပါတယ်။

” ကိုယ်ပိုင် Local PDF ထောင်ပြီးပေမယ့်၊ လက်နက်ကလည်းမပြည့်စုံတော့ တိုက်ပွဲအကြီးတွေတော့မပါရသေးဘူး။ ကျန် တာက အသေးစားမစ်ရှင်တွေများတယ်။ စစ်ကောင်စီဂိတ်တွေဖောက်ခွဲတာ မိုင်းဆွဲတာတို့ပေါ့” လို့ Nဆလိုင်းရီက ပြောပါတယ်။

အသေးစားစစ်ဆင်ရေးတွေမှာ အတွေ့အကြုံရှိခဲ့ပြီး တိုက်ပွဲကြီးတွေမှာ ပါဝင်တိုက်ခိုက်ဖို့ မျှော်လင့်ပေမယ့် လက်နက် မပြည့်စုံမှုတွေကြောင့် စစ်ဆင်ရေးအကြီးစားတွေ လုပ်ဆောင်ဖို့ အခက်အခဲရှိတယ်လို့ ဆက်ပြောပါတယ်။

” တကယ်တကယ်လုပ်မယ်ဆိုလက်နက်တွေလိုတာပေါ့။ ညီမလုပ်ချင်တာက စခန်းဝင်သိမ်းတာတွေလုပ်ချင်ပေမယ့် လုံလုံ လောက်လောက် လက်နက်ကလည်းမရှိဘူး။အခက်အခဲကတော့လက်နက်ပဲ”လို့ Lဆလိုင်းရီ ကဆိုတယ်။

အမျိုးသမီးတွေက အာဏာရှင်ကို တော်လှန်တိုက်ခိုက်ချင်တဲ့အတွက် PDFတပ်သားအဖြစ်ရောက်ရှိလာပေမယ့် တကယ် တမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ရခြင်းမရှိတဲ့အခါ စိတ်ပျက်အားလျော့မှုတွေရှိနိုင်ပေမယ့် တိုက်ပွဲထဲရောက် တဲ့အခါ ထိတ်လန့် ကြောက်ရွံ့တာတွေကြောင့်မလိုလားအပ်တာတွေဖြစ်လာနိုင်တဲ့အတွက် အမျိုးသမီးတွေကို တိုက်ပွဲမှာ ပါဝင်စေမှု နည်းတာလို့ ကယားပြည်နယ်အတွင်းတိုက်ပွဲတွေမှာပါဝင်တိုက်ခိုက်နေပြီဖြစ်တဲ့ အမျိုးသမီးPDFတစ်ဦးဖြစ်သူ လုလုက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ထိတွေ့ရင်ဆိုင်ရတဲ့အခါ လက်နက်ကြီးလက်နက်ငယ်သံတွေကြား ထိတ်လန့်ကြောက်ရွံ့ပြီး ဘာမှ မလုပ်နိုင်မကိုင်နိုင်ဖြစ်မှာ၊ရန်သူကို တိုက်ခိုက်ချိန်နဲ့ ပြန်ဆုတ်ခွာချိန်မှာလည်း အမိန့်အတိုင်း လိုက်နာနိုင်ခြင်းမရှိတဲ့အခါ ကာယကံရှင်တင်မက တပ်ဖွဲ့တစ်ခုလုံး အခက်အခဲဖြစ်စေနိုင်မှာကြောင့် အမျိုးသမီးတွေ မပါဝင်နိုင်သေးတာလို့ လုလုက ဆိုတယ်။

” တိုက်ပွဲတွေမှာ ပြန်ဆုတ်မယ်လို့ပြောတဲ့အချိန်မှာ မဆုတ်နိုင်ရင် အကုန်ဒုက္ခရောက်မှာ။ တနေရာရာမှာ ပြန်ဆုတ်မယ် ဆိုရင် ပြေးရတာပေါ့၊ကိုယ်တယောက်ကျန်ခဲ့မယ်ဆိုရင်တစ်ဖွဲ့လုံးဒုက္ခများမှာ”လို့ လုလုကပြောပါတယ်။

PDF တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လုလုက ဧပြီလကုန်ကတည်းက လွတ်မြောက်နယ်မြေကို ရောက်ရှိလာပြီးနောက် စစ်ပညာ သင်ယူရင်းလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့သူပါ၊လေ့ကျင့်မှုတွေလုပ်ဆောင်ရင်းနဲ့ တာဝါတိုင်တွေဖောက်ခွဲတာ၊ စစ်ကောင်စီ ဂိတ်တွေကိုတိုက်ခိုက်တာ စတဲ့အသေးစားစစ်ဆင်ရေးတွေမှာပါဝင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ လအနည်းငယ်ကမှ တိုက်ပွဲတွေမှာ ဝင်ပါခွင့်ရတာလို့ဆိုတယ်။

လုလု ပထမဆုံးပါဝင်ရတဲ့တိုက်ပွဲက ဖယ်ခုံမြို့က တိုက်ပွဲပါ၊ရှေ့မှာ တိုက်ပွဲနွှဲလာသူတွေရဲ့ ပြောစကားတွေ နားရည်ဝပြီး၊ ကိုယ်တိုင်လည်းလေ့ကျင့်မှုတွေအများအပြားလုပ်ခဲ့တဲ့အတွက် တိုက်ပွဲနဲ့ကျင့်သားရထားပြီးလို့ ထင်ခဲ့ပေမယ့် တကယ်တမ်း တိုက်ခိုက်ရတဲ့အခါ လက်နက်ကြီးပစ်သံတွေနဲ့ ခေါင်းပေါ်ဖြတ်ပြေးနေတဲ့ ကျည်ဆံတွေကြား ကြောက်ရွံ့မှုတော့ဖြစ်ပေါ် လာတယ်လို့ဆိုတယ်။

” သေနတ်ပစ်တာလေ့ကျင့်ခဲ့ပေမယ့် တကယ်တမ်းပစ်ရတော့ နားတွေအူနေတာ။တောင်ကုန်းပေါ်ကနေ ရမ်းပစ်ရတာ မှန် မမှန်မသိဘူး၊ ခေါင်းတောင်မဖော်ရဲဘူး၊ ဆရာပြောတဲ့အတိုင်း ဝပ်ဆိုဝပ်ပြေးဆိုပြေးပဲ။” လို့ လုလုက ပထမဆုံးတိုက်ပွဲ အတွေ့အကြုံကိုပြောပါတယ်။

သူ့ရဲ့ ပထမဆုံးတိုက်ပွဲမှာ ကြောက်ရွံ့ထိတ်လန့်မှုတွေရှိပေမယ့်လည်း အဖွဲ့ခေါင်းဆောင်ညွှန်ကြားချက်အတိုင်း လုပ်ဆောင် နိုင်ခဲ့တဲ့အတွက် ဘေးအန္တရာယ်ကင်းကင်းကျော်ဖြတ်နိုင်ခဲ့ပြီး နောက်ထပ်တိုက်ပွဲတွေမှာလည်း အဆင်ပြေပြေနဲ့ ပါဝင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုတယ်။

လုလု ပထမဆုံးပါဝင်တိုက်ခိုက်ရတဲ့ ဖယ်ခုံတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဒဏ်ရာရသူတစ်ချို့သာရှိခဲ့ ပေမယ့်လူသေဆုံးမှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပြီး၊ စစ်ကောင်စီတပ်ဖွဲ့တွေကတော့ အကျအဆုံးရှိခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit: MDF

မြေပြင်တိုက်ပွဲအတွေ့အကြုံရှိနေပြီဖြစ်တဲ့ လုလုကတိုက်ပွဲတွေမှာ အမျိုးသမီးတွေကိုလည်းပါဝင် တိုက်ခိုက်စေချင်ပါတယ်။ လက်တလောအချိန်မှာ တိုက်ပွဲတွေထဲ မပါဝင်ရသေးပေမယ့် အားမလျှော့ပဲ ကိုယ့်ရည်ရွယ်ချက်အတိုင်း ကြိုးစားလုပ် ဆောင်ဖို့လိုသလို တော်လှန်ရေးအောင်မြင်ဖို့ အာရုံစိုက်လုပ်စေချင်တယ်လို့ ဆိုပါတယ်။

” ငါလုပ်နိုင်ရမယ်ဆိုတဲ့စိတ်ထားရမယ်။ အကုန်လုံးကို အာရုံစိုက်စေချင်တယ်။”လို့ လုလုကပြောပါတယ်။

အမျိုးသမီးတွေက ခက်ခဲကြမ်းတမ်းတဲ့ တောတောင်ထဲမှာ ယောကျာ်းလေးတွေနဲ့တန်းတူ ပင်ပန်းဆင်းရဲမှုတွေကို ဒုက္ခခံပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ် ကျရာနေရာကနေ ပါဝင်ကတည်းက လေးစားမိသလို၊ ပိုကြမ်းတမ်းတဲ့ ပိုပင်ပန်းတဲ့ ကွန်မန်ဒိုအဖြစ် ပါဝင်နေတဲ့အတွက် ပိုလေးစားဂုဏ်ယူမိတယ်လို့ People Guard Force အဖွဲ့က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဗိုလ်တလွဲက ပြောပါတယ်။

” ယောကျာ်းလေးတွေနဲ့ တန်းတူဖြစ်နိုင်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ တန်းတူကြိုးစားပြီးတော့ တိုက်ရည်ခိုက်ရည် စွမ်းဆောင်ရည်အပြည့်အဝရှိဖို့ဆိုတာ လွယ်တာမဟုတ်ဘူးလေ။ ယောကျာ်းလေးတစ်ယောက် ကွန်မန်ဒိုဖြစ်ဖို့တောင် အရမ်း ဒုက္ခတွေခံရတာ။ ယောကျာ်းလေးတွေတွက်တောင်မလွယ်တဲ့ကိစ္စကို မိန်းကလေးတွေလုပ်တယ်ဆိုတော့ လေးစားတာ ပေါ့။” လို့ ဗိုလ်တလွဲကပြောပါတယ်။

ကွန်မန်ဒိုအဖြစ်လျှောက်လမ်းဖို့က အထူးလေ့ကျင့်မှုတွေ၊ ပင်ပန်းဆင်းရဲမှုတွေတင်မက၊ ဆုံးဖြတ်ချက်ခိုင်မာပြီး လုပ်ရဲ ကိုင်ရဲတဲ့စိတ်ဓာတ်၊ ရင့်ကျက်မှု၊ ရှေ့ဆုံးကနေ ဦးဆောင်နိုင်စွမ်းတဲ့ အရည်အချင်းတွေရှိဖို့လိုပြီး ဒီလိုနေရာတွေမှာ အမျိုး သမီးတွေ ပါဝင်လာမှုကို ကြိုဆိုသလို အခြားအမျိုးသမီးတွေလည်း ပါဝင်စေချင်တယ်လို့ ဆက်ပြောပါတယ်။

အမျိုးသမီးPDF ပဲဖြစ်ဖြစ်၊အမျိုးသမီးကွန်မန်ဒိုဖြစ်ဖြစ် တော်လှန်ရေးထဲရောက်လာတဲ့အမျိုးသမီးတိုင်းရဲ့ ရည်မှန်းချက်က အာဏာရှင်စနစ်ကို အဆုံးသတ်စေဖို့ပါ။ အာဏာရှင်ကို တော်လှန်တဲ့ လမ်းကြောင်းမှာ သူတို့လက်နဲ့ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်နိုင်မယ်လို့လည်းယုံကြည်ထားပါတယ်။ ဒီအတွက်လည်း ဘယ်လိုအခက်အခဲတွေရှိပါစေ လက်မလျှော့ဘဲ ကြိုးစားသွားမယ်လို့ အမျိုးသမီးကွန်မန်ဒိုတွေရော၊ အမျိုးသမီး PDF တွေရောက ဆိုပါတယ်။

ဒါပေမယ့် တော်လှန်ရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အသက်အန္တရာယ်တွေကြား၊ အခက်အခဲတွေကြား ကနေ လုပ်ဆောင်နေပေမယ့်လည်း မြို့ပေါ်ကသွေးအေးတဲ့ သူတစ်ချို့ကိုတော့ အားမလိုအားမရဖြစ်မိတယ် လို့ဆိုတယ်။ အာဏာရှင် ဆန့်ကျင်ရေးအတွက် အကုန်စွန့်လွတ်လို့ ခက်ခဲပင်ပန်းတဲ့နေရာမှာ အားကြိုးမာန်တက်လုပ်ဆောင်နေပေ မယ့်လည်း လိုအပ်ချက်တွေ အများအပြားရှိတဲ့အတွက် ပြည်သူတွေက နိုင်တဲ့နေရာကနေ ဝိုင်းဝန်းကူညီစေချင်တယ်လို့ မြတ်ပန်းက ဆိုပါတယ်။

သူအပါအဝင် တော်လှန်ရေးမှာပါဝင်နေတဲ့ ဘဝတူအမျိုးသမီးကွန်မန်ဒိုတွေလည်း အခက်အခဲတွေရှိပေမယ့် စိတ်ဓာတ် မကျဖို့ ခွဲခြားမှုတွေကြုံရင်လည်း အားမငယ်ဖို့ တော်လှန်ရေးမှာ ပိုကြိုးစားကြဖို့ အားပေးတယ်လို့ မြတ်ပန်းကဆိုပါတယ်။

အမျိုးသမီးကွန်မန်ဒိုတစ်ဦးဖြစ်တဲ့ Nဆလိုင်းရီကလည်း ဘယ်လိုအခက်အခဲကြုံလာပါစေ တော်လှန်ရေးအတွက်ပဲ ဆက်လက် ကြိုးပမ်းသွားမှာဖြစ်ပြီး စစ်အာဏာရှင်ကိုသေတဲ့အထိ ဆက်တော်လှန်သွားမယ်လို့ ဆိုပါတယ်။

” မိန်းကလေးပေမယ့် တောတောင်ထဲ အခက်အခဲဒုက္ခတွေခံပြီး လာနေတာ လေးစားတယ်။ အားလည်းမငယ်ပါနဲ့ မိန်းက လေးပေမဲ့လုပ်နိုင်တာ ဂုဏ်ယူတယ်။”

Author:

Related Articles