Home ဆောင်းပါး ပြုစုသူမဲ့နေတဲ့ဝေဒနာရှင်တွေရဲ့အားကိုးရာ မေတ္တာရှင်မလေး

ပြုစုသူမဲ့နေတဲ့ဝေဒနာရှင်တွေရဲ့အားကိုးရာ မေတ္တာရှင်မလေး

ရှင်ငြိမ်း။ ။

ရန်ကုန်မြို့ရှိ အစိုးရဆေးရုံကြီးတစ်ခုရဲ့ အများသုံးရေချိုးခန်းမှာ အသက် ၂၂ နှစ်အရွယ်နန်းဆိုတဲ့ အမျိုးသမီးလေးက အသက် ၈၀ နီးပါးရှိပြီဖြစ်တဲ့အဘွားအိုကို ညှင်သာစွာပွတ်တိုက်ပြီး ရေချိုးသန့်စင်ပေးနေပါတယ်။

“ကဲ… တို့အမေကြီး ဖွေးလို့လှသွားပြီ”လို့ နန်းက ပြောပြောဆိုဆိုနဲ့ အမေကြီးရဲ့ပါးပြင်ကို နမ်းလိုက်၊ ဖက်လိုက်နဲ့ စနောက် ကျီစယ်နေတာဟာ မြင်ရသူကို စိတ်ကြည်နူးစေပါတယ်။

မသိရင် သူတို့နှစ်ဦးဟာ အဘွားနဲ့မြေးလို့ထင်မှတ်ချင်စရာပါ။ တကယ်တော့ သူတို့တွေဟာ မိသားစုဝင်တွေမဟုတ်သလို ယခင်ကလည်း တစ်ခါမှ သိကျွမ်းခဲ့ဖူးမရှိခဲ့တဲ့ သူစိမ်းတွေသာဖြစ်တယ်။

ရှမ်းတိုင်းရင်းသူလေးဖြစ်တဲ့ နန်းဆိုတဲ့အမျိုးသမီးလေးဟာ အကြောင်းအမျိုးမျိုးကြောင့် ပြုစုစောင့်ရှောက်ပေးမယ့်သူမရှိတဲ့ ဝေဒနာသည်တွေကို ဆေးရုံတွေမှာလူနာစောင့်ပေးတာ ၊ လူနာဝေယျာဝိစ္စတွေကို အခမဲ့ကူညီလုပ်ဆောင်ပေးနေတဲ့သူ ဖြစ်ပါတယ်။

ဒီအမေကြီးကတော့ ရင်သားကင်ဆာ(အဆင့် ၄)ဖြစ်လို့ ဆေးရုံတက်နေရတာ သုံးရက်လောက်ရှိပါပြီ။ သူ့မှာအားကိုးရတဲ့ သားတစ်ယောက်နဲ့ မြေးသုံးယောက်ရှိပေမယ့် မြေးတွေကအဝေးမှာနေပြီး သားကတော့ အငှားကားမောင်းကာ အိမ်စရိတ် ဖြည့်နေရလို့ မိခင်ကိုအချိန်မပေးနိုင်ပါဘူး။

အခုလိုလူနာစောင့်မရှိတဲ့အမေကြီးကို နန်းက သူရဲ့သားဆေးရုံရောက်မလာမီ အချိန်ထိပြုစုလုပ်ကိုင်ပေးရတာဖြစ်တယ်။

“အချိန်ကုန်၊ လူပန်းတဲ့အပြင် ငွေလည်းကုန်တဲ့အလုပ်ဖြစ်တော့ တော်ရုံစိတ်ရှည်သည်းခံ၊ ဝါသနာပါရုံလောက်နဲ့ကိုမရတာ။ ဘာလို့ဆိုလူနာအမျိုးမျိုး၊ စိတ်အထွေထွေရှိတယ်လေ။ ဘာပဲဖြစ်ဖြစ်လေ သူတို့တွေအတွက် ညီမတို့လိုလူတွေရှိသင့်တယ်” လို့ နန်းက အသံဝဲဝဲလေးနဲ့ ပြောပါတယ်။

တကယ်တော့ လူနာတစ်ယောက်ကို ပြုစုဖို့၊ လူနာစောင့်ပေးဖို့ဆိုတာကလည်း လူရော စိတ်ပါ ပင်ပန်းရတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။

နန်းဆိုရင် သူနာပြုအကူသင်တန်းလည်း တက်ထားတာမဟုတ်သလို လူနာကိုဘယ်လိုဆက်ဆံရမယ်ဆိုတာတွေကို မသိ နားမလည်တာကြောင့် အစပိုင်းမှာ အဆင်မပြေမှုများစွာနဲ့ ကြုံခဲ့ရတယ်လို့ဆိုပါတယ် ။

“ အရင်ဆုံးလူနာနဲ့ ကိုယ်ရင်းနှီးအောင်လုပ်ပြီး သူတို့ဘာမကြိုက်ဘူး။ ဘယ်လိုဆက်ဆံရမယ်။ ဒါတွေက သိထားရမှာကို မသိတော့ နှင်ထုတ်ခံရတယ်။ ဆွဲကုတ်ခေါင်းခေါက်ခံရတာလည်းရှိတယ်”လို့ နန်းက ဆိုပါတယ်။

ဒီရင်သားကင်ဆာဖြစ်နေတဲ့အမေကြီးဆိုရင် သူငယ်ပြန်နေသူတစ်ယောက်ဖြစ်တာကြောင့် ပြုစုစောင့်ရှောက်ရာမှာ အင်မ တန် အခက်တွေ့ရကြောင်းကို အခုလိုပြောပြပါတယ်။

“ အမေကြီးဆိုရင် အလှကြိုက်တယ်။ လက်သည်းနီတို့၊ မိတ်ကပ်တို့အဲ့လိုအလှပြင်ပစ္စည်းတွေ ဝယ်ခိုင်းတတ်တယ်။ သူမှာ တာပါမလာရင်တွေ့တာနဲ့ကောက်ပေါက်၊ ဆွဲကုတ်တယ်။ နှစ်ရက်လောက်တော့ သူ့နားနေလို့မရဘူး”

ကလေးလို စိတ်မထင်ရင်ကိုက်ဆွဲထုနှက်တတ်ပြီး ဆော့ကစားချင်၊ အလှပြင်ချင်တဲ့အမေကြီးရဲ့ဆန္ဒသဘောအတိုင်း အတူလိုက်လုပ်ပေးနိုင်ဖို့ဆိုတာ လူတိုင်းလုပ်ဖို့မလွယ်တဲ့အလုပ်ပါ။

သို့ပေမဲ့နန်းရဲ့ပင်ကိုယ်အခံက ဆင်းရဲနွမ်းပါးတဲ့ဝေဒနာသည်တွေကို မြင်တွေ့တိုင်း မျက်ရည်ကျတဲ့အထိ သနားကြင်နာ တတ်သလို ကိုယ်ထိလက်ရောက်လည်း ကူညီတတ်သူဖြစ်တာကြောင့် ဒါတွေကိုသည်းခံနိုင်တာလို့ နန်းရဲ့မိခင်ဖြစ်တဲ့ ဒေါ်နန်းမြရီက ပြောပါတယ်။

လူနာအား ပြုစုစောင့်ရှောက်ပေးနေသည့် နန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့နယ်ဇာတိဖြစ်တဲ့နန်းဟာ ဖခင်မရှိတော့တဲ့နောက်ပိုင်း မိခင်၊ မောင်ဖြစ်သူနဲ့အတူ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ လှော်ကားကို ပြောင်းရွှေ့နေထိုင်လာတာ ရှစ်နှစ်ရှိပြီဖြစ်တယ်။

ရန်ကုန်ရောက်စမှာ နန်းတို့က ငယ်သေးတာကတစ်ကြောင်း၊ မြေဝယ်လိုက်လို့ ငွေကြေးမရှိတော့တာကတစ်ကြောင်း မိခင် ဖြစ်သူက အဝတ်လျှော်၊ အိမ်ဖော်စတဲ့အလုပ်မျိုးစုံလုပ်ရင်း သားနဲ့သမီးကို ကျောင်းထားပေးခဲ့တယ်။

၁၀ တန်းစာမေးပွဲဖြေပြီးတာနဲ့ နန်းဟာ မကျန်းမမာဖြစ်လာတဲ့မိခင်ကို အလုပ်မလုပ်ခိုင်းတော့ဘဲ သူက အချိုရည်စက်ရုံမှာ ဝင်လုပ်ခဲ့တယ်။ ဒါပေမဲ့ မောင်ရဲ့ပညာရေးနဲ့ မိခင်ရဲ့ကျန်းမာရေးအတွက် ဝင်ငွေမလုံလောက်တာကြောင့် အိုးမကွာ၊ အိမ်မ ကွာရှာလို့ရတဲ့အလုပ်တစ်ခုထပ်ရှာခဲ့တယ်။

အများအကြံပေးတဲ့အတိုင်း အွန်လိုင်းကနေ ဈေးရောင်းတာလုပ်ကြည့်တော့လည်း ဝင်ငွေက ပုံမှန်ရတာမျိုးမရှိတဲ့အပြင် ဆုံးရှုံးမှုရှိလာခဲ့တယ်။ ဒါနဲ့ ဆန်ဆိုင်၊ မုန့်ဆိုင်ဖွင့်တော့လည်း အကြွေးနဲ့ရောင်းရလို့ အဆင်မပြေပြန်ပါဘူး။

အလုပ်တွေက အဆင်မပြေရတဲ့အထဲ ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုကြုံရတဲ့အခါ သူတို့မိသားစုတွေရဲ့စားဝတ်နေရေးက ပိုမို ခက်ခဲလာပါတယ်။ ဒီထဲနန်းအလုပ်နားလိုက်ရတော့ မိသားစုဝန်ပိပြီး စိတ်ပန်း၊ လူပန်းဖြစ်ခဲ့ရတယ်။

ဒီလိုနဲ့ကိုဗစ်ကာလကို အဆင်ပြေပြေဖြတ်ကျော်နိုင်ခဲ့တဲ့နန်းရဲ့မိခင်ဟာ စစ်အာဏာသိမ်းပြီးနောက်မှာ ဒူးနာရောဂါကြောင့် ဆေးရုံတက်ရပြီး ဆေးရုံလိုက်စောင့်ပေးရတာဟာ အလုပ်လက်မဲ့ဖြစ်နေတဲ့ နန်းအတွက် လူနာစောင့်လုပ်ပေးဖို့ ခြေလှမ်း အစဖြစ်လာခဲ့တယ်။

နန်းအနေနဲ့နှစ်အတန်ကြာမေ့ထားခဲ့ရတဲ့သူရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ချင်ပြီး စိတ်ပင်ပန်းမှုတွေလည်း ဖြေဖျောက်တဲ့သဘောနဲ့ အဖော်မဲ့ဝေဒနာရှင်တွေကို ကူညီမှုတွေစတင်ပေးခဲ့တာဖြစ်တယ်။

နန်းတို့ဆေးရုံရောက်တဲ့နေ့မှာပဲ လေးနှစ်အရွယ်သားငယ်နဲ့အတူ ရောက်လာတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ သူပထမဆုံး ကူညီပြုစုခွင့်ရတဲ့အမျိုးသမီးဖြစ်တယ်။

သူ့အမျိုးသားက နယ်မှာခရီးလွန်နေတဲ့အတွက် သားကိုအဖော်လုပ်ပြီး ပုခုံးနာတာကုသဖို့ဆေးရုံကို ရောက်လာတာပါ။ ကိုယ်ဝန် ခုနစ်လရှိပြီဖြစ်တဲ့ဒီအမျိုးသမီးဟာ ဆရာဝန်ညွှန်ကြားချက်တွေကို လိုက်လုပ်ဖို့ အဆင်မပြေတဲ့အတွက် နန်းက ကူညီပေးပါတယ်။

ဒီပုခုံးနာလို့ရောက်လာတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ ညပိုင်းမှာပဲဗိုက်စနာလာတဲ့အတွက် ဘာမှအတွေ့အကြုံ မရှိသေးတဲ့နန်းအတွက် အခက်အခဲဖြစ်ရပါတယ်။

ဖြစ်ချင်တော့ မွေးလူနာဟာ ပုခုံးနာလို့လာပြတာဖြစ်လို့ ကလေးမွေးဖို့အတွက် ဘာတစ်ခုမှမပါလာပါဘူး။ ဒါ့အပြင် အစက ရိုးရိုးမွေးဖို့စီစဉ်ထားပေမယ့် အရေးပေါ်အခြေအနေအရ ခွဲမွေးရမှာဖြစ်တော့ ပိုလို့အခက်တွေ့ပါတယ်။

ဒီထဲအမျိုးသားကလည်း အနားမှာမရှိတဲ့ကြား မွေးဖို့အတွက် လက်မှတ်ထိုးရမှာ၊ အိမ်ပြန်ပြီး ဆေးစာနဲ့ လိုအပ်တာတွေယူဖို့ ကိစ္စတွေဟာ အရေးပေါ်အခြေအနေဖြစ်လာပါတယ်။

“အမက ဆရာဝန်ရှေ့မှာပဲ သူ့မွေးဖို့ကိစ္စအဝဝကို ညီမကိုအပ်တဲ့အကြောင်းပြောတယ်။ ဒီတာဝန်က ကျမအတွက်အရမ်း ကြီးလွန်းတယ်။ မတော်တဆတခုခုဖြစ်သွားရင် ညီမမှာတာဝန်ရှိတယ်။ ဒါပေမဲ့ဆရာဝန်က ချက်ခြင်းမခွဲရင် နှစ်ယောက် လုံးသေနိုင်ဆိုတော့ လက်ခံလိုက်ရတယ်”လို့ နန်းက ပြောပါတယ်။

ခွဲတာကလည်း သတ်မှတ်ချိန်ထက်ပိုကြာနေတဲ့အခါ နန်းအနေနဲ့ စိုးရိမ်လာပါတယ်။ ခွဲခန်းရှေ့မှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေတဲ့သူပုံစံက စိတ်လှုပ်ရှားနေမှန်းသိသာလွန်းပါတယ်။

ခဏအကြာမှာ ခွဲစိပ်ဆရာဝန်ကြီးထွက်လာပြီး မိခင်နဲ့ကလေးကျန်းမာကြောင်းပြောပါတယ်။ သို့ပေမဲ့ မိခင်ဖြစ်သူဟာ သွေး အားနည်းရောဂါအခံရှိသူဖြစ်လို့ လက်ရှိမှာလည်းသွေးသွန်နေတာကြောင့် သွေးဆက်သွင်းထားရမှာဖြစ်ပြီး လူနာက စောင့် ကြည့်ရမယ်လို့ ဆရာဝန်ကြီးက မှာကြားသွားပါတယ်။

“ဆရာဝန်ကြီးစကားကြားတော့ လူကမတ်တပ်တောင်မရပ်နိုင်တော့ဘူး။ ခုနကအပျော်တောင် ဘယ်ပျောက်သွားမှန်း မသိ ဘူး။ (ကလေး)အမေ တစ်ခုခုဖြစ်သွားမှာအရမ်းကြောက်တယ်”လို့ နန်းက သူခံစားခဲ့ရတာကို ပြောပြပါတယ်။

လူနာရဲ့စိတ်ဆန္ဒပြင်းပြမှုကြောင့်လားမသိ။ ခန့်မှန်းထားတဲ့ရက်မရောက်မီမှာ လူနာကအရေးပေါ်ခန်းကနေ ရိုးရိုးအခန်းကို ပြောင်းရွှေ့ခဲ့ရတယ်။ ကလေး၊ လူကြီး အားလုံးကျန်းမာသွားပြီဖြစ်လို့ပြုံးပြုံးပျော်ပျော်ဖြစ်နေကြပါတယ်။

မနက်လင်းတာနဲ့ မွေးလူနာစားဖို့၊ ကိုယ်လက်သန့်စင်ဖို့စတာတွေပြင်ဆင်ပေးရသလို သန့်စင်ခန်းဝင်တာ၊ လမ်းလျှောက် လေ့ကျင့်တာ၊ ဆေးတိုက်ရတာတွေကအစ သူ့အမျိုးသားမရောက်လာမီထိ နန်းလုပ်ပေးခဲ့ရတယ်။
“ပင်ပန်းတာကတော့ပြောမနေနဲ့။ တနေကုန်ဇယ်စပ်သလို လုပ်ရတယ်။ ဒါပေမဲ့နည်းနည်းလေးနားရတာနဲ့ လူကပင်ပန်းပြီး အိပ်ချင်လာတယ်။ အလုပ်လုပ်နေရင်တော့ သိပ်မသိသာဘူး”လို့ နန်းက ပြောပါတယ်။

ဒါပေမဲ့ ခင်ပွန်းသည်မရှိပေမယ့် မွေးလူနာဟာ ငွေကြေးတတ်နိုင်တဲ့အတွက် အစစအရာရာအဆင်ပြေမှုရှိခဲ့တယ်။ နန်း သုံးရက်လောက် လူနာစောင့်ပြီးတဲ့နောက်မှာ မွေးလူနာရဲ့အမျိုးသားရောက်လာခဲ့တယ်။

“ပြန်တော့ သူ့မိန်းမနဲ့ ကလေးရဲ့အသက်သခင်ဆိုပြီးတကယ့်ကို ရှိခိုးမတတ်ကျေးဇူးတင်ကြောင်းပြောတာ။ အားတောင်နာ တယ်။ ညီမကို ငွေငါးသိန်းအပြင် အမေ့အတွက်ဆိုပြီးမုန့်တွေ၊ လက်ဆောင်တွေပါပေးတယ်။ ညီမမယူပါဘူး”လို့ နန်းက ဆိုပါတယ်။

ဒါတင်မက မွေးလူနာမိသားစုက ကျေးဇူးတင်တဲ့အနေနဲ့ ကလေး ရက် ၁၀၀ ပြည့်မွေးနေ့မှာ နန်းတို့မိသားစုအိမ်ကို လာခေါ် ပြီး ထမင်းကျွေးဧည့်ခံခဲ့ကြောင်း ပြန်ပြောပြနေတဲ့နန်းရဲ့မျက်နှာဟာ ကြည်နူးပီတိတွေအပြည့်နဲ့ပါ။

အခုလိုသူတစ်ပါးကို ကူညီတတ်တဲ့စိတ်စေတနာကြောင့်လားတော့မသိပါ။ အစပိုင်းမှာ ခက်ခဲနေတဲ့နန်းတို့ရဲ့စားဝတ်နေ ရေးဟာ ဒီလိုကိစ္စတွေပြီးတဲ့နောက်မှာတော့ နွားတွေမွေးပြီး နွားနို့ထုတ်ရောင်းချိန်မှာ အများကြီးပြန်အဆင်ပြေလာခဲ့တယ်။

ဒီလိုအဆင်ပြေလာလို့လည်း နန်းအနေနဲ့ အကူအညီလိုအပ်နေတဲ့ဝေဒနာသည်တွေကို ဆက်ပြီးကူညီပေးနိုင်ခဲ့တာပါ။

အခုလိုကိုယ့်စရိတ်ကိုယ်စားပြီး အချိန်ပေး၊ လူနာကိုပြုစုပေးနေတဲ့သမီးဖြစ်သူကို မိခင်ဖြစ်တဲ့ဒေါ်နန်းမြရီက “မေတ္တာကြီး လွန်းသူပါ”လို့ မှတ်ချက်ပြုပါတယ်။

သူရဲ့ကူညီမှုဟာ အဲ့ဒီမှာပြီးမသွားပါဘူး။ ဆေးရုံမှာလူနာစောင့်မရှိတဲ့မသန်စွမ်းတွေ၊ ကိုယ်ဝန်သည်တွေ၊ ကင်ဆာရောဂါ သည်တွေ၊ စိတ်ကျဝေဒနာရှင်စတဲ့ အမျိုးသမီးလူနာသည်ပေါင်းအယောက် ၁၅၀ နီးပါးကို ရှစ်လတာအတွင်းမှာ ကူညီနိုင်ခဲ့ တယ်လို့ဆိုပါတယ်။

နန်းကူညီပေးဖြစ်တဲ့ဝေဒနာရှင်တွေကတော့ လူနာကနေတဆင့် ချိတ်ဆက်လာတာကြောင့် ကူညီပေးရတာရှိသလို တစ်ချို့ လူနာ တွေကတော့ တဆင့်စကားနဲ့ လာရောက်အကူအညီတောင်းခံကြတွေလည်းရှိပါတယ်။

အကူအညီတောင်းခံသူအများစုက အမျိုးသမီးတွေဖြစ်လို့ လက်ရှိမှာ သူတို့ကိုပဲစောင့်ရှောက်ပေးဖြစ်နေတာပါ။ လူနာစောင့် လိုအပ်နေတဲ့အမျိုးသားတစ်ဦးကို တွေ့လို့ကူညီချင်ပေမယ့် လက်ရှိကူညီပေးနေရတဲ့ ဝေဒနာသည်ရှိနေတာကြောင့် မကူ ညီနိုင်ခဲ့ပါဘူး။

နန်းရည်ရွယ်ထားတာက ငွေကြေးနွမ်းပါးတဲ့အခြေခံလူတန်းစားကို အကူအညီပေးချင်တာဖြစ်တဲ့အတွက် အများအားဖြင့် အစိုးရဆေးရုံတက်သူတွေကို ဦးစားပေးကူညီနေတာဖြစ်တယ်။

အခုလို ရောဂါသည်တွေကို ကူညီနေတဲ့အတွက် မိမိမှာရော ရောဂါကူးစက်မှာကို စိုးရိမ်မိသလားမေးတော့ နန်းက “ရောဂါ ကူးမှာစိုးရိမ်နေရင် အလုပ်ကမဖြစ်တော့ဘူး။ လူနာကလည်း ကိုယ့်ကိုတစ်မျိုးထင်နိုင်တယ်။ သူ့ကိုရွံနေတာလားလို့တွေး သွားနိုင်တယ်။ညီမတို့ကိုယ်တိုင်လည်း အဲ့လိုလက်အိတ်တို့ဘာတို့နဲ့လုပ်ရင် အဆင်မပြေဘူး။ အားမရဘူးပေါ့။ ပုံမှန်mask တပ်တာလောက်ပဲလုပ်ဖြစ်တယ်”လို့ပြောပါတယ်။

သူ့အနေနဲ့ ဒီလိုကူညီမှုပေးလာတဲ့ကာလအတွင်းမှာ ရောဂါအမျိုးမျိုး၊ စိတ်အခြေအနေအမျိုးမျိုးရှိတဲ့လူနာတွေနဲ့ တွေ့ဆုံခဲ့ရ ပြီး အခက်အခဲမျိုးစုံနဲ့လည်း ရှိခဲ့ပါသေးတယ်။

“စိတ်ကျရောဂါဖြစ်နေတဲ့အမျိုးသမီးက အသက် ၃၅ လောက်ပဲရှိသေးတာ။ သူက အိမ်ထောင်နဲ့ကွဲ၊ သားနှစ်ယောက်မိခင် ပေါ့။ ကလေးတွေက သူနဲ့အတူနေတာ။ အဲ့ဒီကလေးနှစ်ယောက်က အမေပြန်ထိန်းရတာ။ သူ့မိဘတွေက စိုးရိမ်လို့ ညီမကို အကူအညီတောင်းတာနဲ့ လုပ်ပေးဖြစ်တာပေါ့”လို့ နန်းက ဆိုပါတယ်။

နန်းဟာ ပုံမှန်ဆိုရင် အိမ်ကိုလိုက်ပြီးစောင့်ရှောက်တာမျိုးမလုပ်ပါဘူး။ အကြောင်းကတော့ ငွေကြေးနဲ့တန်ဖိုးဖြတ်မှာစိုးတာ ကြောင့်ပါ။ သို့ပေမဲ့အသက်ငယ်ငယ်နဲ့ ဒီလိုရောဂါခံစားနေရတာကို မကြည့်ရက်တဲ့အတွက် ဒီအလုပ်ကိုလက်ခံခဲ့တာပါ။

စိတ်ကျဝေဒနာရှင်တွေဟာ ရူးသွပ်နေတဲ့သူတွေလို အန္တရာယ်ပေးတာမျိုးမရှိပေမယ့် ယဉ်ယဉ်လေးရူးတဲ့သဘောဆောင် တာကြောင့် စောင့်ရှောက်မှုပေးရမှာ အခက်အခဲများစွာရှိခဲ့ပါတယ်။

လူနာဟာ စိတ်ကျရောဂါခံစားနေရပြီဆိုရင် အစားလည်းမစား၊ ညလည်းမအိပ်သလို ဆေးတိုက်ဖို့လည်း အင်မတန်ခက်ခဲပါ တယ်။ ဆေးတစ်ခါတိုက်ရင် နေ့တပိုင်းလောက်ကြာအောင် ချော့မော့ပြီး စိတ်ရှည်ရှည်နဲ့တိုက်ရတယ်။

ဒါ့အပြင် လူနာက ဘယ်သူမှမသိလိုက်ခင်မှာ အပြင်တစ်နေရာရာကို ထွက်၊ ထွက်သွားတတ်တာကြောင့် ညဆိုလည်း စိတ် ချလက်ချမအိပ်ရဲဘဲ သတိနဲ့စောင့်ကြည့်နေရတဲ့အတွက် အိပ်ရေးပျက်တာတွေများခဲ့တယ်။

တစ်နေ့ နန်းရဲ့အလစ်မှာ လူနာအမျိုးသမီးပျောက်သွားပါတယ်။ ဖုန်းပါသွားပေမယ့် ဖုန်းဆက်လည်းမကိုင်ပါ။ တစ်နေ့နဲ့ တစ်ညလုံးပျောက်သွားပြီး နောက်နေ့ ညနေပိုင်းလောက်မှ အိမ်ကိုဖုန်းဆက်ကာ ပြန်လာခေါ်ခိုင်းလို့ သွားခေါ်ခဲ့ရတယ်။

“သူပျောက်သွားတော့ ညီမရူးတောင်ရူးချင်သွားတယ်။ ဘယ်ရှာရမှန်းလဲမသိ။ နောက်ဆုံးသူ့မိဘအိမ်ဖုန်းဆက်တော့ မရှာနဲ့။ ပြန်လာမှာတဲ့။ အဲ့အထိ ညီမစိတ်ချလက်ချမအိပ်နိုင်ခဲ့ဘူး”လို့ နန်းက သူစိုးရိမ်ခဲ့ရတာကို ပြန်ပြောပြပါတယ်။

မိဘဖြစ်သူတွေက လူနာအကြောင်းကိုသိထားသူတွေဖြစ်လို့ မပူပန်ပေမယ့် နန်းက အနီးကပ်စောင့်ရှောက်ရသူဖြစ်တာ ကြောင့် လွန်စွာပဲစိုးရိမ်ထိတ်လန့်ခဲ့ရပြီး ဒါမျိုးထပ်မဖြစ်စေရဘူးလို့ ကိုယ့်ကိုကိုယ်သတိပေးခဲ့ရတယ်။

စိတ်ကျဝေဒနာရှင်တွေဟာ စိတ်ဆိုးလာပြီဆိုရင် သူ့ကိုယ်သူပြန်ရန်ရှာတတ်ပြီး ပုံမှန်စိတ်ရှိရင်တော့ သူ့နားက လူတွေ အပေါ်မှာကြင်ကြင်နာနာရှိတတ်တဲ့လူစားမျိုးဖြစ်တယ်။

သူ့စိတ်ကြည်ဖို့အတွက်တော့ သူပြောတာကို စိတ်ဝင်တစားနဲ့နားထောင်ရ၊ လုပ်ချင်တာကို ဖြစ်အောင်ရှာကြံလုပ်ပေးရတာ တွေလည်းရှိပါတယ်။ တစ်ခါတစ်ရံသူခိုင်းတာလုပ်မပေးတဲ့အတွက် သူ့အသားကိုသူ ဓါးနဲ့လှီးတာမျိုးလည်းကြုံခဲ့ရတယ်။

အခုလိုလူနာမျိုးစုံရဲ့စိတ်အခြေအနေအမျိုးမျိုးကို လိုက်လျောညီထွေနေတတ်ဖို့၊ ပြုစုလုပ်ကိုင်ပေးနိုင်ဖို့ဆိုတာ အမြဲစောင့် ရှောက်မှုပေးနေရတဲ့သူတွေတောင် လုပ်နိုင်ဖို့ခဲယဉ်းပါတယ်။ ဒီထဲမှာမှ နန်းတို့လို ကိုယ့်စရိတ်နဲ့ကိုယ် ပြုစုစောင့်ရှောက် ပေးရသူတွေအနေနဲ့ ဒီလိုလုပ်နိုင်တာက တကယ့်ကို ချီးကျူးစရာပါ။

နန်းအခုလိုလုပ်ဆောင်လာတာကို တွေ့မြင်တဲ့အမျိုးသမီးတစ်ချို့လည်း လိုက်လုပ်လာတာတွေရှိလာတဲ့အတွက် များစွာ ဝမ်းသာပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။

အခုလိုပြုစုစောင့်ရှောက်ပေးမယ့်သူလိုအပ်နေတဲ့ဝေဒနာသည်ကို ကူညီပေးရတာဟာ ကုသိုလ်ရသလို လက်ရှိနိုင်ငံရေး အခြေအနေအရဖြစ်လာတဲ့စိတ်ကျပ်တည်းမှုတွေကို အနည်းငယ်ဖြေဖျောက်ပေးနိုင်လို့ တတ်နိုင်တဲ့အားနဲ့ပါဝင်လုပ်ကြဖို့ ကိုလည်း နန်းက တိုက်တွန်းထားပါတယ်။

စောင့်ရှောက်ပေးသူမရှိတဲ့ဝေဒနာရှင်တွေအတွက်တော့ နန်းတို့လိုပြုစုပေးမယ့် အမျိုးသမီးလေးတွေ အများအပြားလိုအပ် နေဆဲပါပဲ။

ဒါကြောင့် နန်းအနေနဲ့ ဘယ်လိုလူမျိုးဖြစ်ဖြစ် အကူအညီလိုအပ်နေတဲ့ဝေဒနာသည်တွေကို တတ်နိုင်တဲ့အနေအထားကနေ ကူညီပေးသွားဖို့ဆုံးဖြတ်ထားပြီး ကူညီနေရတဲ့အပေါ် သူ့ရဲ့ခံစားချက်ကိုလည်း အခုလို ပြောပါတယ်။
“ဘာပဲဖြစ်ဖြစ် တကယ်လိုအပ်နေသူတွေကို အကူအညီပေးရတဲ့အတွက် ပျော်ပါတယ်”

Author:

Related Articles