Home ဆောင်းပါး မိန်းမသားတို့အတွက် မလုံခြုံတော့သည့် စစ်တွေလမ်းမများ

မိန်းမသားတို့အတွက် မလုံခြုံတော့သည့် စစ်တွေလမ်းမများ

သန့်ရှင်းထွန်း။ ။

သူနာပြုဆရာမ မနှင်းနှင်းဇံဟာ ဂျူတီချိန်ပြီးလို့ အိမ်ပြန်ရချိန်တိုင်းမှာ မလုံခြုံမှုကို စတင်ခံစားရတယ်လို့ ဆိုပါတယ်။ ညနေစောင်းတယ်ဆိုတာနဲ့ သူ့ရဲ့အိမ်အပြန်လမ်းကို ဘယ်သူလာနှောင့်ယှက်မလဲဆိုတာရယ်၊ တံခါးပိတ်ထားခဲ့ရတဲ့ သူ့ရဲ့အခန်းဆီ ပြန်ရောက်ရင် တစ်ခုခုပျောက်ရှမလားဆိုတာတွေကို တွေးပူနေရတာပါ။

“ညနေဘက် ဂျူတီကျရင် အိမ်ပြန်နောက်ကျမှာ အရမ်းစိုးရိမ်တယ်။ အဓိက ဆေးရုံကနေ အဆောင်ကို ပြန်တဲ့လမ်းနဲ့ အဆောင်အခန်းကို စိတ်မချဘူး”လို့ မနှင်းနှင်းဇံ ကပြောပါတယ်။

ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့မှာ ခိုးဆိုးလုယက်မှုတွေ တိုးလာတဲ့နောက် မနှင်းနှင်းဇံ အပါအဝင် အမျိုးသမီးအများစုဟာ ညဘက်လမ်းထွက်ရမှာကို စိုးရိမ် ကြောက်လန့်နေကြတာဖြစ်ပါတယ်။ ဒေသတွင်းသတင်းဌာနတွေရဲ့ အဆိုအရ ကိုဗစ်ကာလကတည်းက ခိုးဆိုးလုယက်မှုတွေ တိုးလာခဲ့တာဖြစ်ပြီး နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးတဲ့နောက်မှာ အခြေအနေက ပိုဆိုးလာတယ်လို့ ဆိုပါတယ်။

မနှင်းနှင်းဇံဟာ စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက် သူနာပြုဝန်ထမ်းအိမ်ရာမှာ နေထိုင်သူတစ်ဦးဖြစ်ပြီး သူနေထိုင်တဲ့ အဆောင် အိမ်ခြံတံခါး သုံးခုကို ဖျက်ဝင်ကာ အတွင်းထဲရှိ ဆိုင်ကယ်ကို ခိုးယူခံခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီလို ခြံတံခါးတွေကို သူခိုးတွေက သူတို့မှာပါလာတဲ့ သံဖြတ်လက်နက်တခုနဲ့ ဖျက်နေတာကို CCTV မှတ်တမ်းမှာ ထင်ထင်ရှားရှားမြင်တွေ့ခဲ့ရတယ်လို့ မနှင်းနှင်းဇံက ပြောပါတယ်။

“ဒါနဲ့ဆို လေးကြိမ်မြောက်အခိုးခံရတာပဲ။ စိတ်ခံစားနေရတာက ခုထိပဲ”လို့ ၎င်းက သက်ပြင်းချပြီး ပြောပါတယ်။

ဒါ့အပြင် မနှင်းနှင်းဇံဟာ ညနေ ၆ နာရီလောက်မှာ ဂျူတီချိန်ပြီးလို့ အဆောင်ကို ဆိုင်ကယ်စီးပြီး ပြန်တဲ့အချိန်မှာ စစ်တွေမြို့ နာရီစင်နားမှာ သူ့လက်ကိုင်အိတ်ကို လုယက်တာခံခဲ့ရတယ်လို့ ပြောပါတယ်။

“ရုတ်တရက် လုယူခံရတာ ပါတော့မပါသွားဘူး။ လက်နဲ့ဖိထားနိုင်ခဲ့လို့။ ​ပြင်ပဒဏ်ရာတွေ ကြီးကြီးမားမား မရပေမယ့် စိတ်ဒဏ်ရာတော့ ရသွားတယ်။ အဲ့ချိန်ကစပြီး အပြင်တွေကို မထွက်ရဲ သလောက်ပါဘဲ။ အရမ်း ကြောက်တယ်” လို့ဆိုပါတယ်။

အခုလို ဖြစ်ရပ်တွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မနှင်းနှင်းဇံကတော့ စစ်တွေမြို့မှာ မနေချင်လောက်ထိဖြစ်မိတယ်လို့ စိတ်ပျက်လက်ပျက် ပြောပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အခုလို ခိုးမှု၊ လုယက်မှုတွေဖြစ်လာတဲ့ အကြောင်းအရင်းက နိုင်ငံရေးပြသနာနှင့် မူးယစ်ဆေးဝါး ပြသနာတွေကြောင့် ဖြစ်တယ်လို့ စစ်တွေမြို့ခံ ဦးစိုးအောင် သုံးသပ်ပါတယ်။

ရခိုင်ပြည်နယ်မှာ နိုင်ငံရေးပါဝါတွေကို လက်ရှိ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)က လွမ်းမိုးနိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတဲ့အချိန်မှာ ဒုစရိုက်မှုတွေနှင့် ပြစ်မှုကျူးလွန်မှုဟာ ပိုပြီးတော့ ဖြစ်လာတာတွေ့ရပြီး ပြည်သူတွေဟာ အကာအကွယ်မဲ့လာတဲ့ အခြေနေဖြစ်လာတယ်လို့ ဦးစိုးအောင် ကပြောပါတယ်။

“ခိုးဆိုးလုယက်ခြင်းကို အရေးမယူခြင်းဟာ ဒုစရိုက်မှုကို ကာကွယ်ပေးတာနဲ့ အတူတူပဲ”လို့ ဦးစိုးအောင်က ဆိုပါ တယ်။

အခုနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ပြစ်မှုတွေဖြစ်ရင် ရက္ခိုင့်တပ်တော်(AA)က ကိုင်တွယ်ဖြေရှင်းလာတာများပေမယ့် အရေးယူအပြစ်ပေးမှုတွေကို လူထုသိရှိရမှု နည်းတာကြောင့် ပြည်သူတွေရဲ့ စိတ်ထဲမှာ မလုံမခြုံခံစားနေရတယ်လို့ စစ်တွေမြို့က အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အုပ်ချုပ်သူ နှစ်ဖွဲ့ကြားမှာ ကြားညှပ်နေတဲ့ ပြည်သူတွေဟာ ဒုစရိုက်မှု ကျူးလွန်သူတွေအတွက် ဓားစာခံ ဖြစ်လာတယ်။”လို့ အဲဒီအမျိုးသမီးက ပြောပါတယ်။

လက်ရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း စစ်တွေတက္ကသိုလ်ကျောင်းဝင်းထဲမှာ အငှားယာဉ် ငှားရမ်းစီးနင်နေစဉ် ဓားပြတိုက်လုယက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကျောင်းသားများသမဂ္ဂ(စစ်တွေတက္ကသိုလ်)က ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီလိုမျိုးဖြစ်စဉ်တွေ နောက်ထပ်ပေါ်ပေါက်လာရင် ဖြေရှင်းလို့ရအောင်အတွက် စီးနင်တဲ့ ယာဉ်ရဲ့ ယာဉ်လိုင်စင် နံပါတ်၊ ယာဉ်အရောင်၊ ယာဉ်မောင်းသူ အသွင်အပြင်တွေကို မှတ်သားထားဖို့ တိုက်တွန်းထားပါတယ်။

မနှင်းနှင်းဇံလို စစ်တွေမြို့မှာ နေ့စဉ်ဒူဝ အလုပ်လုပ်ကိုင်စားသောက်နေကြတဲ့ တခြားအမျိုးသမီးတွေဟာလည်း ခိုးမှု၊ လုယက်မှုဖြစ်စဉ်တွေအပေါ် စိုးရိမ်ကြောက်လန့်နေရတယ်လို့ စစ်တွေမြို့နယ် ကျေးတောရွာမက အမျိုးသမီးငယ် မငြိမ်းငြိမ်းအေးက ပြောပါတယ်။

“ညီမအရင်ကဆို ည၇နာရီ ၈ နာရီလောက်မှာ အလုပ်ကနေ တစ်ယောက်တည်း ဆိုင်ကယ်နဲ့ ပြန်တယ် အဲ့တုန်းက နည်းနည်းလုံခြုံသေးတယ်။ ဒါပေမယ့် ခုတလော ညနေ ၄ နာရီခွဲဆိုပြန်ရပြီ။ သွားနေရင်း လာလုမလား။ တစ်ခုခုလုပ်မလား စိုးရိမ်စိတ်နဲ့ပေါ့။ အပြင်သွားမယ်ဆို တစ်ယောက်တည်း မသွားရဲတော့ဘူး။”လို့ မငြိမ်းငြိမ်းအေး ကပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စစ်တွေမြို့ အ.ထ.က (၃) ကျောင်းက ကျောင်းဆရာမတစ်ဦးဟာ ဆိုင်ကယ်ပေါ်ကနေ လုယက်မှုတခုကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရတယ်လို့ စစ်တွေမြို့မိ မြို့ဖတစ်ဦးဖြစ်စသူ ဦးမောင်သာစိန်က ပြောပါတယ်။

စစ်တွေမြို့မှာ အခုလို ခိုးမှု၊ လုယက်မှုတွေဖြစ်ပွားမှုများလာရတဲ့ နောက်ထပ်အကြောင်းရင်းတခုကတော့ မူးယစ် ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် သုံးစွဲမှုကြောင့် ဖြစ်တယ်လို့ မြို့ခံတချို့က သုံးသပ်ကြပါတယ်။

စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်မှာ စိတ်ကြွရူးသွပ်ဆေးပြားတွေကို အလွယ်တကူ ဝယ်ယူရရှိနေပြီးတော့ ခိုးမှု၊ လုယက်မှုလုပ်တဲ့သူတွေဟာ စိတ်ကြွဆေးပြားသောက်သုံးဖို့အတွက် ငွေကိုအလွယ်တကူရနိုင်မယ့် နည်းတွေ သုံးနေ တာဖြစ်တယ်လို့ မြို့ခံ ကိုစောရွှေက ပြောပါတယ်။

“အာဏာပြိုင်မယ့်အစား မူးယစ်ဆေးဝါးပပျောက်အောင် အမြန်လုပ်သင့်တယ်”လို့ သူက ပြောပါတယ်။

မြို့တော်စစ်တွေဟာ အခုဆိုရင် စိတ်လုံခြုံမှုမပေးနိုင်တော့သည်မြို့တစ်မြို့ ဖြစ်နေပြီလို့ ပညာရေးဝန်ထမ်း တစ်ဦးက ပြောပါတယ်။

“ကျမလိုအမျိုးသမီးတွေ၊ စစ်တွေကအမျိုးသမီးတွေ အကုန်လုံးက ဒီမြို့မှာနေရတာဟာ စိတ်လုံခြုံမှုမရှိကြတော့ဘူး။ ဒီဒုစရိုက်မှုတွေသာ အခုချိန်မှာမထိန်းချုပ်နိုင်ခဲ့ရင် စစ်တွေမြို့ကမတွေးရဲစရာဘဲ။ လူငယ်တွေလည်း သောက်စား မူးယစ်တာကိုလျော့ချသင့်တယ်။” လို့ သူက ပြောပါတယ်။

ဒါကတော့ အာဏာသိမ်းမှုနောက်ပိုင်းမှာ ရိုက်ခတ်မှုမရှိဘူးလို့ ထင်နေခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့က အမျိုးသမီး တွေ၊ ဒေသခံတွေရဲ့ မလုံခြုံမှုတွေပါ။

လက်ရှိနိုင်ငံရေး အကျပ်အတည်းကာလမှာ အမျိုးသမီးတွေအတွက် လုံခြုံမှုပိုမိုအားနည်းနေပြီး အဲဒီမလုံခြုံမှုက ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာအရပါ မလုံခြုံတာတွေ တွေ့လာရတယ်လို့ အမျိုးသမီးကူညီပေးရေး အဖွဲ့တွေ ကပြောပါတယ်။

အခုလို စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကို ပြန်လည်ကုစားဖို့အတွက် လူဆိုး၊ သူခိုးတွေတွေကို ထိထိရောက်ရောက် အရေးယူမှုတွေ လုပ်သင့်တယ်လို့ မနှင်းနှင်းဇံ က ပြောပါတယ်။

လက်ရှိမှာတော့ သူနာပြုဝန်ထမ်းဖြစ်တဲ့ မနှင်းနှင်းဇံကတော့ မလုံခြုံတဲ့ မြို့စစ်တွေမှာ ဂျူတီဆင်းရင်း သူမသွားချင်တဲ့ ညနေဖက် အချိန်တွေကိုလည်း ဆက်သွားနေရအုံးမှာပဲလို့ ဆိုပါတယ်။

Author:

Related Articles