ခင်ဘုန်းမို့။ ။
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ကို နှစ်စဉ် စက်တင်ဘာလ(၂၁)ရက်နေ့တိုင်း ကမ္ဘာတစ်ဝှမ်းမှာ ကျင်းပလေ့ရှိပါတယ်။ အဲ့ဒီနေ့ကို ၁၉၈၁ ခုနှစ်မှာ ကျင်းပတဲ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ စတင်သတ်မှတ်ခဲ့တာဖြစ်တယ်။
စစ်အာဏာမသိမ်းခင်နှစ်တွေတုန်းကတော့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာ လမ်းလျှောက်ချီတက်ပွဲတွေ၊ ဆုတောင်း ပွဲတွေ အခမ်းအနားတွေကို နိုင်ငံအနှံ့က ဒေသအချို့မှာ ကျင်းပခဲ့ကြတယ်။
ယခု ၂၀၂၂ ခုနှစ်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာတော့ ဒီလိုအခမ်းအနားတွေမရှိနိုင်သေးပါဘူး။ နိုင်ငံအနှံ့လည်း စစ်မီးတောက်နေပြီး ငြိမ်းချမ်းရေးအရိပ်အယောင်ကတော့ အလှမ်းဝေးနေဆဲပါ။
စစ်မှန်တဲ့ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးနဲ့တရားမျှတမှုတွေအတွက် အသက်စွန့်ကာ လက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးရဲဘော်တွေကတော့ ငြိမ်းချမ်းရေးရဖို့မျှော်လင့်နေကြပါတယ်။ သူတို့ရဲ့မျှော်လင့် ချက်တွေကို Hi က ဆက်သွယ်မေးမြန်းထားပြီး ကောက်နူတ်ဖော်ပြလိုက်ပါတယ်။
Teresa (မြောင်အမျိုးသမီးစစ်သည်တော်တပ်ရင်း)
“ စစ်အာဏာမသိမ်းခင်က ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လူသားအားလုံး အသားအရောင်၊ ကိုးကွယ်ယုံကြည်မှုမခွဲခြားဘဲ စစ်မက်တွေ ပဋိပက္ခတွေမရှိဘဲ အတူတကွ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ခြင်းလို့ နားလည်ခဲ့တယ်။ အရင်အစိုးရလက်ထက် ကတော့ နေရာတော်တော်များများမှာရှိတဲ့လူတွေက ငြိမ်းချမ်းစွာအေးချမ်းစွာ နေထိုင်သက်မွေးနိုင်ပြီး တချို့နေရာတွေမှာ တော့ငြိမ်းချမ်းရေးရဖို့ တည်ဆောက်ဆဲကာလလို့ ပြောလို့ရပါတယ်။
စစ်ဖြစ်တဲ့ဒေသတွေမှာကြီးပြင်းခဲ့သူမဟုတ်ပေမယ့် စစ်ဖြစ်တဲ့ဒေသမှာ ကြီးပြင်းတဲ့သူတွေနဲ့တွေ့ဆုံပြီး သူတို့နေထိုင်တဲ့ စစ်ရှောင်စခန်းတွေကိုတော့ ရောက်ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက စစ်ရှောင်နေတဲ့လူတွေကိုတွေ့တော့စာနာမိတယ်။ သူတို့ဒေသကိုလည်းငြိမ်းချမ်းစေချင်တယ်။ တခြားဒေသနည်းတူ ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ ကလေးသူငယ်တွေကိုလည်း တခြားဒေသက ကလေးတွေလို တန်းတူအခွင့်အရေးရစေချင်ခဲ့တယ်။
လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ တောထဲရောက်တာ ခုနစ်လနီးပါးရှိပါပြီ။ အစကတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီမှာ တူမီး သေနတ်တောင်တစ်လက်နှစ်လက်ပဲ ရှိသေးတာ။ တူမီးနဲ့ gas gunနဲ့ စပြီးတိုက်ပွဲဝင်ခဲ့ကြတယ်။ အခုအချိန်တော့ ပြည်သူတွေနဲ့ အလှူရှင်တွေကျေးဇူးနဲ့ မိုင်းတွေ Autoသေနတ်တွေ ဝယ်လာနိုင်ခဲ့တယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ စည်းလုံးညီညွှတ်မှုတွေကြောင့် အထိုက်အလျောက်နယ်မြေစိုးမိုးမှုရရှိခဲ့တယ်။ ထိုနည်းတူ စကစဘက်ကရွာတွေ မီးရှို့ တယ်။ ပစ္စည်းတွေဓားပြတိုက်တယ်။ လူသတ်တယ်။ မုဒိန်းကျင့်တယ်။ မကောင်းတာမှန်သမျှအကုန်လုပ်ပြီး အစွမ်းကုန် ယုတ်မာတာတွေကို တွေ့ရတယ်။
ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး မြန်မာပြည်ကြီးကို အမြန်ဆုံးငြိမ်းချမ်းစေချင်တယ်။ ငြိမ်းချမ်းရေး ရသွားမယ်ဆိုရင်ပြန်လည်ထူ ထောင်ရေးလုပ်ငန်းတွေလည်း အမြန်ဆုံးပြန်လုပ်ပြီးနိုင်ငံလည်း ပြန်လည်စည်ပင်ဝဖြိုးလာမယ်။ မြန်မာနိုင်ငံသား အားလုံး ကို စည်းစည်းလုံးလုံးနဲ့ လူ့အခွင့်အရေး အပြည့်အဝရစေချင်တယ်။
ငြိမ်းချမ်းရေးရဖို့အတွက်ကတော့ အဓိကတော့ငြိမ်းချမ်းရေးလမ်းကြောင်းနဲ့သွေဖယ်ပြီး လူတစ်စုကောင်းစားဖို့ အာဏာသိမ်း ခဲ့တဲ့အာဏာရူးစစ်တပ်ကိုအမြစ်ဖြတ်တိုက်ထုတ်ဖို့လိုအပ်ပါမယ်။ အဲ့လိုတိုက်ထုတ်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေ အားလုံးစည်းလုံးညီညွှတ်ဖို့လိုမယ်။ ကာကွယ်ရေးဝန်ကြီးဌာနကလည်း တော်လှန်ရေးအင်အားစုတွေကို လက်နက်အလုံ အလောက်တပ်ဆင်ပေးဖို့လိုအပ်ပါတယ်။ ဘက်ပေါင်းစုံကပြည့်စုံမှသာ အာဏာရူးစစ်တပ်ကို အပြီးတိုင်မောင်းထုတ်နိုင်ပြီး ငြိမ်းချမ်းရေးပန်းတိုင်ကို အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံမှာငြိမ်းချမ်းရေးကအရေးကြီးဆုံးပါပဲ။ ငြိမ်းချမ်းမှုမရှိတဲ့နိုင်ငံ စစ်မက်တွေ ပဋိပက္ခတွေများတဲ့နိုင်ငံမှာ နေတဲ့လူ တွေရဲ့ ဘဝတွေဟာလုံခြုံမှုမရှိနိုင်ပါဘူး။ ငြိမ်းချမ်းမှုမရှိတဲ့အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း နှောင့်နှေးစေပြီး စီးပွားရေးကိုလည်းထိခိုက်စေနိုင်တယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ်ကိုအမြစ်ဖြတ်တိုက်ထုတ်ပြီး စစ်မှန်တဲ့ဒီမိုကရေစီ၊ စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုဖော်ဆောင်ဖို့လိုအပ်ပါမယ်။”
မီးမီး ( တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကျားဖြူတပ်ရင်း)
အရင်ကတော့ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးသေချာနားမလည်ခဲ့ပါဘူး။ အာဏာသိမ်းပြီးတော့ အဖြေကတော့တစ်ခုပဲ။ မတ ရားအာဏာသိမ်းတာမကြိုက်လို့ လူ့အခွင့်အရေးတွေဆုံးရှုံးလို့ တရားမဲ့ဥပဒေတွေပြုလုပ်လာတာကို သဘောမကျလို့ လက် နက်ကိုင်ဖို့ တောထဲဝင်ခဲ့တာပါ။ အရင်တုန်းကဆို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ကလေးတွေစာသင်ရတယ်။ လွတ်လွတ်လပ်လပ် နေခွင့်ရှိတယ်။ ချုပ်ချယ်ခြင်းတွေမရှိနဲ့ ဘယ်လောက်ပျော်ဖို့ကောင်းလဲ။ အခုကျတော့ စားချိန်မစားရ၊ အိပ်ချိန်မအိပ်ရနဲ့ ပြည်သူတွေစိတ်ဒုက္ခရောက်နေကြရပြီ။
စစ်ဖြစ်တဲ့ဒေသမှာ ကြီးပြင်းလာတာမဟုတ်ပေမယ့် စစ်ဖြစ်တဲ့ဒေသတွေကိုရောက်တော့မှ နားလည်သဘောပေါက်ရတယ်။ ကရင်ပြည်မှာဆို နှစ်ချီနေပြီလေ။ ကျွန်မတို့မမွေးခင်ထဲက စစ်ဖြစ်ရာဒေသတွေအများကြီး အဲ့မှာနေတဲ့လူကြီးတွေ ကလေး တွေဆို ဘယ်လိုခံစားရမလဲ။ လက်နက်ကြီးကျ မီးလောင်ခိုကိုးရာမရှိနဲ့ ဘယ်လောက်ဝမ်းနည်းဖို့ကောင်းလဲ။ အရင်ကဟာ မကြည့်နဲ့ အခုလက်ရှိကိုပဲကြည့် လက်နက်ကြီးတွေလေယာဉ်တွေနဲ့ပစ်ခတ်ကျတဲ့အခါ နစ်နာသူကရွာသားတွေပြည်သူ တွေပဲ ။ ကလေးအစ ခွေးအဆုံးဒုက္ခရောက်ကြရတာ၊ သေတဲ့သူကသေ ခြေပြတ်လက်ပြတ်ဖြစ်တဲ့လူကဖြစ်၊ ဆုတောင်း တိုင်းသာပြည့်ဆိုရင် ကမ္ဘာမှာစစ်မဖြစ်ပါစေနဲ့ပဲဆုတောင်းချင်တယ်။ အမြန်ဆုံးစစ်ငြိမ်းပါစေပဲဆုတောင်းချင်တယ်။ နစ်နာသူ တွေလည်း များနေပြီလေ။
လက်နက်ကိုင်ထဲဝင်တာ တစ်နှစ်ကျော်ပြီ။ စစ်ပွဲတွေနဲ့ပတ်သက်ပြီးပြောရရင် မတရားဘူးပေါ့။ ဘာလို့ဆို ကိုယ်တွေမှာ လက်နက်မပြည့်မစုံလေ။ တစ်ဖက်မှာကျလေယာဉ်တွေ လက်နက်ကြီးတွေနဲ့ဆိုတော့ ရှိတာနဲ့ပဲအားခဲတိုက်နေရတာ။ ဒါပေ မယ့်လေ ဓမ္မနဲ့အဓမ္မလေ ဓမ္မကပဲနိုင်တာပေါ့။ တစ်နှစ်ကျော်အတွင်းမှာ အတွေ့အကြုံတွေကတော့ ဝမ်းနည်းစရာတွေ ရှိသ လို အားရဝမ်းသာစရာတွေလည်းရှိတာပေါ့။ ဝမ်းနည်းစရာက ရဲဘော်တွေအကျအဆုံးများတဲ့အချိန် ဒဏ်ရာတွေရတဲ့ အချိန် ပေါ့။ ဝမ်းသာစရာကတော့ စကစ စခန်းသိမ်းနိုင်လို့ လက်နက်ခဲယမ်းတွေရတဲ့အချိန်ပေါ့။
မြန်မာနိုင်ငံပြန်ငြိမ်းချမ်းဖို့ဆိုရင်တော့ ပြည်သူတွေစည်းလုံးမှဖြစ်မယ်။ အဲ့တော့မှ ဒီတော်လှန်ရေးကြီးအောင်မြင်ပြီး မြန်မာ နိုင်ငံငြိမ်းချမ်းရေးပြန်ရမှာ အခုကပြည်သူတွေက တကွဲတပြားတွေဖြစ်နေကြတော့ ဘယ်လိုလုပ်မလဲ။ မြန်မာနိုင်ငံကြီး ငြိမ်းချမ်းသွားရင် ဒုစရိုက်ကောင်တွေကို ရှင်းလင်းရမယ်။ သက်ငယ်မုဒိန်းမှုတွေပပျောက်အောင်လုပ်ရမယ်။ ငြိမ်းချမ်းသွား တဲ့အခါ အပြတ်ချေမှုန်းရမယ့်အထဲမှာ ဒီလိုကိစ္စတွေကထိပ်ဆုံးကပါတယ်။
ငြိမ်းချမ်းရေးရအောင်ပြည်သူတွေစည်းလုံးပါ ဝိုင်းဝန်းပါ ကူညီပါ။ သိအောင်ကူညီလို့ရသလို မသိအောင်လည်း ကူညီလို့ ရပါတယ်။ ကြောက်စိတ်အရမ်းမထားပါနဲ့။ ခြိမ်းခြောက်တိုင်းလည်းမကြောက်ပါနဲ့ သတိရှိရှိနေပေးကြပါ။ တော်လှန်ရေး ကြီးအမြန်ပြီးပြီးတော့ မြန်မာနိုင်ငံကြီးအမြန်ဆုံးငြိမ်းချမ်းပါစေ။ အာဏာရှင်စနစ်ဆိုးကြီးလည်း ပပျောက်ပါစေလို့ ပြောချင်ပါ တယ်။”
ချမ်းမြေ့ (တပ်မဟာ-၇)
“ အာဏာမသိမ်းခင်ကတော့ ပြည်တွင်းမှာစစ်ဖြစ်တယ်။ စစ်ဘေးဒဏ်ကို တောင်တန်းဒေသတွေဘက်မှာ ခံစားရတယ်ပေါ့။ အဲ့လိုတွေကြားတော့ သူတို့ကိုငြိမ်းချမ်းစေချင်ပါတယ်။ စစ်မဖြစ်ဖို့လည်းမျှော်လင့်မိတယ်။ ဒါပေမယ့်အဲ့အချိန်က နိုင်ငံရေး ပြည်တွင်းစစ်အကြောင်း သိပ်နားမလည်ခဲ့ပါဘူး။
စစ်ဖြစ်တဲ့ဒေသမှာကြီးပြင်းခဲ့တဲ့သူမဟုတ်တော့ သေနတ်အစစ်ရဲ့အသံတောင်မကြားဖူးခဲ့ဘူး။ အာဏာမသိမ်းခင်အထိ၊ အဲ့တုန်းက စစ်ဖြစ်နေတဲ့ ဒေသတွေကိုသာ ရောက်သွားရင်အရမ်းကြောက်မိမှာ ဒါဘယ်လောက်ဆိုးရွားလိုက်တဲ့ ဘဝလည်း ဆိုပြီး တွေးဖူးပါတယ်။ သေနတ်သံလည်းကြောက်သလို စစ်သားလည်းဖြစ်ဖို့အိပ်မက်တောင်မမက်ဖူးပါဘူး။
လက်ရှိမှာလက်နက်ကိုင်တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ပြီးတောထဲရောက်တာ မကြာသေးပါဘူး။ လပိုင်းပဲရှိပါဦးမယ်။ တစ်ခုသိ လာရတာက ငြိမ်းချမ်းရေးကိုတစ်ဖက်ကပဲ လိုလားနေလို့မရဘူးပေါ့။ ပြီးတော့ တချို့ငြိမ်းချမ်းရေးအစစ်အမှန်ဆိုတာကို လက်နက်ကိုင်လိုက်မှ နိုင်မယ်ဆိုတာလည်းသိလာရတယ်။ အခုလိုလက်နက်ကိုင်ရတာကလည်း တရားမျှတမှုနဲ့ငြိမ်းချမ်း ရေးအတွက်ပဲ မျှော်မှန်းပါတယ်။
လက်ရှိအခြေအနေရ မြန်မာနိုင်ငံ ဘယ်အချိန်ငြိမ်းချမ်းမလဲဆိုတာတော့ မပြောတတ်သေးဘူး။ သေချာတာကတော့ အစစ် အမှန် ငြိမ်းချမ်းရေးရအောင်ကတော့ အယောင်ပြနေလို့မရဘူးပေါ့။ နှစ်ဖက်လုံးကငြိမ်းချမ်းရေးကို လိုချင်မှရမယ်လေ။ မဟုတ်ရင်တော့ ငြိမ်းချမ်းရေးဆိုတာကဝေးနေဦးမှာပဲ။
မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ စစ်ဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေနဲ့ ပန်းတွေဝေနေတဲ့ကျောင်းမှာ စာသင်ရမယ့်အစား ကျည်ဆန်တွေဝဲနေတဲ့ ဒေသမှာ ပြေးနေရတဲ့ကလေးငယ်တွေ အမြန်ဆုံးငြိမ်းချမ်းပါစေလို့ပြောချင်ပါတယ်။”
အားညီ (People Guard Force Local PDF- တာဝန်ခံ )
“စစ်အာဏာမသိမ်းခင်ကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးမလိုလားတဲ့သူတွေ တိုင်းပြည်ငြိမ်းချမ်းရေး ကိုဖျက်စီးနေတဲ့သူတွေလို့ထင်ခဲ့ဖူးတယ်။
ကိုယ်တိုင်လည်း လွတ်မြောက်နယ်မြေရောက်တာ တစ်နှစ်နဲ့ခုနှစ်လရှိပါပြီ။ စစ်ပွဲတွေကိုယ့်ရှေ့မှာဖြစ်ပြီးပြည်သူတွေရော ရဲဘော်တွေရောထိခိုက်တယ်။ သေတယ်။ သူတို့အိုးအိမ်ပစ္စည်းတွေ မိသားစုတွေဆုံးရှုံးရတော့ တိုက်ပွဲတွေမရှိဘဲ ငြိမ်းချမ်း ရေးအမြန်ဆုံးရတဲ့ အချိန်ကိုရောက်ချင်တယ်။ စစ်ပွဲတွေကို ရွံလာပြီ။ စစ်ဖြစ်ပြီဆို ဆိုင်သူရောမဆိုင်သူရောနစ်နာကြရ တယ်။ အဆိုးဆုံးကပြည်သူတွေပါပဲ။
ငြိမ်းချမ်းရေးရဖို့ကတော့ နောက်ငါးနှစ်တောင် ရပါ့ဦးမလားလို့ ခဏခဏတွေးမိတယ်။ ကိုယ်တိုင်ကတော့ အမြန်ဆုံး စစ်ပွဲ တွေ ရပ်ပြီးလိုချင်တဲ့ ပန်းတိုင်ကိုရောက်စေချင်တယ်။ ငြိမ်းချမ်းရေးလိုချင်ရင်ပြည်သူတွေရဲ့ ခံစားချက်လိုအပ်ချက် တောင်း ဆိုမှုတွေကို နားလည်ပေးရမယ်လို့မြင်တယ်။ အားလုံးမျှော်လင့်တဲ့ငြိမ်းချမ်းပြီး တရားမျှတမှုရှိတဲ့နိုင်ငံ အမြန်ဆုံးရကြပါစေ လို့ ပြောချင်ပါတယ်။”